ရေးသားသူ – မင်းအရိပ်
ကျွန်တော် က ဒဏ္ဍာရီတွေ၊ ဘာတွေ ကို စိတ်ဝင်စားတယ် ဗျ။ ဘာပဲပြောပြော ဒဏ္ဍာရီ ဆိုတာလည်း သက်ဆိုင်ရာ လူမျိုးတွေ ရဲ့ ယဉ်ကျေးမှု နဲ့ အတွေးအမြင် ကို ဖော်ပြပေးနိုင်တယ်မဟုတ်လား။ ဖီးနစ်ငှက် အကြောင်း ကိုတော့ ဝတ္ထုတွေ ဘာတွေ စဖတ် တဲ့ အချိန်ကတည်း က ရေးရေးလေး သိနေခဲ့တာ ပါ။ ဒီ ငှက် က အင်မတန် တင်စားလို့ ကောင်းတယ် မဟုတ်လား။ ဒဏ္ဍာရီ ဖန်တီး ခဲ့ သူကလည်း တင်စားဖော်ပြ ဖို့ ဖန်တီးခဲ့တာနဲ့ တူပါရဲ့။
ဖီးနစ်ငှက် ဆိုတာ ဂရိ ဒဏ္ဍာရီလာ သတ္တဝါ တစ်ကောင်ပေါ့၊ ဘဝသစ် ကို ဖန်ဆင်း ဖို့ ကိုယ့် အသက် ကိုယ် စတေးတဲ့ ငှက် အဖြစ် လူသိများပါတယ်။ အသက်ရှည်ခြင်း၊ ဘဝသစ် ဖန်ဆင်းရန် မိမိအသက် ကို မိမိ စတေးခြင်း၊ ပြာပုံ ထဲမှ တစ်ဖန်ပြန်လည်နိုး ထ လာခြင်း စတာတွေဟာ လူတွေ အားကျလောက် တဲ့ ဖီးနစ် ရဲ့ ဝိသေသ လက္ခဏာတွေ ပါပဲ။
ပညာရှင်တွေ ကတော့ ဖီးနစ် ငှက်ဟာ နေမင်း သူရိန်၊ အချိန် ကာလ၊ ဘ၀ နိဗ္ဗာန်၊ အပျိုစင်၊ ပုံမှန်ထက် ထူးခြားသော လူသား နဲ့ ဘာသာရေး ဆက်နွယ် တဲ့ ပုံရိပ်တွေ (ဥပမာ ခရစ်တော်၊ မယ်တော်မေရီ) စတာတွေ ရဲ့ သင်္ကေတ၊ ရှင်ပြန် ထမြောက်ခြင်းရဲ့ သင်္ကေတဖြစ်တယ်လို့ ဆိုကြပါတယ်။
ဖီးနစ်ငှက် ဟာ အသက် အင်မတန် ရှည်တဲ့ ငှက်ပါ၊ ဒါပေမယ့် အိုမင်း တတ်ပါတယ်၊ သူ တဖြည်းဖြည်း အိုမင်း လာတဲ့ အခါမှာ နောက်ဆုံး မီးပုံ ထဲမှာ ကိုယ့်အသက် ကိုယ် စတေးလိုက် ပါတယ်၊ အဲဒီနောက် မှာတော့ အချိန် တစ်ခု အတိုင်းအတာ အတွင်း သူ့ကိုယ် သူ မီးရှို့သဂြိုၤလ် ထားတဲ့ ပြာပုံထဲ ကနေ ဘဝအသစ် တစ်ခု ပြန် လည် ရှင်သန်မွေးဖွားအစပြုစေပါတယ်။
သည်လို အင်မတန် စိတ်ဝင်စားစရာကောင်းတဲ့ ဒဏ္ဍာရီ ထဲက ဖီးနစ်ငှက် အကြောင်း သိလာပြီးတဲ့နောက်မှာ ကျွန်တော့်ခေါင်းထဲ ကို ဇာမဏီ ငှက် ဆိုတဲ့ ဝေါဟာရ တစ်မျိုး က ချဉ်းနင်းဝင်ရောက်လာတယ်။ ဇာမဏီ ငှက် ဆိုတာ ဘာပါ လိမ့်ပေါ့။
မြန်မာ့ ယဉ်ကျေးမှု နဲ့ ရိုးရာ စာပေတွေမှာတော့ စာမရီ၊ ဇာမဏီ ဆိုတာ ကို တော်တော်အလေး ဂရုပေးပြီး ဖော်ပြလေ့ ရှိတာကလား။ ကျွန်တော့် ရဲ့ချောက်တီးချောက်ချက် အတွေး တိမ်တိမ်လေးထဲ မတော့ ဇာမဏီ ဆိုတာ မြန်မာဒဏ္ဍာရီ ထဲက ဖီးနစ်ငှက် ပဲ ဖြစ်ရမယ် လို့ တွေးမိတယ်။
ဂရိ ဒဏ္ဍာရီ မှာ ဖီးနစ် ဆိုတာ အင်မတန် အလေးဂရုပေးရ တဲ့ ဝေါဟာရဖြစ်သလို စာမရီ (ဇာမဏီ) ဆိုတာ လဲ မြန်မာ စာပေပညာရှင်တွေ က ခေတ် အဆက်ဆက် အလေးဂရုပေးခဲ့တဲ့ ဝေါဟာရ မဟုတ်လား။ ဇာမဏီ ရဲ့အမွှေးအတောင် ကို ရှေးမြန်မာတွေ က တန်ဖိုးထားကြတယ် လို့ ဆိုလေတော့လည်း ဒေါင်း လိုပဲ ငှက် သတ္တဝါလို့ ယူဆ လိုက်တာပါ။
စာမရီ ယပ် ဆိုတာ ကိုလဲ မြန်မာ ဘုရင်တွေက အင်မတန် တန်ဖိုးထားကြတယ်လေ။ ဒီ အတွေးလေး ကို လက်ခံ ရင်းနေလာ လိုက်တာ ဖီးနစ် ဆိုတာ နဲ့ ဇာမဏီ ဆိုတာကို ခဏခဏမြင်လာ ရတော့ အဓိပ္ပါယ် တူရင် တစ်လုံး ပဲ သုံးရ မှာ ဘာလို့ နှစ်လုံးသုံး ပါလိမ့်လို့ တွေးမိလာပြန်တယ်။
သည်လို နဲ့ ဇာမဏီ ဟာ ဘာလဲ စိတ်ဝင်စားနေမိ တဲ့ အချိန် မှာပဲ ကမ္ဘောဇဆောင်းနှင်းလှိုင် ရေး တဲ့ စာမရီပြဿ နာ ဆိုတဲ့ ဆောင်းပါးလေး ဖတ်မိမှပဲ အမလေး လွဲပါပေါ့လားလို့ ရေရွတ် မိပါတော့တယ်။
ဒါလဲ လူက မကျေနပ်သေးဘူးဗျ၊ ထပ်ရှာပြန်တော့ မြန်မာ့ စွယ်စုံကျမ်း ထဲမှာ ထပ်တွေ့ပါတယ်။ ဒီတော့မှ ကိုယ့် အတွေးတွေ မှားခဲ့ကြောင်း လက်ခံ လိုက်ရပါတော့တယ်။မြန်မာ့ စွယ်စုံကျမ်းတို့၊ ကမ္ဘောဇဆောင်းနှင်းလှိုင် ရဲ့ ဆောင်းပါး တို့ မှာတော့ သက်သေ၊ သက္ကာရ အပြည့် အစုံ နဲ့ ရေးသား တင်ပြထားပေမယ့် စာလေး မှာ စိုးလို့ ကျွန်တော် အကြမ်းဖျင်းပဲ ရေးပြသွားပါမယ်နော်။
တကယ်တော့ စာမရီ ဆိုတာ ငှက်မျိုးနွယ် မဟုတ်ပါဘူးတဲ့… အောင်း(Yak) လို့ ခေါ်တဲ့ နွားမျိုးနွယ် ပါတဲ့ဗျာ။ အင်း… လွဲချက် ကတော့ နည်းနည်းလေး ပါပဲနော်…
စွယ်စုံကျမ်းထဲမှာတော့ စာမရီအကြောင်းကို ဒီလိုဖော်ပြထားပါတယ်။
စာမရီ (Yak) သည် နွားမျိုးရင်းဝင်ဖြစ်၍ ယင်းကို “အောင်း”ဟူ၍လည်းခေါ်ကြသည်။ မြေမျက်နှာပြင်မှ ပေ ၁၆ဝဝဝ ကျော်မြင့်သော တိဗက်ဒေသတွင် တွေ့ရသည်။ အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံရှိ အချို့ဒေသများတွင်လည်း တွေ့နိုင်သည်။ စာမရီ၏ အမြင့်သည် ပခုံး၌တိုင်းလျှင် ၆ ပေကျော်သည်။ ကိုယ်အလေးချိန် ပေါင် ၁ဝဝဝ ကျော်စီးသည်။ အရောင်မှာ အနက် သို့မဟုတ် အညိုရင့်ရောင်ဖြစ်သည်။ အမွေးများသည် နု၍ရှည်သည်။ အထူးသဖြင့် အမြီး၊ ခြေထောက်နှင့် ကိုယ်အောက်ပိုင်းရှိ အမွေးမှာ ပို၍ရှည်သည်။ တစ်ခါတစ်ရံ မြေကြီး၌ပင် တရွတ်ဆွဲလျက်ရှိသည်။
ကိုယ်ထည် လေးသော်လည်း စာမရီသည် လျင်မြန်ပေါ့ပါး၏။ ရေခဲနေသော တောင်စောင်းများကို လျှောချနိုင်သည်။ အလွန်ရေစီးသန်သည့် မြစ်ကိုလည်း ကူးဖြတ်နိုင်သည်။ မတ်စောက်သည့် တောင်စောင်းများကိုလည်း ပြေးတက်နိုင်သည်။ စာမရီ အထီး အမ နှစ်ကောင်စလုံး၌ ဦးချိုများ ရှိကြသည်။ ရန်သူနှင့်တွေ့၍ မရှောင်သာသည့်အခါ တဟုန်ထိုး တိုက်ခိုက်တတ်သည်။ ထိုကြောင့် စာမရီများကို ပစ်ခတ်ရန်မှာ ဘေးများလှသည်။ တိဗက်နိုင်ငံတွင် စာမရီကို နှစ်ပေါင်းများစွာကပင် မွေးမြူလာခဲ့ကြ၏။
ယဉ်ပါးပြီး စာမရီများကို ဝန်တင်တိရစ္ဆာန်အဖြစ် အသုံးပြုကြသည်။ စာမရီ၏ နို့ရည်ကို ထောပတ်ချက်သည်။ အသားကို စားကြသည်။ အမွေးကို ကြိုးကျစ်ကြသည်။ အထည်လည်း ရက်ယူကြသည်။ သားရေကို ကုန်းနှီး၊ ကျာပွတ်၊ နောက်ပိတ်ဖိနပ် လုပ်ကြသည်။ အမွေးများသည့် အမြီးကိုမူ အနီရောင်ဆိုးပြီး ပွဲလမ်းသဘင်များ လှည့်ရာတွင် သားမြီးယပ်အဖြစ် အသုံးပြုကြသည်။
သည်လိုနဲ့ တကယ့် စာမရီ သားကောင် ရဲ့ ပုံစစ်စစ် ကို မြင်လိုက်ရတဲ့ အခါ ကျွန်တော် တော်တော်လေး အံ့သြ သွားရပါတော့တယ်။ ကြည့်ပါဦး… လှလဲ မလှဘူး၊ နွားတို့၊ ကျွဲ တို့နဲ့ ဘာများ ကွာခြားလို့ပါလဲ။
ဘာကြောင့် များ ရှေးမြန်မာ့ ပညာရှင်တွေ က သည် သတ္တဝါ ကို စာတစ်တန် ၊ပေတစ်တန် နဲ့ ဖွဲ့နွဲ့စပ် ဆိုခဲ့ကြ ပါလိမ့်ဆိုတာ ကျွန်တော့် အတွေးထဲ မေးခွန်းဖြစ်လာတော့တယ်။
သည်မေးခွန်း ရဲ့ အဖြေ ကိုတော့ ကမ္ဘောဇဆောင်းနှင်းလှိုင် ရဲ့ဆောင်းပါးက ဖြေထားပေးပါတယ်။ စာမရီ ဟာ မိမိ ရဲ့ မြီးဆံ ကို အလွန် တန်ဖိုးထားတဲ့ အကြောင်း၊ အသွားမတော် လို့ ခြုံ၊နွယ် မှာ ငြိမိ ရင်တောင်မှ အမွေး တစ်ပင် အကျွတ် မခံ၊ မရုန်း မကန် အသက် သာ အသေခံတတ်တဲ့ အကြောင်း၊ သေသွားတဲ့ အခါ မြီးဆံ နဲ့ သားမီးယပ် လုပ်လို လျှင် အလှ မပျက် နဂို အတိုင်း ရပါစေ ဆိုတဲ့ စိတ်စေတနာ မွန်မျိုး ရှိတဲ့အကြောင်း သိနိုင်ပါတယ်။
အင်း… ဟုတ်ပေတာပေါ့နော်… စာမရီ ဆိုတာ သူ့မြီးဆံ ကို အသက်ထက် တန်ဖိုးထားတယ် မဟုတ်လား။ သည် လိုပဲ မြန်မာ စာပေပညာရှင်တွေ ကလဲ လူသားတွေ အနေနဲ့ မိမိ ရဲ့ သီလ ကို စာမရီ က သူ့မြီးဆံ ကို အသက် အသေခံပြီး တန်ဖိုးထား သလို လူသားတွေ အနေနဲ့ မိမိ ရဲ့ သီလ ကို ထပ်တူ တန်ဖိုး ထားကြဖို့ တင်စား တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။
ကိုယ် တန်ဖိုးထားတဲ အရာကို အသက်နဲ့လဲ စောင့်ရှောက်လေ့ ရှိတဲ့ သူတိုင်း၊ သတ္တဝါတိုင်း ကို စာပေ ပညာရှင်၊ ပညာရှိ များက စာမရီနဲ့ ခိုင်းနှိုင်းတာပါပဲ။

ဒီအပြင် စာမရီမြီးယပ် ဆိုတာ တိဘက် က တဆင့် လာမှ မြန်မာ ဘုရင်တွေ ရနိုင်တာ မဟုတ်လား။ သည်တော့ ရှားပါး ပစ္စည်းဆို တန်ဖိုးထားလေ့ရှိတဲ့ လူ့သဘာ၀ အတိုင်း မြန်မာ ဘုရင်တွေရော၊ မြန်မာ လူထုရော တန်ဖိုးထား ခဲ့တာဖြစ် သလို ပညာရှင် အဆက်ဆက် စာမရီ ကို ပမာပြုခိုင်းနှိုင်းပြီး ဆုံးမ ခဲ့ကြလေတော့ စာမရီ ဆိုတာ မြန်မာ့စာပေ မှာ အလေးအမြတ်ပြု စရာ သတ္တဝါဖြစ်လာခဲ့တာပါ။
ဒါ့အပြင် မြန်မာ စာပေတွေမှာ မြင်တွေ့ရလေ့ ရှိတဲ့ စာမြီ၊ ဇာမြီ၊ စာမရီ၊ ဇာမရီ၊ ဇာမဏီ ဆိုတာ စာမရီ သားကောင် တစ်မျိုးထဲ ကို ရည်ညွှန်း တာသာဖြစ်ကြောင်း ကမ္ဘောဇဆောင်းနှင်းလှိုင် က ဆောင်းပါး ထဲမှာ ဖော်ပြရေးသား ထားပါတယ်။
သည်လို နဲ့ ကျွန်တော် လဲ ဖီးနစ် နဲ့ မြန်မာစာပေထဲက ဇာမဏီ လားလား မျှ မတူညီကြောင်း သိလိုက် ရပါပြီ။ ဘာပဲပြောပြော ဖီးနစ် ဟာလဲ ဂရိ ဒဏ္ဍာရီ မှာ အလေးအမြတ် ထားတဲ့ ငှက်မျိုးဖြစ်သလို စာမရီ (ဇာမဏီ) ဟာလည်း မြန်မာ စာပေသမိုင်း မှာ အလေးအမြတ်ပြု ရတဲ့ သတ္တဝါဖြစ်ပါတယ်။
ရည်ညွှန်း ချက်ချင်း မတူညီပေမယ့် လို့ နှစ်မျိုး စလုံးဟာ မြတ်နိုး တန်ဖိုး ထားစရာများ ပဲ မဟုတ်ပါလားခင်ဗျာ။
ရောင်စုံ အခန်းငယ်