ဖိလစ်ပိုင် သမ္မတနိုင်ငံသည် အရှေ့တောင်အာရှ ကျွန်းစုနိုင်ငံတစ်နိုင်ငံဖြစ်ပြီး ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်းတွင်တည်ရှိသည်။ ဖိလစ်ပိုင်နိုင်ငံသည် ကျွန်းကြီး ကျွန်းငယ်ပေါင်း ၇၆၄၁ခုဖြင့် ဖွဲ့စည်းထားပြီး ဧရိယာအားဖြင့် စတုရန်းမိုင် ၁၃၂၆၀၆ မိုင် ကျယ်ဝန်းသည်။ အကြီးဆုံး ကျွန်းကြီး ၃ခုမှာ Luzon ကျွန်း ၊Visayas ကျွန်း နှင့် Mindanao ကျွန်းတို့ဖြစ်သည်။
လူဦးရေ ၁၀၆သန်းနေထိုင်ပြီး ကမ္ဘာပေါ်တွင် ၁၂ခုမြောက် လူဦးရေ အများဆုံးနိုင်ငံလည်းဖြစ်သည်။ လူဦးရေအများစုမှာ မလေးအနွယ်ဝင်များဖြစ်သည်။ လူဦးရေ၏ ၉၂%မှာ ခရစ်ယာန်ဘာသာကို ကိုးကွယ်ကြပြီး ဗုဒ္ဓဘာသာဝင်အနည်းငယ်နှင့် အစ္စလမ်ဘာသာဝင်များလည်းနေထိုင်ကြသည်။
သက်ရှိမီးတောင် ၂၀ကျော် ရှိပြီး ငလျှင်ဒါဏ်နှင့် မီးတောင်ပေါက်ကွဲသည့်ဒါဏ် ကိုမကြာခဏခံရလေ့ရှိသည်။ လူသိအများဆုံးမီးတောင်ကြီး ၃ခုမှာ Mount Pinatubo, the Taal the Mayon တို့ဖြစ်သည်။ အီကွေဒါရပ်ဝန်း ၏ မြောက်ဖက်အနီးတွင်တည်ရှိသဖြင့် သမမျှတသည့်ရာသီဥတုရှိသည် ။ နိုင်ငံဧရိယာ၏ ၂၄% ခန့်မှာသစ်တောများဖုံးလွှမ်းနေပြီး စိုက်ပျိုးရေးသည် နိုင်ငံ၏အဓိကစီးပွားရေးဖြစ်သည်။
မနီလာမြို့သည် မြို့တော် နှင့် အကြီးဆုံးဖြစ်ပြီး လူဦးရေ ၁.၇၈သန်း နေထိုင်သည်။ (ထိုလူဦးရေမှာ မြို့ပေါ်နေဦးရေသာဖြစ်ပြီး ဝန်းကျင်ဒေသများကိုပါထည့်ပေါင်းလျှင် ၁၃သန်းခန့် အထိ ရှိသည်)။ လူဦးရေအထူထပ်ဆုံးမြို့မှမူ Quezon မြို့ဖြစ်ပြီး လူဦးရေ ၃သန်းခန့် နေထိုင်သည်။ ရုံးသုံးဘာသာစကားအဖြစ် အင်္ဂလိပ်ဘာသာစကား နှင့် ဖိလစ်ပီနိုဘာသာစကားများကို သုံးစွဲသည်။
သမိုင်း
ဖိလစ်ပိုင်ကျွန်းစုနှင့် တရုတ်နိုင်ငံတို့သည် အလယ်ခေတ်အခါကပင် အဆက်အဆံရှိခဲ့ကြောင်း အထောက်အထားတွေ့ရသည်။ ‘မင်’ ဘုရင်များ လက်ထက်တွင် ဖိလစ်ပိုင်နှင့် တရုတ်တို့သည် ကုန်သွယ်မှုပြုခဲ့ကြသည်။ ဥရောပတိုက်သားထဲမှ ဖိလစ်ပိုင်ကျွန်းစုကိုစတွေ့သူမှာ ဖာဒီနန်မဂျဲလင် Ferdinand Magellan အမည်ရှိ စပိန်ဘုရင့်အမှုတော်ထမ်း ပေါ်တူဂီတဦးဖြစ်သည်။ မဂျဲလင်သည် ဖိလစ်ပိုင်ကျွန်းစုကို စပိန်၏ပိုင်နက်အဖြစ် ကျေညာပြီးနောက် ၁၅၂၁ ခုနှစ်တွင် မတ်တန်ကျွန်းပေါ်၌ တိုင်းရင်းသားတို့၏လက်ချက်ဖြင့် အသက်ဆုံးရှုံးခဲ့လေသည်။
မဂျဲလင်က စပိန်အဖြစ်ကြေညာခဲ့သော ထိုကျွန်းစုကို နောင်အခါစပိန်ပြည့်ရှင် ဒုတိယဖိလစ် (ထိုစဉ်က ဥပရာဇာမင်းသား) ကို ဂုဏ်ပြုသောအားဖြင့် ဖိလစ်ပိုင်ဟု ခေါ်ဝေါ်ခဲ့သည်။ ဆေးဗူးကျွန်းတွင် ၁၅၆၅ ခုနှစ်မှစ၍ စပိန်တို့ အခြေစိုက်နေထိုင်ခဲ့ရာ တဖြည်းဖြည်း အနှံ့အပြားဖြစ်လာသည်။ စပိန်တို့၏ စိုးမိုးမှုကို မိုရိုလူမျိုး၊ အီဂိုရုတ်လူမျိုးများက တွန်းလှန်ခဲ့ကြသေးသည်။ အခြားကျွန်းများသို့လည်း စပိန်စိုးမိုးမှု ပျံ့နှံ့သွား၍ လူအများစုသည် ဗရင်ဂျီဂိုဏ်းဝင်များ ဖြစ်လာကြလေသည်။
၁၉ ရာစုနှစ်တွင် လွတ်လပ်ရေးအတွက် လှုပ်ရှားမှုကြီး စတင်လာ၍ ၁၈၁၉ ခုနှစ်တွင် ဟိုဇေးရီဇာ ကြီးမှူးတည်ထောင်ခဲ့သော လီဂါဖိလစ်ပီနာအသင်းမှာ အင်အားအကောင်းဆုံးဖြစ်လေသည်။ အာဇာနည်ကြီးရီဇာအား စပိန်အစိုးရက ၁၈၆၉ ခုနှစ်တွင် သုတ်သင်စီရင်လိုက်သည်။ စပိန်တို့အား တိုင်းရင်းသားတို့က ပုန်ကန်မှုများသည် ဟိုမှသည်မှ ပေါ်ထွက်ခဲ့သော်လည်း ပြင်းပြင်းထန်ထန် အနှိမ်နင်းခံရသည်။ စပိန်-အမေရိကန် စစ်ပွဲအပြီး ၁၈၉၈ ခုနှစ်တွင် စပိန်အစိုးရက ဖိလစ်ပိုင်ကျွန်စုကို အမေရိကန်အစိုးရသို့ ပေးအပ်လိုက်လေသည်။
အမေရိကန်အစိုးရသည် ဖိလစ်ပိုင်ကို လွတ်လပ်ရေးပေးရန် ရည်ရွယ်ချက်ဖြင့်၊ အုပ်ချုပ်ရေးအဆင့်အတန်းကို တစတစ မြှင့်တင်ပေးသည်။ ၁၉၃၅ ခုနှစ်တွင် ဖိလစ်ပိုင်သည် ကိုယ်ပိုင်အုပ်ချုပ်ရေး ရရှိခဲ့၍ ဓနသဟာယနိုင်ငံဖြစ်လာသည်။ ပထမဦးဆုံးသမ္မတမှာ မန်းနွယ်ကေဆွန်းဖြစ်၏။ ထို့ပြင် ၁၉၄၆ ခုနှစ်တွင် လွတ်လပ်သော အချုပ်အချာအာဏာပိုင်နိုင်ငံ ဖြစ်လာစေမည်ဟု အမေရိကန်အစိုးရက ကတိထားခဲ့သည်။ သို့သော် ဒုတိယကမ္ဘာစစ်ကြီးဖြစ်လာ၍ ဖိလစ်ပိုင်သည် ကမ္ဘာ့အရှေ့ဖျားတွင် စစ်ဒဏ်အခံရဆုံးသောနိုင်ငံ၊ အပျက်အစီးအများဆုံးသောနိုင်ငံ ဖြစ်ခဲ့ရသည်။
ဂျပန်တို့သည် ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့တွင် လေကြောင်းတိုက်ပွဲများ စတင်ဆင်နွှဲခဲ့၍ နောက် ၅ ရက်အကြာ၌ လူဇုန်ကျွန်းသို့ တက်မိခဲ့ကြလေသည်။ ၁၉၄၂ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့တွင် မနီလာမြို့ကို သိမ်းပိုက်ခဲ့၏။ အမေရိကန်နှင့် ဖိလစ်ပိုင်တပ်များက ဗာတန်းကျွန်းဆွယ်နှင့် ကော်ရက်ဂျီဒေါ်တွင် လပေါင်းများစွာအပြင်းအထန် ခုခံတိုက်ခိုက်ခဲ့သည်။ သို့သော် ၁၉၄၂ ခုနှစ် မေလ ၆ ရက်နေ့တွင် ကော်ရက်ဂျီဒေါ်အညံ့ခံလိုက်ရ၍ ဗိုလ်ချုပ်မှူးဒေါက်ဂလပ်မက်အာသာလည်း မိမိဌာနချုပ်ကို ဩစတြေလျသို့ ပြောင်းရွှေ့သွားရပြီးလျှင် ဗိုလ်ချုပ်မှူးဝန်းရိုက်မှာမူ သုံ့ပန်းအဖြစ် အဖမ်းခံရလေသည်။ ဂျပန်တို့ စိုးမိုးခဲ့စဉ်အတွင်း ပြောက်ကျားခုခံတော်လှန်မှုများရှိခဲ့သည်။
၁၉၄၄ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့၌ ဗိုလ်ချုပ်မှူးမက်အာသာ၏ လက်အောက်ခံ မဟာမိတ်တပ်များသည် လေးတီးကျွန်းအား ပြန်လည်သိမ်းယူရေးကို စတင်ခဲ့ရာ ဖိလစ်ပိုင်အလယ်ပိုင်းနှင့် မြောက်ပိုင်းတို့တွင် ကုန်းနှင့်ရေ နှစ်ထွေသော တိုက်ပွဲများ၌ ဂျပန်တို့သည် အပြတ်အသတ်အရေးရှုံးနိမ့်ခဲ့၏။ ၁၉၄၅ ခုနှစ် ဖေဖော်ဝါရီလတွင် မနီလာမြို့ကို ပြန်လည်သိမ်းယူခဲ့၍ ထိုနှစ်ဩဂုတ်လအတွင်း ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးသွားသောအခါတွင်မူ ဂျပန်တို့ သိမ်းပိုက်ထားသမျှ အားလုံးလိုလိုကိုပင် ပြန်လည်သိမ်းယူနိုင်ခဲ့ပြီး ဖြစ်လေသည်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးပြီးနောက် ၁၉၆၄ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့တွင် အမေရိကန်အစိုးရက ကတိပြုထားသည့်အတိုင်း လုံးဝလွတ်လပ်ရေးကို ပေးအပ်၍ ထိုနေ့ထိုရက်မှ စပြီးလျှင် ဖိလစ်ပိုင်သည် လွတ်လပ်သော အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံ ဖြစ်လာလေသည်။
တောင်စဉ်တောင်တန်းများ၏ အောက်ခြေတလျှောက်တွင် ကမ္ဘာပေါ်၌ အခန့်ညားဆုံးသော သစ်တောကြီးများတွင် ပါဝင်သည့် သစ်တောကြီးများ ပေါက်ရောက်လျှက်ရှိသည်။ မြင့်မားသော တောင်တန်းများတွင် ထင်းရှူးတောကကြီးများ ဖုံးလွှမ်းနေသည်။ ဖိလစ်ပိုင်သည် မြန်မာနိုင်ငံကဲ့သို့ သစ်ဝါးပေါသည်။ သစ်သည် ဖိလစ်ပိုင်၏ ထွက်ကုန်တမျိုးဖြစ်သည်။ မြေနိမ့်မြေပြန့် နည်းပါးသဖြင့် တောင်ကုန်းတောင်တန်းများပေါ်တွင် လှေကားထစ်များသဖွယ် စိုက်ခင်းများပြုလုပ်စိုက်ပျိုး လုပ်ကိုင်ကြသည်။
ဆန်စပါး၊ သကြား၊ ကြိမ်၊ မနီလာလျှော်၊ ဆေးရွက်၊ ကန်စွန်းဥ၊အာလူး၊ ကာဖီ၊ မြေပဲ၊ အုန်းသီး၊ အုန်းဆန်ခြောက်တို့သည် ဖိလစ်ပိုင်၏ အရေးပါသော ထွက်ကုန်များဖြစ်ကြသည်။ သရက်၊ ငှက်ပျောစသည်များကိုလည်း အကြီးအကျယ် စိုက်ပျိုးကြသည်။ ဓာတ်သတ္တုများဖြင့်လည်း အတော်အတန်ကြွယ်ဝသဖြင့် ရွှေ၊ သံ၊ ကြေးနီ၊ ကရိုမီယမ်၊ မန်ဂနိသတ္တုများကို အတော်အသင့် တူးဖော်ရရှိသည်။ ဖိလစ်ပီနိုလူမျိုးတို့၏ အဓိကလုပ်ငန်းမှာ စိုက်ပျိုးရေးဖြစ်၍ ဆန်သည် ဖိလစ်ပီနိုတို့၏ အဓိကအစားအစာဖြစ်သည်။ ကျန်အဓိက စီးပွားရေးလုပ်ငန်းများမှာ အီလက်ထရောနစ် ၊အစားအစာထုတ်လုပ်မှု ၊ သင်္ဘောတည်ဆောက်ခြင်း ၊ ရေနံသန့်စင်ရေးလုပ်ငန်း နှင့် ငါးဖမ်းလုပ်ငန်းများဖြစ်သည်။
ဖိလစ်ပိုင်ကျွန်းစုတွင် လူမျိုးစုံနေထိုင်ကြသည်။ ရှေးအကျဆုံး တိုင်းရင်းသားများမှာ နီဂရီတိုလူမျိုးဖြစ်သည်။ တောင်များပေါ်၌ သွားလာနေထိုင်ကြသော အီဂိုရုတ်လူရိုင်းမျိုးလည်း ရှိသေးသည်။ မင်ဒနာအိုကျွန်းစုတွင် မိုရိုလူမျိုးများ ယနေ့တိုင်တွေ့ရသေးသည်။ နောင်အခါ ထိုရှေးကျသော တိုင်းရင်းသားများအား အဆက်မပြတ် ဝင်ရောက်လာသော အင်ဒိုနီးရှားလူမျိုးများ လွှမ်းမိုးသွားခဲ့သည်။ ဖိလစ်ပီနိုဟု ခေါ်တွင်သူများသည် အင်ဒိုနီးရှားများနောက် ရောက်လာသော မလေး (ပသျှူး)လူမျိုးများ ဖြစ်သည်။ ထို့ပြင် တရုတ်၊ ဂျပန်၊ ဟိန္ဒူနှင့် ဥရောပတိုက်သားအနွယ်များလည်း အများအပြား အခြေစိုက်နေထိုင်လျှက် ရှိကြသည်။ တရုတ်တို့သည် လူနည်းစုဖြစ်သော်လည်း ကုန်သွယ်စီးပွားရေး၌ တွင်ကျယ်ကြသည်။ မက်စတီဇိုခေါ် ဖိလစ်ပီနိုနှင့် စပိန်ကပြားများကို အစိုးရဌာနကြီးများ၊ နိုင်ငံရေးလောက၊ စီးပွားရေးလောကတို့တွင် ခေါင်းဆောင်ပိုင်း၌ များသောအားဖြင့် တွေ့ကြရသည်။
ဖိလစ်ပိုင်ရဲ့ စိတ်ဝင်စားဖွယ်အချက်တချို့
ဖိလစ်ပိုင်အလံသည် အနီ ၊ အပြာ ၊ အဖြူ အရောင်သုံးမျိုးပေါ်တွင် အလင်းတန်းရှစ်ခုပါသော နေ နှင့် ကြယ် ၃လုံး ပါဝင်သည်။ အနီသည် ရဲရင့်ပြတ်သားခြင်း ၊ အပြာသည် ငြိမ်းချမ်းခြင်း ၊ အဖြူသည် သန့်ရှင်းစင်ကြယ်ခြင်း ဟူ၍ အဓိပ္ပါယ်ရသည်။ နေသည် ဖိလစ်ပိုင်နိုင်ငံကို ကိုယ်စားပြုပြီး ဘေးမှအလင်းတန်း၈ခုသည် ဖိလစ်ပိုင်တော်လှန်ရေးကို စတင်ဖြစ်ပေါ်စေခဲ့သည့် ပြည်နယ်ကြီး ၈ခုကို ကိုယ်စားပြုသည်။ ကြယ် ၃လုံးမှာမူ အဓိက ကျွန်းကြီးများဖြစ်သည့် Luzon, Visayas နှင့် Mindanao တို့ကို ကိုယ်စားပြုသည်။
ဖိလစ်ပိုင်၏ အမြင့်ဆုံးတောင်မှာ Mindanao ကျွန်းရှိ Apo မီးတောင်ဖြစ်ပြီး အမြင့်ပေ ၉၆၉၂ပေ ရှိသည်။
ဖိလစ်ပိုင်တွင် စိတ်အချရဆုံးနေရာမှာ Palawan နယ်မြေဖြစ်ပြီး ထိုနေရာသည် မီးတောင်များနှင့် အလွန်ဝေးသောနေရာတွင်ရှိကာ ငလျှင်များနှင့်လည်း လွတ်ကင်းသည်။
ဖိလစ်ပိုင်သည် ကမ္ဘာပေါ်တွင် အုန်းသီး အတင်ပို့နိုင်ဆုံး ဒုတိယနိုင်ငံဖြစ်ကာ ၂၀၁၀ တစ်နှစ်တည်းမှာပင် အုန်းသီးတန်ချိန်ပေါင်း ၁၉.၅သန်းကို တင်ပို့ရောင်းချနိုင်ခဲ့သည်။
ဖိလစ်ပိုင်တွင် နို့တိုက်သတ္တဝါမျိုးစိတ်ပေါင်း ၂၀၀ ခန့်နေထိုင်ပြီး ထိုအထဲတွင် အတွေ့ရအများဆုံးမှာ မျောက် ၊ ရှဉ့် ၊ လီမာမျောက် ၊ သင်းခွေချပ် ၊ ဂျီလှောင် ၊ မြွေပါ ၊ စီဗက်ကြောင် နှင့် နီညိုရယ်တို့ ဖြစ်သည်။
ကမ္ဘာပေါ်တွင် အရှည်ဆုံးမြေအောက်မြစ်တစ်ခုဖြစ်သည့် Puerto Princesa မြေအောက်မြစ်သည် အလွန်ကျော်ကြားပြီး Puerto Princesa အမျိုးသားဥယျာဉ်တွင်တည်ရှိသည်။ အံမခန်းလှသော သဘာဝပတ်ဝန်းကျင်နေရာများကြောင့် ထိုဥယျာဉ်ကို သဘာ၀ ကမ္ဘာ့အံဖွယ် ၇ခု စာရင်းတွင် ထည့်သွင်းထားခြင်းခံရသည်။
ဖိလစ်ပိုင်နိုင်ငံသည် သူနာပြုအများဆုံးမွေးထုတ်ကာ ကမ္ဘာအနှံ့အခြားနိုင်ငံများသို့ ပို့ဆောင်ပေးလျှက်ရှိသော နိုင်ငံဖြစ်သည်။
ဖိလစ်ပိုင်နိုင်ငံသည် ကမ္ဘာပေါ်တွင် အင်္ဂလိပ်စကား အများဆုံး အသုံးပြုသည့်နေရာတွင် အမေရိကန် ၊ အိန္ဒိယ ၊ ပါကစ္စတန် နှင့် နိုင်ဂျီးရီးယားတို့နောက် နံပါတ် ၅ နေရာမှာ ရပ်တည်လျှက်ရှိသည်။ ယူကေမှာမူ ဖိလစ်ပိုင်၏ နောက် နံပါတ် ၆တွင်ရှိသည်။
San Carlos တက္ကသိုလ်ကို ၁၅၉၅ခုနှစ် စပိန်များက စတင်တည်ထောင်ခဲ့ပြီး ထိုတက္ကသိုလ်သည် ဟားဗတ်တက္ကသိုလ်ထက် အနှစ် ၄၀ ခန့်ရှေးကျသည်။
ဖိလစ်ပိုင်နိုင်ငံရှိ Philippine Cordilleras လှေကားထစ် စပါးစိုက်ခင်းများကို လွန်ခဲ့သည့် အနှစ် ၂ထောင်ကတည်းက အသုံးပြုခဲ့ပြီး လက်ရှိအခါ ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုအဖြစ် UNESCO မှ ထည့်သွင်းထားသည်။