နိုင်ငံရဲ့တရားဝင်အမည်ကတော့ ပါကစ္စတန်အစ္စလာမ်မစ်သမ္မတနိုင်ငံဖြစ်ပြီး အာရှတိုက်တောင်ပိုင်းမှာတည်ရှိနေတဲ့ ဖက်ဒရယ်ပါလီမန်စနစ်ကိုကျင့်သုံးသောနိုင်ငံတစ်ခုဖြစ်ပါတယ်။ ပါကစ္စတန်ဟာ အာရှတိုက် အလယ်ပိုင်း နဲ့ အနောက်အာရှအကြား ဖြတ်လမ်းနေရာ မှာတည်ရှိနေတာဖြစ်ပြီး အရှေ့ဘက်မှာဆိုရင် အိန္ဒိယနိုင်ငံ၊ အနောက်ဘက်မှာဆိုရင် အာဖဂန်နစ္စတန်နိုင်ငံ၊ အနောက်တောင်ဘက်ပိုင်းမှာဆိုရင်အီရန်၊ အရှေ့မြောက်ဘက်မှာ တရုတ်နိုင်ငံတွေနဲ့နယ်နိမိတ်ချင်းထိစပ်လျက်ရှိနေတာကိုတွေ့ရပါတယ်။
ပါကစ္စတန် (Pakistan) ဆိုတဲ့အမည်ဟာ Urdu ဘာသာကနေလာပြီး Pak ဆိုတာက စင်ကြယ်ခြင်းနဲ့ Stan ဆိုတာကတော့နိုင်ငံလို့ဆိုတာကြောင့် ဖြူစင်တဲ့နိုင်ငံလို့အဓိပ္ပါယ်ရပါတယ်။ ပါကစ္စတန်ရဲ့တရားဝင်ရုံးသုံးဘာသာစကားကတော့ Urdu နဲ့ အင်္ဂလိပ်ဘာသာစကားတွေဖြစ်ကြပါတယ်။ (၂၀၁၈)ခုနှစ် စာရင်းတွေအရ ပါကစ္စတန်ရဲ့လူဦးရေစုစုပေါင်းဟာ (၂၁၂ ၂၂၈ ၂၈၆) ယောက်ရှိပြီးကမ္ဘာပေါ်မှာတော့ ပဉ္စမမြောက် လူဦးရေအများဆုံး နိုင်ငံအဖြစ်ရပ်တည်နေပါတယ်။ အကျယ်အဝန်းအနေနဲ့စတုရန်းမိုင် (၃၄၀ ၅၀၉)ကျယ်ဝန်းပြီးကမ္ဘာပေါ်မှာဆိုရင် (၃၃)ခုမြောက်အကြီးဆုံးနိုင်ငံအဖြစ်ရပ်တည်နေတာကိုလည်း တွေ့ရပါတယ်။
ပါကစ္စတန်ရဲ့ နဝမမြောက်အကြီးဆုံးမြို့တော်ဖြစ်တဲ့ အစ္စလာမ်မာဘတ် Islamabad မြို့ကို မြို့တော်အဖြစ်သတ်မှတ်ထားရှိပြီးလူဦးရေ ၁သန်းကျော် နေထိုင်ကြပါတယ်။ Isamabad ကိုတော့ ယခင်ပါကစ္စတန်ရဲ့မြို့တော် Karachi နေရာကိုအစားထိုးဖို့ (၁၉၆၀) ကာလအတွင်းတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ပါကစ္စတန်နိုင်ငံရဲ့မြို့တော်ဟောင်းအဖြစ်ထင်ရှားတဲ့ Karachi မြို့ဟာနိုင်ငံရဲ့အကြီးဆုံးမြို့တော်ဖြစ်ပြီးလူဦးရေ(၁၅)သန်း ခန့်အခြေချနေထိုင်ပါတယ်။ ယင်းမြို့ဟာ ပါကစ္စတန်နိုင်ငံရဲ့ဘဏ္ဍာရေးဆိုင်ရာ အချက်အခြာကျတဲ့ နေရာအဖြစ်သာမက အဓိက သင်္ဘောဆိပ်ကမ်းမြို့ကြီးလည်းဖြစ်ပါတယ်။
ယနေ့ ပါကစ္စတန်တည်ရှိရာနေရာမှာ လွန်ခဲ့သောနှစ်ပေါင်း ၅ထောင်ကျော်ကနေ ဘီစီ ၁၅၀၀ အချိန်အထိ အိန္ဒူမြစ်ဝှမ်းယဉ်ကျေးမှု ထွန်းကားခဲ့ပါတယ်။ ဒီနေရာဟာ များစွာသော အင်ပါယာတွေရဲ့ သိမ်းပိုက်ခံနယ်မြေ အကြိမ်ကြိမ်ဖြစ်ခဲ့ဖူးပါတယ်။ ဒီအင်ပါယာတွေမှာ ပါရှန်း၊ဂရိ ၊ အာရပ် နဲ့ အော်တိုမန်အင်ပါယာတွေ ပါဝင်ပါတယ်။ ဒီနယ်မြေကို အစောဆုံးရောက်ရှိလာတာကတော့ ဟိန္ဒူဘာသာ ဖြစ်ပြီး ဘီစီ ၃၀၀ ဝန်းကျင်မှာတော့ ဗုဒ္ဓဘာသာ စတင်ထွန်းကားခဲ့ပါတယ်။ လက်ရှိပါကစ္စတန်ရဲ့ အနောက်မြောက်ပိုင်းဟာ ရှေးက ဂန္ဓာရတိုင်း ဖြစ်ခဲ့ပါတယ်။ (ဂန္ဓရတိုင်း = ပါကစ္စတန်အနောက်မြောက် + အာဖဂ္ဂန်နစ္စတန် အရှေ့မြောက်)
အေဒီ ၈ ရာစုအစပိုင်းကနေစလို့ ဒီနေရာဟာ အာရပ်အင်ပါယာတွေရဲ့ လက်အောက်ကိုရောက်ရှိသွားခဲ့ပြီးနောက် အစ္စလာမ်ဘာသာ စတင်ထွန်းကားလာခဲ့ပါတယ်။ အေဒီ ၁၅၀၀ ကနေ ၁၇၀၀၀ ခန့်ထိ မဂိုအင်ပါယာရဲ့နယ်မြေဖြစ်ခဲ့ပြီး ၁၈ရာစုမှာတော့ ဗြိတိသျှတို့ရဲ့သိမ်းပိုက်ခြင်းကို ခံခဲ့ရပါတယ်။ ၁၉၀၆ ခုနှစ်မှာတော့ အိန္ဒိယ Muslim အဖွဲ့ကြီးကို စတင်ဖွဲ့စည်းခဲ့ပြီးတဲ့နောက် ၁၉၄၀ မှာတော့ Muslim လူမျိုးတွေသီးသန့် လွတ်လပ်တဲ့နိုင်ငံတခုအဖြစ် ခွဲထွက်ဖို့ စတင်အရေးဆိုလာကြပါတယ်။ ဗြိတိသျှတို့ကြောင့် လူမျိုးစုကြီး ၂စု သွေးကွဲသွားပြီးနောက် ၁၉၄၇ မှာတော့ ဗြိတိသျှတို့ဟာ အိန္ဒိယကို အိန္ဒိယနိုင်ငံ ၊ ပါကစ္စတန် နဲ့ အရှေ့ပါကစ္စတန် ဆိုပြီး နယ်မြေ ၃ ခု ခွဲခြားလိုက်ပါတယ်။ (၁၉၇၁)ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ပြည်တွင်းစစ်မှာတော့ အရှေ့ပါကစ္စတန်ဟာ အိန္ဒိယရဲ့ကူညီမှုနဲ့ပါကစ္စတန်ကနေခွဲထွက်ကာ ယခုဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုပြီးဖြစ်လာခဲ့ပါတယ်။
အဲဒီအချိန်ကတည်းက ကတ်ရှမီးယား ဒေသမှာ အိန္ဒိယနဲ့ ပါကစ္စတန် နှစ်ဖက် စလုံးက သူပိုင် ကိုယ်ပိုင် အငြင်းပွားပြီး တိုက်ပွဲတွေဖြစ်ခဲ့တာ နှစ်ပေါင်း ၆၀ ကျော်ခဲ့ပါပြီ။ ၁၉၉၈ ခုနှစ်မှာတော့ ပါကစ္စတန်ဟာ နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့နိုင်ငံ ဖြစ်လာခဲ့ပါတယ်။ ပါကစ္စတန်ဟာ ကုလသမဂ္ဂ ၊ SCO ၊ အိုအိုင်စီ ၊ ဓနသဟာယနိုင်များအဖွဲ့ စတာတွေရဲ့ အဖွဲ့ဝင်နိုင်ငံ တနိုင်ငံလည်းဖြစ်ပါတယ်။ ပါကစ္စတန်ရဲ့ လက်ရှိ ဝန်ကြီးချုပ်ကတော့ Imran Khan ဖြစ်ပြီး သမ္မတကတော့ Arif Alvi ဖြစ်ပါတယ်။
သမိုင်းကြောင်းအရ ပါကစ္စတန်နိုင်ငံ နဲ့ အိန္ဒယနိုင်ငံတို့ဟာ ကမ္ဘာမကျေတဲ့ပြိုင်ဘက်နိုင်ငံတွေဖြစ်ပါတယ်။ ဘာသာရေး၊လူမျိုးရေးအရရော နယ်မြေအငြင်းပွားမှုတွေအရရော ပဋိပက္ခများစွာဖြစ်နေတဲ့ယင်း(၂) နိုင်ငံဟာ တဖက်နဲ့ တဖက်အမြဲတင်းမာနေတဲ့ အခြေအနေမှာရှိနေပါတယ်။ (၂) နိုင်ငံလုံးဟာနူးကလီးယားလက်နက်ပိုင်ဆိုင်ထားတာကြောင့်လည်း ကမ္ဘာ့လုံခြုံရေးကောင်စီရဲ့အချိန်ပြည့်စောင့်ကြည့်ခြင်းကိုခံထားရတဲ့နိုင်ငံတွေဆိုရင်လည်း မမှားပါဘူး။ (၂၀၁၁)ခုနှစ်တုန်းကဆိုရင် အိန္ဒိယဘက်ကမျောက်တစ်ကောင်ဟာ ပါကစ္စတန်နိုင်ငံဘက်ကိုခိုးဝင်လာတာကြောင့် ပါကစ္စတန်နိုင်ငံအာဏာပိုင်တွေက ယင်းမျောက်ကိုဖမ်းဆီးအပြစ်ပေးခဲ့တဲ့ဖြစ်စဉ်တွေအထိတောင်ရှိခဲ့ကြတာဖြစ်ပါတယ်။
အထွေထွေ
ပါကစ္စတန်နိုင်ငံရဲ့ပထဝီဝင်အနေအထားအရ ကွဲပြားခြားနားမှုများစွာပါရှိနေတဲ့ သဘာဝပတ်ဝန်းကျင်ကို ပိုင်ဆိုင်ထားပါတယ်။ ညီညာပြန့်ပြူးတဲ့မြေပြန့်လွင်ပြင်တွေကနေ သဲကန္တာရတွေ၊သစ်တောကြီးတွေ၊ကုန်းပြင်မြင့်ကြီးတွေကို ပိုင်ဆိုင်ထားတဲ့အပြင်တောင်ဘက် ပိုင်းမှာဆိုရင်အာရေဗျပင်လယ်ကမ်းရိုးတန်းဧရိယာကနေ မြောက်ဘက် Karakoram အထိ သွယ်တန်းနေတဲ့တောင်တန်းကြီးတွေကိုလည်းတွေ့မြင်နိုင်ပါတယ်။
K2 လို့သိကြတဲ့ Moount Godwin-Austen (သို့) Chhogori တောင်ဟာဆိုရင်လည်း ပင်လယ်ရေမျက်နှာပြင်အထက်ပေ (၂၈ ၂၅၁) ပေမြင့်မားပြီး ပါကစ္စတန်နိုင်ငံမှာဆိုရင် အမြင့်ဆုံးတောင်ထိပ်အဖြစ်ရှိနေပါတယ်။ ကမ္ဘာပေါ်မှာဆိုရင်တော့ Chhogori ဟာဧဝရတ်တောင်ပြီးရင်တော့ ဒုတိယအမြင့်ဆုံးတောင်ထိပ်အဖြစ်ရပ်တည်နေပါတယ်။
ပင်လယ်ကမ်းရိုးတန်းအရှည်မိုင်အနေနဲ့တော့ အာရေဗျပင်လယ်ကမ်းခြေတစ်လျှောက်ကနေ တောင်ပိုင်းအိုမန်ပင်လယ်ကွေ့အထိစုစုပေါင်းပင်လယ်ကမ်းရိုးတန်းအရှည်မိုင် (၆၅၀) လောက်ဟာ ပါကစ္စတန်နိုင်ငံရဲ့ နယ်မြေအတွင်းပါဝင်လို့နေပါတယ်။ အရှေ့အလယ်ပိုင်းမှာဆိုရင် ပါကစ္စတန်နိုင်ငံရဲ့ပင်လယ်ကမ်းရိုးတန်းတွေဟာ သဘာဝအတိုင်းသာ ရှိနေသေးတဲ့နေရာ အများဆုံးကမ်းခြေတွေအဖြစ်လည်းမှတ်တမ်းဝင်ထားပါတယ်။
ပါကစ္စတန်နိုင်ငံတွင်းမှာဆိုရင်အမျိုးသားဥယျာဉ်ပေါင်း(၂၉)ခုတည်ရှိလို့နေပါတယ်။ Lal Suhanra အမျိုးသားဥယျာဉ်ဟာဆိုရင် ပါကစ္စတန်နိုင်ငံ၊ Punlab ပြည်နယ်၊ Bahawalpur ခရိုင်အတွင်းတည်ရှိနေပြီးတောင်အာရှရဲ့အကြီးဆုံးသောသဘာဝပတ်ဝန်း ကျင်နယ်မြေတစ်ခုအဖြစ်လည်းလူသိများပါတယ်။
Lal Suhanra ဟာဆိုရင် UNESCO ရဲ့ Biosphere Reserve (ဇီဝအဝန်းနယ်မြေ)အဖြစ် သတ်မှတ်ခြင်းကိုခံထားရပြီး (၁၆၂ ၅၇၀)ဧကလောက်ကျယ်ဝန်းပါတယ်။ အတွင်းမှာတော့ပတ်ဝန်းကျင်နယ်မြေဆိုင်ရာ ကွဲပြားခြားနားမှုများစွာအဖြစ် ကန္တာရတွေ၊သစ်တောကြီးတွေနဲ့ စိမ့်မြေတွေကို မှီတင်းနေထိုင်ရာဇီဝမျိုးကွဲများစွာနဲ့အတူ လေ့လာနိုင်မှာဖြစ်ပါတယ်။
ပါကစ္စတန်နိုင်ငံတွင်းမှာဆိုရင် UNESCO ရဲ့ကမ္ဘာယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေး နယ်မြေပေါင်း (၆)ခုလောက်ရှိနေပါတယ်။ Sindh ပြည်နယ်တွင်းက Mohenjo-daro ရှေးဟောင်း နယ်မြေဟာဆိုရင် ဘီစီ(၂၅၀၀) လောက်က တည်ရှိနေခဲ့တယ်လို့သိရပါတယ်။ Indus Valley မျိုးနွယ်စုတွေရဲ့ အစောဆုံးသော ယဉ်ကျေးမှုဆိုင်ရာအကြီးမားဆုံးအခြေချနေထိုင်ရာနေရာတွေအနက်ကတစ်ခု ဖြစ်ပြီး အခြားကမ္ဘာကျော်မြို့တော်ကြီးတွေနဲ့ အခြေချနေထိုင်ခဲ့သူတွေဖြစ်တဲ့ အီဂျစ်၊မက်ဆိုပိုတေးမီးယား၊ Minoan Crete နဲ့ Norte Chico တွေနဲ့ တပြိုင်တည်းလိုလိုပေါ်ပေါက်လာခဲ့တဲ့ အစောပိုင်း လူ့သမိုင်းယဉ်ကျေးမှုအသိုက်အမြုံတွေဖြစ်ခဲ့ရာနေရာတွေဖြစ်ပါတယ်။ ယင်းနယ်မြေဟာ (၁၉၈၀)ခုနှစ်ကတည်းက ယူနက်စကိုရဲ့ကမ္ဘာယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးနယ်မြေအဖြစ်သတ်မှတ်ထိန်းသိမ်းခြင်းခံခဲ့ရပါတယ်။
ပါကစ္စတန်နိုင်ငံ ၊ Khyber-Pakhtunkhwa ခရိုင်အတွင်းက Mardan မြို့မှာတည်ရှိတဲ့ တက်ခ်တိုင်ဘာလီ( Takht-I-Bahi) သမိုင်းဝင်ယဉ်ကျေးမှုနယ်မြေဟာဆိုရင်လည်း (၁၉၈၀)ကာလကတည်းက ယူနက်စကိုရဲ့ကမ္ဘာယဉ်ကျေးမှုအမွေအနှစ်နယ်မြေအဖြစ် သတ်မှတ်ခြင်းကိုခံထားရတာဖြစ်ပါတယ်။ ဒီဗုဒ္ဓဘာသာဘုန်းကြီးကျောင်းအစုအဝေးကို အေဒီ ၁ရာစု ကစတင်တည်ထောင်ခဲ့ပြီး အေဒီ ၇ရာစု အထိ နှစ်ပေါင်း ၆၀၀ ခန့် အသုံးပြုခဲ့ပါတယ်။ အဲဒီခေတ်က ဗုဒ္ဓဘာသာဆိုင်ရာ အဆောက်အအုံများရဲ့အနုပညာ ဗိသုကာလက်ရာတွေကို အဲဒီဘုန်းကြီးကျောင်းမှာ လေ့လာနိုင်ပါတယ်။
ကမ္ဘာ့အစောဆုံး တက္ကသိုလ်မြို့ဖြစ်တဲ့ တက္ကသီလာ Taxila မြို့ဟောင်း ဟာလည်း ပါကစ္စတန် ပန်ဂျပ်ပြည်နယ်ထဲမှာရှိနေပါတယ်။ ဒီရှေးဟောင်းမြို့ဟာ အိန္ဒိယသမိုင်းရဲ့ အရေးပါတဲ့မြို့တမြို့ဖြစ်ခဲ့ပြီး ဘီစီ ၁၀၀၀ ခန့်ကတည်းက တည်ထောင်ခဲ့တာဖြစ်ပါတယ်။ အဲဒီခေတ်အခါက ပညာသင်ကြားရေးရဲ့ဗဟိုဌာနဖြစ်ခဲ့ပြီး အိန္ဒိယသာမက အခြားနိုင်ငံပေါင်းများစွာက ကျောင်းသားတွေလည်း လာရောက်သင်ကြားရတဲ့ နေရာဖြစ်ခဲ့ပါတယ်။
အဌာရဿ ၁၈ ရပ် အပါအဝင် ဘာသာရပ်ပေါင်း ၆၀ ကျော် ကို သင်ကြားပေးခဲ့တဲ့ ဒီတက္ကသိုလ်ကျောင်းဝန်းဟာ အလျား ၁မိုင် အနံ မိုင်ဝက် ကျယ်ပါတယ်။ စာသင်ခန်းပေါင်း ၃၀၀ ခန့်ရှိခဲ့ပြီး စာသင်ခုံတွေအတွက် ကျောက်တုံးတွေကို သုံးခဲ့ပါတယ်။ ခမ်းနားကြီးကျယ်စွာ ရပ်တည်ခဲ့တဲ့ ဒီတက္ကသိုလ်ကြီးဟာ အေဒီ ၅ ရာစု ဝန်းကျင်မှာတော့ Huns လူမျိုးတွေ ရဲ့ အပြီးတိုင် ဖျက်စီးခြင်းကိုခံခဲ့ရပါတယ်။ ၁၉၈၀ မှာ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နေရာတစ်ခုဖြစ်လာခဲ့ပြီး လက်ရှိအချိန်အထိ ပါကစ္စတန်နိုင်ငံရဲ့ လာရောက်လည်ပတ်သူ အများဆုံးနေရာ တစ်ခုဖြစ်ပါတယ်။
Lahore မြို့မှာတည်ရှိနေတဲ့ Lahore ခံတပ်ဟာလည်းပါကစ္စတန်ရဲ့ အထင်ကရသမိုင်း ဝင်လက်ရာဖြစ်ခဲ့ပြီး မြို့ရဲ့မြောက်ဘက်အစွန်ဆုံးမြို့တံခါးကနေစတင်ကာဧက(၅၀) ကျော်ကျယ်ဝန်းတဲ့ ခံတပ်ကြီးဖြစ်ပါတယ်။ Lahore ခံတပ်ကြီးကိုတော့ (၁၅၆၆)ခု နှစ် က ဧကရာဇ် Akbar ကတည်ဆောက်ခဲ့ပြီးဖြိုချက်ခံရမှုတွေ၊ပြန်လည်တည်ဆောက်မှု၊ မွမ်းမံမှုများစွာပြုလုပ်ခဲ့ပြီးလည်းဖြစ်ပါတယ်။ (၁၉၈၁)ခုနှစ်ရောက်ချိန်မှာတော့ Lahore ခံတပ်မြို့ကြီးဟာ အနီးမှာတည်ရှိတဲ့ Shalimar ဥယျာဉ်နဲ့ ပူးတွဲပြီး ယူနက်စကိုရဲ့ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးနယ်မြေအဖြစ်သတ်မှတ်ခြင်းခံခဲ့ရပါတယ်။
Lahore မြို့မှာပဲတည်ရှိနေတဲ့ Shalimar ဥယျာဉ်တွေကိုတော့ (၁၆၃၇)ခုနှစ်က ဧကရာဇ် Shah Jahan ကစတင်တည်ဆောက်ခဲ့ပြီး (၁၆၄၁)ခုှနှစ်ရောက်ချိန်မှပြီးစီးခဲ့ပါတယ်။ (၆၅၈)မီတာကနေ (၂၅၈)မီတာအထိရှိ တဲ့ဥယျာဉ်များစွာပါဝင်နေပြီး Persian paradise ဥယျာဉ်တွေအဖြစ်လည်းသိကြတဲ့ Shalimar ဥယျာဉ်တွေရဲ့အကျယ်အဝန်းကဧက(၄၀) လောက်ကိုရှိနေတာဖြစ်ပါတယ်။
ပါကစ္စတန်နိုင်ငံရဲ့မြို့တော် Islamabad က Margalla တောင်ခြေမှာတည်ရှိတဲ့ Faisal Mosque ဟာဆိုရင်လည်းကွန်ကရစ်မျက်နှာ(၈)ဖက်ပါဝင်နေတဲ့အဆောက်အအုံကြီးဖြစ်ပါတယ်။ (၁၉၈၆)ခုနှစ်ကတည်ဆောက်ပြီးစီးခဲ့ပြီး Islamic ဗိသုကာလက်ရာဒီဇိုင်း များစွာစီခြယ်ထားတာကိုတွေ့ရပါတယ်။ ပါကစ္စတန်နိုင်ငံရဲ့အဓိကနိုင်ငံခြားသားလာရောက်လည်ပတ်မှုအများဆုံးနေရာတွေအနက်ကတစ်ခုဖြစ်ပြီးနိုင်ငံရဲ့အကြီးဆုံးသော ဗလီကြီးအဖြစ်လည်းရပ်တည်နေပါတယ်။
Lahore မြို့မှာတည်ရှိနေတဲ့ Badshahi Mosque ကိုတော့ Mughal အင်ပါယာရဲ့ (၆) ယောက်မြောက်ဧကရာဇ် Aurangzeb က (၁၆၇၁)ခုနှစ်ကစတင်တည်ဆောက်ခဲ့ပြီး (၁၆၇၃)ခုနှစ်ကပြီးစီးခဲ့ပါတယ်။ ပါကစ္စတန်မှာတော့ ဒုတိယမြောက်အကြီးဆုံးဗလီကြီး အဖြစ်ရပ်တည်နေပြီး မဂိုခေတ်ကာလရဲ့လှပမှု၊စိတ်အားထက်သန်မှု၊ခမ်းနားထည်ဝါမှု အငွေ့အသက်တွေပါဝင်လို့နေပါတယ်။ ဒါအပြင်Lahore မြို့ရဲ့အကျော်ကြားဆုံး အထင်ကရနေရာအဖြစ်သာမက နိုင်ငံအရပ်ရပ်ကဧည့်သည်တွေကိုလည်း အဓိကဆွဲဆောင်ရာ နေရာအဖြစ်လည်းရှိနေတာကိုတွေ့ရပါတယ်။
စီးပွားရေး
စီးပွားရေးကဏ္ဍမှာတော့ ပါကစ္စတန်နိုင်ငံရဲ့ GDP (PPP) စာရင်းအရဆိုရင်ကမ္ဘာပေါ်မှာ (၂၄) နိုင်ငံမြောက်စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံအဖြစ်ရှိနေပြီး ၂၀၁၈ ခုနှစ်ကမ္ဘာ့ဘဏ်စာရင်းအရ နိုင်ငံသားတစ်ဦးချင်းစီရဲ့နှစ်စဉ်ပျမ်းမျှဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၅၅၆၇ ဖြစ်ပါတယ်။ မူလက ပါကစ္စတန်နိုင်ငံဟာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကိုပဲ မီတည်နေရာကနေတဖြည်းဖြည်း စက်မှုလုပ်ငန်းဘက်ကိုကူးပြောင်းနေခဲ့တာဆိုရင် ယခုချိန်မှာတော့ နိုင်ငံရဲ့စီးပွားရေးလုပ်ငန်းထက်ဝက်လောက်ဟာ စက်မှုလုပ်ငန်းတွေအပေါ်သက်ရောက်လာခဲ့ပြီးအထွေထွေဝန်ဆောင်မှု လုပ်ငန်းများစွာဟာလည်း တိုးတက်ထွန်းကားနေခဲ့ပြီဖြစ်ပါတယ်။
ငွေကြေးစနစ်အနေနဲ့ ပါကစ္စတန်ရူပီးငွေကို သုံးစွဲပြီး အမေရိကန် ၁ဒေါ်လာဟာ ၁၆၀.၇ PKR နဲ့ ညီမျှပါတယ်။ ကမ္ဘာ့ဒုတိယမြောက်အကြီးဆုံးဆားတွင်းကြီးဖြစ်တဲ့ Khewra Salt Mine ဟာဆိုရင်လည်း ပါကစ္စတန်နိုင်ငံတွင်းမှာတည်ရှိနေတာဖြစ်ပါတယ်။ ကမ္ဘာ့ဈေးကွက်အတွင်းက ချုပ်ဘောလုံးအားလုံးရဲ့ (၅၀)ရာခိုင်နှုန်းလောက်ဟာ ပါကစ္စတန်နိုင်ငံလုပ်တွေဖြစ်ပြီး အိန္ဒိယနိုင်ငံပြီးရင်တော့ ကမ္ဘာပေါ်မှာဒုတိယမြောက် ကုလားပဲ ထုတ်လုပ်မှုအများဆုံးနိုင်ငံလည်းဖြစ်ပါတယ်။
လူမျိုး နှင့် ကိုးကွယ်မှု
ပါကစ္စတန်မှာ လူမျိုးပေါင်းစုံနေထိုင်ကြပြီး အများဆုံးနေထိုင်တာကတော့ ပန်ချာပီလူမျိုးတွေဖြစ်ပါတယ်။ ပန်ချာပီလူမျိုး ၄၄.၇% ၊ ပထန် ၁၅.၄% ၊ Sindhis ၁၄.၁% ၊ Saraikis ၈.၄% ၊ Muhajirs ၇.၆% ၊ Balochs ၃.၆% နဲ့ အခြားလူမျိုး ၆.၃% ခန့် အသီးသီးနေထိုင်ကြပါတယ်။ ကိုးကွယ်မှုအနေနဲ့ကတော့ နိုင်ငံလူဦးရေရဲ့ ၉၆% ဟာ အစ္စလာမ်ဘာသာကို ကိုးကွယ်ကြပြီး ၊ ဟိန္ဒူဘာသာကိုးကွယ်သူ ၁.၈၅% ၊ ခရစ်ယာန်ဘာသာကိုးကွယ်သူ ၁.၆% ၊ အခြားဘာသာကိုးကွယ်သူ ဝ.၆% ရှိနေပါတယ်။
ပညာရေး
ပါကစ္စတန်ဟာ ကမ္ဘာပေါ်က ပညာရေးအားအနည်းဆုံး နိုင်ငံတွေထဲ ပါဝင်ပြီး ၂၀၁၇ ခုနှစ်စာရင်းအရ တနိုင်ငံလုံးအရွယ်ရောက်ပြီးသူ စာတတ်မြောက်နှုန်းဟာ ၅၉% သာ ရှိပါတယ်။ ကမ္ဘာပေါ်မှာတော့ စတုတ္ထမြောက် အင်္ဂလိပ်စကားပြောဆိုသူ အများဆုံးနိုင်ငံဖြစ်ကာ လူဦးရေ ၉၈သန်းခန့်ဟာ အင်္ဂလိပ်စကားကို ကောင်းစွာပြောဆိုနိုင်ကြပါတယ်။ ပညာရေးစနစ်မှာတော့ မူကြို ၊ မူလတန်း ၊ အလယ်တန်း ၊ အထက်တန်း ၊ intermediate နဲ့ တက္ကသိုလ်ဆိုပြီး Level ၆ ခုရှိပါတယ်။ ကလေးငယ်ပေါင်း ၂၂.၈သန်းခန့် ပညာမသင်ကြားရပဲ ဒီနှုန်းဟာ နိုင်ဂျီးရီးယားပြီးရင်တော့ ကမ္ဘာမှာအများဆုံးနှုန်းဖြစ်ပါတယ်။ ပါကစ္စတန်မှာ တက္ကသိုလ်ပေါင်း ၁၈၀ကျော်ရှိပြီး ထင်ရှားတဲ့ တက္ကသိုလ်တွေကတော့ Quaid-i-Azam ၊ ပန်ဂျပ်တက္ကသိုလ် ၊ အမျိုးသားသိပ္ပံ နဲ့ နည်းပညာတက္ကသိုလ် ၊ စိုက်ပျိုးရေးတက္ကသိုလ် နဲ့ Aga Khan တက္ကသိုလ်တို့ ဖြစ်ပါတယ်။
စစ်ရေး
ပါကစ္စတန်ဟာ စစ်အင်အားကြီးမားတဲ့နိုင်ငံစာရင်းမှာပါဝင်ပြီး ကမ္ဘာပေါ်မှာတော့ အဆင့် ၁၅ ရှိတဲ့တပ်မတော်ကို ပိုင်ဆိုင်ထားပါတယ်။ အမြဲတမ်းစစ်သည်အင်အား ၆သိန်းခွဲ ၊ အရံစစ်သည်အင်အား ၅သိန်းခွဲ ပိုင်ဆိုင်ထားပါတယ်။ လေယာဉ်ပေါင်း ၁၃၀၀ကျော် ၊ တင့်ကားပေါင်း ၂၂၀၀ ၊ သံချပ်ကာနဲ့ အခြားယာဉ်ပေါင်း ၈၀၀၀ ကျော်ကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ရေတပ်ဆိုင်ရာ ယာဉ်ပေါင်း အစီး ၁၀၀ ကိုပိုင်ဆိုင်ထားပြီး ဒီအထဲမှာ ဖရီးဂိတ် ၉စီး နဲ့ ရေငုပ်သင်္ဘော ၈စီးကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ ပါကစ္စတန်ရဲ့ ကာကွယ်ရေးဘတ်ဂျက်ကတော့ အမေရိကန်ဒေါ်လာ ၁၁.၄ဘီလျံ ဖြစ်ပါတယ်။
အလံ
ပါကစ္စတန်နိုင်ငံရဲ့ အလံမှာတော့ အဖြူ ၊ အစိမ်းနောက်ခံမှာ လခြမ်း နဲ့ ငါးထောင့်ကြယ် တို့ပါဝင်ပါတယ်။ အစိမ်းရောင်ကတော့ နိုင်ငံရဲ့ အဓိက အစ္စလာမ်ဘာသာကို ကိုယ်စားပြုပြီး ၊ အဖြူရောင်ကတော့ အခြားဘာသာတွေနဲ့ ငြိမ်းချမ်းမှုကို ကိုယ်စားပြုပါတယ်။ လခြမ်းကတော့ တိုးတက်မှု ၊ ကြယ် ကတော့ အလင်းရဲ့သင်္ကေတ (သို့) ငါးထောင့်ကြယ်ဖြစ်တဲ့အတွက် Five Pillars of Islam လို့ ဆိုပါတယ်။ လခြမ်း နဲ့ ကြယ်တို့ဟာ အစ္စလာမ်ရဲ့ အမှတ်အသားဖြစ်တာကြောင့် ပါကစ္စတန်နိုင်ငံရဲ့ အလံတခုလုံးဟာ ဘာသာရေးကို အဓိကကိုယ်စားပြုတာလို့ ဆိုနိုင်ပါတယ်။
ပါကစ္စတန်နိုင်ငံရဲ့အမျိုးသားအထိမ်းအမှတ်တိရိစ္ဆာန်က တော့ markhor ခေါ်ဆိတ်မျိုးစိတ်တစ်မျိုးဖြစ်ပါတယ်။အထိမ်းအမှတ်ငှက်ကတော့ chukar partridge ဖြစ်ကာ နိုင်ငံရဲ့အမျိုးသားအားကစားကတော့ဟော့ကီအားကစား ဖြစ်တယ်လို့သိရပါတယ်။
ပါကစ္စတန်နိုင်ငံမှာတည်ရှိတဲ့ Karakoram Highway လမ်းမကြီးဟာဆိုရင်ကမ္ဘာအမြင့်ဆုံးလမ်းမကြီးအဖြစ်ကမ္ဘာအံ့ဖွယ်ရာတွေအနက်ကတစ်ခုအဖြစ်ပါဝင်နေပါတယ်။
ကမ္ဘာအမြင့်ဆုံးတောင်ထိပ်(၁၄)ခုစာရင်းမှာဆိုရင် ပါကစ္စတန်နိုင်ငံတွင်းကနေပဲ တောင်ထိပ်(၄)ခုထက်မနည်းပါဝင်နေတာကိုလည်းတွေ့ရမှာဖြစ်ပါတယ်။ ထူးခြားချက်ကတော့ ပါကစ္စတန်နိုင်ငံဟာကမ္ဘာပေါ်က အစ္စလာမ်နိုင်ငံတွေအနက် ပထမဆုံးသော နျူးကလီးယားလက်နက်ပိုင်ဆိုင်တဲ့နိုင်ငံအဖြစ်ရှိနေတာဖြစ်ပြီးပြည်တွင်းစက်မှုလုပ်ငန်းသုံး nuclear power plant ( နျူးကလီးယားဒြပ်ပေါင်းဖို)ကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။
ကမ္ဘာပေါ်ကနိုင်ငံတွေအနက်မှာတော့ ပါကစ္စတန်နိုင်ငံဟာအကြီးမားဆုံးသော ဆည်မြောင်းရေပေးစနစ်ကို ပိုင်ဆိုင်ထားပါတယ်။ ပါကစ္စတန်နိုင်ငံတွင်းက အိန္ဒူမြစ်ပေါ် မှာတည်ရှိနေတဲ့ Tarbela ရေကာတာဟာဆိုရင်ကမ္ဘာအကြီးဆုံးဖြစ်ပြီးဖွဲ့စည်းတည် ဆောက်ပုံထုထည်အရဆိုရင်တော့(၅)ခုမြောက်အကြီးဆုံးရေကာတာအဖြစ်မှတ်တမ်းဝင်ထားပါတယ်။