ပံ့သကူဆိုတာ ပိုင်ရှင်မရှိတဲ့ ပစ္စည်း ၊ အလိုအလျှောက် ရရှိလာတဲ့ ပစ္စည်းများကို ခေါ်တာ ဖြစ်ပါတယ်။ မဟာဇနက မင်းသား တောထွက်တော့ ရွာတစ်ရွာ အနီးကို ရောက်ပါတယ်။ အဲဒီ ရွာနီးချုပ်စပ်မှာ နေတဲ့သူ တစ်ယောက် ကင်ထားတဲ့ အမဲကင် တစ်ခုကို ပိုင်ရှင် အလစ်မှာ ခွေးကချီ လာပါတယ်။ ပြီးတော့ မြို့ပြင်ဘက်ကို ထွက်အလာ လူစုစုကို မြင်တာနဲ့ ခွေးကလန့်ပြီး ထွက်ပြေး ပါလေရောတဲ့။ ပိုင်ရှင်လည်း မရှိတော့။
ခွေးလည်း ပြေးပြီ။ ဘယ်သူကမှ ဒါ ငါ့ဟာပါလို့ မတောင်းဆိုဘဲ ကိုယ့်မျက်စိ ရှေ့မှောက်ကို ရောက်လာတဲ့ ပစ္စည်းဖြစ်တဲ့ အတွက် ပံ့သကူ ပစ္စည်းဖြစ်တယ် ၊ စားသုံးခွင့် ရှိတယ် ၊ မွန်မြတ် ပေတယ်လို့ မဟာဇနက မင်းသားက သဘောကျ တာနဲ့ ကောက်ယူကာ ဆေးကြာပြီး သုံးဆောင် တော်မူပါတယ်။
သီဝလိဒေဝီ ကတော့ အသည်းကွဲတော့ တာပါပဲ။ ဘုရင်မင်းမြတ် ဖြစ်တဲ့ မဟာဇနက ဟာ သည်လို လမ်းမှာ ကျတဲ့ ပစ္စည်းကို ကောက်ယူ သုံးစွဲတာ မသင့်တော်ဘူး လို့ ထင်ခဲ့ပါတယ်။ ခံစား ခဲ့ပါတယ်။ ဒါပေမဲ့ မဟာဇနက ကတော့ ထီးနန်း စည်းစိမ်ကို စွန့်ပစ်အပ်တဲ့ တံတွေးပေါက် လို သဘောထား လိုက်ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီ တံတွေးပေါက်ကို ပြန်ပြီး မမျိုတော့ သလို စိတ်ထားမျိုး ထားလိုက်ပြီ ဖြစ်တဲ့ ဘုရားလောင်းတော် ကတော့ လိုတဲ့အခါမှာ လိုသလောက် ကောက်ရတဲ့ အမဲကင်ကို သိမ်းပိုက် သုံးဆောင် တော်မူပါတယ်။
မြတ်စွာ ဘုရားဟာ ပုဏ္ဏားကြီး တစ်ပါးကို ချေချွတ် တော်မူချင်လို့ ပုဏ္ဏားကြီး အိမ်က ကြွက်ကိုက်တဲ့ အဝတ် စွန့်ပစ်တာကို ဆီးပြီး ပံ့သကူ ကောက်တော်မူ ပါတယ်။ ပိုင်ရှင် ပုဏ္ဏားကြီးက ဇာတ်မြင့်တဲ့သူ များဟာ ကြွက်ကိုက် အဝတ်ကို ကောက်ယူရင် ဇာတ်ပျက် တော့မှာပဲလို့ ပူပန် ကြောင့်ကြ ကြီးစွာနဲ့ လာရောက် တားမြစ်ပါတယ်။ အဲဒီ အချိန်မှာ မြတ်စွာ ဘုရားက ပုဏ္ဏားကြီး ကို ချေချွတ် တော်မူပါတယ်။
တစ်ခုတော့ သတိထားရ ပါမယ်။ ပိုင်ရှင် မရှိရင် ပံ့သကူ တဲ့ဆိုပြီး ကျနေသမျှ ပစ္စည်းကို ကောက်ယူလို့ မဖြစ်ပါဘူး။ ကိုယ့် အလုပ်ဌာနမှာ ပစ္စည်း ကောက်ရတယ် ၊ အများ သက်သေထူပြီး ရုံးဌာနမှာ အပ်ထား ကြရပါမယ်။ ရုံးဌာနက ပစ္စည်း ထားတာကို ရှိတယ်ဆိုတာ ကြေညာပြီး လာယူတဲ့ သူကို ဟောင့်ကာ ပြန်ပေးနိုင်ရင်လည်း သိပ်ဝမ်းသာစရာ ကောင်းမှာ ဖြစ်ပါတယ်။
ကားမောင်းတဲ့ သူများ ၊ အမှိုက်သိမ်းတဲ့ သူများ ပစ္စည်းတွေ့ရင် ပိုင်ရှင်ကို ရှာလို့ တွေ့နိုင်ပါလျက် မရှာဘဲ ပုန်းလျှိုး ကွယ်လျှိုးကာ ဖျောက်ဖျက် ပစ်တာမျိုးကတော့ ခိုးတာပါပဲ။ ပံ့သကူ ကောက်တာ မဟုတ်တော့ ပါဘူး။ ဘယ်လို လူမျိုး ဖြစ်ဖြစ်ပါလေ ၊ ကျနေတာကို ကောက်ယူပြီး အရင် လုပ်ရမှာက ပိုင်ရှင်ရှာတဲ့ အလုပ် ဖြစ်ပါတယ်။
တန်ဆောင်မုန်း လများမှာ ဆိုရင် အညာမှာတော့ တယ်ပြီး ပံ့သကူ ပစ်ကြတာ ပါပဲ။ ထမင်း ၊ ဟင်း ၊ အဝတ်အထည် စတဲ့ပစ္စည်းတွေ ၊ ငွေတွေကို အိတ်တွေထဲ ထည့်ပြီး လမ်းဆုံ လမ်းမမှာ ချထားတတ်ကြ ပါတယ်။ တချို့ကလည်း စားစကား များကို ခွေးတွေ ဆွဲမှာစိုးလို့ ခြံတိုင်မှာ ချိတ်ဆွဲထားတတ် ပါတယ်။
အဲသည်လို ပံ့သကူ ပစ်တဲ့သူတွေ ကလည်း ဘယ်သူများ ရသွားပါလိမ့်လို့ စောင့်ကြည့် တတ်တဲ့သူ ရှိသလို ဘယ်သူရရ ရတဲ့သူ ဝမ်းသာမှာပဲလို့ ယူဆကာ ပျော်တတ်ကြတဲ့ သူများလည်း ရှိပါတယ်။ တကယ်တော့ မမျှော်လင့်ဘဲ ရတဲ့ ပစ္စည်းနဲ့ မိမိတို့မှာ တစ်နည်း တစ်ဖုံ ပြည့်စုံ သွားကြတယ် ဆိုရင် တကယ် ပျော်ကြမှာပါပဲ။
တစ်ခါတလေ ပံ့သကူ ပစ်ထားတဲ့ လှူနည်းမျိုး ကတော့ သိပ်ကို ကောင်းတာပါပဲ။ တကယ် လိုအပ်တဲ့သူဆီကို မရောက်ဘဲ ပြည့်စုံတဲ့ သူဆီကို ရောက်တယ်ဆိုရင် သူက ပြန်ပြီး လှူမှာ သေချာပါတယ်။ တစ်ခုတော့ ရှိတာပေါ့လေ ၊ လူတစ်ယောက်က သေတ္တာ တစ်လုံးကို ခိုးလာတာ သေတ္တာထဲက အဖိုးတန် ပစ္စည်းတွေကို ရတော့ ယူလိုက်ပါတယ်။ ကျန်တဲ့ သင်္ကန်းတွေ ကိုတော့ ဘာလုပ်မှာလဲ ၊ ဘုန်းကြီးတွေမှ သုံးလို့ဖြစ်တာ ဆိုပြီး ဘုန်းကြီးကျောင်း ထဲကို ပစ်သွင်း လိုက်ပါတဲ့။
ဒုက္ခ ရောက်တာကတော့ ဘုန်းတော်ကြီးများ ဖြစ်ပါတယ်။ တာဝန်ရှိ သူများက ဘုန်းကြီးကျောင်း ထဲမှာ သေတ္တာကို တွေ့တော့ တခြား ခိုးရာပါ ပစ္စည်းများကို ရှာကြ ဖွေကြနဲ့ ဖြစ်ကုန်တာပေါ့။ သူခိုးရဲ့ ပံ့သကူ က ဘုန်းတော်ကြီး များတောင်မှ စိတ်ဒုက္ခ ဖြစ်စေခဲ့ပါတယ်။ ရှင်းလိုက် တော့လည်း ဘုန်းတော်ကြီးများ အမှုမပတ် တော့ပါဘူး။ မရှင်းခင်တော့ ဒုက္ခပေါ့။
ပံ့သကူ အတွေးကတော့ ကိုယ့်စိတ်ထဲကို ရောက်နေတာ ကြာပြီ။ ကြုံလို့ ၊ ကြားလို့ ၊ ဖတ်လို့ ရထားတာတွေက ဟိုတစ်စ ဒီတစ်စနဲ့ ပေါင်းစပ် လိုက်တော့လည်း လှပတဲ့ အတွေးဒီဇိုင်းသစ် တစ်ခု ၊ ဗဟုသုတ မြင်ကွင်း တစ်ခုကို ဖန်တီးပြီး ဖြစ်သွားတာပေါ့ လေနော်။ တကယ်လို့ ကိုယ့်မှာ ပံ့သကူ ကောက်ထားတာ များနေရင် တစ်စနဲ့ တစ်စ အရောင် ၊ အဆင် ၊ အပွင့် ၊ အခက်များ ဖော်ပြီး အလှအပကို ဖန်ဆင်း နိုင်ပါတယ်။
လောကမှာ အပြစ်ကင်းတဲ့ ပစ္စည်းနဲ့ ရောင့်ရဲ တင်းတိမ်နိုင်တဲ့ သူများဟာ စိတ်အေး ချမ်းသာမှုကို သာမက ကြွယ်ဝမှု တစ်ရပ်ကိုပါ ပိုင်ဆိုင် နိုင်ပါတယ်။ မရှိ သော်လည်း မတောင့်တတဲ့ သူ ရှိသော်လည်း ကြောင့်ကြ နေမယ့်အစား မျှတနိုင်တဲ့ သူဟာ ကြွယ်ဝတဲ့ သူပဲပေါ့ ။ ။
ဒေါက်တာ မတင်ဝင်း (ပညာရေးတက္ကသိုလ်)
( ၂၀၁၄ ခုနှစ် အောက်တိုဘာလထုတ် ငွေတာရီမဂ္ဂဇင်း ပါ ဆောင်းပါး )