Monday, April 19, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ပျူခေတ် ဘာသာရေးအဆောက်အအုံတွေ အကြောင်း

by Thutamm
November 13, 2020
Reading Time: 2min read
0
ပျူခေတ် ဘာသာရေးအဆောက်အအုံတွေ အကြောင်း
Share on FacebookShare on Twitter

မူရင်းရေးသားသူ – ဆရာ Kyaw Myo Win

ပျူရှေးဟောင်းမြို့တွေကို တူးဖော်သုတေသနပြုကြတဲ့အခါ တူးဖော်ရရှိခဲ့တဲ့ အဆောက်အအုံအမျိုးအစားတွေကို တူးဖော်ရရှိတဲ့ အဆောက်အဦပန္နက်ပုံစံ၊သူနဲ့ပူးတွဲပြီး မြေလွှာတွေအတွင်းတည်ရှိနေတဲ့အခြားအထောက်အထားတွေနဲ့ အဆောက်အဦတည်ရှိနေတဲ့ တည်နေရာတွေကို လေ့လာပြီး မြို့ရိုးအရံအတား(fortification)၊ မြို့ဝင်ပေါက်(gateway)၊ ဘာသာရေးနဲ့ထုံးတမ်းဓလေ့ (religious and ritual structure )၊ လူနေအိမ် (residential structure )နဲ့ သချိုင်းကုန်း(burial site)ဆိုပြီးခွဲခြားထားပါတယ်။

အဲဒီထဲကမှ ပျူခေတ်ဘာသာရေးအဆောက်အုံ တွေဟာ ပျူမြို့ဟောင်းတွေကိုတူးဖော်တိုင်း မြို့ရိုးအတွင်း အတွေ့ရအများဆုံး အဆောက်အဦပန္နက်လို့ ဆိုရမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုရင် ပျူခေတ် လူမှုအဖွဲ့အစည်းဟာ မြို့ရိုး၊နန်းတော်နဲ့ဘာသာရေးအဆောက်အအုံတွေကို တည်ဆောက်ကြရာမှာ အုတ်အဆောက်အဦသာအသုံးပြုခဲ့ကြလို့ပါပဲ။ သာမန်လူတန်းစားနဲ့ နန်းတော်အဝန်းအဝိုင်းပြင်ပနေ လူတွေကတော့ သူတို့နေထိုင်ကြရာအဆောက်အအုံတွေကို သစ်တွေ ၊ ဝါးတွေနဲ့သာ တည်ဆောက်ခဲ့ကြပါတယ်။

ဒါကြောင့် ရှေးဟောင်းမြေကုန်းတွေရဲ့ အပေါ်ရံမျက်နှာပြင်တွေကို ပဏာမ ကွင်းဆင်းလေ့လာရင် အုတ်ခဲကျိုးတွေကုန်းအနှံ့အပြားပွနေပြီး အိုးခြမ်းကွဲ အနည်းငယ် သို့မဟုတ် လုံးဝမတွေ့ရရင် အဲ့ဒီကုန်းထဲက အဆောက်အဦဟာ ဘာသာရေးအဆောက်အုံအဖြစ် အသုံးပြုခဲ့တယ်ဆိုတာ သေချာသလောက်ရှိပါတယ်။ ဒါမှမဟုတ် အုတ်စအုတ်န နည်းနည်းပဲတွေ့ရပြီး ကုန်းကလည်းသိပ်မမြင့် မြေမျက်နှာပြင်မှာ အိုးကွဲတွေမြောက်များစွာ တွေ့ရမယ်ဆိုရင်တော့ ဒါက သချိုင်းဖြစ်ချင်ဖြစ်မယ် ၊ ဒါမှမဟုတ် ဘာသာရေးနဲ့ပတ်သက်တဲ့ အခမ်းအနားအမြဲအသုံးပြုခဲ့ပုံရတဲ့ အဆောက်အအုံပါပဲ။

ဒါကို ပိုပြီးတိကျအောင် ကုန်းမျက်နှာပြင်က အိုးခြမ်းကွဲတွေကို လိုက်ကောက်ပြီး အမျိုးအစားခွဲခြင်းဖြင့် အိုးကွဲတွေရဲ့အပေါ်က ဒီဇိုင်း လက်ရာ ပုံစံ ဖွဲ့စည်းမှု ၊ အရည်အသွေးစသည်တို့ဟာ မြေကုန်းထဲက အဆောက်အဦးရဲ့အသုံးပြုခဲ့မှုကို စာအုပ်အထူကြီး ဖွင့်မဖတ်မီ မာတိကာ လှန်ကြည့်ခြင်းဖြင့်စာအုပ် အတွင်းထဲ ဘာတွေရေးသားထားသလဲဆိုတာကို အလွယ်တကူသိရှိနိုင်ပါတယ်။

ပျူခေတ်မှာ ဘာသာရေးအဆောက်အအုံတွေကို တစုတဝေးထဲလုပ်လေ့ရှိပါတယ်။ ဥပမာ ဗိဿနိုးမြို့ဟောင်းမှာဆိုရင် မြောက်ဘက်မှာ၊ သရေခေတ္တရာမှာဆို တောင်ဘက်မှာ၊ မိုင်းမောမှာဆို အရှေ့ဘက်မှာ ၊ ဟံလင်းကတော့ မြို့အလယ်နဲ့ အရှေ့ဘက်မှာ တည်ရှိနေကြပါတယ်။

တည်ဆောက်မှုအနေနဲ့ အကြမ်းဖျဉ်း၄မျိုးလောက်တွေ့ရပါတယ်။ ပထမ တစ်မျိုးက စေတီပုံစံအနိမ့် တူးလို့ ကျန်တာက ယခင်မြေကြီးထဲရှိနေတဲ့အပိုင်းသာ တူးဖော်လို့ရလို့ အပေါ်ပိုင်းဘယ်လို တည်ဆောက်ထားကြောင်းတော့ ရေရေရာရာမသိရှိရတော့။ သူက မြေကိုအောက်ခံမာအောင် ထုထေဖိထောင်းပြုပြင်ပြီး မြေဝင်ပန္နက်မရှိပဲ မြေအမာပေါ်မှာပဲ တင်ဆောက်ထားတာကို ဗိဿနိုးရဲ့ ကုန်းအမှတ် ၅,၁၂,၁၄,၁၅,၁၈ တို့ကနေသိရှိရပါတယ်။

တည်ဆောက်မှုအနေနဲ့ အပိုင်းနှစ်ပိုင်းနဲ့တည်ဆောက်ပါတယ်။ ပထမ တစ်ပိုင်းက အပြင်ဘက်ကနေ လေးဒေါင့် ပန္နက်ချလိုက်ပါတယ်။ ပြီးနောက် အဲ့ဒီလေးဒေါင့်ပန္နက်အတွင်း မှာ စက်ဝိုင်းပုံပန္နက်ကို အပြင်ဘက်လေးဒေါင့်ပန္နက်မြေရေပြင်ညီကနေပဲချပါတယ်။ အဲ့ဒီနောက် အပြင်က လေးဒေါင့်ပန္နက်နဲ့ အတွင်းက စက်ဝိုင်းပန္နက်ကြားမှာ ဖို့မြေလွှာအကျစ်ကို ထည့်ပါတယ် ။ တပါတည်း အဲ့ဒီအထဲမြေထည့်ရင်း အရိုးအိုးတွေထည့်မြုပ်လေ့ရှိပါတယ်။ ဗိဿနိုးက အဆောက်အဦတွေမှာ အရှေ့ဘက်ကို လှေခါးတစ်စင်းထုတ်ပါတယ်။ လှေခါးရဲ့အဆင့်တွေကို အုတ်ကိုဒေါင်လိုက်စီခြင်းဖြင့် အတက်အဆင်းလွယ်ကူအောင် တည်ဆောက်ပါတယ်။

ဒီလို ပထမအမျိုးအစားအနေနဲ့ ဟံလင်းမြို့ဟောင်းကုန်းအမှတ်၁၃မှာလည်း တွေ့ရပါတယ်။ မိုင်းမောမှာတော့ ဒီတည်ဆောက်ပုံအတိုင်းအခြေခံတည်ဆောက်မှုတူညီပေမယ့် လှေခါးကို ဗိဿနိုးနဲ့ဟံလင်းလို တစ်ဖက်ပဲမဟုတ်တော့ပဲ လှေခါးနှစ်ဖက်ထုတ်လာတာကို တူးဖော်တွေ့ရှိရပါတယ်။ မိုင်းမောရဲ့လှေခါးတစ်ဖက်ပဲထုတ်ပြီးတည်ဆောက်ထားတာ ဒေသအခေါ် လက်နက်တိုက်လို့ ခေါ်တဲ့ ကုန်းအမှတ်၇နဲ့ ၁၄ ကလွဲပြီး ကျန်တဲ့ ကုန်းအမှတ် ၉,၁၅,၁၆, ၂၀ တို့ဟာလှေခါးနှစ်ဖက်ကြီးဖြစ်ပါတယ် ။

ထူးခြားမှုအနေနဲ့ သရေခေတ္တရာကုန်းအမှတ်၅၁ဟာ လှေခါးတစ်စုံတစ်ခုမှမတွေ့ရပါဘူး။ ဒီဘာသာရေးအဆောက်အုံအမျိုးအစားဟာ သရေခေတ္တရာမှာတော့ အခြေခံတည်ဆောက်မှုတူညီပေမယ့် အဆောက်အုံလွန်စွာကြီးမားလာပြီး လှေခါးကိုလေးဖက်ထည့်သွင်းလာပါတယ်။ ဥပမာ မသီးကျကုန်းနဲ့ ခင်ဘကုန်းတို့ဟာ လှေခါးလေးဘက်ထွက်တဲ့ ပျူခေတ်ဘာသာရေးအဆောက်အအုံပထမ အမျိုးအစားတွေပဲဖြစ်ပါတယ်။

ဒီပထမအမျိုးအစားထဲက နေ ပုံစံကွဲထွက်ပြီး လွန်စွာကြီးမားတဲ့ ပုံစံကတော့ ဗိဿနိုးရဲ့ကုန်းအမှတ် ၃အဆောက်အုံကြီးပဲဖြစ်ပါတယ်။ ဒီအဆောက်အဦက အတွင်းရောအပြင်မှာပါ စက်ဝိုင်းပုံ ပန္နက်ကြီးပဲဖြစ်ပါတယ်။ အတွင်းနဲ့အပြင်စက်ဝိုင်းကို လေးဘက်လေးတန် လေးဒေါင့်ပုံ ဒေါက်ကြီးတွေနဲ့ထောက်ပံ့ထားသလို တည်ဆောက်ထားပြီး လေးဘက်လေးတန်မှာလည်း လှေခါးလေးတွေ တည်ဆောက်ထားပါတယ် ။

ပျူခေတ် ဘာသာရေးအဆောက်အုံ ဒုတိယအမျိုးအစားအနေနဲ့ ခန်းမပုံစံတွေဖြစ်ပါတယ်။ အပြင်ဘက်မှာ ဒေါင့်မှန်စတုဂံပုံပန္နက်ကို တည်ဆောက်ပြီး သူရဲ့အတွင်း ထိပ်ဘက်မှာ လေးဒေါင့်ပန္နက်အသေးလေးတစ်ခု ထည့်သွင်း တည်ဆောက်ပါတယ်။ ပလ္လင်ခုံပုံပါ၊ ပလ္လင်ခုံကိုလည်းအပြင်ပန္နက်ရေပြင်ညီအတိုင်းပန္နက်ချပါတယ်။ ဒါဟာ တူးကြည့်လို့သိရတာပါ နောက်မှ အပြင်ပန္နက်နဲ့ အတွင်းထိပ်ဘက်ကပလ္လင်ခုံကြား ဖို့မြေအကျစ်တွေထည့်ပါတော့တယ်။ အဲ့လိုထည့်တဲ့အခါ အရိုးအိုးတွေပါထည့်မြုပ်ပါတယ်။

ကျွန်တော်တို့တူးခဲ့တဲ့ ဗိဿနိုးကုန်းအမှတ် ၁၉နဲ့ ၂၀မှာဆိုရင် အရိုးအိုးပေါင်း ၅ဝလောက်တောင်ထည့်မြုပ်ထားတာတွေ့ခဲ့ရပါတယ်။ မိုင်းမောမှာတော့ ကုန်းအမှတ်၁၇ဟာ ဒီလိုပုံစံဖြစ်ပါတယ်။ ဟံလင်းမှာတော့ ကုန်းအမှတ်၉နဲ့ဆင်တူပါတယ်။ ဒါပေမယ့်သူ့မှာတော့ ပလ္လင်ခုံမပါပါဘူး။ မီးလောင်ထားတဲ့တိုင်ကျင်းရာတွေပဲတွေ့ရပါတယ် ဗိဿနိုး ကုန်းအမှတ် ကေကေဂျီ ၁၁နဲ့ဆင်တူပါတယ် ဟံလင်းကုန်းအမှတ် ၂၂လည်းဒီသဘောတရားပါပဲ။ ဒါပေမယ့် ဟံလင်း၂၂က ပိုပြီးထူးခြားတဲ့ မီဂါလက်သစ် ဓလေ့(သချိုင်းကို ကျောက်တိုင်တွေအနေနဲ့မှတ်သားထားခြင်း) ကို ပျူခေတ်မှာ တခုတ်တရ ထိန်းထားကြောင်းတွေ့ရပါတယ်။

ပျူခေတ် ဘာသာရေးအဆောက်အအုံတွေရဲ့ တတိယတစ်မျိုးကတော့ ဘာသာရေးအပြင် ထေကြီးဝါကြီးတွေပါသတင်းသုံး‌နေကြတဲ့ အဆောက်အဦပုံစံတွေပဲဖြစ်ပါတယ်။ ဒီအဆောက်အဦကတော့ ဗိဿနိုးမြို့ဟောင်းရဲ့တူးဖော်မှုကုန်းအမှတ် ကေကေဂျီ ၂အဆောက်အဦပဲဖြစ်ပါတယ်။ သူ့မှာ ဆင်ဝင်တစ်ခု၊ပြီးနောက် ခန်းမတစ်ခု အဲ့ဒီခန်းမကိုဖြတ်ပြီး အခန်းအဖွဲ့၈ခုကိုရောက်ရှိမှာဖြစ်ပါတယ်။ ခန်းမရဲ့တောင်ဘက်ထိပ်မှာ အုတ်ခုံတစ်ခုကဘအဆောက်အုံခန်းမနံရံနဲ့ တွဲစပ်တည်ဆောက်ထားလို့ ဒီအုတ်ခုံက အဆောက်အဦအပေါ်ထပ်ကို တက်ရောက်တဲ့ လှေခါးခုံဖြစ်တယ်လို့ယူဆပြီး နှစ်ထပ်အဆောက်ဦကိုပျူခေတ်ကတည်ဆောက်နေပြီလို့ သုံးသပ်နိုင်ပါတယ်။

အခန်းဖွဲ့တွေရဲ့နံရံတွေမှာလည်း သစ်သားထိုးပြီးအပေါ်ထပ်အတွက် ဆင့်တန်းထိုးဖို့ လေးဒေါင့်အပေါက်တွေတွေ့ရတဲ့အတွက် ဒီအဆိုကမှန်သလောက်ရှိပါတယ်။ ဒီအဆောက်အဦကို တက်ရောက်ဖို့ဆင်ဝင်နေရာမှာလည်းတူးဖော်စဉ်မြေလွှာအတွင်းမှာ ပြာမြေတွေတွေ့ရလို့ သစ်သားလှေခါးအသုံးပြုပြီး မီးလောင်ပျက်စီးကြောင်းလည်းသိရပါတယ်။၂၀၁၁ခုနှစ်မှာ ဒီလိုပုံစံမျိုး ဒီလောက်တော့မကြီးတော့ ရွှေရောင်တော်ဘုရားသွားတဲ့လမ်းနဘေး မှာ ကျွန်တော် ကုန်းအမှတ် ဘီတီအို ၃၈အဖြစ်တူးခဲ့တာ ရရှိခဲ့ပါတယ် သူ့မှာလည်းအခန်းဖွဲတွေပါဝင်ပါတယ်။ ဒီလိုတတိယအမျိုးအစားကို အခြားမြို့ဟောင်းတွေမှာတော့သိပ်မတွေ့ရှိရပါဘူး။ ဗိဿနိုးမှာပဲတွေ့ရှိရတာပါ။ မတွေ့ရသေးတာလည်းဖြစ်နိုင်ပါတယ် ။

ပျူခေတ်ဘာသာရေးအဆောက်အအုံတွေရဲ့စတုထ္ထအမျိုးအစားကတော့ အဆောက်အဦတစ်ခုနဲ့ တစ်ခု ဆက်နွယ်နေပြီး အခန်းဖွဲ့လေးတွေအပြင် သူ့အပြင်မှာလည်း အုတ်ရိုးတန်းတွေဟာ စင်္ကြန်လမ်းလို ဆက်နွယ်နေတာပါပဲ။ ဒီလိုအဆောက်အုံမျိုးတွေဟာ တူးဖော်တဲ့အခါမှာအင်မတန်ရှုပ်ထွေးပါတယ်။ သူနဲ့အတူ ဘာသာရေးနဲ့ပတ်သက်တဲ့ အုတ်ခွက်ဘုရားလိုပစ္စည်းတွေလည်းသရေခေတ္တရာမှာတွေ့တတ်ပါတယ်။ ဥပမာ ကုန်းအမှတ်၃၅တို့၃၆တို့ဟာ ဒီလိုပုံစံတွေပါပဲ။ ဗိဿနိုးမှာတော့မတွေ့ရပါဘူး ၊ မိုင်းမောမှာလည်းမတွေ့ရသေးပါဘူး။ပျူခေတ်အလယ်ပိုင်းမှ ခေတ်စားလာပုံရပါတယ်။ ဘုန်းကြီးကျောင်းအစုအဝေး(monastery complex)ပုံစံဖြစ်လာပါပြီ။ ဒီပုံစံကို ပုဂံမှာ ဆက်ခံလာရင်း ကျယ်ကျယ်ပြန်ပြန့်ဖြစ်လာပုံပါပဲ ။ပျူခေတ် စေတီကြီးတွေတော့ လူတိုင်းသိနေလို့ ဒီစာရဲ့အဆောက်အအုံဆိုတဲ့အမျိုးအစားထဲမှာ ထည့်သွင်းမထားပါဘူး။

(ဗိဿနိုးကောင်းကင်ဓါတ်ပုံများကို Beikthano World Heritage Site page မှယူသုံးထားပါသည်)

kmw ၊ ၂၇/၆/၂၀၂၀

Tags: myanmar historymyanmar knowledge

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!