ဆရာနိုင်ဦး၏ ရေးသားမှုကို Ko Kyel Sin (ဗဟုသုတကြယ်စင်ဂရု)မှ စာရိုက်တင်ပါသည်
ဂျော်ဂျီယာပြည်နယ် အတ္တလန်တာ ဂျက်ကော့ဆေးဆိုင်တွင် ကိုကာကိုလာ တစ်ခွက်ကို ဆင့် ၅၀ နှင့် ရောင်းသည်။ ယနေ့ ပေါက်ဈေးနှင့်ဆိုလျှင် တစ်ဒေါ်လာနီးပါး ရှိသည်။ ထိုစဉ်က ၁၈၈၆။ တစ်နေ့ ခွက် သုံးဆယ်သာ ရောင်းရသည်။ ယနေ့ တစ်စက္ကန့်လျှင် ကိုကာကိုလာ ခွက်ပေါင်း တစ်သောင်းနှစ်ထောင်ကျော် ရောင်းနေရသည်။
ကိုကာကိုလာ၏ ဇာတ်လမ်းသည်လည်း တစ်နေ့သ၌ ဤသို့ စတင်ခဲ့လေသည်။ သူ့အမည်က ဂျွန်စတစ်(John Stith Pemberto)။ ဆေးဆရာလည်း ဟုတ်၊ ဟိုစပ်စပ် ဒီစပ်စပ် တီတွင်သူလည်း ဟုတ်သည်။ ကိုကာ အရွက်တွေမှာ ကိုကင်းဓာတ် ပါသည်။ ကိုလာ အခွံမာသီးနှင့် လက်ဖက်ခြောက် ပေါင်းလိုက်လျှင် အရသာနှင့် အနံ့အသက် ပိုကောင်းသွားသည်။
အရက်နည်းနည်းထည့်၊ အရက်၏ ခါးသက်သက် အရာသာကို သကြားနှင့်ဖုံး၊ ပြီးရင် အားလုံး အိုးတစ်အိုးထဲ ထည့်ကျို။ သို့နှင့် ပထမဆုံး ကိုကာကိုလာ တစ်အိုးကို ဂျွန်စတစ်၏ ဓာတ်ခွဲခန်းမှာ စီမံဖော်စပ်ခဲ့သည်။
အဆိုပါ ဓာတ်ခွဲခန်းထဲမှာပင် အသည်းအားတိုးဆေးနှင့် ဆံပင်ဆိုးဆေးတို့ကိုလည်း သူကိုယ်တိုင် ဖော်စပ်ခဲ့ဖူးသည်။ တကယ်တော့ သူ့ရည်ရွယ်ချက်က ကိုကာကိုလာကို အချိုရည်သက်သက် သောက်ဖို့မဟုတ်ခဲ့။ တက်ကြွလန်းဆန်းစေဖို့ အားဆေးတစ်ခု အနေနှင့် သုံးစွဲဖို့ဖြစ်သည်။
ထိုစဉ်က အလားတူ ဆေးမျိုးတွေ မရှိမဟုတ်။ ခွန်အားတိုးဆေး၊ လန်းဆန်းတက်ကြွဆေး၊ အားဖြည့်ဆေး၊ ဟိုဆေး သည်ဆေး ဆေးမျိုးစုံ ထုတ်လုပ်ရောင်းချပြီး အလုပ်ဖြစ်နေသူတွေ အနမတဂ္ဂ ရှိသည်။
သည်လို ဆေးဖော်နည်းတွေမှာလည်း အများအားဖြင့် အရက်နှင့် နာကိုးတစ် (Narcotic) အချိုးအစား အတော်များများ ပါဝင်တတ်သည်။ အတိုချုံးပြောရရင် ဂျွန်စတစ် တစ်ယောက်လည်း အများနည်းတူ ဆေးတစ်ဖုံတည်းနှင့် ပွပေါက်တိုးချင်သည်။
ပွဲဦးထွက် ပထမနှစ် ကြော်ငြာစရိတ် ၇၃.၉၆ ဒေါ်လာ အကုန်အကျ ခံလိုက်သည့်အတွက် ဒေါ်လာ ၅၀ ဖိုး အရောင်းတက်လာသည်။ ပစ္စည်းကောင်းလေး သူ့မှာ ရှိသော်လည်း မားကက်တင်းကိစ္စကို မကျွမ်းကျင်သောကြောင့် ဒေသတွင်းမှာပဲ ရောင်းချနေရသည်။
ဂျွန်စတစ်မှာ ကင်ဆာရောဂါကလည်း စွဲကပ်လာသည်။ ဝေဒနာသက်သာဖို့ မော်ဖိန်းကို မပြတ် သုံးစွဲနေရသည်။ နောက်ဆုံး သူ့လုပ်ငန်းကို ကယ်မ ပေးမည့် သူရဲကောင်းတစ်ယောက် ရလာသည်။ အမည်က ကင်ဒလာ။ သူက ဒေါ်လာ တစ်ထောက့်နှစ်ရာ နှင့် ကိုကာကိုလာ ရှယ်ယာတစ်ခု ဝယ်ယူခဲ့သည်။
၁၈၈၈ ခုနှစ်တွင် အသက် ၅၅ နှစ်ရှိ ဂျွန်စမစ် ကွယ်လွန်သောအခါ ကင်ဒလာ( Asa Griggs Candler) က ကိုကာကိုလာ လုပ်ငန်းတစ်ခုလုံးကို ဒေါ်လာ နှစ်ထောင့်သုံးရာနှင့် ဝယ်ယူလိုက်သည်။ ၁၈၉၂ ခုနှစ်တွင် ကိုကာကိုလာ အမှတ်တံဆိပ် မှတ်ပုံတင်ကာ နမူနာများ ဖြန့်ဝေကြော်ငြာသည်။
နာရီ၊ ပြက္ခဒိန်၊ ဆေးပစ္စည်း ကိရိယာများ၌ ကိုကာကိုလာ တံဆိပ် ရိုက်နှိပ်ပြီး ဖြန့်ချိသည်။ နာမည်ကြီး အော်ပရာ အဆိုတော်များနှင့်လည်း ကြော်ငြာသည်။ ယနေ့အချိန်တွင် ကိုကုကိုလာအတွက် ကြော်ငြာအသုံးစရိတ်မှာ နှစ်စဉ် ဒေါ်လာ တစ်ဘီလျံပင် ရှိလေသည်။
ကိုကာကိုလာ ကြော်ငြာများ
၁၈၉၅ ခုနှစ်တွင် ချီကာဂို၊ ဒယ်လပ်၊ လော့စ်အိန်ဂျယ်လိစ် မြို့ကြီးတွေမှာ ကိုကာကိုလာ စက်ရုံတည်သည်။ ဈေးကွက် ကျယ်ပြန့်လာသော်လည်း ကိုကာကိုလာ ပုလင်းသွတ် မရသေးပေ။ Syrup ခေါ် ချွဲပျစ်ပျစ် အရည်ကို ဆော်ဒါနှင့် ရောသောက်ကြရသည်။ ဝယ်ယူရနိုင်ရာ အများစုမှာလည်း ဆေးဆိုင်များ ဖြစ်သည်။
ကိုကာကိုလာကို ပုလင်းသွတ်ဖို့ စိတ်ကူးရသူမှာ မစ္စစ္စပီမှ စီးပွားရေးသမား ဘီဒင်ဟမ် ဖြစ်သည်။ ဘီဒင်ဟမ်က သူ့အိမ်၌ စတင် ပုလင်းသွတ် ရောင်းချခဲ့သော်လည်း ဒေသဈေးကွက်ထက် မပို။ ကင်ဒလာကလည်း ပုလင်းသွတ်ကိစ္စကို စိတ်မဝင်စား။
၁၈၉၉ ခုနှစ်တွင် ချက်တန်နိုဂါမှ ရှေ့နေနှစ်ဦး ကင်ဒလာဆီ ရောက်လာသည်။ သူတို့က ကိုကာကိုလာ Syrup တစ်ဂါလံကို တစ်ဒေါ်လာနှင့် ဝယ်ယူကာ ပုလင်းသွတ်ရောင်းချလိုကြသည်။
ကုမ္ပဏီ စည်းမျဉ်း စည်းကမ်းများကို ပုလင်းသွတ်စက်ရုံက လိုက်နာမည်။ သို့ဖြင့် အရောင်းအဝယ် တည့်သွားကာ ကင်ဒလာက ပုလင်းသွတ် ရောင်းချခွင့် လိုင်စင်ပေးလိုက်လေသည်။ ဤတွင် ကိုကာကိုလာလည်း ကမ္ဘာပတ်သွားတော့သည်။
၁၉၁၆ ခုနှစ်တွင် ဇနီးဖြစ်သူ ကင်ဆာရောဂါ ဖြစ်လာသည့်အတွက် ကင်ဒလာတစ်ယောက် အကြပ်အတည်း ဖြစ်ခဲ့ရသည်။ ကိုကာကိုလာ ကုမ္ပဏီကို ဒေါ်လာ ၂၅ မီလျံနှင့် ဝယ်ယူလိုကြောင်း ကမ်းလှမ်းခံရသော်လည်း ငြင်းပယ်ကာ ဇနီးသည်၏ ဆန္ဒအတိုင်း သားသမီးများလက်ထဲသို့ လွှဲအပ်ခဲ့သည်။
သို့သော်လည်း သားသမီးများက သူတို့ မျှော်မှန်းထားသလို မလိမ္မာကြဘဲ မိဘများကိုပင် အသိမပေးတော့ဘဲ ကုမ္ပဏီကို တစ်ခါတည်း ရောင်းစားပစ်လိုက်ကြတော့သည်။
ယနေ့ အချိန်တွင်ကား ကိုကာကိုလာ ဖော်မြူလာသည် အတ္တလန်တာ ဘဏ်တိုက် တစ်တိုက်၏ လျှို့ဝှက်အခန်း တစ်ခန်းထဲတွင် လုံခြုံစွာ အိပ်ပျော်လျက် ရှိပေသည်။
ဆရာနိုင်ဦး၏ ရေးသားမှုကို Ko Kyel Sin (ဗဟုသုတကြယ်စင်ဂရု)မှ စာရိုက်တင်ပါသည်