ထူးထူးခြားခြား နာမည်တွေနဲ့ ဘုရားတွေဖြစ်တာကြောင့် ပြန်လည်ဝေမျှလိုက်ခြင်း ဖြစ်ပါတယ်။
မလာဖြစ် ဂူဘုရား
(ဘုရားအမှတ် ၆၆၄)
တရုတ်ပြေးဂူဘုရားကြီး တံတိုင်း နှင့် မင်းဝိုင်းအစုတံတိုင်းအကြားရှိ လှည်းလမ်းအတိုင်း အနောက်မြောက်ဘက်သို့သွားသော် အနည်းငယ်ဝေးသော နေရာတွင် မလာဖြစ်ဂူဘုရား တံတိုင်းသို့ ရောက်ပေမည်။ မလာဖြစ်ဂူဘုရားမှာ တံတိုင်း၏ အရှေ့တောင်ထောင့်တွင်ရှိသည်။ တံတိုင်းအနောက်ဘက်ထောင့်တွင် အုတ်ကျောင်းပျက်ကြီး ရှိလေသည်။
ဂူအတွင်းရှိသော ကျောက်စာအရ သက္ကရာဇ် ၆၃၆ခုတွင် တရုတ်ပြေးမင်း၏ အမတ်တျာသည် ဤအမနာမြေအရပ်တွင် တံတိုင်း ၊ ဂူဘုရား ၊ ကျောင်းကြီး ၊ တန်ဆောင်း ၊ ကပ္ပိယကုဋီ စသောအဆောက်အအုံများတည်ဆောက်ကြောင်း သိရလေသည်။
၎င်းကျောက်စာတွင်ပင် တကာကြီ မ္လဖြစ် ဟုပါရှိသောကြောင့် ထိုအမတ်တျာ၏ အမည်မှာ မ္လဖြစ် (မလဖြစ်) ဟု ယူဆပြီး ဂူဘုရား၏ အမည်ကိုလည်း မလာဖြစ် ဂူဘုရားဟု ခေါ်ဝေါ်နေကြသည်မှာ ယနေ့တိုင်ပင်ဖြစ်သည်။
ဂူအတွင်းတွင် လှပသော ပန်းချီများမှာ ဆေးရောင်များမှေးမှိန်နေသော်လည်း အကြောင်းအရာကို မြင်နိုင်ပါသေးသည်။ အမိုးကုန်းများတွင် ဆင်းတုပုံများအား ပန်းများနှင့် ရော၍ လှပစွာ ရေးဆွဲထားလေသည်။ ဂူအပြင်ဘက်တွင်လည်း လှပသော အင်္ဂတေပန်းများ များစွာရှိသေးသည်။
မလုံးဖြစ် ဂူဘုရား
(ဘုရားအမှတ် ၆၆၇)
မလာဖြစ်ဂူဘုရား တံတိုင်း၏ မြောက်ဘက်ကပ်၍ မလုံးဖြစ် ဂူဘုရားတံတိုင်း ရှိလေသည်။ တံတိုင်းမှာ မလာဖြစ်ထက် ပို၍ကျယ်ဝန်းပြီး မလုံးဖြစ်ဂူဘုရားမှာ တောင်ဘက်တံတိုင်း အလယ်လောက်တွင် ကပ်၍ ရှိလေသည်။
ဂူအနောက်မြောက်ဘက်တံတိုင်းတွင် အုတ်ကျောင်းအလတ်စား နှစ်ခု တောင်မြောက်တန်း၍ ရှိပြီး တောင်ဘက်ကျောင်းသည် လေးထောင့်မတ်မတ် အောက်နှစ်ခန်းအပေါ်ထပ်ရှိလေသည်။
မလုံးဖြစ်ဂူအတွင်းတွင် ကျောက်စာနှစ်ခုရှိရာ တခုမှာ သက္ကရာဇ် ၅၉၂ခုတွင် ကောင်းမှုရှင် သူဖရစ်လင်မယားသည် စရပ်လှမည်သော နေရာအရှေ့တွင် ဂူကျောင်းပြုလုပ်ကြောင်း ၊ ကျွန်လှူကြောင်း ၊ သက္ကရာဇ် ၆၀၇ တွင်လည်း သူဖရစ်မယားက မြေလှူကြောင်းများပါရှိလေသည်။ အခြားကျောက်စာတခုတွင် သက္ကရာဇ် ၆၀၀၌ သံဗျင်သက်ရှည်ဆိုသူက စရပ်လှရှေ့တောကျောင်း၌ မြေလှူသည့်အကြောင်း ပါရှိလေသည်။
မလုံးဖြစ်ဂူဘုရားတွင် အပြင်ဘက် အင်္ဂတေပန်းများ ကျန်သော်လည်း လက်ရာမှုကား မကောင်းလှပေ။ အတွင်းပန်းချီများအနက် အနောက်မျက်နှာအမိုးမှ ပန်းဝိုင်းများသည် လက်ရာကောင်းမွန်၍ လှပစွာ ရှိလေသည်။ ဘာကြောင့် မလုံးဖြစ်ဂူဘုရားဟု ခေါ်သည့် အကြောင်းမူ မပါရှိချေ။
ဦးဗိုကေ၏ ပုဂံသုတေသနလမ်းညွှန်စာအုပ်မှ