ပုံမှန်အားဖြင့်ဆိုရင်တော့ ပန်းချီဆိုတာ ဆေးနဲ့ပဲ ရေးဆွဲကြပေမယ့် ပုံမှန်ထက် ပိုမိုဆန်းသစ်ပြီး တီထွင်တတ်လေ့ရှိတဲ့ အနုပညာရှင်တချို့ကတော့ တခြား အရာမျိုးစုံ နဲ့ ဆွဲလေ့ရှိကြပါတယ်။ ဆံပင် ၊ ဆား ၊ အိမ်ရိုက်သံ ၊ အပ်ချုပ်စက် စတဲ့ အရာတွေ နဲ့ ဆွဲတတ်သူ အချို့ရှိနေပါတယ်။ ဒီအထဲမှာ ယူကေက အသက် ၂၃ နှစ် အရွယ်သာ ရှိသေးတဲ့ ဂျိမ်းစ်ကွတ် လည်းပါဝင်ပါတယ်။ ဗိသုကာ ကျောင်းသားတယောက်ဖြစ်တဲ့ ဂျိမ်းစ်ကတော့ လက်နှိပ်စက်ကို အသုံးပြုကာ ပန်းချီတွေကို ရေးဆွဲလေ့ရှိသူဖြစ်ပါတယ်။
သူဟာ အသက် ၆နှစ်သား အရွယ်ကတည်းက လက်နှိပ်စက်ကို စိတ်ဝင်စားခဲ့ပါတယ်။ အဲဒီအရွယ်တုန်းက သူနားထောင်ခဲ့ဖူးတဲ့ ပုံပြင်တွေထဲမှာ ရောဂါကြောင့် ခဲတံတွေ စုတ်တံတွေ မကိုင်နိုင်တော့တဲ့ ပေါလ်စမစ်ဆိုတဲ့ ပန်းချီဆရာတယောက်အကြောင်းလည်းပါဝင်ပါတယ်။ နောက်ဆုံးမှာတော့ အဲဒီပန်းချီဆရာဟာ ပုံဆွဲဖို့အတွက် လက်နှိပ်စက်ကိုရွေးချယ်ခဲ့တယ် လို့ သူကြားဖူးခဲ့ရာကနေ စိတ်ဝင်စားလာခဲ့တာပါ။
ဒါပေမယ့် ၂၁ ရာစုမှာ ကြီးပြင်းလာတဲ့ လူငယ်တယောက်ဖြစ်တဲ့အတွက် လက်နှိပ်စက်နဲ့ သူဟာ အလှမ်းကွာဝေးလှပါတယ်။ တိုက်ဆိုင်ချင်တော့ လွန်ခဲ့တဲ့ ၆နှစ် သူ ၁၇ နှစ်သား အရွယ်ခန့်မှာ အဘိုးအဖွား စုံတွဲပိုင်ဆိုင်တဲ့ ရှေးဟောင်းပစ္စည်းဆိုင်ကို အမှတ်မထင်ရောက်သွားခဲ့ပါတယ်။ အဲဒီမှာ ဟောင်းပေမယ့် အကောင်းပကတိရှိနေသေးတဲ့ လက်နှိပ်စက်အဟောင်းတလုံးကို တွေ့ရှိခဲ့ပါတယ်။ ၁၉၅၆ ခုနှစ်ထုတ် အိုလီဗာ ကာရီယာ လက်နှိပ်စက် ဖြစ်ပါတယ်။
သူဟာ ပထမဆုံး အနေနဲ့ လက်နှိပ်စက် ရိုက်နည်းနဲ့အတူ ပုံကို ဘယ်လိုဆွဲရမလဲ ဆိုတာကို လေ့လာခဲ့ပါတယ်။ အချိန်အများကြီးပေးရပြီး ခက်ခဲလှတာကြောင့် လအနည်းငယ်ကြာတဲ့အထိ နည်းနည်းချင်းသာ တိုးတက်ခဲ့ပါတယ်။ ပထမပိုင်း သူဆွဲတဲ့ပုံတွေဟာ မပြီမပြင် ပုံတွေဖြစ်ခဲ့ပြီး လုံးဝမရင်းနှီးတဲ့ ဘာသာရပ်အသစ်တခုကို သင်ရတာ နဲ့ တူတယ်လို့ သူက ဆိုပါတယ်။ လက်နှိပ်စက်ကနေ ထွက်လာတဲ့အသံဟာ တမူထူးခြားပြီး သူ့အတွက်တော့ နားထောင်လို့ကောင်းပါတယ်တဲ့။
စာကားလုံးတွေ ၊ သင်္ချာဂဏန်းတွေ ၊ ပုဒ်ဖြတ်ပုဒ်ရပ် သင်္ကေတတွေကို သူ့နေရာနဲ့သူ ကြည့်ကောင်းအောင် အသေးစိတ်စဉ်းစားပြီး ရိုက်ရင်း ဆွဲရတာဖြစ်ပါတယ်။ နေ့စဉ် ဆက်တိုက် ရက်ပေါင်းများစွာ တစိုက်မတ်မတ်ကြိုးစားခဲ့ပြီး နောက်ဆုံးမှာတော့ သူ့ရဲ့ပထမဆုံး လက်နှိပ်စက်နဲ့ ရိုက်တဲ့ ပုံတူကားချပ်ကို စဆွဲလာနိုင်ခဲ့ပါတယ်။ အဲဒါကတော့ နယူးယောက်မှာတည်ရှိတဲ့ Woolworth အဆောက်အအုံပုံ ဖြစ်ပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ သူဟာ အဆောက်အအုံတွေ ရှုခင်းပုံတွေကိုသာမက လူပုံတူတွေကိုပါ လက်နှိပ်စက်နဲ့ ရိုက်ကာ ဆွဲလာနိုင်ခဲ့ပါတယ်။ အခုဆိုရင် လက်နှိပ်စက် နဲ့ ပုံတွေဆွဲလာတာ ၆နှစ်သက်တမ်း ရှိလာပြီဖြစ်ပေမယ့် အချိန်အတော်ပေးနေရတုန်း လို့ ဆိုပါတယ်။ ပုံမှန်အားဖြင့်တော့ လက်နှိပ်စက်တွေဟာ စာရွက်အရွယ်အစား အကန့်အသတ်ရှိတဲ့အတွက် A4 ဆိုဒ် စက္ကူပေါ်မှာသာ ဆွဲလေ့ရှိပြီး ပုံအမျိုးအစား ရှုပ်ထွေးမှုအပေါ် မူတည်ပြီး အချိန် ၉ နာရီကနေ နာရီပေါင်း ၃၀ လောက်အထိ ယူရတယ် လို့ သိရပါတယ်။
သူဆွဲခဲ့သမျှ ပုံတွေအထဲမှာ အကြီးဆုံးပုံကတော့ ၄ပေ ၃ပေ အရွယ်အစားရှိပြီး စာရွက်တွေကို ဆက်ကာ ဆွဲခဲ့ခြင်းဖြစ်ကာ စာလုံးရေ ၁သိန်းခန့်ရိုက်ခဲ့ရတယ်လို့ ဆိုပါတယ်။ လက်နှိပ်စက်နဲ့ ရိုက်ကာ ပုံတူတွေဆွဲရင်း တဖက်ကလည်း အခြားလက်နှိပ်စက်ကို ဝယ်ယူစုဆောင်းခဲ့တဲ့အတွက် အခုဆိုရင် သူ့မှာ လက်နှိပ်စက် အလုံးပေါင်း ၃၀ ခန့် ရှိနေပြီဖြစ်ပါတယ်။ သူဆွဲတဲ့ပုံတွေထဲမှာ လူပုံတွေထက် အဆောက်အဦးပုံတွေ များနေရခြင်း အကြောင်းကတော့ သူက အာခီတက်တယောက်ဖြစ်တာကြောင့် လို့ ဆိုပါတယ်။ လူပုံတူကို ဆွဲမယ်ဆိုရင်တော့ မျက်လုံးကနေ စတင်ဆွဲလေ့ရှိပြီး ဒါဟာ သူ့အတွက် အခက်ဆုံးအပိုင်းမို့လို့ပါတဲ့။
လက်ရှိအချိန်မှာတော့ ဂျိမ်းစ်ဟာ ယူကေ လန်ဒန်မြို့မှာနေထိုင်လျက်ရှိပြီး လက်နှိပ်စက်နဲ့ ပန်းချီတွေကို ဆက်လက်ရေးဆွဲနေသလို ပြပွဲတခုလည်း ပြခဲ့ပြီးပါပြီ။ ကမ္ဘာတလွှားက သူ့ဆီကို အလုပ်အပ်တဲ့သူတွေအတွက် လက်နှိပ်စက်နဲ့ ပုံတွေကို ရေးဆွဲပေးပြီး ဝင်ငွေ အသင့်အတင့်လည်း ရရှိနေပြီဖြစ်ပါတယ်။ ဂျိမ်းစ်ရဲ့ လက်နှိပ်စက်တွေ နဲ့ ဆွဲထားတဲ့ ပုံရိပ်အချို့ကို ပြန်လည်ဝေမျှလိုက်ပါတယ်။
Sourced : Bored Panda