ရေးသားသူ – Ko Kyaw Hlaing Win
ဒီဓာတ်ပုံ (၂)ပုံကို နှိုင်းယှဉ်ကြည့်ပါ။ ဘာများ ကွာခြားမှုရှိပါသလဲ။ ပထမပုံ။ ဘေစင် နီညိုရောင်။ ရုံးတစ်ရုံးမှာ တွေ့ခဲ့တာပါ။ ချေးအထပ်ထပ် ညစ်ထေးပေပွလို့ မြင်တာနဲ့ အော့အန်ချင်စရာအတိ။
ဒုတိယပုံ။ ဘေစင် အဖြူရောင်။ ကုမ္ပဏီရုံးခန်းတစ်ခုမှာ တွေ့ခဲ့ရတယ်။ သန့်ပြန့်ပြီး ဖြူဖွေးတောက်ပဝင်းလက်လို့။
ပထမ ဘေစင်နီညိုရောင်။
တစ်ရုံးလုံး အသုံးပြုကြတယ်။ လူတိုင်း အသုံးပြုပြီးတာနဲ့ ချာကနဲ လှည့်ထွက်သွားကြတယ်။ တစ်ယောက်မှ ဘေစင်ကို ဆေးကြောဖို့ သတိမရကြ။ စိတ်ကူးထဲတောင်မထည့်။ အဲဒီရုံးတစ်ရုံးလုံးက ဝန်ထမ်းတွေကိုကြည့်ရတာလည်း လျော့တိလျော့ရဲ။ မနက်ကို ၁၀း၃၀ မှရုံးစရောက်။ အချိန်လျှောက်ဖြုန်း။ သုန်မှုန်မျက်နှာနဲ့ ဟိုအော်၊ ဒီအော်။ ညနေ ၄နာရီအတိမှာ အလျှိုလျှိုပြန်ပြေးကြ။ ရုံးလာတဲ့ ဧည့်သည်တွေကို ဘယ်လို တွယ်လိုက်ရမလဲဆိုတဲ့ စွန်ရဲမျက်လုံးကြီးတွေနဲ့ ကြည့်တတ်တာကလွဲပြီး စေတနာ နတ္တိ။
ဒုတိယ ဘေစင်အဖြူရောင်။
ကုမ္ပဏီဝန်ထမ်းအယောက်တိုင်း အသုံးပြုပြီးတိုင်း ဘေစင်ကို နည်းနည်းဖြစ်ဖြစ် ဆေးကြောသွားတတ်ကြတယ်။ အုပ်ချုပ်သူများက လေ့ကျင့်သင်ကြားပေးထားကြတာလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုဆေးကြောရလွယ်အောင် အကြမ်းဖတ်နဲ့ ဆပ်ပြာတုံးကို ဘေစင်နားအသင့်ထားပေးထားတာကလည်း ချီးကျုးစရာပါ။ သူတို့ရုံးက ဝန်ထမ်းအားလုံး မျက်နှာတွေကြည်လင်ရွှင်ပြ ပြုံးချိုနေကြတယ်။ တက်ကြွနေကြတယ်။ အဝတ်အစားတွေသပ်ရပ်နေကြတယ်။ ဝန်ထမ်းတွေ အားလုံး အလုပ်လုပ်ကြတာ သိပ်စေတနာပါတယ်။ သူတို့ ကုမ္ပဏီလုပ်ငန်းတွေလည်း တစ်နေ့ထက်တစ်နေ့ အောင်မြင်လို့ပေါ့။
တကယ်တော့ မိမိပတ်ဝန်းကျင်က ပစ္စည်း၊ ပစ္စယတွေ သန့်ရှင်းတောက်ပြောင် သစ်လွင်နေခြင်းဟာ မိမိရဲ့ စိတ်ဓာတ်ကို တက်ကြွမှု၊ လန်းဆန်းမှု၊ ပျော်ရွှင်မှု၊ ခွန်အားတွေ မြောက်များစွာ ပေးပါတယ်။ ဒီလို စိတ်ဓာတ်ခွန်အားတွေဟာ မိမိရဲ့ အလုပ် အောင်မြင်မှု၊ ဆုံးဖြတ်ချက် မှန်ကန်မှုတွေကို တစ်နေ့နည်းနည်းစီ ကောင်းကျိုးသက်ရောက်မှုပေးသွားပါတယ်။
ဒီနေ့ ထိပ်တန်း ဂျပန်နိုင်ငံဟာ ဒီအလေ့အထကို ကောင်းကောင်းကြီး အသုံးချသွားခဲ့တာပါ။ ဂျပန်ဟာ ကျောင်းစတက်စဉ် ကလေးဘဝကတည်းက မိမိရေချိုးခန်း၊ အိမ်သာ ကိုယ့်ဘာသာကိုယ်ဆေးတတ်တဲ့အလေ့အကျင့်ကို အထူးအလေးပေးခြင်းနဲ့ ပတ်သက်လို့ ကမ္ဘာကျော်ပါတယ်။ ဂျပန်မှာ ကော်ပိုရေးရှင်းကြီးတွေရဲ့ ဥက္ကဌများ၊ CEO များကိုယ်တိုင်တောင် အိမ်သာကို ကိုယ်တိုင်ဆေးကြောနေကြတယ်ဆိုတာ မှတ်သားလေ့လာဖူးပါတယ်။
တစ်ခါတုန်းက FB ပေါ်မှာ ဂျပန်ကျောင်းသူလေးများ ကျောင်းက အများသုံးသန့်စင်ခန်းတွေကို ကိုယ်တိုင် မရွံမရွာဆေးကြောနေကြတဲ့ Post တစ်ခုကို အားလုံး ဖတ်ဖူးကြမှာပါ။ ဒီလို အကျင့်ကောင်း၊ စိတ်ဓာတ်ကောင်းတွေကပဲ ဂျပန်တွေကို Total Quality Management နဲ့ ထုံမွှမ်းတဲ့နိုင်ငံ ဖြစ်စေခဲ့ပြီး ကမ္ဘာ့ထိပ်တန်းစာရင်းဝင်နိုင်ငံကြီးအဖြစ် တွန်းပို့ခဲ့တာပါ။
ကျွန်တော်ဟာ ငယ်စဉ်ကလေးဘဝတစ်လျှောက်လုံး တရုတ်လူမျိုးအရမ်းများပြားတဲ့ မြစ်ကြီးနားမှာ နေခဲ့ရတော့ တရုတ်လူမျိုး မိဘတွေက ကိုယ့်သားသမီးတွေကို နံနက်အိပ်ယာထရင် အိပ်ယာ၊ စောင်၊ ခြင်ထောင် သေချာခေါက်ဖို့၊ သိမ်းဖို့၊ အိမ်သာ၊ ရေချိုးခန်းများ ကိုယ်တိုင် ဆေးကြောဖို့ ၊ ကိုယ့်အခန်းကိုယ် ကြမ်းတိုက်၊ တံမျက်စည်းလှည်းဖို့ အစဉ်ပုံစံသွင်းလေ့ကျင့်ပေးနေကြတာ မရေမတွက်နိုင်အောင် မြင်တွေ့ခဲ့ရပါတယ်။ အဲဒီလို ပုံသွင်းခံရတဲ့ တရုတ်လူငယ်များဟာ ဒီနေ့မှာ အခြားလူမျိုးများထက် စီးပွားရေးအောင်မြင်နေတာကို တွေ့ရှိနေရပါတယ်။
အားနာနာနဲ့ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရရင် မြန်မာလူမျိုးအများစုကတော့ သားသမီးကို ပုံသွင်းရာမှာ အဲဒီ အလေ့အကျင့်လေးများ အားနည်းနေသလားလို့ ထင်မိတယ်။ အလုပ်ခွင်မှာ တပည့်လေးတွေကို အဲဒီလို လုပ်ဖို့ ပညာပေးရင် အားလုံးက ကိုယ့်ကို အရူးတစ်ယောက်လို ကြောင်ပြီး ကြည့်နေကြရော။ အတင်းအကြပ် ပြောရင်တော့ ဆောင့်ကြီးအောင့်ကြီးနဲ့ လုပ်တတ်တယ်။ပြီးရင် ကွယ်ရာမှာ အတင်းပြောတယ်။
“ဆရာက ငါတို့ကို ဘာတွေလုပ်ခိုင်းနေမှန်းမသိဘူး။ သန့်ရှင်းရေးဝန်ထမ်းတွေ လုပ်ရမယ့် အလုပ်ကြီးကို။ မဆိုင်တာတွေ လာခိုင်းနေတယ်။ အရစ်ရှည်ကြီး..” စသဖြင့်ပေါ့။ တစ်ခေါက်၊ နှစ်ခေါက် လုပ်ပြီး နောက်မလုပ်ကြတော့ပါဘူး။
လူငယ် အများစုက ဒီလိုမလုပ်ချင်ကြပါဘူး။ သူတို့ အနေနဲ့လည်း ဒီလို မလုပ်လိုက်ရတာကို ပျော်ရွှင်ကျေနပ် ဂုဏ်ယူကြပါတယ်။ နောက်ပိုင်း ဘယ်လိုဖြစ်လာသလဲဆိုတော့ သူတို့လုပ်ကိုင်တဲ့ အလုပ်ထဲထိပါ အဲဒီအကျင့်တွေက ကူးစက်လာပါတယ်။ အစစအရာရာ တွက်ကပ်မှု၊ ရေသာခိုမှုတွေ ပြည့်နှက်လာတယ်။ တာဝန်ယူမှုတွေ အရမ်းအားနည်းလာတယ်။ ခေါင်းရှောင်၊ မျက်နှာလွှဲတတ်လာတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းမှု အသိတရား၊ ဗဟုသုတ ဘာမှ မရှိတော့ဘူး။
ရုံးစားပွဲ၊ ဗီရိုတစ်ခုလုံး ဗြောင်းဆန်ရှုပ်ပွနေလည်း မရှင်းဘူး။ ကိုယ်အသုံးပြုနေကျဖြစ်တဲ့ ကိရိယာ၊ ပစ္စည်းလေးတစ်ခုပျောက်သွားတဲ့အခါ ကြိုးစားပြီး ရှာလိုစိတ်မရှိတော့ဘူး။ အသစ်ထပ်ဝယ်ခိုင်းတယ်။ နောက်ပိုင်း ဘယ်အလုပ်ကိုမှ သေသေသပ်သပ်လုပ်လိုစိတ်မရှိတော့ဘူး။အလွယ်လုပ်ချင်စိတ်များလာတယ်။ ဒီလိုနဲ့ မကောင်းတဲ့အကျင့်၊ အလွယ်လိုက်တဲ့စိတ်တွေ များသထက်များလာပါတော့တယ်။ ခုဆိုရင် လူတန်းစားအလွှာအသီးသီးကို ကူးစက်စပြုနေပြီလို့တောင် ပြောနိုင်ပါတယ်။
အရေးကြီးဆုံးတစ်ချက်က မိမိကိုယ်ကို မိမိ လေးစားတဲ့စိတ်ပါ။ မိမိနေရာထိုင်ခင်း၊ ကုတင်၊ စားပွဲ၊ စာအုပ်စင်၊ ရုံးခန်း၊ ရေချိုးခန်းတို့ကို နေ့တိုင်း သန့်ရှင်းသပ်ရပ်စွာ ထားကြည့်ပါ။ အဲဒီလို လုပ်ရင်းနဲ့ စိတ်ဓာတ်အကြည်ဓာတ်တွေ ဖြစ်ပေါ်လာပြီးတော့ မိမိကိုယ်မိမိလည်း လေးစားစိတ်တွေဖြစ်ပေါ်လာပါတယ်။ ဒီစိတ်ဓာတ်ဟာ လူ့ဘဝမှာ အလွန်အရေးပါလှပါတယ်။
ပရမ်းပတာ နေထိုင်တတ်သူတစ်ယောက်ဟာ သူ့ကိုယ်သူ လေးစားအထင်ကြီးစိတ်တွေ ပျောက်ဆုံးနေတာ ဘယ်သူသိသိ၊ မသိသိ သူ့ဟာသူ သိပါတယ်။ သူတို့ကတော့ ကိုယ့်ကိုကိုယ် ဖြေသိမ့်တဲ့စကားတစ်ခွန်းရှိပါတယ်။ ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးတွေ အိပ်ခန်းကလည်း ရှုပ်ပွနေတာပါပဲတဲ့။ ဒါပေမယ့် ဒါမျိုးဥပမာဟာ အများစုကို ကိုယ်စားမပြုပါဘူး။ ဟိုကပုဂ္ဂိုလ်ကြီးရဲ့ ကောင်းကွက် (၁၀၀)ကိုတော့ တစ်ခုမှ အတုမယူနိုင်ပဲ ဆိုးတဲ့တစ်ကွက်လေးကို သွားအတုယူသလို ဖြစ်နေပါတယ်။
နိုင်ငံထူထောင်ရာမှာ မျိုးဆက်သစ်လေးများ စိတ်နေမြင့်မားဖို့ စေတနာဖြင့် အမုန်းခံ ရေးပါသည်။
Kyaw Hlaing Win