ပထမကမ္ဘာစစ်ကာလက ဖြစ်ရပ်အများစုဟာ ထိတ်လန့်စရာအတိဖြစ်ပြီး ဝမ်းနည်းစရာ တွေနဲ့ပြည့်နှက်လျက်ရှိနေပါတယ်။ (၁၉၁၄)ခုနှစ်က စတင်ခဲ့တဲ့ အဲဒီစစ်ပွဲရဲ့တိုက်ခိုက်မှု နေရာအများစုဟာ ဥရောပတိုက်အရှေပိုင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ ကမ္ဘာအနှံ့ကူးစက်ခဲ့တာကြောင့် သမိုင်းဝင်လူအသေအပျောက်အများဆုံး တိုက်ပွဲတစ်ခု ဖြစ်ခဲ့ရပါတယ်။
ပထမကမ္ဘာစစ်ပွဲအတွင်း ဥရောပစစ်သည်တော်တွေသာမက အာရှတိုက်သားတွေ၊မြောက်အမေရိကတိုက်သားတွေ၊ ကာရေဘီယန်ဒေသသားတွေ၊ သြစတေးလျနဲ့ အာဖရိကတိုက်က သူတွေပါ မဟာမိတ် ဘက်ကနေရော ဂျာမနီဦးဆောင်တဲ့ ဗဟိုအင်အားကြီးနိုင်ငံတွေဘက်ကရော ဝင်ရောက် တိုက်ခိုက်ခဲ့ကြတာကို တွေ့ရပါတယ်။ အထူးသဖြင့် ဗြိတိန်နိုင်ငံဟာ တိုက်ပွဲအစကနေအဆုံးအထိ မဟာမိတ်တပ်တွေကို ဦးဆောင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး နောက်ဆုံးမှာနိုင်ငံချွတ်ခြုံကျ လောက်တဲ့အထိ ဖြစ်ခဲ့ရပါတယ်။ ဒီနေရာမှာမျှဝေပေးချင်တာကတော့ ပထမကမ္ဘာစစ်အတွင်းက ဗြိတိန်နဲ့ပတ်သတ်လို့ လူသိနည်းတဲ့ အချက်(၁၂)ချက်ဖြစ်ပါတယ်။
(၁) လန်ဒန်ကတောင် ကြားခဲ့ရတဲ့ ပြင်သစ်စစ်မြေပြင်က ပေါက်ကွဲမှု
ပထမကမ္ဘာစစ်အစပိုင်းမှာ ဂျာမန်တပ်မတော်ရဲ့ တိုက်ခိုက်မှုစွမ်းအားဟာ အမြင့်ဆုံးနဲ့ အကောင်းဆုံးဖြစ်ခဲ့ပြီး မဟာမိတ်တွေအနေနဲ့ ဂျာမနီရဲ့ထိုးစစ်ကို ဟန့်တာဖို့ အထူးအားထုတ်ခဲ့ရပါတယ်။ မဟာမိတ်တွေဘက်က ရန်သူရဲ့အင်အားကြီးတဲ့ထိုးစစ်ကို ရပ်တန့်ဖို့ကြိုးစားရာမှာ မြေအောက်မိုင်းတွေကိုလည်း တွင်တွင်ကျယ်ကျယ်အသုံးပြုလာခဲ့ကြပါတယ်။ ဒါအပြင် ရန်သူရဲ့ ကတုတ်ကျင်းတွေကိုထိထိရောက်ရောက် ဖြိုခွင်းနိုင်ဖို့ လေယာဉ်တွေသာမက ဥမင်တူးပြီး ဖော်ခွဲဖျက်ဆီးတဲ့ နည်းကိုပါ နှစ်ဘက်စလုံးက သုံးစွဲလာခဲ့ကြပါတယ်။
၁၉၁၇ ခုနှစ်အတွင်းက ဘယ်ဂျီယန်နိုင်ငံ Messines Ridge တိုက်ပွဲအတွင်းမှာတော့ ဗြိတိန်တပ်တွေဟာ မြေအောက်ပေ(၁၀၀)လောက်ကို ဥမင်ဖောက်ပြီး (၉၀၀၀၀၀)Lbs လောက်ရှိတဲ့ ဖောက်ခွဲရေးပစ္စည်းတွေကိုအသုံးပြုပြီး ဂျာမန်ကတုတ်ကျင်းတွေကို ဖြိုခွင်း ခဲ့ပါတယ်။ ပြင်းထန်တဲ့ပေါက်ကွဲမှုကြောင့် ဂျာမန်ခံစစ်စည်းဖြစ်တဲ့ ကတုတ်ကျင်း(၁၉) ခုစလုံး ပျက်စီးခဲ့ရတာအပြင် ယင်းနေရာမှာရှိတဲ့ ဂျာမန်စစ်သည်အားလုံး ပျောက်ကွယ် သွားခဲ့ရပါတယ်။ အဲဒီပေါက်ကွဲမှုကနေ ထွက်ပေါ်လာခဲ့တဲ့ အသံဟာ ယင်းနေရာကနေ မိုင်(၁၄၀)လောက်ဝေးတဲ့ လန်ဒန်မြို့၊ဒေါင်းနင်းလမ်းက ဝန်ကြီးချုပ်အိမ်ကတောင် ကြားခဲ့ရပါတယ်။
(၂) စစ်အတွင်းကသတင်းထောက်တွေအတွက် သေဒဏ်ဆိုတာရှိခဲ့တယ်
တိုက်ပွဲတစ်ခုရဲ့အသက်ဟာ လူသူလက်နက်သာမက သတင်းအချက်အလက်နဲ့ နည်းပညာဆိုတာ မျက်မှောက်ခေတ်တိုက်ပွဲတွေမှာ ပိုမိုမှန်ကန်လာခဲ့ပါတယ်။ ပထမ ကမ္ဘာစစ်ကာလတည်းက သတင်းတိုက်တွေဟာ စစ်ပွဲသတင်းကိုအချိန်နဲ့တစ်ပြေးညီ ရရှိဖို့ ရှေတန်းစစ်မြေပြင်တွေအထိ လာရောက်သတင်းယူခဲ့ကြပါတယ်။ ဒါပေမဲ့ စစ်ဖြစ်နေတဲ့ မဟာမိတ်တွေနဲ့ ဗဟိုအင်အားကြီးနိုင်ငံနှစ်ဖက်စလုံးက သတင်းထောက်တွေရဲ့ လုပ်ရပ်ဟာ ရန်သူကို အခွင့်အရေးပေးနေတယ်လို့ ထင်မြင်ပါတယ်။ ဒါကြောင့်သတင်းထောက်တွေကို ကန့်သတ်ခဲ့ပြီး သူတို့အတွက် ချမှတ်ထားတဲ့ စည်းမျဉ်းတွေကိုဖောက်ဖျက်ပါက သေဒဏ်အထိအပြစ်ပေးခဲ့ပါတယ်။
(၃) စစ်ကာလအတွင်း ရှေ့တန်းစခန်းတွေဆီ အပတ်စဉ်ပေးစာ(၁၂)သန်းခန့်ရှိခဲ့
ယင်းကာလအခြေအနေအရ အင်္ဂလန်ကနေပြင်သစ်ကိုရောက်ဖို့စာတစ်စောင်ဟာ (၂)ရက်ခန့်ကြာပါတယ်။ အင်္ဂလန်ကနေပြင်သစ်စစ်မြေပြင်ကို ပေးပို့တဲ့စာအပါအဝင် လက်ဆောင်တွေကို Regent Park မှာစုစည်းပြီး ပေးပို့ပါတယ်။ စစ်ကြီးပြီးဆုံးချိန်မှာ တော့ (၂)ဘီလျံလောက်ရှိတဲ့ ပေးစာတွေနဲ့ ပါဆယ်ထုပ်ပေါင်း(၁၁၄)သန်းကိုေ ပးပို့ နိုင်ခဲ့တယ်လို့ မှတ်တမ်းတွေကဖော်ပြပါတယ်။
(၄) စစ်ဒဏ်ကြောင့် အသားဝါရောဂါရရှိခဲ့တဲ့အမျိုးသမီးတွေ
စစ်ပွဲကာလအတွင်း နိုင်ငံအများစုက အရွယ်ရောက်ပြီးအမျိုးသားတိုင်းဟာ စစ်မြပြင်ကို သွားရောက်အမှုထမ်းကြရပါတယ်။ ဒီအချိန်မှာတော့ ကျန်ရှိတဲ့အမျိုးသမီးတွေဟာ စစ်ပွဲနဲ့ဆက်စပ်တဲ့ ကုန်ထုတ်လုပ်ငန်းတွေအတွက် လုပ်ငန်းခွင်ကို ဝင်ကြရပါတယ်။ စစ်ပွဲအရှိန်မြှင့်လာလေလေ နောက်ခံစီးပွားရေးအရှိန်အဟုန်မြှင့်ဖို့ လိုလာလေလေ ဖြစ်တာ ကြောင့် ကျန်ရှိတဲ့အမျိုးသမီးတွေဟာ အလုပ်ချိန်ကိုတိုးမြှင့်ပြီး အချိန်များစွာ အလုပ်ဆင်းကြရပါတယ်။
လုပ်ငန်းခွင်မှာလုပ်ကိုင်ရတဲ့အလုပ်တွေဟာ ဓာတုပစ္စည်းနဲ့ လူကို အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတ်တွေပါဝင်တဲ့လုပ်ငန်းတွေ ဖြစ်ခဲ့တာကြောင့် ဗြိတိန်ကအမျိုးသမီးအများစုရဲ့ အသားရောင်ဟာအဝါရောင်အဖြစ်ပြောင်းလဲသွားတဲ့ (အသားဝါ)ရောဂါကို ခံစားခံရပါတယ်။
(၅) Plastic Surgery နည်းတွေကို စတင်ပြုလုပ်လာရတဲ့စစ်ပွဲ
ပထမကမ္ဘာစစ်ကြီးရဲ့ နောက်ဆက်တွဲဆိုးကျိုးတစ်ခုကတော့ ရိုးရိုးတန်းတန်းဒဏ်ရာမျိုး တွေမဟုတ်ပဲ ခြေလက်နဲ့ မျက်နှာပြင်တွေအထိ ခွဲစိတ်၊ဖြတ်တောက် အစားထိုး/ကုသလာရခြင်း ဖြစ်ပါတယ်။တိုက်ပွဲအတွင်း အပြိုင်အဆိုင်ပေါ်လာတဲ့ လက်နက်တွေကြောင့် လူသားတွေရဲ့ မျက်နှာပြင်တွေမှာ မူရင်းပုံကိုလုံးဝပျောက်ကွယ် သွားလောက်တဲ့အထိ ဆိုးဆိုးရွားရွားထိခိုက်မှုတွေရှိခဲ့ပါတယ်။
အဲဒီဖြစ်ရပ်တွေဟာ စစ်သည်တွေအဖို့ လူမသေသော်လည်း၊ ဘဝသေသလိုဖြစ်ခဲ့တာကြောင့် မဟာမိတ်တပ်က ခွဲစိတ်ကုဆရာဝန်တစ်ယောက်ဖြစ်တဲ့ စကော့တလန်လူမျိုး Harold Gillies ဦးဆောင် ပြီး မျက်နှာဆိုးဆိုးရွားရွားထိခိုက်သွားတဲ့ စစ်သည်တွေကို Plastic Surgeryနည်းပညာ နဲ့စတင်ကုသပေးခဲ့ပါတယ်။
(၆) စစ်ပွဲပြီးဆုံးကာမှ သေဆုံးသွားမှန်းသိရတဲ့ နာမည်ကျော်စာရေးဆရာ
ဗြိတိန်စစ်သား ကဗျာဆရာတစ်ယောက်ဖြစ်တဲ့ Wilfred Owen ရဲ့ပထမကမ္ဘာစစ်ကိုနောက်ခံ ထားဖွဲ့ဆိုထားတဲ့ ကဗျာတွေဟာ နောက်ပိုင်းမှာတော့ ကမ္ဘာကျော်ကဗျာတွေဖြစ်လာခဲ့ ပါတယ်။ (၁၉၆၀)ကာလတွေအထိ နာမည်ကျော်စစ်ပွဲဆန့်ကျင်တဲ့ အိုဝင်ရဲ့ကဗျာတွေဟာ စပ်ဆိုတဲ့သူနဲ့ လူနာမည်ကိုတွဲဖက်ပြီး လူအများစုကသိရှိခဲ့ခြင်းမရှိခဲ့ပါဘူး။
ယင်းကာလနောက်ပိုင်းမှထပ်မံ ထုတ်ဝေခဲ့တဲ့ အိုဝင်ရဲ့ ငြိမ်းချမ်းရေးကဗျာတွေဟာ ဥရောပမှာ အတော်လေး အရောင်းသွက်ခဲ့ပါတယ်။ ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတာကတော့ မူရင်းကဗျာဆရာဖြစ်တဲ့ Wilfred Owenဟာ စစ်ကြီးမပြီးဆုံးမီ ရက်သတ္တပတ်(၁)ပတ် အလိုလောက်ကတည်းက ရှေတန်းမှာကျဆုံးခဲ့ရပါတယ်။ သူဟာ စစ်မှုထမ်းရင်း စစ်ပွဲဆန့်ကျင်တဲ့ ကဗျာတွေကိုသီကုံးခဲ့ပါတယ်။
(၇) အသက်(၁၂)နှစ်အရွယ် တပ်သားတစ်ဦးဗြိတိန်စစ်တပ်မှာ စစ်မှုထမ်းခဲ့
Sidney Lewis အမည်ရတဲ့ကလေးငယ်တစ်ဦးဟာ ပထမကမ္ဘာစစ်အတွင်း ဗြိတိန်တပ်မတော်မှာ စစ်မှုထမ်းခဲ့ပါတယ်။ သူဟာအသက်ကို လိမ်ညာပြီးတော့ စစ်မှုထမ်းခဲ့တာဖြစ် ပြီး သိန်းပေါင်းများစွာသော မဟာမိတ်စစ်သည်တော်တွေနဲ့အတူ ရှေတန်းစစ်မြေပြင်မှာ နှစ်နဲ့ချီပြီး တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
စစ်ပွဲပြီးဆုံးချိန်အထိ သူဟာကျန်းကျန်းမာမာ အနေအထားနဲ့ အမိမြေကိုပြန်လာနိုင်ခဲ့ပြီး မျိုးချစ်စိတ်ပြင်းထန်သူအဖြစ် လူထုရဲ့ သောင်းသောင်းဖြဖြ ကြိုဆိုခြင်းကိုခံခဲ့ရပါတယ်။ အချို့ကလည်း Sidney Lewis ဟာ ဆိုးသွမ်းလူငယ်တစ်ယောက်ဖြစ်တာနဲ့အညီ ပတ်ဝန်းကျင်ရဲ့ငြိုငြင်မှုတွေကိုကျောခိုင်းဖို့ စစ်တပ်ထဲကို ဝင်ခဲ့တာဖြစ်ပါတယ်။
(၈) ဗြိတိန်နိုင်ငံရဲ့စီးပွားရေးကိုပြောင်းပြန်ဖြစ်သွားစေခဲ့တဲ့စစ်ပွဲ
ကမ္ဘာသမိုင်းမှာအင်္ဂလိပ်တွေဟာ နယ်ပယ်အရပ်ရပ်ကို နယ်ချဲပြီး ကိုယ်ကျိုးစီးပွားရှာခဲ့ သူတွေအဖြစ်နာမည်ကျော်ပါတယ်။ ဒါပေမဲ့ ပထမကမ္ဘာစစ်မှာတော့ ဗြိတိန်နိုင်ငံရဲ့ စီးပွားရေးဟာ ပြောင်းပြန်အနေအထားဖြစ်သွားခဲ့ရပြီး အမေရိကန်တို့အကူအညီနဲ့ တစ်ခုစီပြန်လည်တည်ဆောက်ခဲ့ရတဲ့အထိ အခြေအနေဆိုးခဲ့ပါတယ်။ အဓိကကတော့ လက်နက်နဲ့ရိက္ခာတွေကို အခြား မဟာမိတ်နိုင်ငံတွေကို အဓိကနေရာကနေထောက်ပံ့ခဲ့ရခြင်းနဲ့ စစ်အတွင်းရန်သူတွေရဲ့ တိုက်ခိုက်မှုကြောင့် အဓိကကုန်သွယ်ရေးစက်ရုံ/စခန်းတွေ ပျက်စီးခဲ့ရလို့ဖြစ်ပါတယ်။
(၉) သွေးလှူဘဏ်တွေကို ပထမကမ္ဘာစစ်အတွင်းက စတင်တည်ထောင်ခဲ့ပါတယ်
ဗြိတိန်စစ်တပ်ဟာ ဒဏ်ရာရစစ်သည်တွေကိုအရေးပေါ်ကုသရန် သွေးလှူဘဏ်တွေကို စတင်တည်ထောင်လာပါတယ်။ ၁၉၁၇ခုနှစ်မှာတော့အမေရိကန်စစ်ဆရာဝန်တစ် ယောက်ဖြစ်တဲ့ Oswald Robertson ဟာသွေးဘဏ်တစ်ခုကို ဥရောပအရှေပိုင်းစစ်မြေပြင်မှာ စတင်တည်ထောင်ခဲ့ပါတယ်။ သူဟာ Sodium Citrate ကို အသုံးပြုပြီးသွေးတွေ ခဲမသွားဖို့နဲ့ တာရှည်အသုံးပြုနိုင်အောင်စီမံခဲ့ပါတယ်။ ပုံမှန်(၂၈)ရက်ထက်ပိုမိုကြာရှည်ခံအောင်ရေခဲကို အသုံးပြုပြီး လူများစွာရဲ့အသက်ကိုယ်ခဲ့နိုင်တာကြောင့် အလွန်အကျိုး များခဲ့တဲ့ ဆောင်ရွက်မှုဖြစ်ခဲ့ပါတယ်။
(၁၀) ရုပ်ဖျက်ပြီးခုတ်မောင်းခဲ့ရတဲ့ ဗြိတိန်သင်္ဘောတွေ
စစ်အတွင်းမှာ ရန်သူရေငုပ်သင်္ဘောတွေရဲ့ တော်ပီဒိုရန်ကြောင့် ဗြိတိန်က ကုန်သင်္ဘောတွေနဲ့ စစ်ဘက်ဆိုင်ရာထောက်ပို့ ယာဉ်တွေဟာ သင်္ဘောရဲ့မူလရုပ်သွင်ကို ဖျောက်ဖျက် ပြီးခုတ်မောင်းခဲ့ရပါတယ်။ ဗြိတိန်တော်ဝင်ရေတပ်က ပညာရှင်တစ်ဦးဖြစ်တဲ့ Norman Wikinson ဟာ ဒီစိတ်ကူးကိုစတင်အကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး ဗြိတိန်သင်္ဘော တွေမှာ ဆေးမဲတွေနဲ့အရောင်တောက်တောက်အရောင်တွေကိုအသုံးပြုပြီး ပုံဖျက်ခုတ်မောင်းစေခဲ့ပါတယ်။ သူရဲ့စိတ်ကူးဟာ အမှန်တကယ်အလုပ်ဖြစ်ခဲ့ပြီးရန်သူတွေအတွက် အလွန်ဝေခွဲရခက်စေခဲ့ပါတယ်။
(၁၁) ခံစစ်ကတုတ်ကျင်းအတွင်းမှာရှိတဲ့ စစ်သည်(၁၀)ယောက်မှာ(၉)ယောက် အသက်ရှင်
တိုက်ပွဲကာလတွေအတွင်းမှာ ခံစစ်စည်းကတုတ်ကျင်းတွေထဲ မှာအဓိကနေရာယူခဲ့တဲ့ ဗြိတိန်စစ်သည်တွေရဲ့ မှတ်တမ်းတစ်ခုဟာ အလွန်ကောင်းတဲ့ စစ်မှတ်တမ်းတစ်ခုဖြစ်ခဲ့ပါတယ်။ ဂျာမန်တွေဟာ တန်ချိန်များစွာသော ဗုံးတွေကို ကြဲချခဲ့ပြီး မြေပြင်တပ်တွေနဲ့ စီးနင်းခဲ့ပေမဲ့ ဗြိတိန်တပ်တွေရဲ့ ကတုတ်ကျင်းအတွင်းကနေ ခုခံမှုကို တိုက်ပွဲတော်တော်များများမှာ ကျော်လွှားနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ ဒီထက်ပိုကောင်းတဲ့ မှတ်တမ်းကတော့ ပျှမ်းမျှအားဖြင့် ဗြိတိန်ကတုတ်ကျင်းအတွင်းမှာ နေရာယူတိုက်ခိုက်ခဲ့ တဲ့စစ်သည်(၁၀)ဦးမှာ (၉)ဦးအထိ ဘေးရန်ကင်းကင်းတိုက်ပွဲဝင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
(၁၂) တိုက်ပွဲကာလအတွင်း ဗြိတိန်ဗိုလ်ချုပ်တွေဟာ တပ်သားတွေကို အမြင့်မတက်ဖို့ အမိန့်ထုတ်ခဲ့ရ
အလွန်ရှည်လျားတဲ့ ပထမကမ္ဘာစစ်ကာလအတွင်းမှာတော့ ဗြိတိန်ဗိုလ်ချုပ်တွေဟာ သူလက်အောက်ခံစစ်သည်တွေကို အမြင့်နေရာတွေမှာ မနေဖို့အမိန့်ထုတ်ခဲ့ပါတယ်။ ဒါဟာ ဂျာမန်စနိုက်ဘာသမားတွေရဲ့ရန်ကနေအဓိကထား ကာကွယ်ဖို့ဖြစ်ပြီး ယင်းအမိန့် မတိုင်ခင်ကတည်းက စစ်သည်တွေရဲ့ဆင်ခြင်မှုကင်းမဲ့တဲ့ နေထိုင်မှုတွေကြောင့် စစ်သည်ထောင်နဲ့ချီသေဆုံးခဲ့ရလို့ ဖြစ်ပါတယ်။