ကမ္ဘာမှာ အရောင်နဲ့ အမည်မှည့်ခေါ်တဲ့ ပင်လယ်လေးခု ရှိတယ်ဆိုတာ သိကြပြီးဖြစ်မှာပါ။ အရင်က တစ်ခုချင်းစီတင်ခဲ့တဲ့ ဒီပင်လယ်တွေရဲ့ အကြောင်းကို တစုတစည်းတည်းဖတ်နိုင်ဖို့ ပြန်လည်စုဆည်းပေးလိုက်ပါတယ်။
၁။ ပင်လယ်ဝါ
ပင်လယ်ဝါ ဆိုသည်မှာ တရုတ်နိုင်ငံ နှင့် တောင်ကိုရီးယားနိုင်ငံအကြားတွင် တည်ရှိသောပင်လယ်ဖြစ်သည်။ ထိုပင်လယ်ကို အနောက်ပင်လယ် (သို့) Huang Hai ပင်လယ် ဟုလည်းခေါ်ကြလေ့ရှိသည်။ ပင်လယ်ဝါ၏ မြောက်ဘက်တွင် ကိုရီးယားပင်လယ်အော် ၊ အနောက်မြောက်ဘက်တွင် Bo Hai ပင်လယ်၊ တောင်ဘက်တွင် အရှေ့တရုတ်ပင်လယ် နှင့် အရှေ့တောင်ဘက်တွင် ပစိဖိတ်သမုဒ္ဒရာတို့ တည်ရှိနေသည်။ ပညာရှင်များကတော့ ပင်လယ်ဝါသည် လွန်ခဲ့သောနှစ်ပေါင်း ၁သောင်းခန့် ရေခဲခေတ်ကတည်းက စတင်ဖြစ်ပေါ်နေခဲ့ပြီဟု ဆိုကြသည်။ ပင်လယ်ဝါ ဟုခေါ်ရခြင်းမှာ ဂိုဘီသဲကန္တာရမှ မုန်တိုင်းများကြောင့်လွင့်လာသော သဲအမှုန်များ ပင်လယ်ပြင်သို့ကျရောက်ခြင်း နှင့် စီးဝင်နေသောမြစ်ဝါမြစ်မှ ရေနှင့် အနှယ်အနှစ်များကြောင့် ပင်လယ်ရေ၏ အရောင်မှာ ဝါကျင့်ကျင့်ဖြစ်နေတတ်သည့်အတွက် ပင်လယ်ဝါဟုခေါ်ကြခြင်းဖြစ်သည်။
ပင်လယ်ဝါ၏ အကျယ်အဝန်းမှာ စတုရန်းမိုင် ၁၅၀၀၀၀ ဖြစ်သည်။ ပင်လယ်ကြီးတွင် ပင်လယ်ကွေ့ ၊ ပင်လယ်အော်များစွာရှိသော်လည်း ရေတိမ်သည့် ဒေသဖြစ်သည် ။ ပျမ်းမျှအနက်မှာ ၁၄၄ပေ ဖြစ်ပြီး အနက်ဆုံးနေရာတွင် ၄၉၉ပေ ရှိသည်။ ပင်လယ်ဝါနှင့် ထိစပ်နေသောနိုင်ငံများမှာ တရုတ်နိုင်ငံ ၊ မြောက်ကိုရီးယားနိုင်ငံ နှင့် တောင်ကိုရီးယားနိုင်ငံ တို့ဖြစ်သည်။ ပင်လယ်ဝါထဲသို့ မြစ်ကြောင်းပေါင်းများစွာ စီးဝင်ကြပြီး ထင်ရှားသောမြစ်များမှာ မြစ်ဝါမြစ် ၊ ဟိုင်မြစ် ၊ ယလူမြစ် ၊ ဟန်မြစ် ၊ Taedong မြစ်တို့ဖြစ်ကြသည်။ ပင်လယ်ဝါ၏ အောက်ခြေကြမ်းပြင်ကိုမူ ရွံ့နွံ့နှင့် သဲများဖြင့်ပေါင်းစပ်ဖွဲ့စည်းထားသည်။ ထိုသဲများသည် မြစ်ကြောင်းများမှတဆင့် သယ်ဆောင်လာသော ဂိုဘီသဲကန္တာရမှ သဲများဖြစ်သည်။
ပင်လယ်ဝါထဲတွင် ကျွန်းပေါင်းများစွာ တည်ရှိနေပြီး အဓိကကျွန်းများမှာ Anmado, Baengnyeongdo, Daebudo, Gageodo, Hauido, Hongdo, Jindo, Sido, Wando, and Yeonpyeongdo တို့ဖြစ်ပြီး ထိုကျွန်းအားလုံးသည် တောင်ကိုရီးယားပိုင်နက်ထဲတွင် တည်ရှိကြသည်။ ပင်လယ်ဝါ၏ ကမ်းရိုးတန်းများသည် အများအားဖြင့် မြူတွေဆိုင်းနေတတ်သည်။ တစ်နေ့နှစ်ကြိမ်ဒီရေတက်သည့်အချိန်တွင် တရုတ်ကမ်းရိုးတန်းဘက်တွင် ၃ပေမှ ၁၀ပေ အထိသာမြင့်တက်သော်လည်း ကိုရီးယားဘက်တွင်မူ ၁၃ပေ မှ ၂၆ပေ အထိရေတက်လေ့ရှိသည်။
ပင်လယ်ဝါတွင် ပင်လယ်ဒိုက်ပင် နှင့် ကျောက်ပွင့်များ အလွန်ပေါများပြီး နွေရာသီတွင် စိမ်းပြာရောင်ရေညှိများကို တွေ့ရတတ်သည်။ ပင်လယ်ဝါဒေသတလျှောက်တွင် ပင်လယ်ငှက်မျိုးစိတ်ပေါင်း ၃၅မျိုးခန့် နေထိုင်ကျက်စားလေ့ရှိသည်။ အမြဲတစေတွေ့ရတတ်သော နို့တိုက်သတ္တဝါဟူ၍ အစက်အပျောက်ပါသော ဖျံများသာ ရှိသည်။ စက်ရုံများ ၊ စိုက်ပျိုးရေး နှင့် နေအိမ် အညစ်အကြေးများကြောင့် ပင်လယ်ဝါသည် ညစ်ညမ်းလျှက်ရှိသည့် အပြင် အစဉ်အဆက် ငါးဖမ်းမှုများကို အကြီးအကျယ်တိုးမြင့် လုပ်ဆောင်ခဲ့ကြသဖြင့် ပင်လယ်ဝါအတွင်းမှ ဝေလငါး ၊ ဖျံ ၊ လိပ် နှင့် ငါးအရေအတွက်မှာ တနေ့တခြားကျဆင်းလျှက်ရှိသည်။
အဆိုးဆုံးမှာ ၂၀၁၀ ခုနှစ်တွင် ဖြစ်ခဲ့သော ရေနံပိုက်လိုင်း ပေါက်မှုကြောင့် တန် ၁၅၀၀ ခန့်ရှိသော ရေနံဆီများမှာ ပင်လယ်ဝါအတွင်းသို့ ကျရောက်ခဲ့ပြီး စတုရန်းမိုင် ၁၇၀ခန့်တိုင်အောင် ပြန့်နှံ့ခဲ့သဖြင့် ပင်လယ်ကြီးသည် ပိုမိုညစ်ညမ်းခဲ့ရသည်။ သို့သော် ပင်လယ်ဝါကမ်းရိုတန်းတလျှောက် လူနေထိုင်မှုမျာ ပိုမိုထူထပ်လာသဖြင့် ညစ်ညမ်းမှုမှာ လျော့မသွားခဲ့ချေ။ ထို့အပြင် ငါးမျိုးစိတ် ၂၀၀ ခန့်ကိုလည်း လစ်လျှင်လစ်သလို စီးပွားဖြစ် အမြောက်အများဖမ်းယူနေကြဆဲဖြစ်သည်။ သင်္ဘောများဖြင့် အစိမ်းရောင်ရေညှိများကို သယ်ဆောင်ကာ ပင်လယ်ဝါထဲသို့ ကြဲဖြန့်ရင်း သန့်ရှင်းအောင်လုပ်သည့် အစီအစဉ်များဖြင့် ပင်လယ်ဝါအား သန့်ရှင်းစေရန် ကြိုးပမ်းလျှက်ရှိသလို တရားမဝင်ငါးဖမ်းဆီးခြင်းကိုလည်း ပိတ်ပင်တာဆီးနိုင်အောင်ဆောင်ရွက်လျှက်ရှိသည်။
၂။ ပင်လယ်ဖြူ
ပင်လယ်ဖြူဆိုတာ ဘဲရန်စ့်ပင်လယ် ရဲ့တောင်ဘက်ပိုင်း ၊ ရုရှားကမ်းရိုးတန်းရဲ့အနောက်မြောက်ဘက်မှာ တည်ရှိတဲ့ ရေလက်ကြားပင်လယ်တစ်ခုပဲ ဖြစ်ပါတယ်။ ပင်လယ်ဖြူရဲ့ အနောက်ဘက်မှာ Karelia ဒေသ ၊ မြောက်ဘက်မှာ ခိုလာကျွန်းဆွယ် ၊ အရှေ့မြောက်ဘက်မှာ ကန်နင်ကျွန်းဆွယ်တို့ တည်ရှိနေပါတယ်။ ပင်လယ်ဖြူ တစ်ခုလုံးဟာ ရုရှားနယ်မြေထဲမှာ ရှိနေပါတယ်။ ပင်လယ်ဖြူရဲ့ အစိတ်အပိုင်းအများစုဟာ တစ်နှစ်ကို ၆လ ကနေ ၇လ အထိ ရေခဲဖုံးနေတတ်ပြီး ဖြူလွှလွှွကောင်းကင်ပြင် နဲ့ ရေရဲ့အရောင်ဟာ အဖြူရောင်သန်းနေတာကြောင့် ပင်လယ်ဖြူ လို့ခေါ်ကြခြင်းဖြစ်ပါတယ်။
ရုရှားနိုင်ငံရဲ့ အရေးပါတဲ့ ပင်လယ်ဖြူထဲက အဓိကဆိပ်ကမ်းမြို့ကတော့ Arkhangelsk မြို့ဖြစ်ပြီး ဒီမြို့ဟာ သမိုင်းတလျှောက်မှာ ရုရှာတို့ရဲ့ အဓိက ကုန်သွယ်ဆိပ်ကမ်းမြို့ဖြစ်ခဲ့ပါတယ်။ ပင်လယ်ဖြူကို White Sea-Baltic တူးမြောင်းက တစ်ဆင့် ဘော်လ်တစ်ပင်လယ်ကို ဆက်သွယ်ထားပါတယ်။ ပင်လယ်ဖြူ တည်ရှိကြောင်းကို အဲဒီတစ်ဝိုက်မှာ နေထိုင်တဲ့ Novgorod လူမျိုးတွေက တစ်ဆင့် ၁၁ရာစုဝန်းကျင်လောက်ကတည်းက သိရှိခဲ့ကြပြီး Novgorod တွေဟာ ပင်လယ်ဖြူကို အဲဒီကတည်းက ရေလမ်းခရီးအတွက် အသုံးပြုနေကြပါပြီ။
ဒါပေမယ့် ကမ်းရိုးတန်းတစ်လျှောက်မှာတော့ အတည်တကျနေထိုင်သူ မရှိခဲ့ပါဘူး။ ၁၃ရာစုနှောင်းပိုင်းမှာမှ Kholmogory ရွာကို ပထမဆုံးတည်ထောင်နေထိုင်ကြပါတယ်။ အေဒီ ၁၄၀၀ နဲ့ ၁၇၀၀ ကြားမှာတော့ ပင်လယ်ဖြူဟာ ရုရှားတို့ရဲ့ အဓိက ကုန်သွယ်ရေးလမ်းကြောင်းဖြစ်လာခဲ့ပါပြီ။ ဒါပေမယ့် ၁၇၀၃ခုနှစ် စိန့်ပီတာဘတ်စ်မြို့ကို တည်ထောင်ခဲ့အပြီးမှာတော့ ပင်လယ်ဖြူကို အသုံးပြုမှုနည်းပါးသွားပါတယ်။ စိန့်ပီတာဘတ်စ်က တစ်ဆင့် ရေခဲပြင်ကို ဖြတ်ပြီး အနောက်ဥရောပကို သွားတဲ့လမ်းကြောင်းဟာ ပင်လယ်ဖြူလမ်းကြောင်းထက် ပိုလွယ်ပြီး ခရီးပိုပေါက်လို့ဖြစ်ပါတယ်။
အဲဒီအချိန်တုန်းက အဓိက ဒေသဖြစ်တဲ့ Arkhangelsk ကတော့ ယနေ့အခါမှာ ရုရှားရေငုပ်သင်္ဘောတွေနဲ့ ရေတပ်အတွက် အခြေစိုက်စခန်းဖြစ်လာပါတယ်။ ပင်လယ်ဖြူရဲ့ ဧရိယာဟာ ၃၄၇၀၀ စတုရန်းမိုင်ရှိပါတယ်။ ပျမ်းမျှအနက်ကတော့ ၁၉၇ပေ ပဲ ရှိပေမယ့် အနက်ဆုံးနေရာကတော့ ၁၁၁၅ပေ တောင်ရှိပါတယ်။ ပင်လယ်ဖြူမှာ အဓိက ပင်လယ်ကွေ့ ၄ခု ရှိပါတယ်။ ဒါတွေကတော့ Mezen Bay, Dvina Bay, Onega Bay, and Kandalaksha Gulf တို့ ဖြစ်ကြပါတယ်။ အပေါ်မှာပြောခဲ့တဲ့ ၁၁၁၅ပေအထိတောင်နက်တဲ့ အနက်ဆုံးအပိုင်းကတော့ Kandalaksha Gulf အပိုင်းဖြစ်ပါတယ်။ များပြားလှတဲ့ မြစ်များစွာဟာလည်း ပင်လယ်ဖြူထဲကို စီးဝင်နေကြပါတယ်။ ဒီအထဲက အဓိက မြစ်တွေကတော့ မယ်ဇန်မြစ် ၊ ကူလွိုင်မြစ် ၊ Vyg မြစ် ၊ နီဗာမြစ် ၊ အမ်ဘာမြစ် ၊ ဗာဇူဂါမြစ် နဲ့ ပိုနွိုင်းမြစ် တို့ပဲဖြစ်ပါတယ်။
ပင်လယ်ဖြူထဲမှာ ကျွန်းပေါင်းရာနဲ့ချီပြီး ရှိပေမယ့် အားလုံးနီးပါးဟာ ကျွန်းငယ်လေးတွေသာ ဖြစ်ပါတယ်။ အဓိကကျွန်းစုဖြစ်တဲ့ ဆိုလိုဗက်စကီးကျွန်းစုဟာ ပင်လယ်ဖြူရဲ့ အလယ်တည့်တည်မှာရှိနေပြီး ကျွန်း ၆ကျွန်းနဲ့ ဖွဲ့စည်းထားပါတယ်။ ဒီကျွန်းစုရဲ့ ဧရိယာကတော့ ၁၃၄ စတုန်ရန်းမိုင်ဖြစ်ပါတယ်။ နောက်ထင်ရှားတဲ့ ကျွန်းကတော့ Kiy ကျွန်းဖြစ်ပြီး ဒီကျွန်းပေါ်မှာတော့ ၁၆၃၂ခုနှစ်က တည်ဆောက်ခဲ့တဲ့ သမိုင်းဝင် ဘုရားကျောင်းတစ်ခု တည်ရှိနေပါတယ်။
ပင်လယ်ဖြူထဲမှာ ကျောရိုးမဲ့ တိရစ္ဆာန်မျိုးစိတ်ပေါင်း ၇၀၀ခန့်ကျက်စားနေထိုင်ပါတယ်။ ပင်လယ်ငါးသလောက် ၊ ဆာဖရွန်ပင်လယ်ငါး ၊ အတ္တလန်တစ်ပင်လယ်ငါး ၊ အတ္တလန်တစ်ဆော်လမွန် ၊ ဥရောပ ပင်လယ်ငါးသလောက် အစရှိတဲ့ ငါးမျိုးစိတ်ပေါင်း ၆၀ ခန့်လည်း ရှိပါတယ်။ ဝေလငါးဖြူ ၊ beluga ဝေလငါး၊ humpback ဝေလငါးတွေအပြင် လင်းပိုင်မျိုးစိတ် တွေကိုလည်း ပင်လယ်ဖြူမှာမြင်တွေ့နိုင်ပါတယ်။ရောင်းအားကောင်းလှတဲ့ ပင်လယ်ဖြူရဲ့ အဓိကထုတ်ကုန်တစ်ခုကတော့ ပင်လယ်ကျောက်ပွင့်တွေဖြစ်ပါတယ်။ ရာသီဥတုကတော့ သူ့ဒေသနဲ့ သူအမျိုးမျိုးရှိနိုင်ပါတယ်။ ပုံမှန်အားဖြင့်တော့ မြူ နဲ့ တိမ်တွေထူထပ်နေလေ့ရှိပါတယ်။ ပျမ်းမျှအပူချိန်ကတော့ ၁၀ဒီဂရီ နဲ့ ၁၅ဒီဂရီ ဆဲစီးယပ်စ်ကြားမှာရှိပြီး နွေရာသီမှာတော့ တခါတရံ ၃၀ဒီဂရီ ဆဲစီးယပ်စ်အထိ ရှိတတ်ပါတယ်။
၃။ ပင်လယ်နီ
ပင်လယ်နီသည် အရှေ့မြောက်ဘက် အာရှဘက်ခြမ်း အာရပ်ကျွန်းဆွယ်နှင့် အနောက်တောင်ဘက် အာဖရိကတို့ကြားတွင် တည်ရှိသော ကုန်းတွင်းပိုင်းပင်လယ်ဖြစ်ပြီး အိန္ဒိယသမုဒ္ဒရာ၏ တစိတ်တဒေသ ဖြစ်သည်။ ပင်လယ်နီသည် ၁၄၀၀မိုင်ခန့် ရှည်လျားသော်လည်း အကျယ်မှာ ၂၂၁မိုင်ခန့်သာ ဖြစ်သည်။ အကျယ်အဝန်းအားဖြင့် စတုရန်းမိုင် ၁၆၉၀၀၀ ဖြစ်သည်။ အနက်ဆုံးနေရာသည် ၉၉၇၀ပေ ရှိပြီး ပျမ်းမျှအနက်မှာ ၁၆၀၈ပေ ဖြစ်သည်။ ပင်လယ်နီသည် မြောက်ဘက်အကျဆုံး အပူပိုင်းဒေသ ပင်လယ်လည်းဖြစ်သည်။ သင်္ဘောအများအပြားသည် ပင်လယ်နီကို ဖြတ်သန်း သွားလာကြသည်။ အကြောင်းမှာ စူးအက်တူးမြောင်းသည် ပင်လယ်နီကို မြေထဲပင်လယ်နှင့် ဆက်ထားပေးပြီး အခြားတစ်ဖက်မှာ အိန္ဒိယ သမုဒ္ဒရာသို့ ထွက်ပေါက်ဖြစ်သည်။ ကျောရိုးမရှိသည့်(invertebrate) သက်ရှိမျိုးစိတ်ပါင်း ၁၀၀၀ ခန့်သည် ပင်လယ်နီထဲတွင် ကျက်စားပြီး သန္တာကောင်ပေါင်း အမျိုးအစား ၂၀၀ခန့်လည်းရှိသည်။
ပင်လယ်နီသည် အရောင်သတ်မှတ်ချက် နှင့်ခေါ်ဝေါ်သော ပင်လယ် ၄ခု အနက်တစ်ခုဖြစ်သည်။ အခြားပင်လယ် ၃ခုမှာ ပင်လယ်နက် ၊ ပင်လယ်ဖြူ နှင့် ပင်လယ်ဝါ တို့ဖြစ်သည်။ ပင်လယ်နီ(Red Sea) ဟုခေါ်ရခြင်းနှင့် ပတ်သတ်၍ ယူဆချက်နှစ်မျိုးရှိသည်။ ပထမတစ်မျိုးမှာ တခါတရံ ရေပြင်ကို အနီရောင်ဖြစ်အောင် လုပ်ပေးနိုင်သည့် “အယ်လ်ဂျီ” တွေကြောင့် ၊ “ပင်လယ်နီ ” ဆိုတဲ့ အမည်ကို ရခြင်းဖြစ်သည်။ နောက်တစ်မျိုးမှာ ဂရိတို့ပေးထားသော ပင်လယ်၏ မူလအမည်ဖြစ်သည့် Erythra Thalassa မှ အင်္ဂလိပ်ဘာသာသို့ တိုက်ရိုက်ပြန်ဆိုခြင်းဖြစ်သည်။ ဟီးဘရူးဘာသာတွင်မူ Yam Suph (သို့) Sea of Reeds ဟု အဓိပ္ပါယ်ရသည်။ ပုံမှန်အားဖြင့်မူ ပင်လယ်နီ၏ ရေပြင်မှာ ပုံမှန်ပင်လယ်များကဲ့သို့ အပြာအရောင်သာဖြစ်သည်။
ပင်လယ်နီရှိ ရေများတွင် ဆား ပိုများပြီး အခြား ပင်လယ်များနှင့် နှိုင်းယှဉ်လျှင် ပိုမိုကြည်လင်သည်။ အကြောင်းမှာ ပင်လယ်နီ အတွင်းသို့ စီးဝင်သောမြစ် မရှိသလောက် နီးပါးဖြစ်၍ ဖြစ်သည်။ ပင်လယ်နီ အနီးပတ်ဝန်းကျင်၏ ရာသီဥတုမှာ ခြောက်သွေ့ပြီး ပူနွေးသည်။ ထို့အတွက်ကြောင့် ဥရောပနှင့် ကမ္ဘာ့အခြားအရပ်မှ လူတို့သည် ပင်လယ်နီသို့ အပန်းဖြေရန် လာရောက်ကြလေ့ ရှိသည်။ ပင်လယ်နီနှင့် ကပ်နေသော တိုင်းပြည်များမှာ အီဂျစ်နိုင်ငံ၊ ဆူဒန်နိုင်ငံ၊ အီရီထရီးယားနိုင်ငံ၊ ယီမင်နိုင်ငံ ၊ ဆော်ဒီအာရေဗျနိုင်ငံ၊ ဂျော်ဒန်နိုင်ငံ နှင့် အစ္စရေးနိုင်ငံတို့ ဖြစ်သည်။ မြောက်ဖက်အကျဆုံးတွင် ဆိုင်းနိင်းကျွန်းဆွယ်အား စူးအက်ပင်လယ်ကွေ့ နှင့် Aqaba ပင်လယ်ကွေ့ များ နှင့် ပိုင်းခြားထားသည် ။ ပင်လယ်နီ နှင့် မြေထဲပင်လယ် အား စူးအက်တူးမြောင်းဖြင့်ဆက်သွယ်ထားသည် ။ ထို့အတူ ပင်လယ်နီ မှ အေဒမ်ပင်လယ်ကွေ့အား Bab el Mandeb အမည်ရ ရေလက်ကြား မှတဆင့် ဖြတ်ကျော်နိုင်သည် ။
လွန်ခဲ့သည့် နှစ်ပေါင်း ၅၆သန်း နှင့် ၃၄သန်းကြား အချိန်က အာဖရိကတိုက်သည် တဖြည်းဖြည်းရွေ့လျှားလာခဲ့သည်။ ထို့နောက် အရှိန်ရလာခဲ့ပြီး နှစ်ပေါင်း ၃၄သန်း နှင့် ၂၃သန်းကြားတွင် ပင်လယ်နီဖြစ်ပေါ် လာခဲ့သည်ဟု ပညာရှင်များက ဆိုကြသည်။ ရှေးအီဂျစ်တို့က ဘီစီ ၂၅၀၀ခန့်ကတည်းက ပင်လယ်နီကို အသုံးပြုခဲ့သည်။ ဘီစီ ၁၅၀၀ ဝန်းကျင်ခန့် ဘုရင်မ ဟတ်ရှပ်ဆတ် လက်ထက်တွင် ရွှေမြေ ဟုခေါ်သော Punt သို့ ကုန်သွယ်ရန်အတွက် အသုံးပြုခဲ့သည်။ ထို့နောက် ဤဒေသသည် ရောမ အင်ပါယာပိုင်ဒေသဖြစ်လာခဲ့သည် ။
သြဂတ်စတပ်လက်ထက်တွင် ပင်လယ်နီသည် အိန္ဒိယနှင့် တရုတ်နိုင်ငံများသို့ ကုန်သည်ရာ အဓိကလမ်းကြောင်းဖြစ်ခဲ့သည်။ အေဒီ ၇ရာစုအချိန်မှစ၍ ဤဒေသတွင် မူဆလင်များ အင်အားကြီးထွားလာခဲ့ပြီးနောက် ဤဒေသကိုခြေကုပ်ယူကာ အာဖရိက အရှေ့ဖက်ဒေသ ‘ အာရှတိုက်အရှေ့ဖက်ဒေသ နှင့် ကူစည်ကူးသန်းပြီး သူတို့၏အယူဝါဒကို ချဲ့ထွင်ခဲ့ကြသည် ။ သို့သော်လည်း ပင်လယ်နီသည် ဥရောပတိုက်သားများအတွက်မူ အရေးပါသည့် ကုန်သွယ်လမ်းကြောင်းမဟုတ်ခဲ့ပေ ။ ၁၈၆၉ – ခုနှစ်တွင် ဥရောပဒေသ မြေထဲပင်လယ် မှ ပင်လယ်နီသို့သွားလာနိင်သည် စူးအက်တူးမြောင်းကို ဖွင့်လှစ်နိင်ခဲ့သည် ။ ထိုအချိန်မှစ၍ Red Sea သည် ဥရောပ နှင့် အာရှ အရှေ့ဖက် ကုန်သွယ်မှု တွင် အဓိကကျသည့်ရေလမ်းကြောင်းဖြစ်လာခဲ့သည် ။ ပင်လယ်နီ ဒေသ၏ အဓိက ပင်လယ်ဆိပ်ကမ်းများမှာ အီဂျစ်မှ စူးအက် ၊ Al Quşayr ၊ ဆူဒန်မှ Sawākin ၊ အီသီယိုပီးယားမှ Massawa ၊ ဆော်ဒီအာရေဗျမှ Jiddah ၊ ယီမင်မှ Al Ḩudaydah နှင့် Mocha ဆိပ်ကမ်းများဖြစ်ကြသည် ။
Red Sea ဒေသ သည် အလွန်ပူပြင်းသောကြောင့် ပင်လယ်ကြီးသည် ရေငွေ့ပျံမှုမြင့်မားသည် ။ ဇူလိုင်လသည် အပူဆုံးလဖြစ်ပြီး ထိုအချိန်တွင် ပယ်လယ်ပြင်ကြီး၏ ပျမ်းမျှအပူချိန်မှာ ၉၀ဒီဂရီ ဖာရင်ဟိုက်အထိ ရှိနေတတ်သည်။ ထို့ကြောင့် ပင်လယ်နီ ၏ ပင်လယ်ရေသည် ဆားပါဝင်မှုအလွန်မြင့်မားသည့် ပင်လယ်ဖြစ်သည် ။ bigeye houndshark, starspotted smooth-hound, milk shark, snaggletooth shark စသည်ဖြင့် ငါးမန်းအမျိုးအစား ၄၄မျိုးကို ပင်လယ်နီတွင်တွေ့ရတတ်သည်။ လူများကို အများဆုံး အန္တရာယ်ပြုတတ်သည့် သတ္တဝါများမှာ ကျားငမန်း ၊ ကင်းမီးကောက်ငါး ၊ ယုန်ငါး ၊ stingrays(ငါးလိပ်ကျောက်တစ်မျိုး) တို့ဖြစ်ကြသည်။
၄။ ပင်လယ်နက်
ပင်လယ်နက်(Black Sea) သည် ကုန်းတွင်းပိုင်းပင်လယ်ဖြစ်ပြီး ဥရောပအရှေ့တောင်ပိုင်း နှင့် အာရှမိုင်းနားဒေသ အကြားတွင်တည်ရှိသည် ။ ပင်လယ်နက် နှင့် အေဂျင်ပင်လယ်အား အစ္စတန်ဘူ ရေလက်ကြား နှင့် ဆက်သွယ်ထားသည် ။ ရိုမေးနီးယားနိုင်ငံ ၊ ဘူဂေးရီးယားနိုင်ငံ နှင့် တူရကီ နိုင်ငံ ၊ ယူကရိန်းနိုင်ငံ ၊ ရုရှား ၊ ဂျော်ဂျီယာနိုင်ငံများ၏ ပိုင်နက်နယ်မြေများသည် ပင်လယ်နက် ပါတ်ဝန်းကျင်တွင်တည်ရှိသည်။
ပင်လယ်နက် သည် အရှေ့မှ အနောက်သို့ ၇၅၀မိုင် ၊ အနံ အကျယ်ဆုံးနေရာမှာ ၃၈၀မိုင်အထိ ရှိကာ ဧရိယာစတုရန်းမိုင်ပေါင်း ၁၆၈၅၀၀ အထိကျယ်ဝန်းသည် ။ ပင်လယ်နက်ထဲသို့ ဥရောပအလယ်ပိုင်း နှင့် အရှေ့ဖက်ဒေသများမှ မြစ်များစွာစီးဝင်ပြီးထိုအထဲတွင် Dnieper, Dniester, Southern Bug, Don နှင့် Danube မြစ်များပါဝင်သည် ။ ထို့အတူ အာရှမိုင်းနားဒေသမှ Yeşil Irmak, Kızılırmak, နှင့် Sakarya မြစ်များသည်လဲ Black Sea ထဲသို့စီးဝင်သည် ။ ပင်လယ်ကြီး၏ ရေအနက်ဆုံးဒေသမှာ ၇၂၅၀ ပေ အထိ ရေအနက်ရှိသည် ။
အများအားဖြင့် ဆောင်းရာသီအချိန်များတွင် ဤဒေသသို့မြောက်ဖက်မှ လေပြင်းများ ကျရောက်ကာ မိုးသက် မုန်တိုင်းများတိုက်ခတ်လေ့ရှိတတ်သည် ။Black Sea ဒေသ တွင်ငါးကြင်း နှင့် အခြားငါးများ ပေါများစွာတွေ့ရှိနိုင်သည်။ ထူးခြားသည်မှာ ပင်လယ်၏ အပေါ်ပိုင်းရေများ(upper water ) သည် ရေနက်ပိုင်းရေများ(deep water) နှင့် ရောနှောပေါင်းစပ်သွားခြင်းမရှိပဲ အလွှာတစ်လွှာစီရှိနေခြင်းဖြစ်သည်။ အနက်ပေ ၆၀၀ ဝန်းကျင်အထက်မှာ အပေါ်ပိုင်းဖြစ်ပြီး ၆၀၀ ဝန်းကျင်အောက်ဘက်မှာ ရေနက်ပိုင်းဖြစ်သည်။ ရေနက်ပိုင်းရေတွင် အဆိပ်အတောက်များပင် ပါဝင်သည်ဟု ဆိုကြသည်။
ဤဒေသ၏ အဓိက ပင်လယ်ဆိပ်ကမ်းများမှာ ယူကရိန်းတို့၏ Odessa , Kherson နှင့် Sevastopol ဆိပ်ကမ်း ၊ ဂျော်ဂျီယာနိုင်ငံ၏ P’ot’i နှင့် Bat’umi ဆိပ်ကမ်း ၊ ရုရှားနိင်ငံ၏ Novorossiysk ဆိပ်ကမ်း၊ ရိုမေးနီးယားနိင်ငံ၏ Constanţa ဆိပ်ကမ်း ၊ ဘူဂေးရီးယား နိင်ငံ၏ Burgas နှင့် Varna ဆိပ်ကမ်း ၊ တူရကီတို့ ၏ Ereğli, Samsun, Sinop, နှင့် Trabzon ဆိပ်ကမ်းများဖြစ်ကြသည် ။
ဂရိခေတ်တုန်းက ပင်လယ်နက်(Black Sea) ကို Inhospitable Sea ဟုခေါ်သည်။ အဓိပ္ပါယ်မှာ ဖော်ရွှေမှုကင်းမဲ့သောပင်လယ် ဖြစ်သည်။ ရေးလမ်းကြောင်းသွားလာရန်ခက်ခဲခြင်းနှင့် ထိုစဉ် ကမ်းခြေတစ်လျှောက်နေထိုင်ကြသော လူများစုများသည် သင်္ဘောများကို ရန်ပြုတတ်သဖြင့် ထိုနာမည်ပေးထားခြင်းဖြစ်သည်။ ပင်လယ်နက် ဟုခေါ်ခြင်းမှာ ဟိုက်ဒရိုဂျင်ဆာလဖိုက်ပါဝင်မှုလွန်ကဲသည့် အနက်ရောင်ရွှံ့များပါဝင်ခြင်း နှင့် ဆောင်းရာသီ မှုန်တိုင်းများပြင်းထန်သည့်အချိန် ပင်လယ်ပြင်ကိုအဝေးမှကြည့်လျှင် အမည်းရောင်ရေပြင်ကြီးသဖွယ်တွေ့မြင်ရသဖြင့် သင်္ဘောသားများက ပေးထားကြခြင်းဖြစ်သည်။
ပင်လယ်နက် ထဲတွင် ရှေးနှစ်ပေါင်းများစွာအချိန်မှစ၍ ကုန်စည်ကူးသန်းရောင်းဝယ်ရန် သွားလာခဲ့ကြသည် ။ ဂရိခေတ် ၊ ရိုမန်ခေတ် များတွင် ဤဒေသ တချို့ကို သိမ်းယူပြီး ကုန်စည်ကူးသန်းရောင်းဝယ်ခဲ့ကြသည် ။ အရှေ့ရောမအင်ပါယာဖြစ်သည့် Byzantine အင်ပါယာသည် ယနေ့တူရကီနိင်ငံ အစ္စတန်ဘူဒေသတွင် အခြေစိုက်ပြီးနောက် ဤဒေသသည် အဓိက ကူးသန်းရောင်းဝယ်ရာနေရာ ဖြစ်လာခဲ့သည် ။
အေဒီ ၁၄၅၃ – အချိန်တွင် Byzantine အင်ပါယာ ပျောက်ကွယ်ပြီး အော်တိုမင်အင်ပါယာ အင်အား ကြီးထွားလာခဲ့ပြီးနောက် အစ္စတန်ဘူရေလက်ကြားကို ပိတ်ဆို့ကာ အော်တိုမင်များသည် နိင်ငံခြား ကူးသန်းရောင်းဝယ်မှုဟူသမျှ ကိုပိတ်ပင်ထားခဲ့ကြသည် ။ထိုကဲ့သို့ပိတ်ဆို့ထားမှုသည် ရာစုနှစ် ၃စုကြာမြင့်ခဲ့သည် ။ ၁၈ရာစု အစောပိုင်းနှစ်များမှ စတင်ကာ ပင်လယ်နက်ဒေသ တွင် အော်တိုမင်များသည်ရုရှားတို့၏ စိန်ခေါ်မှု များ နှင့် ရင်ဆိုင်လာခဲ့ရသည် ။ ဤဒေသတွင် Crimean War စစ်ပွဲပြီးဆုံးပြီးနောက် Treaty of Paris စာချုပ်အရ ပင်လယ်နက်ဒေသအား စစ်မဲ့ဇုံအဖြစ်သတ်မှတ်ကာ နိင်ငံတကာ ကုန်သွယ်မှုအတွက် ဖွင့်ပေးခဲ့ရသည် ။
၁၈၇၀ခုနှစ်တွင် ရုရှား အင်ပါယာ၏ ဘုရင် Alexander II သည် ပဲရစ်စာချုပ် အရ စစ်မဲ့ဇုံကို ပယ်ဖျက်ကာ ရုရှားရေတပ်ကို Black Sea ဒေသ တွင် အထိုင်ချထားခဲ့သည် ။ ထိုအခါ အော်တိုမင်များသည် အစ္စတန်ဘူရေလက်ကြားကိုပိတ်ဆို့ခဲ့သဖြင့် ရုရှား နှင့် အော်တိုမင်တူရကီများစစ်ပွဲဖြစ်ပွားခဲ့သည် ။ Russo-Ottoman War ( ၁၈၇၇ – ၁၈၇၈ ) ခုနှစ် အချိန်က ရုရှားတို့သည် အော်တိုမင်များကို အောင်နိင်ခဲ့ပြီး Black Sea ၏ ပင်လယ်ထွက်ပေါက်များကိုပြန်လည်ရရှိခဲ့သည် ။ ပထမကမ္ဘာစစ်အချိန်တုန်းကလည်း ရုရှားရေတပ်သည် Black Sea ထဲမှနေ၍ အော်တိုမင်များ အား အောင်မြင်စွာတိုက်ထုတ်နိင်ခဲ့သည် ။
Via: Academy
သုတဇုန်