ရေးသားသူ – Aung Zaw Htet
အိန္ဒိယနိုင်ငံ (Punjab)ပန်ဂျပ်ပြည်နယ် Amritsar အမ်ရစ်ဆာမြို့ရှိ “Sri Harmandir Sahib” ဟုခေါ်သော Golden Temple ရွှေဘုရားကျောင်းကြီးဟာ “Sikhism” ဆစ်ခ်ဘာသာဝင်များ၏ ဘုရားကျောင်းကြီးဖြစ်ပါတယ်။ ဘုရားကျောင်းကြီးထဲတွင် ကမ္ဘာ့အကြီးဆုံး အခမဲ့စားသောက်ခန်းကြီးကိုလည်း ထည့်သွင်းတည်ဆောက်ထားပြီး တစ်ရက်လျှင် လူပေါင်း ၃ သိန်းခန့် ကျွေးမွေးနိုင်ပါတယ်။
၁၆ ရာစုက အဆောက်အအုံကြီးဖြစ်ပြီး ၁၆၁၄ စတုရန်းပေ အရွယ်အစားရှိသော ရေကန်ကြီးကို “Amritsar” အမ်ရစ်ဆာဟု ခေါ်ဆိုရာမှ ရေကန်ပတ်ပတ်လည်တွင် တည်သော မြို့ကို Amritsar အမ်ရစ်ဆာဟု ခေါ်တွင်ခဲ့ခြင်း ဖြစ်ပါတယ်။ ရေကန်ထဲတွင် ရေချိုးသူတိုင်း ဘာသာရေး အကျိူးထူးများနှင့် လောကီအကျိူးစီးပွားများ ရရှိလေ့ရှိသည်ဟု ယုံကြည်ကြပါတယ်။
မူလက ဘုရားကျောင်းကို ကုန်းမြေတွင် ဆောက်လုပ်ရန် စီစဉ်ခဲ့သော်လည်း ဝတ်ပြုသူများအနေဖြင့် ဘုရားကျောင်းထဲသို့ ဝင်ရာတွင် အောက်ဘက်သို့ ဆင်းစေရန် ရည်ရွယ်၍ ရေကန်ထဲတွင် တည်ဆောက်ခဲ့ခြင်း ဖြစ်ပါတယ်။
၁၆၀၄ ခုနှစ်တွင် ဆောက်လုပ်မှု ပြီးစီးခဲ့ပါတယ်။ ၆၇ စတုရန်းပေ အကျယ်ရှိသည့် အောက်ခံပြားပေါ်တွင် တည်ဆောက်ထားပြီး ၁၉၇ ပေ ရှည်သည့် တာရိုးလမ်းမှ ဝင်ရောက်နိုင်ပါတယ်။ တာရိုးလမ်းအစရှိ မုခ်ဦးသည် ၂၀ ဒသမ ၃ ပေ မြင့်ပြီး ပေ ၂၀ အကျယ်ရှိပါတယ်။ Golden Temple ရွှေဘုရားကျောင်းကြီးသည် ၃ ထပ် အဆောက်အအုံကြီးဖြစ်ပြီး ဘုရားကျောင်းကြီး၏ အရပ်လေးမျက်နှာတွင် ဝင်ပေါက် ၄ ပေါက် ပြုလုပ်ထားပါတယ်။
Afghanistan အာဖဂန်နစ္စတန်မှ Mughal Empire မဂို အင်ပါယာ စစ်တပ်၏ တိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရပြီး ၁၇၆၀ ပြည့်နှစ်မှာ ဘုရားကျောင်းကို ပြုပြင်မှုများ ပြုလုပ်ခဲ့ရပါတယ်။ ၁၉ ရာစု အစောပိုင်းမှာ Maharaja Ranjit Singh က Punjab ပန်ဂျပ်ပြည်နယ်ကို သိမ်းယူကာ Sikh Empire ဆစ်ခ် အင်ပါယာကို တည်ထောင်ပြီး ၁၈၀၉ ခုနှစ်မှာ ဘုရားကျောင်းကို ပြန်လည်ပြုပြင်မွမ်းမံ တည်ဆောက်ခဲ့ပါတယ်။
ဘုရားကျောင်း အပြင်ဘက်နံရံကို ရွှေချိန်ပေါင် ၁၆၅၃ အသုံးပြုကာ ရွှေချခဲ့သောကြောင့် ဘုရားကျောင်းကြီးသည် ကွဲပြားခြားနားသည့် အသွင်သဏ္ဌာန် ရှိခဲ့ပါတယ်။ ၁၈၃၀ ပြည့်နှစ်တွင် ရွှေချခြင်းလုပ်ငန်း ပြီးစီးခဲ့သည်ဟု သိရပါတယ်။ ၁၉၈၀ ခုနှစ် အစောပိုင်း ကာလတွေမှာ Indira Gandhi အင်ဒီရာဂန္ဒီ အစိုးရလက်ထက်မှာ Sikh ဆစ်ခ် ဘာသာဝင်တွေနဲ့ Hindu ဟိန္ဒူဘာသာဝင်တွေကြားမှာ ကြီးမားတဲ့ ပဋိပက္ခတွေ ရှိခဲ့ပါတယ်။
Jarnail Singh Bhindranwale ဂျာနေးဆင်း ဘင်ဒရန်ဝါလီ ဦးဆောင်တဲ့ Sikh ဆစ်ခ် ဘာသာဝင် လက်နက်ကိုင် အုပ်စုတစ်စုဟာ India အိန္ဒိယနိုင်ငံကနေ ခွဲထွက်ပြီး Khalistan ခါလစ်စတန် ဆိုတဲ့ Sikh ဆစ်ခ် ဘာသာဝင်များ နေထိုင်ရာ နိုင်ငံနယ်မြေ အသစ်တစ်ခု ခွဲထွက်ထူထောင်ဖို့ ကြိုးပမ်းခြင်းကြောင့် ထိုအချိန်က အိန္ဒိယ ဗဟိုအစိုးရနဲ့ Sikh ဆစ်ခ် ဘာသာဝင်တွေကြားမှာ တင်းမာမှု ပဋိပက္ခတွေ ဖြစ်ပေါ်ခဲ့ရခြင်းလည်း ဖြစ်ပါတယ်။
ထိုအချိန်ကာလအတွင်းမှာ Sikh ဆစ်ခ် လက်နက်ကိုင် အုပ်စုတွေဟာ Golden Temple ရွှေဘုရားကျောင်းကြီးမှာ ခြေကုပ်စခန်းယူထားတာကြောင့် စစ်တပ်က Golden Temple ရွှေဘုရားကျောင်းကြီးကို အမြှောက်များဖြင့် ပစ်ခတ်တိုက်ခိုက်ပြီး ဝင်ရောက်ဖျက်ဆီး ချေမှုန်းခဲ့ရပါတယ်။
၁၉၈၄ ခုနှစ်မှာတော့ ထိုရွှေဘုရားကျောင်းကြီးကို ပြန်လည်တည်ဆောက် ပြုပြင်ခဲ့ရပြန်ပါတယ်။ ၁၉၈၀ – ၁၉၈၄ ခုနှစ်အတွင်းမှာ အိန္ဒိယမှာ Hindu ဟိန္ဒူ ဘာသာဝင်များနှင့် Sikh ဆစ်ခ် ဘာသာဝင်များကြား ပဋိပက္ခ အကြမ်းဖက် သတ်ဖြတ်မှုများ နိုင်ငံအနှံ့ဖြစ်ပွားခဲ့ပြီး Sikh ဆစ်ခ် ဘာသာဝင်ပေါင်း သောင်းချီ သတ်ဖြတ်ခြင်းခံခဲ့ရတယ်လို့ သိရပါတယ်။
၁၉၈၄ ခုနှစ် တစ်နှစ်တည်းမှာတင် India အိန္ဒိယနိုင်ငံတစ်ဝှမ်းတွင် Sikh ဆစ်ခ် ဘာသာဝင်ကို လမ်းပေါ်တွေ့ရင် လမ်းပေါ်တွင် သတ်ဖြတ်ခြင်း၊ ရထားပေါ်တွေ့ရင် ရထားပေါ်တွင် သတ်ဖြတ်ခြင်းများကြောင့် ထိုတစ်နှစ်တည်းတွင် Sikh ဆစ်ခ် ဘာသာဝင်ပေါင်း ၈ ထောင်နီးပါး သေဆုံးခဲ့ရပါတယ်။
ထိုခေတ်ကာလက အစိုးရ၏ တရားဝင်ထုတ်ပြန်ချက်တွေမှာတော့ ၁၉၈၄ ခုနှစ်မှာ Sikh ဆစ်ခ် ဘာသာဝင်တွေ ၂,၈၀၀ ဦးသာ သေဆုံးခဲ့တယ်လို့ ကြေညာပေမယ့် Sikh ဆစ်ခ် ဘာသာဝင် အဖွဲ့အစည်းတွေကတော့ ၈ ထောင်ကျော် သေဆုံးတယ်လို့ မှတ်တမ်းများအရ ပြောကြပါတယ်။
၁၉၈၀ မှ ၁၉၉၀ ခုနှစ်ကြား ထိုခေတ်ကာလတစ်လျှောက်မှာ India အိန္ဒိယနိုင်ငံမှာ Sikh ဆစ်ခ် ဘာသာဝင်တွေ ၆ သောင်းနီးပါး လူမျိူးတုံး သတ်ဖြတ်ခြင်း ခံခဲ့ရတယ်လို့ Sikh ဆစ်ခ် အသိုင်းအဝိုင်းက ထုတ်ပြန်ထားကြောင်းနှင့် ထိုဆယ်စုနှစ်တာ ကာလကို The Sikh Holocaust of 1980s and 90s in India ဆိုတဲ့ အထိမ်းအမှတ်အနေနဲ့ Sikh ဆစ်ခ် ဘာသာဝင်တိုင်းရဲ့ စိတ်ထဲမှာ အောက်မေ့ သတိရနေကြမြဲ ဖြစ်တယ်လို့ သိရပါတယ်။
VIDEO
Ref_Sikhi Wiki & Wikipedia
Aung Zaw Htet