မြန်မာတို့၏ ဗိသုကာပညာသည် ပုဂံခေတ်တွင် စတင်ထွန်းကားခဲ့သည်။ ပုဂံခေတ်လက်ရာများထဲတွင် လက်ရာအမြောက်ဆုံး အဖြစ် သမိုင်းပညာရှင်များ သတ်မှတ်ထားသည်မှာ အာနန္ဒာဘုရား၏ ဗိသုကာလက်ရာပင်ဖြစ်သည်။ (အနုမှာ အာနန္ဒာ၊ ထုမှာဓမ္မရံဟု မှတ်တမ်း တင်ထားကြသည်။) အာနန္ဒာစေတီကို ကျန်စစ်သားမင်းလက်ထက် (အေဒီ ၁၀၉၀) တွင် ဆောက်လုပ်ခဲ့သည်။ ကျန်စစ်သားမင်းလက်ထက်တွင် ဟိမဝန္တာ နန္ဒမူလိုဏ်ဂူမှ ရဟန္တာများ ကြွရောက်လာသည်။ ထိုရဟန္တာအရှင်သူမြတ်များ၏ ပြောပြချက်ကြောင့် နန္ဒမူလိုဏ်ဂူကို သဘောကျကာ နန္ဒမူလိုဏ်ဂူကဲ့သို့ အာနန္ဒာစေတီကိုတည်တော်မူသည် ဟု ဆို၏။

မင်းတရားကြီး၏ ကောင်းမှုတော်သည် ဘုရားရှင်၏ အနန္တပညာကို ရည်မှတ်ပူဇော်ခြင်း ဖြစ်သဖြင့် အနန္ဒာဘုရားဟု ဘွဲ့မည်တပ်ခဲ့သော်လည်း ကာလကြာမြင့်သော် အာနန္ဒာဘုရားဟု ခေါ်တွင်ခဲ့လေသည်။ နန္ဒမူလပုဒ်မှ အာနန္ဒာသို့ စကားရွေ့လျားလာသည်ဟူသော အယူအဆလည်း ရှိသည်။
စေတီပုံစံ
အာနန္ဒာစေတီသည် ဂူပုထိုး(Temple) ပုံစံတည်ဆောက်ထားသည့် စေတီဖြစ်သည်။ ပုဂံခေတ် ဂူဘုရားများအနက် ဉာဏ်တော် မမြင့်မားလှသော်လည်း ထုထည်မသေးပဲ အချိုးအစား ပြေပြစ်လှပသော ဘုရားတစ်ဆူ ဖြစ်သည်။အောက်ခြေ ဖိနပ်တော်မှ ထီးတော်အထိ ဉာဏ်တော် ၁၆၈ ပေမြင့်ပြီး၊ အနံတစ်ဖက်လျှင် ၂၈၉ ပေ ရှိသည်။အောက်ခြေတွင် လေးထောင့် ကုလားကျောင်း ခံထားသည်။ ကုလားကျောင်း၏ အလယ်၌ အုတ်ဖြစ်ပြီးသော ကန့်ကူဆံတုံးခေါ် မဏ္ဍိုင်ကြီးရှိရာ ဗဟို၌ ထုကြီး ထည်ကြီးဖြင့် တည်ဆောက် သော အိန္ဒိယ ဂူဘုရားများနှင့် ရှေးအီဂျစ်တို့၏ ပိရမစ်ကြီးများ တည်ဆောက်ပုံသဘောမျိုး ဖြစ်သည်။
ပန္နက်ပုံစံ
အောက်ခြေပန္နက် (Foundation) သည် ထောင့်ရှစ်ထောင့်ပါသည့်ကြက်ခြေ ပုံစံ (Greek Cross) ဖြစ်သည်။ အောက်ခြေ အတောင် ၆၀ အနက်ထိအောင် တူးထားကာ အနက် အတောင် ၃၀ ကို နဂါးရစ် ကျောက်အမျိုး အစားဖြင့် အုတ်မြစ်ချ ထားသည်။ ကျန်အတောင် ၃၀ ကို ကျောက်သေတ္တာပုံစံ ပြုလုပ်ကာ ဘုရား ဆင်းတုတော်၊ ဓါတ်တော်၊ မွေတော်၊ ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြား များကိုထည့်သွင်းကာ ဌာပနာထားသည်။

အောက်ဌာပနာတိုက်
ဌာပနာတော်တိုက်အတွင်း၌ သွင်းထားပူဇော်အပ်သော ဓာတ်တော်များကား ဂေါတမဘုရားရှင်၏ လက်သန်းဓာတ်တော်တစ်ဆူ၊ သွားတော်ဓာတ်တော်တစ်ဆူ၊ ပုဆစ်ခုန်ညင်းဓာတ်တော်တစ်ဆူ၊ လည်ရိုးတော် တစ်ဆူ၊ ဦးခေါင်းဓာတ်တော်တစ်ဆူ၊ ပါးစောင်ဓာတ်တော်တစ်ဆူ၊ ဆံတော်ဓာတ်တော်တစ်ဆူတို့အပြင် သရီရဓာတ်တော် အစစ်ချည်း ၃ဝဝ ကျော်တို့နှင့် သင်းပိုင်တော် တို့လည်း ပါဝင်သည်။ ယင်းဓာတ်တော် မွေတော်တို့ကို ပဲနောက် အဆင်းရှိသော ကျောက်ခွက်ဖြင့် အပြည့်ထည့် ပြီးသော်၊ ရွှေစင် သုံးသိန်းဖြင့် သွန်းအပ်သော ဓာတ်တော်ကြုပ်၌ တစ်ဖန်ထည့်၍ ရတနာပန်းတောင်းထက်၌ ထားသည်။ ဌာပနာတိုက်အတွင်း၌ ကြေးဘုရား ဆင်းတုတော်ရှိရာ၊ ထိုရုပ်ပွားတော်၏ အထက်အောက်၌ ရွှေစင်ဖြင့် သွန်းအပ်သော အရုပ်များရှိသည်။
အထက်ဌာပနာတိုက်
ဖော်ပြခဲ့သောမြေအောက်ဌာပနာအပြင်အထက်ဌာပနာတိုက် ၌လည်း မြတ်စွာဘုရား၏ရုပ်ပွားတော် များကို ရွှေစင်သုံးကုဋေခြောက်သန်း အကုန်ခံ၍ သွန်းလုပ်လှူဒါန်းသည်။ ရွှေလှေနှင့်မင်းများအရုပ်ကိုလည်း ရွှေစင်ဖြင့် သွန်း၍ ဌာပနာသည်။ မင်းများ အသုံးအဆောင်ဖြစ်သော စောင်းငြင်းတူရိယာ တို့ကိုလည်း တီးသူ လူရုပ်နှင့်တကွလည်းကောင်း၊ နတ်သားရုပ်တို့ကိုလည်းကောင်း ဌာပနာလေသည်။ ကျန်စစ်မင်းကြီးသည် ပြူစောထီး စသော ရှေးဘေးလောင်းတော် ဘိုးလောင်းတော် မင်းအဆက်ဆက်တို့ထံမှ ဆက်ခံရရှိသော ဓာတ်တော်၊ မွေတော်၊ ကျောက်သံပတ္တမြား၊ ရွှေငွေဥစ္စာမှန်သမျှနှင့် မိမိ၏ဘုန်းကံကြောင့် နိုင်ငံရပ်ခြား တိုင်းတစ်ပါးမှ လက်ဆောင် ပဏ္ဏာဆပ်သလာသမျှတို့ကို စွန့်တော်မူမည်ဟု မိန့်ကြားပြီးလျှင် အတုမရှိသော ကောင်းမှုတော်ကို စီရင်စေလေသည်။

ယန္တရားစက်များ
အဖိုး အတိုင်းမသိသော ဌာပနာ ရတနာများကို ကာကွယ်သောအားဖြင့် ခြင်္သေ့စက်၊ ကျားရဲစက်၊ နဂါး စက်၊ ဂဠုန်စက်၊ ခွေးရဲစက်၊ ဆိတ်ရဲစက်၊ နွားရဲစက်၊ ကျွဲရဲစက်၊ စိုင်ရဲစက်တို့ကိုလည်း ဌာပနာတိုက်၏ တံခါးအထက်၌ တန်အောင်ထားသည်။ တံခါးရွက်ကား အဖိုးအတိုင်း မသိထိုက်သည်။ တံခါးတွင် ရွှေဘုရား၊ ငွေဘုရား၊ ပဉ္စလောဟာဘုရားများ ထားသည်။ ထိုများစွာသော ဘုရားတို့ကို ချီနိုင်မှသာလျှင် တံခါးကို ဖွင့်နိုင်မည်။ တံခါးတစ်ခုပွင့်လျှင် တံခါးအကုန် ပွင့်နိုင်အောင် စီရင်ထားလေသည်။
အတွင်းတည်ဆောက်ထားပုံ
အရှေ့၊ အနောက်၊ တောင်နှင့် မြောက် အရပ်လေးမျက်နှာတွင် မုခ်ဦးတစ်ခုစီဖြင့် မုခ်ဦး လေးခုရှိသည်။ အလယ်မဏ္ဍိုင်အရပ်လေးမျက်နှာတွင် ပွင့်တော်မူပြီဖြစ်သော ဘုရားလေးဆူအားရည်မှန်ကာ ဘုရားလေးဆူ ထားရှိသည်။ တဆူလျှင် ၁၈ တောင်မြင့်သည်။ (ဘုရား၏ အာဝေဏိကဂုဏ်တော်ကို ဖော်ညွှန်လို၍ ဖြစ်မည်ထင်သည်။) မြောက်ဖက်တွင် ကကုသန်ဘုရား၊ အရှေ့ဘက်တွင် ကောဏဂုံဘုရား၊ တောင်ဘက်တွင် ကဿပဘုရား၊ အနောက်ဘက်တွင် ဂေါတမဘုရား ဟူ ထားရှိ ထားသည်။ ထိုရုပ်ပွားတော်များအနက် တောင်ဘက်နှင့် မြောက်ဘက် ရုပ်ပွားတော် ၂ ဆူသည်သာ ပုဂံခေတ် လက်ရာကျန်ရှိသည်။ ရုပ်ပွားတော်များ အလင်းရောင်ရရှိရန်အတွက် အပေါက်များဖောက်ထားသဖြင့် ရုပ်ပွားတော်များကို လင်းလင်းရှင်းရှင်း ဖူးမြင်နိုင်သည်။ ရုပ်ပွားတော်များကို အတွင်းပတ်လမ်း၊ အပြင်ပတ်လမ်းဖြင့် ကာရံထားသည်။ ပတ်လမ်း ၂ ထပ်လုံးတွင် ဗုဒ္ဒဝင်ကျောက်ဆစ်ပန်းတမော့ရုပ်တုများ၊ ဘုရားဆင်းတုတော် ဉာဏ်တော်အစားစားကို ထည့်ကပ်ထား သည်။
အထက်ဘက်နားတွင် ပစ္စယာ၊ လျှောက်လမ်း၊ အတွင်းစြင်္က၊ စသည်ဖြင့် အဆင့်ဆင့် တည်ဆောက် ထားသည်။ ထိုသို့ စြင်္ကများထည့်သွင်းထားသဖြင့် အတွင်းပိုင်မှောင်မည်ကို အလင်း ဝင်ပေါက်များဖြင့် သဘာဝအလင်းပေးထားသည်။ မုခ်ဦးမှ တံခါးများပိတ်ထားပါက ဘုရားအတွင်းပိုင်း လင်းနေအောင် ဆောင်ရွက်ထားသည့်အနုပညာမှာ လက်ရာမြောက်လှပါသည်။ အတွင်းပတ်လမ်း တလျှောက် တစ်နေရာမှတစ်နေရာသို့ကူးသည့်နေရာများတွင် တံတားခုံများဖြင့်ဆက်သွယ်ထားသည်။ ထိုတံတားခုံများကို သစ်တစ်ခုမပါ၊ သံတစ်ချောင်းမပါဘဲ အုတ်များဖြင့်သာ ဆက်၍ ခုံထားသည်မှာ လက်ရာ မြောက်လွန်း လှသည့် မြန်မာ့ဗိသုကာလက်ရာဖြစ်သည်။ ကျောက်နှင့်စပါးခွံပါသော အုတ်တို့ကို တစ်လှည့်စီမြေပြင်မှ ထောင်ကာ တိုးစီသွားပြီ အပေါ်တွင် Key stone ခေါ် သပ်အုပ်တစ်ခုကို ရိုက်သွင်းခြင်းဖြင့် ပိုမိုခိုင်ခံစေသော ဗိသုကာပညာကို ထည့်သွင်းထားသည်။
ရပ်တော်မူဆင်းတုတော်လေးဆူထုလုပ်ထားရှိပုံ


ကန့်ကူဆံတုံး၊ သို့မဟုတ် အလယ်မဏ္ဍိုင်ကြီး၏ ပတ်လည်လေးဘက် လေးမျက်နှာ၌ မတ်ရပ်ဆင်တုတော်ကြီး တစ်ဆူစီ အသီးသီးကိန်းဝပ်ရာ ဂန္ဓကုဋိတိုက်များရှိသည်။ ထိုမတ်ရပ်တော်တို့ကား ဤကမ္ဘာ၌ ပွင့်တော်မူပြီးကုန်သော ဘုရားရှင်လေးဆူတို့ကို ရည်မှန်း၍ ပူဇော်ထားသော ၁၈ တောင်အရပ်တော်ရှိသည့် ရုပ်တုတော်များ ဖြစ်ကြသည်။ အရှေ့မျက်နှာ၌ စံပယ်သော ဆင်းတုတော်ကား မလ္လာယုကျွန်းမှရအပ်သော သရက္ခာန်နံ့သာနှစ်ဖြင့် ထုလုပ်အပ်သည့် ကောဏာဂမန မြတ်စွာဘုရားတည်း။ အနောက်မျက်နှာမှ ရှင်တော် ဘုရားကား ပဉ္စလောဟာဖြင့်ပြီးသော ဂေါတမမြတ်စွာဘုရား၊ တောင်မျက်နှာမှ ဘုရားရှင်ကား ဟိမဝန္တာမှ ရအပ်သော ထင်းရှူးသားဖြင့် ထုလုပ်ထားသည့် ကဿပမြတ်စွာဘုရား၊ မြောက်မျက်နှာမှ ရုပ်ထုတော်ကား ဥဿပဲခူးပြည်မှ ဆက်သအပ်သော စံကားသားဖြင့် ထုလုပ်ထားသည့် ကကုသန္ဓမြတ်စွာဘုရားတည်း။
ထိုဆင်းတုတော် အသီးအသီး၏ မျက်နှာတော် တူရူအမိုးတွင် မုခ်ပြတင်းငယ်များ ရှိသည်ဖြစ်ရာ ဘုရားရှင် အသီး အသီးတို့၏ ကိုယ်တော်အထက်ပိုင်းပေါ်သို့ အလင်းရောင်ကျရောက်၍ လင်းလင်းချင်းချင်းရှိအောင် ဖန်တီးစီရင်ထားလေသည်။ ထိုရုပ်ပွားတော်များအနက် မြောက်မျက်နှာနှင့် တောင်မျက်နှာမှ ရုပ်ပွားတော်များသာလျှင် မူလများဖြစ်ကြသည်။ အရှေ့နှင့် အနောက်အရပ်မှ ရုပ်ပွားတော်များသည်ကား မူလရုပ်ပွားတော်များ ယိုယွင်းပျက်စီးခဲ့ သဖြင့် အသစ်တစ်ဖန် ပြန်လည်မွမ်းမံထားခြင်းများ ဖြစ်လေသည်။


သက္ကရာဇ် ၁၂၁၈ ခုနှစ်က အရှေ့မျက်နှာမှ သရက္ခာန်ရုပ်ပွားတော်ကြီးကို တေဇောဓာတ် သင့်သဖြင့် မင်းတုန်းမင်း တရားကြီးက စံကားသားဖြင့် အထက်တည်ရင်းစနစ်အတိုင်း ထုလုပ်ပူဇော်ခဲ့ပေသည်။ သက္ကရာဇ် ၁၁ဝ၇ ခုနှစ် ဟံသာဝတီရောက်မင်း လက်ထက်တွင် တစ်ကြိမ်၊ သက္ကရာဇ် ၁၂၄၇ ခုနှစ်တွင် တစ်ကြိမ်၊ အနောက်မျက်နှာမှ ပဉ္စလောဟာ ရပ်တော်မူကိုယ်တော်ကြီးသည် ရန်သူဘေးကြောင့် ပျက်စီးချို့ယွင်းခဲ့ပြန်သည်။ ထိုပျက်စီးမှုများကို ပြည်ပိုင်အစိုးရက ကမကတပြု၍ ပြည်သူလူထု၏ စေတနာသဒ္ဓါတရား အကူအညီဖြင့် မူလကဲ့သို့ ပဉ္စလောဟာမဟုတ်သော်လည်း ကျွန်းသစ်ဖြင့် ရှေးမူလတည်လုပ်ခဲ့သော စနစ်အတိုင်း ပြုပြင်မွမ်းမံ ပူဇော်ခဲ့ ကြလေသည်။
အတွင်းနံရံအလှဆင်ထားပုံ
အာနန္ဒာဘုရား၏ အတွင်းနံရံပတ်လည်တွင် ဗုဒ္ဒဝင်ဆိုင်ရာ ကျောက်ဆင်းတုတော်များ၊ နံရံဆေးရေးပန်းချီ များ၊ မင်စာများဖြင့်အလှဆင်ထားသည်။ ယခုအခါ ခေတ်ကာလကြာမြင့်လာသည်နှင့်အမျှ သဘာဝဘေး အန္တရာယ်ကြောင့်လည်းကောင်း၊ လူတို့၏တန်ဘိုးမထား ဖျက်စီးမှုကြောင့် လည်းကောင်း အချို့နေရာများ တွင်သာ နံရံဆေးရေးပန်းချီနှင့် မင်စာများကို မြင်တွေ့နိုင်တော့သည်။ ကျောက်ဖြင့် ထုလုပ်ထားသည့် ရှင်အရဟံရုပ်ထုနှင့် ကျန်စစ်သားမင်းကြီး၏ ရုပ်ထုကို ယနေ့တိုင်တွေ့မြင်နိုင်သည်။
အပြင်ဘက်ပြုလုပ်ထားပုံ
အာနန္ဒာစေတီ၏ အပြင်ဘက်အောက်ခြေပတ်လည်တွင်လည်းကောင်း၊ အထက်ပစ္စယာများတွင် လည်းကောင်း၊ အထက်ပစ္စယံများတွင်လည်ကောင်း စဉ့်ကွင်းများဖြင့် ပြုလုပ်ထားသည့် နတ်ဗြဟ္မာများက မြတ်စွာဘုရားအား လာရောက်ဖူးမြော်ပုံ၊ မာရ်နတ်စစ်သည်များက မြတ်စွာဘုရားအား စစ်တိုက်ရန်လာကြပုံ၊ (၅၅၀) ဇာတ်နိပါတ်ပုံတော်များဖြင့် အလှဆင်ထားသည်။ ပုံတော်စုစုပေါင်း (၁၄၇၂) ခုရှိသည်။ အနောက်တောင်ထောင့်မှစကာ လက်ယာရစ်လှည့်ပြီး ဧကနိပါတ် အပဏကဇာတ်မှစလျက် တစ်ဇောတ်လျှင် စဉ့်ကွင်းတစ်ခုစီဖြင့် ဒုတိယပစ္စယာမြောက်မုခ် အသီတိနိပါတ် မဟာသုတသောမဇာတ်အထိ ၅၃၇ ဇာတ် စဉ့်ကွင်းများပြုလုပ်ထားသည်။
မြောက်ဖက်မုခ်တွင် စဉ့်ကွင်း ၃၇၆ ခုဖြင့် မဟာနိပါတ်တေမိဇာတ်မှ ဝေဿန္တရာဇာတ်အထိ ဇာတ်ကြီး ၁၀ ဘွဲ့ကို တစ်ခန်းစီ ဖော်ပြထားသည်။ တောင်ဘက်မုခ်မှ လက်ယာရစ်လှည့်ပြီး ခြင်္သေ့၊ မြင်း၊ ဆင် အစရှိသော တိရစ္ဆာန်ရုပ်အမျိုး ၃၀ ကျော်ကို စဉ့်ကွင်း ၂၇၇ ခုဖြင့် ဖော်ပြထား သည်။ အရှေ့ဘက်မုခ်တွင် နတ်သား၊ နတ်သမီး စသည့်ရုပ်ပုံများကို စဉ့်ကွင်း ၂၇၆ ခုဖြင့် သရုပ်ဖော်ထားသည်။ အထက်ကွမ်းတောင် လိုဏ်များတွင် ဆင်းတုတော် ၂၀ ထားရှိပြီး မုခ်ထွတ်ထောင့်၏ အထက်မုခ်ဦးတွင် ခြင်္သေ့ရုပ် ၁၄၈၊ နတ်ရုပ် ၂၈၊ စေတီရံ ၂၄ ဆူ ရှိသည်။
အောက်ခံ ကုလားကျောင်းများနှင့် အထက်ပစ္စယာအဆင့်ဆင့်စေတီ ကွမ်းတောင်များသည် တစ်ခုနှင့်တစ်ခု ညီညာစွာ ယှက်စပ်နေသည့်အတွက် အချိုးအစား ပြေပြစ်လှပေသည်။ စဉ့်ကွင်းချပ်တို့၏ အရောင်အသွေးမှာ ယနေ့ ခေတ်နျင့်မတူဘဲ စိမ်းစိုသော အရောင်အဆင်းရှိသည်။ ဇာတ်တော်များ၏ အောက်ခြေတွင် မြန်မာ၊ နာဂရီ၊ မွန်အက္ခရာ စာလုံးများဖြင့် မှတ်တမ်းတင်ထားသည်။ ပုဂံတွင်ရှိသော စေတီပုထိုးများထဲတွင် အာနန္ဒာစေတီသည် လက်ရာအမြောက်ဆုံး၊ အနုအစိတ်ဆုံး၊ ဘုရားအဖြစ် ကျော်ကြားသည်။ အာနန္ဒာစေတီ၏ အနုလက်ရာများ ကို လေ့လာခြင်းဖြင့် ရှေးမြန်မာတို့၏ ဗိသုကာပညာကို သိရှိနိုင်ပါသည်။
ဦးကျော်အောင်(စာတည်းမှူး) – ပုဂံစေတီပုထိုးများ
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)
အလင်းစေတမန်ဘလော့