ကမ္ဘာပေါ်က ပင်လယ်တွေမှာ အရောင်တဲ့ခေါ်တဲ့ ပင်လယ် ၄စင်းရှိတယ် ဆိုတာသိပြီးဖြစ်မှာပါ။ ပင်လယ်နီ ၊ ပင်လယ်နက် ၊ ပင်လယ်ဝါ နဲ့ ပင်လယ်ဖြူတို့ဖြစ်ပါတယ်။ ဒီအထဲက ပင်လယ်နီ နဲ့ ပင်လယ်နက် အကြောင်းကိုတာ့ တင်ခဲ့ပြီးပါပြီ။ ဒီတစ်ခါ သုတဇုန် မိတ်ဆွေများကို ဗဟုသုတ အနေနဲ့ မျှဝေပေးမှာကတော့ ပင်လယ်ဖြူ(White Sea) အကြောင်းပဲ ဖြစ်ပါတယ်။
ပင်လယ်ဖြူဆိုတာ ဘဲရန်စ့်ပင်လယ် ရဲ့တောင်ဘက်ပိုင်း ၊ ရုရှားကမ်းရိုးတန်းရဲ့အနောက်မြောက်ဘက်မှာ တည်ရှိတဲ့ ရေလက်ကြားပင်လယ်တစ်ခုပဲ ဖြစ်ပါတယ်။ ပင်လယ်ဖြူရဲ့ အနောက်ဘက်မှာ Karelia ဒေသ ၊ မြောက်ဘက်မှာ ခိုလာကျွန်းဆွယ် ၊ အရှေ့မြောက်ဘက်မှာ ကန်နင်ကျွန်းဆွယ်တို့ တည်ရှိနေပါတယ်။ ပင်လယ်ဖြူ တစ်ခုလုံးဟာ ရုရှားနယ်မြေထဲမှာ ရှိနေပါတယ်။
ပင်လယ်ဖြူရဲ့ အစိတ်အပိုင်းအများစုဟာ တစ်နှစ်ကို ၆လ ကနေ ၇လ အထိ ရေခဲဖုံးနေတတ်ပြီး ဖြူလွှလွှွကောင်းကင်ပြင် နဲ့ ရေရဲ့အရောင်ဟာ အဖြူရောင်သန်းနေတာကြောင့် ပင်လယ်ဖြူ လို့ခေါ်ကြခြင်းဖြစ်ပါတယ်။
ရုရှားနိုင်ငံရဲ့ အရေးပါတဲ့ ပင်လယ်ဖြူထဲက အဓိကဆိပ်ကမ်းမြို့ကတော့ Arkhangelsk မြို့ဖြစ်ပြီး ဒီမြို့ဟာ သမိုင်းတလျှောက်မှာ ရုရှာတို့ရဲ့ အဓိက ကုန်သွယ်ဆိပ်ကမ်းမြို့ဖြစ်ခဲ့ပါတယ်။ ပင်လယ်ဖြူကို White Sea-Baltic တူးမြောင်းက တစ်ဆင့် ဘော်လ်တစ်ပင်လယ်ကို ဆက်သွယ်ထားပါတယ်။
ပင်လယ်ဖြူ တည်ရှိကြောင်းကို အဲဒီတစ်ဝိုက်မှာ နေထိုင်တဲ့ Novgorod လူမျိုးတွေက တစ်ဆင့် ၁၁ရာစုဝန်းကျင်လောက်ကတည်းက သိရှိခဲ့ကြပြီး Novgorod တွေဟာ ပင်လယ်ဖြူကို အဲဒီကတည်းက ရေလမ်းခရီးအတွက် အသုံးပြုနေကြပါပြီ။
ဒါပေမယ့် ကမ်းရိုးတန်းတစ်လျှောက်မှာတော့ အတည်တကျနေထိုင်သူ မရှိခဲ့ပါဘူး။ ၁၃ရာစုနှောင်းပိုင်းမှာမှ Kholmogory ရွာကို ပထမဆုံးတည်ထောင်နေထိုင်ကြပါတယ်။
အေဒီ ၁၄၀၀ နဲ့ ၁၇၀၀ ကြားမှာတော့ ပင်လယ်ဖြူဟာ ရုရှားတို့ရဲ့ အဓိက ကုန်သွယ်ရေးလမ်းကြောင်းဖြစ်လာခဲ့ပါပြီ။ ဒါပေမယ့် ၁၇၀၃ခုနှစ် စိန့်ပီတာဘတ်စ်မြို့ကို တည်ထောင်ခဲ့အပြီးမှာတော့ ပင်လယ်ဖြူကို အသုံးပြုမှုနည်းပါးသွားပါတယ်။ စိန့်ပီတာဘတ်စ်က တစ်ဆင့် ရေခဲပြင်ကို ဖြတ်ပြီး အနောက်ဥရောပကို သွားတဲ့လမ်းကြောင်းဟာ ပင်လယ်ဖြူလမ်းကြောင်းထက် ပိုလွယ်ပြီး ခရီးပိုပေါက်လို့ဖြစ်ပါတယ်။
အဲဒီအချိန်တုန်းက အဓိက ဒေသဖြစ်တဲ့ Arkhangelsk ကတော့ ယနေ့အခါမှာ ရုရှားရေငုပ်သင်္ဘောတွေနဲ့ ရေတပ်အတွက် အခြေစိုက်စခန်းဖြစ်လာပါတယ်။
ပင်လယ်ဖြူရဲ့ ဧရိယာဟာ ၃၄၇၀၀ စတုရန်းမိုင်ရှိပါတယ်။ ပျမ်းမျှအနက်ကတော့ ၁၉၇ပေ ပဲ ရှိပေမယ့် အနက်ဆုံးနေရာကတော့ ၁၁၁၅ပေ တောင်ရှိပါတယ်။
ပင်လယ်ဖြူမှာ အဓိက ပင်လယ်ကွေ့ ၄ခု ရှိပါတယ်။ ဒါတွေကတော့ Mezen Bay, Dvina Bay, Onega Bay, and Kandalaksha Gulf တို့ ဖြစ်ကြပါတယ်။ အပေါ်မှာပြောခဲ့တဲ့ ၁၁၁၅ပေအထိတောင်နက်တဲ့ အနက်ဆုံးအပိုင်းကတော့ Kandalaksha Gulf အပိုင်းဖြစ်ပါတယ်။
များပြားလှတဲ့ မြစ်များစွာဟာလည်း ပင်လယ်ဖြူထဲကို စီးဝင်နေကြပါတယ်။ ဒီအထဲက အဓိက မြစ်တွေကတော့ မယ်ဇန်မြစ် ၊ ကူလွိုင်မြစ် ၊ Vyg မြစ် ၊ နီဗာမြစ် ၊ အမ်ဘာမြစ် ၊ ဗာဇူဂါမြစ် နဲ့ ပိုနွိုင်းမြစ် တို့ပဲဖြစ်ပါတယ်။
ပင်လယ်ဖြူထဲမှာ ကျွန်းပေါင်းရာနဲ့ချီပြီး ရှိပေမယ့် အားလုံးနီးပါးဟာ ကျွန်းငယ်လေးတွေသာ ဖြစ်ပါတယ်။ အဓိကကျွန်းစုဖြစ်တဲ့ ဆိုလိုဗက်စကီးကျွန်းစုဟာ ပင်လယ်ဖြူရဲ့ အလယ်တည့်တည်မှာရှိနေပြီး ကျွန်း ၆ကျွန်းနဲ့ ဖွဲ့စည်းထားပါတယ်။ ဒီကျွန်းစုရဲ့ ဧရိယာကတော့ ၁၃၄ စတုန်ရန်းမိုင်ဖြစ်ပါတယ်။
နောက်ထင်ရှားတဲ့ ကျွန်းကတော့ Kiy ကျွန်းဖြစ်ပြီး ဒီကျွန်းပေါ်မှာတော့ ၁၆၃၂ခုနှစ်က တည်ဆောက်ခဲ့တဲ့ သမိုင်းဝင် ဘုရားကျောင်းတစ်ခု တည်ရှိနေပါတယ်။
ပင်လယ်ဖြူထဲမှာ ကျောရိုးမဲ့ တိရစ္ဆာန်မျိုးစိတ်ပေါင်း ၇၀၀ခန့်ကျက်စားနေထိုင်ပါတယ်။ ပင်လယ်ငါးသလောက် ၊ ဆာဖရွန်ပင်လယ်ငါး ၊ အတ္တလန်တစ်ပင်လယ်ငါး ၊ အတ္တလန်တစ်ဆော်လမွန် ၊ ဥရောပ ပင်လယ်ငါးသလောက် အစရှိတဲ့ ငါးမျိုးစိတ်ပေါင်း ၆၀ ခန့်လည်း ရှိပါတယ်။ ဝေလငါးဖြူ ၊ beluga ဝေလငါး၊ humpback ဝေလငါးတွေအပြင် လင်းပိုင်မျိုးစိတ် တွေကိုလည်း ပင်လယ်ဖြူမှာမြင်တွေ့နိုင်ပါတယ်။
ရောင်းအားကောင်းလှတဲ့ ပင်လယ်ဖြူရဲ့ အဓိကထုတ်ကုန်တစ်ခုကတော့ ပင်လယ်ကျောက်ပွင့်တွေဖြစ်ပါတယ်။
ရာသီဥတုကတော့ သူ့ဒေသနဲ့ သူအမျိုးမျိုးရှိနိုင်ပါတယ်။ ပုံမှန်အားဖြင့်တော့ မြူ နဲ့ တိမ်တွေထူထပ်နေလေ့ရှိပါတယ်။ ပျမ်းမျှအပူချိန်ကတော့ ၁၀ဒီဂရီ နဲ့ ၁၅ဒီဂရီ ဆဲစီးယပ်စ်ကြားမှာရှိပြီး နွေရာသီမှာတော့ တခါတရံ ၃၀ဒီဂရီ ဆဲစီးယပ်စ်အထိ ရှိတတ်ပါတယ်။