ရေးသားသူ – Academy Page
Persian Gulf War
ပါရှန်ပင်လယ်ကွေ့စစ်ပွဲသည် ခေတ်သစ် ကမ္ဘာ့သမိုင်း၏ ထင်ရှားသည့်စစ်ပွဲတစ်ပွဲဖြစ်သည် ။ ၁၉၉၀ – သြဂုတ်လ အချိန်က အီရတ်တပ်များ ကူဝိတ်နိုင်ငံအား ဝင်ရောက် ကျူးကျော်သိမ်းယူရာမှ စတင်ခဲ့သည် ။ ၁၉၉၁ – ဇွန်နဝါရီလ နှင့် ဖေဖေါ်ဝါရီလတွင် အီရတ် နှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းတပ်များ စစ်ပွဲဖြစ်ပြီး နောက် အီရတ်တပ်များအားကူဝိတ်နိုင်ငံမှ ပြန်လည်မောင်းထုတ်နိုင်ခဲ့သည် ။
စစ်ဖြစ်ရသည့်အကြောင်းအရင်း
ကူဝိတ်ဒေသ သည် ၁၈ -ရာစုအစ မှ ၁၈၉၉ – အချိန်အထိ အော်တိုမင်အင်ပါယာ ဒေသဖြစ်ခဲ့သည် ။ နောက်ပိုင်းဗြိတိသျှ အစိုးရ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်လာခဲ့သည် ။ ၁၉၆၁ – ခုနှစ် တွင် ကူဝိတ်နိုင်ငံသည် ဗြိတိသျှ တို့ထံမှ လွတ်လပ်ရေးရရှိသော အခါ အီရတ်တို့မှ ကူဝိတ် သည် အော်တိုမင်အင်ပါယာခေတ် အချိန်ကတည်းက အီရတ်အပိုင်ဒေသ ဖြစ်သည်ဟု တောင်းဆိုခဲ့သည် ။
နိုင်ငံတကာဖိအား နှင့်အတူ ၁၉၆၃ – အချိန်တွင် ကူဝိတ်နိင်ငံ တည်ရှိမှုအား အီရတ်မှ အသိအမှတ်ပြု ပေးခဲ့ရသော်လည်း နှစ်နိုင်ငံနယ်စပ်တွင် တခါတရံ တင်းမာမှုများရှိခဲ့သည် ။ အီရန် – အီရတ် စစ်ပွဲ ( ၁၉၈၀ – ၁၉၈၈ ) အချိန်က အီရတ် နှင့် ကူဝိတ် နှစ်နိုင်ငံ ဆက်ဆံရေး သည် တိုးတက်မှုရှိခဲ့ပြီး ကူဝိတ်သည် အီရတ်အားငွေကြေးများစွာချေးငှားပေးခဲ့သည် ။ ထိုချေးငှားမှု နှင့်အတူ အီရန် – အီရတ် စစ်ပွဲပြီးချိန်တွင် အီရတ်တို့သည် ကူဝိတ်နိုင်ငံအား အကြွေး ဒေါ်လာ ဘီလီယံ ၈၀ – ကျော် အထိ ပေးဆပ်ရန်တင်ရှိလာခဲ့သည် ။
တချိန်တည်းမှာပင် အီရတ်တို့မှ ကူဝိတ်တို့သည် နှစ်နိုင်ငံ နယ်စပ်မှ ရေနံများကိုတူးယူခဲ့သော်လည်း အီရတ်တို့အား အကျိုးအမြတ်ခွဲဝေမပေးဟု စွပ်စွဲလာသည် ။ ထို့အတူ ကူဝိတ်သည် အိုပက် အဖွဲ့မှ သဘောတူထားသည့် ပမာဏ ထက် ရေနံပိုထုတ်ခဲ့သဖြင့် ရေနံဈေးကျဆင်းခဲ့ကာ အီရတ်တို့အတွက်နစ်နာခဲ့သည်ဟု အပြစ်တင်သည် ။ အကြွေးကိစ္စဖြင့်အငြင်းပွားမှု မြင့်တက် လာချိန် ၁၉၉၀ – နွေရာသီတွင် အီရတ် တို့သည် အီရတ်စစ်တပ်အား ကူဝိတ်နယ်စပ်သို့ရွှေ့ပြောင်းကာ တပ်စွဲထားလိုက်သည် ။ အာရပ်နိုင်ငံများ နှင့် နိုင်ငံတကာ အသိုင်းအဝိုင်းများမှ အီရတ် – ကူဝိတ်ပြသနာအား စေ့စပ် ညှိနှိုင်းရန်ကြိုးစားခဲ့ကြသည် ။ သို့သော်လည်း ဆဒန်ဟူစိန်မှာ ကူဝိတ်နိုင်ငံအား ကျူးကျော်စစ်ဆင်နွဲရန် စီမံကိန်းချထားပြီး ဖြစ်နေပြီဖြစ်သည် ။
အီရတ်ကျူးကျော်စစ်
၁၉၉၀ – သြဂုတ်လ ၂ – ရက်နေ့ ညသန်းခေါင်ကျော် အချိန်တွင် အီရတ်တပ်ဖွဲ ဝင် တသိန်းခွဲ ခန့် သည် ကူဝိတ်နိုင်ငံအတွင်းသို့ ကျူးကျော်ဝင်ရောက်လာခဲ့သည် ။ အီရတ်တပ်ဖွဲ့သည် လေ့ကျင့်မှု မရှိသည့် ကူဝိတ် စစ်သည် ၂ – သောင်းခန့်အား အောင်နိုင်ကာ ကူဝိတ် မြို့တော် နှင့်တကွ တနိုင်ငံလုံး အား အလွယ်တကူ သိမ်းယူနိင်ခဲ့သည် ။အီရတ်တို့မှ စစ်ပွဲအောင်နိုင်မှု နှင့်အတူ ကူဝိတ်တွင် ဘုရင် အစိုးရနေရာအား ရုပ်သေး အစိုးရဖြင့် အစားထိုးခဲ့သည် ။သို့သော် ကုလသမဂ္ဂလုံခြုံရေးကောင်စီ နှင့် အာရပ်နိုင်ငံများအဖွဲ့မှ လက်မခံပဲ အီရတ်၏ ကျူးကျော်မှုများကို အပြင်းအထန် ပြစ်တင် ရှုံ့ချခဲ့ကြသည် ။
နောက် ၄ -ရက်အကြာတွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ အီရတ်နိုင်ငံအား စီးပွားရေးပိတ်ဆို့သည့် ဥပဒေ ကို ချမှတ်ခဲ့ကြသည် ။ အီရတ်များ ကူဝိတ်ကို သိမ်းယူထားစဉ် အတွင်း အာဏာလက်လွှတ်ခဲ့ရသည့် ကူဝိတ်ဘုရင်သည် သူ၏ ဒီမိုကရက်တစ်ပြိုင်ဖက်များ နှင့် ဆော်ဒီအာရေဗျနိုင်ငံ Jiddah မြို့တွင်တွေ့ဆုံပြီး ကူဝိတ်နိုင်ငံ အတွက် ညီညွတ်မှုရှိကြောင်းပြသခဲ့ကြသည် ။ ဘုရင်မှလည်း ဘုရင့်မိသားစုသည် ကူဝိတ်သို့ပြန်လာနိုင်ခဲ့လျှင် နိုင်ငံ၏ ဖွဲ့စည်းပုံကိုပြန်လည်ပြင်ဆင်ပေးမည်ဟု သူ၏ပြိုင်ဖက်များကို ကတိစကား ပေးခဲ့သည် ။
အပြန်အလှန်အားဖြင့် ဒီမိုကရက်တစ်ပြိုင်ဖက်များမှ နန်းချခံရသည့် ဘုရင်ကိုကူညီရန် သဘောတူညီခဲ့ကြသည် ။ အခြားအာရပ်နိုင်ငံများဖြစ်သည် ဆော်ဒီ ၊ အီဂျစ် ၊ ဆီးရီးယား နိုင်ငံများမှလည်းအီရတ် သမ္မတ ဆဒန်ဟူစိန် သည် ကူဝိတ်သာမက တခြားနိုင်ငံများကိုလည်း ဝင်ရောက်ကျူးကျော် မည့်အရေးကို စိုးရိမ်လာကြသည် ။ ဆော်ဒီဘုရင်မှလည်း အီရတ်ရန်မှ ကာကွယ်ရန် နိုင်ငံထဲသို့နိုင်ငံခြား တပ်များဝင်ရောက်တပ်စွဲခြင်းကို ခွင့်ပြု ပေးလာခဲ့သည် ။နောက်ဆုံး ကူဝိတ်မှ အီရတ်တပ်များကို ပြန်လည်မောင်းထုတ်ရန် အမေရိကန် နှင့် အနောက်နိုင်ငံများ ဦးဆောင်သည့် နိုင်ငံတကာတပ်ဖွဲ့ကိုစုစည်းခဲ့ကြသည် ။
နိုင်ငံစုံတပ်ဖွဲ့
အီရတ်တို့ကူဝိတ် အား ဝင်ရောက်သိမ်းယူပြီး လအနည်းငယ်အကြာမှာပင် အင်အားကြီးမားသည့် နိုင်ငံတကာ တပ်ဖွဲ့အားဆော်ဒီအာရေဗျနိုင်ငံတွင် စုစည်းနိုင်ခဲ့ကြသည် ။ နိုင်ငံတကာ တပ်ဖွဲ့အတွက် အမေရိကန် မှ စစ်သည် ၄- သိန်း ပို့ဆောင်ခဲ့ပြီး ကျန် ၂ – သိန်းကို ဆော်ဒီအာရေဗျ ၊ အင်္ဂလန် ၊ ပြင်သစ် ၊ ကူဝိတ် ၊ အီဂျစ် ၊ ဆီးရီးယား ၊ ဆီနီဂေါ ၊ နီဂရာ ၊ မော်ရကို ၊ ဘင်္ဂလားဒေရှ် ၊ ပါကစ္စတန် ၊ အာရပ်ပြည်ထောင်စု ၊ ကာတာ ၊ အိုမန် နှင့် ဘာရိမ်းနိုင်ငံမှ ပို့ ဆောင် ခဲ့ကြသည် ။
တခြားနိုင်ငံများဖြစ်သည့် ကနေဒါ ၊ အီတလီ ၊ အာဂျင်တီးနား ၊ သြစေတြလျ ၊ ဘလ်ဂျီယမ် ၊ ဒိန်းမတ် ၊ ဂရိ ၊ နော်ေ၀ ၊ ပေါ်တူဂီ ၊ စပိန် ၊ ချက် ၊ နယူးဇီလန် ၊ နယ်သာလန် ၊ ပိုလန် နှင့် တောင်ကိုးရီးယား နိုင်ငံများမှ စစ်သင်္ဘောများ ၊ လေယာဉ်များပို့ ဆောင်ပေးခဲ့သည် ။ တူရကီ နိုင်ငံမှ လေတပ်စခန်း အသုံးပြုခွင့်ပေးခဲ့ပြီး ၊ ဂျာမနီ နှင့် ဂျပန်နိုင်ငံတို့မှ အစားအစာ နှင့် ဆေးဝါးများပေးပို့ခဲ့သည် ။ နိုင်ငံစုံတပ်ဖွဲ့၏ အစောပိုင်း ရည်ရွယ်ချက်မှာ အီရတ် နိုင်ငံ၏ ဆက်လက် စစ်ရေးကျူးကျော်မှုကို တားဆီးရန်ဖြစ်သော်လဲ နိုင်ငံအများအပြားက အီရတ်တပ်များအား ကူဝိတ်နိုင်ငံမှပြန်လည် မောင်းထုတ် လိုကြသည် ။
နိုင်ငံစုံတပ်ဖွဲ့အင်အားကြီးထွားလာသည့်အခါ အီရတ်တို့သည် ပြသနာမီးစကို ဖန်တီးလာခဲ့သည် ။နိုင်ငံစုံတပ်ဖွဲ့မှ အီရတ် အား တိုက်ခိုက်လာလျှင် ဓါတုလက်နက် သုံးစွဲမည် ၊ အီရန်- အီရတ် စစ်ပွဲအချိန်ကကဲ့သို့ အိမ်နီးချင်းနိုင်ငံများ၏ မြို့များအား ဒုံးကျည်များဖြင့်ပစ်ခတ်မည် စသည်ဖြင့် ခြိမ်းခြောက်လာခဲ့သည် ။ ကူဝိတ်နိုင်ငံမှ နိုင်ငံခြားသားများကို ဖမ်းဆီးကာ စစ်မြေပြင်တွင် လူသားဒိုင်းကာ အဖြစ် အသုံးပြုမည်ဟု အီရတ်တို့မှ ဆိုလာသည် ။ အာရပ်နိုင်ငံများ၏ တောင်းဆိုမှုကြောင့် ၁၉၉၀ -ဒီဇင်ဘာလတွင် အီရတ်တို့သည် ဖမ်းထားသည့် နိုင်ငံခြားသားများကိုပြန်လွှတ်ပေးခဲ့သည် ။
နောက်ပိုင်း အီရတ် တို့သည် ကူဝိတ်ပြသနာအား အာရပ် – အစ္စရေး ပြသနာအဖြစ် သို့လမ်းလွှဲလာပြန်သည် ။ ကုလသမဂ္ဂအနေဖြင့် အာရပ် – အစ္စရေး ( ၆ ) ရက် စစ်ပွဲအချိန်က သိမ်းထားသည့် အာရပ်နယ်မြေအတွက် အစ္စရေးအား မမောင်းထုတ်ခဲ့သည့်နည်းတူ အီရတ် အားကူဝိတ်မှ မောင်းထုတ်မှု ပြုလုပ်၍မရဟု ဆိုလာသည် ။ အီရတ်တပ်များ ကူဝိတ်မှ ဆုတ်ခွာစေလိုလျှင် အစ္စရေးတပ်များ သိမ်းယူထားသည့် အာရပ် နယ်မြေများကို ပြန်ပေးရမည်ဟုတောင်းဆိုခဲ့သည် ။
အီရတ်၏ တောင်းဆိုချက်များကို အာရပ်နိုင်ငံတချို့မှ သဘောတူကြသော်လည်း တချို့ကသဘော မတူကြပေ ။ နိုင်ငံတကာ နှင့် အီရတ်တို့အငြင်းပွား နေချိန်မှာပင် ကူဝိတ်မှအီရပ်တပ်တချို့ဆုတ်ခွာသွားခဲ့ကြသည် ။ သို့သော် အီရတ်တပ်များအားလုံး ကူဝိတ်မှဆုတ်ခွာမှုကိုသာ နိုင်ငံတကာမှ လိုလားကြသည် ။ ဆော်ဒီအာရေဗျနိုင်ငံတွင် နိုင်ငံတကာတပ်များစစ်ပွဲအတွက် အသင့်အနေထားရှိနေသော်လည်း အီရတ် များအားလုံး ကူဝိတ်နိုင်ငံ မှ ဆုတ်ခွာမည့် လက္ခဏာမပြကြပေ ။ နိုဝင်ဘာ ၂၉ -ရက်နေ့တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ အီရတ်တပ်များအနေဖြင့် ကူဝိတ် မှ ၁၉၉၁ -ဇွန်နဝါရီလ ၁၅ -ရက် နေ့နောက်ဆုံးထားဆုတ်ခွာရန် နှင့် မဆုတ်ခွာခဲ့လျှင် လိုအပ်သလို အရေးယူရန် ဆုံးဖြတ်ချက်ချခဲ့ကြသည် ။
နိုင်ငံတကာ၏နောက်ဆုံး လိုက်လျောချက်ကို အီရတ်တို့မှ ပါယ်ချခဲ့သည် ။ ဇွန်နဝါရီလ ၉ -ရက်နေ့တွင် အမေရိကန် မှတာဝန်ရှိသူများ သည် အီရတ် နိုင်ငံခြားရေးဝန်ကြီး နှင့်တိုက်ရိုက်တွေ့ဆုံကာ ဆွေးနွေးခဲ့ကြသော်လည်း အကြောင်းမထူးခဲ့ချေ ။ အမေရိကန်ပြည်ထောင်စုမှ အစ္စရေးနိုင်ငံအား အီရတ်၏ ရန်စ ချိန်းခြောက်မှုကို အဆုံးစွန်သည်း ခံရန်ဖြောင်းဖျခဲ့သည် ။
စစ်ပွဲဖြစ်ပွားရန်နီးကပ်လာချိန်တွင် အမေရိကန်ပြည်သူများမှ စစ်ကိုဆန့်ကျင်လာကြသည် ။ နိုင်ငံတကာမှလည်း ရေနံဈေးနှန်းများမြင့်တက်လာ မည်ကိုစိုးရိမ်လာခဲ့သည် ။ တချို့အမေရိကန်များကလည်း အမေရိကန်သမ္မတသည် လွတ်တော်၏ သဘောတူညီချက်မရှိဘဲ စစ်ပွဲဆင်နွဲ၍မရဟု ရှူမြင်ကြသည် ။ ဇန်နဝါရီလ ၁၂ -ရက်နေ့တွင် အမေရိကန် လွှတ်တော်၌ မဲခွဲဆုံးဖြတ်ခဲ့ရာ သမ္မတ အနေဖြင့် စစ်တပ်ကို သုံးစွဲခွင့် ဖက်မှ ကျဉ်းမြောင်းသည့်မဲဖြင့်အနိုင်ရရှိခဲ့သည် ။
နိုင်ငံစုံတပ်၏ လေကြောင်း တိုက်ခိုက်မှု
ကုလသမဂ္ဂ၏ နောက်ဆုံး သတ်မှတ်ရက် ဇန်နဝါရီလ ၁၅ -ရက် ကျော်လွန်ချိန်အထိ အီရတ်တပ်များ ကူဝိတ်နယ်မြေမှ ဆုတ်ခွာခြင်း မရှိကြပေ ။ ထိုအခါ နိုင်ငံစုံတပ်များ မှ အီရတ်အား တိုက်ခိုက်ရန်ဆုံးဖြတ်ခဲ့ကြသည် ။ ထိုကဲ့သို့ဆုံးဖြတ်ချက်ချချိန်တွင် နိုင်ငံတချို့( ဥပမာ – မော်ရိုကို ) ပူးပေါင်းပါဝင်မှုမှ လမ်းခွဲသွားခဲ့ကြ သည် ။ ၁၉၉၁ – ဇွန်နဝါရီလ ၁ရ – ရက်နေ့ နံနက်စောစော အချိန်တွင် နိုင်ငံစုံတပ်များသည် အီရတ် ပစ်မှတ်အား လေကြောင်းမှ စတင်တိုက်ခိုက်သည် ။ အီရတ်လေတပ်အခြေစိုက်နေရာများ ၊ ထိန်းချုပ်တာဝါများကိုတိုက်ခိုက်ပြီး ကူဝိတ်ရှိ မြေပြင်တပ်များ အားနည်းအောင် လုပ်ဆောင်ခဲ့ကြသည် ။
အီရတ်တို့၏ ဆက်သွယ်ရေး စနစ်များ ၊ ဓါတ်အားလိုင်းများ ၊ လမ်း ၊ တံတား ၊ စစ်တပ်စခန်းများ နှင့် အစိုးရ ပစ်မှတ်များကို တိုက်ခိုက်ခဲ့သည် ။ အီရတ်တို့သည် သူတို့၏ စစ်တပ်များကို လူနေရပ်ကွက် များတွင် တပ်စွဲထားသဖြင့် လေကြောင်း တိုက်ခိုက်မှုအတွင်း အရပ်သားများလည်း သေဆုံးခဲ့ကြရသည် ။ အီရတ် နှင့် ကူဝိတ်ရှိ တပ်စွဲထားသည့် အီရတ်ခံတပ်စစ်စခန်းအားလုံးကို တိုက်ခိုက်ဖျက်ဆီးခဲ့သည် ။ လေကြောင်းစစ်ဆင်ရေး ၅ -ရက်အတွင်း လေကြောင်းတိုက်ခိုက်မှုပေါင်း များစွာ ပြုလုပ်ခဲ့ပြီး အီရတ်တပ်များမှာလည်း အကြီးအကျယ်ပျက်စီးခဲ့ရသည် ။
နိုင်ငံစုံတပ်များစစ်ပွဲစတင်ဆင်နွဲသည့် အချိန်တွင် အီရတ်တို့သည် အစ္စရေး နှင့် ဆော်ဒီအာရေဗျ နိုင်ငံများရှိ အရပ်သားပစ်မှတ်များအား Scud ဒုံးကျည်များပစ်လွှတ်ခဲ့သည် ။ အီရတ်တို့၏ ရည်ရွယ်ချက်မှာ စစ်ပွဲအတွင်းအစ္စရေးတို့ပါဝင်လာခြင်းဖြင့် အာရပ် တပ်များ၏ စိတ်အာရုံများဘက်ပြောင်းလာစေရန်ဖြစ်သည် ။ သို့သော်လည်း အစ္စရေးအစိုးရမှ လက်တုန့်ပြန်မှု မရှိသဖြင့် အီရတ်တို့၏ ရည်မှန်းချက်မှာ ဘာမှ ဖြစ်မလာခဲ့ပေ ။ အီရတ်တို့သည် ဓါတု လက်နက် ၊ ပိုးမွှားလက်နက်များကို စစ်ပွဲတွင် အသုံးချရန်ကြိုးစားခဲ့သည် ။
ထိုအခါ အမေရိကန်ပြည်ထောင်စုမှ အဖျက်စွမ်းအားကြီးမားသည့် နျူကလီးယား လက်နက်များ အသုံးပြုတိုက်ခိုက်မည်ဟုခြိမ်းခြောက်ခဲ့သည် ။ လေကြောင်းစစ်ဆင်မှု တစ်လပြည့်ချိန်တွင် ဆိုဗီယက်ပြည်ထောင်စု သည် အီရတ်တပ်များ နှင့် စေ့စပ်ဆွေးနွေးပြီး ကူဝိတ်မှ အီရတ်တပ်များဆုတ်ခွာမည့် အစီအမံတခုကို ပြုလုပ်ရန်ကြိုးစားခဲ့သည် ။ သို့သော်လည်း အီရတ်တို့၏ မော်စကို အထိ သံတမန် ရေး ခရီးလမ်းကြောင်းမှာများစွာ ခက်ခဲ သွားပြီဖြစ်သည် ။
မြေပြင်စစ်ပွဲ
ဖေဖေါ်ဝါရီလ ၂၄ -ရက်နေ့တွင် နိုင်ငံစုံတပ်များသည် မြေပြင်ထိုးစစ်စတင်ဆင်နွဲခဲ့သည် ။ အီရတ် အနောက်တောင်ပိုင်းမှ စတင်က မြောက်ဖက်သို့ချိတက်ပြီး ထိုမှတဆင့် အီရတ်ဆိပ်ကမ်းမြို့ Al Başrah သို့ဦးတည်တိုက်ခိုက်ခဲ့သည် ။ ထိုကဲ့သို့ တဖွဲ့မှ အီရတ်နယ်မြေကို ပိုင်းခြားတိုက်ခိုက် ပြီး နောက်တဖွဲ့မှ ကူဝိတ်ကမ်းခြေမှတဆင့် ကူဝိတ်မြို့ကိုသိမ်းယူခဲ့သည် ။ တချို့အီရတ်တပ်များမှ ခုခံတိုက်ခိုက်ခဲ့သော်လည်း နိုင်ငံစုံတပ်များမှ အလျှင်အမြန်ထိုးစစ်ဆင်ကာ အလွယ်တကူအောင်နိုင်ခဲ့သည် ။ အီရတ်တပ်များမှာလည်း အကျအဆုံး များပြားခဲ့ကြသည် ။
အီရတ်တပ်များသည် ကူဝိတ်မှ ဆုတ်ခွာမှု နှင့်အတူ ကူဝိတ်မြို့များ ၊ စက်မှုလုပ်ငန်းများ ကိုဖျက်ဆီးလုယူခဲ့ကြသည် ။ ကူဝိတ်ရေနံမြေများကို မီးရှို့ဖျက်ဆီးခဲ့ကြသည် ။ မြေပြင်ထိုးစစ်ဆင်ပြီး ၂ -ရက်အကြာမှာပင် အီရတ်တို့မှ ကူဝိတ်မြေမှ ဆုတ်ခွာပါမည်ဟု ကြေငြာခဲ့သည် ။ ဖေဖေါ်ဝါရီလ ၂၈ – ရက်နေ့တွင် နိုင်ငံစုံတပ်များမှ၏ ရည်မှန်းချက်အတိုင်း ကူဝိတ်နယ်မြေများကို ပြန်လည်သိမ်းယူနိုင်ခဲ့ကာ စစ်ပွဲရပ်စဲကြောင်းကြေငြာခဲ့ကြသည် ။
မတ်လ ၂ -ရက်နေ့တွင် ကုလသမဂ္ဂ လုံချုံရေးကောင်စီမှ စစ်ပွဲရပ်စဲရေးဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ပြီး ၎င်း ကို အီရတ်တို့မှလည်း လက်ခံခဲ့ကြသည် ။ အာရပ်နိုင်ငံအများစု၏ ရည်ရွယ်ချက်မှာလည်း အာရပ်နိုင်ငံတနိုင်ငံဖြစ်သည့် ကူဝိတ်နိုင်ငံ ကို ပြန်လည် ထူထောင်ရန်ဖြစ်ပြီး ၊ အီရတ်နိုင်ငံကို ဖျက်ဆီးလိုခြင်းမရှိကြပေ ။ အမေရိကန်ပြည်ထောင်စုမှလည်း ဤစစ်ပွဲတွင် အီရတ် အားဆက်လက်တိုက်ခိုက်ခြင်းဖြင့် မပြီးဆုံးသည့်စစ်ပွဲဖြစ်ပေါ်လာမည်ကို စိုးရိမ်ခဲ့ကြသည် ။
စစ်ပွဲပြီးနောက်
အီရတ် တို့သည် ကူဝိတ် ကို ထိုးစစ်ဆင်မှုမှတဆင့် စီးပွားရေး ၊ စစ်ရေး ၊ နိုင်ငံရေး များစွာ ဆုံးရှုံးခဲ့သည် ။ စစ်ပွဲအတွင်း အီရတ်စစ်သည် ၁ -သိန်းခန့်သေဆုံးခဲ့ပြီး ၃၅၀၀၀ – ခန့်ဒါဏ်ရာရခဲ့သည် ။ နိုင်ငံစုံတပ်များမှ ၂၄၀ – သေဆုံးခဲ့ပြီး ၁၄၈ – ဦးမှာ အမေရိကန်များဖြစ်ကြသည် ။ ဒါဏ်ရာရရှိသူ ၇၇၆ -ဦးရှိခဲ့ပြီး ၄၅၈ -ဦးမှာ အမေရိကန်များဖြစ်ကြသည် ။ စစ်ပွဲကြောင့် အီရတ်စစ်အင်အားများစွာ ကျဆင်းခဲ့ကာ အီရတ်တောင်ဖက်တွင် ဆူနီသူပုန်များ ၊ မြောက်ဖက်တွင် Kurds သူပုန်များ အင်အားကြီးထွားလာခဲ့သည် ။
စစ်ပွဲ၏ အကျိုးဆက်များ
စစ်ပွဲရပ်စဲမှု နှင့်အတူ အဓိကပြသနာတခုဖြစ်သည့် အီရတ်နိုင်ငံအပေါ် ဒါဏ်ခတ် အရေးယူမှုများ သည်လည်း မေးခွန်း တခုဖြစ်လာခဲ့သည် ။ ၁၉၉၁ – ဧပြီလ ၂ – ရက် နေ့တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ အီရတ်နိုင်ငံအား နိုင်ငံတကာ ဒါဏ်ခတ် ပိတ်ဆို့မှုများမှ ပယ်ဖျက်ရေးအတွက် လုပ်ဆောင်ရမည့် အချက်အလက်များကိုချမှတ် ပေးခဲ့သည် ။
ထိုအချက်များထဲတွင် အီရတ်နိုင်ငံအနေဖြင့် စစ်ပွဲကြောင့်ပျက်စီးဆုံးရှုံးမှုများကို တာဝန်ယူရန် ၊ ဓါတုလက်နက် ၊ ဇီဝလက်နက် များကိုဖျက်ဆီးရန် ၊ အီရတ်၏ နျူကလီးယားလက်နက် အစီအမံများကို နိုင်ငံတကာ စစ်ဆေးမှုခံယူရန် စသည့်အချက်များပါရှိခဲ့သည် ။ အီရတ်နိုင်ငံအနေဖြင့် ထိုအချက်များကို လိုက်နာမှ သာ ကုလသမဂ္ဂ အနေဖြင့် ဒါဏ်ခတ်ပိုက်ဆို့မှုကို ပြန်လည် ဆွေးနွေးဆုံးဖြတ်မည်ဟုပါရှိခဲ့သည် ။
အမေရိကန် နှင့် အနောက်နိုင်ငံများမှ ပါရှန်ပင်လယ်ကွေ့စစ်ပွဲ၏ အောင်နိုင်မှုသည် မပြီးဆုံး သေးဟုယူဆကြသည် ။ အကြောင်းမှာ အီရတ် တွင် စစ်လိုလားသည့် အာဏာရှင် ဆာဒန်ဟူစိန် ဆက်ရှိနေဆဲ ဖြစ်သော ကြောင့်ဖြစ်သည် ။ စစ်ပွဲပြီးနောက် ဆာဒန်၏ သြဇာအာဏာ များစွာ ကျဆင်းကာ တော်လှန်ပုံကန်မှုများက အီရတ်နိုင်ငံရေးကို ပြောင်းလဲစေလိမ့်မည်ဟု ယူဆခဲ့ကြသည် ။ သို့သော်လည်း နိုင်ငံတကာ အကူအညီ မရရှိသည့် Shia သူပုန် ၊ Kurds သူပုန်များ ကို အီရတ်တပ်များမှ အောင်နိုင်ခဲ့သည် ။
ထို့ကြောင့် စစ်ရပ်စဲရေး နှင့်အတူ အီရတ် နိုင်ငံ တောင်ပိုင်း နှင့် မြောက်ပိုင်းနယ်မြေများ အား လေယာဉ်မပျံသန်းရနယ်မြေအဖြစ် သတ်မှတ်ခဲ့ကြသည် ။ ပါရှန်ပင်လယ်ကွေ့စစ်ပွဲမတိုင်မှီက ကူဝိတ်ဒေသ တွင် ပါလက်စတိုင်းလူမျိုး ၄ – သိန်းခန့် ဒုက္ခသည်အဖြစ် နေထိုင်ခဲ့ကြသည် ။ စစ်ပွဲအချိန်က ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့ခေါင်းဆောင် ရာဆာ အာရာဖတ် သည် အစ္စရေးဆန့်ကျင်ရေး အနေဖြင့် ဆာဒန်ဟူစိန်ကိုထောက်ခံခဲ့သည် ။ စစ်ပွဲရပ်စဲပြီးနောက် နိုင်ငံစုံတပ်ဖွဲ့ကို ဆန့်ကျင်ခဲ့သည့် ပါလက်စတိုင်းများသည် ကူဝိတ်ဒေသမှ အတင်းအကျပ် မောင်းထုတ်ခံခဲ့ရသည် ။
စစ်ပွဲတွင်ပါဝင်တိုက်ခိုက်ခဲ့သည့် စစ်ပွဲပြန် အမေရိကန်စစ်သည် ၂ – သောင်းခန့်မှာ နာကျင် ၊ ကိုက်ခဲ ၊ ခေါင်းမူး ၊ အရေပြားယားယံ ၊ မှတ်ဉာဏ်ချို့တဲ့ စသည့်ထူးဆန်းသည့်ရောဂါဝေဒနာများ ခံစားခဲ့ရသည်။ ၁၉၉၇ – ခုနှစ်တွင်အမေရိကန် (CIA) အဖွဲ့မှ အီရတ်တပ်များသည် လူကိုသေစေနိုင်သည့် ဓါတုအဆိပ် လက်နက်တချို့သုံးစွဲခဲ့သည်ဟု မှတ်ချက်ပေးခဲ့ကြသည် ။ ကုလသမဂ္ဂ အဖွဲ့မှလည်း အီရတ် အား ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုနှင့် လေယာဉ်မပျံသမ်းရဇုံ သတ်မှတ်ချက်များကို ဆက်လက်ချမှတ်ခဲ့ကြသည် ။
၁၉၉၅ – ခုနှစ်တွင် ကုလသမဂ္ဂမှ အီရတ်တို့၏ စစ်လျော်ကြေး နှင့် အစားအစာများဝယ်ယူရန် အတွက် ကန့်သတ်ထားသည့်ရေနံရောင်းချခွင့်ကို ခွင့်ပြုပေးခဲ့သည် ။ အီရတ်တို့၏ ဓါတုအဆိပ်လက်နက်ထုတ်လုပ်မှု ၊ နျူကလီးယားလက်နက်ရရှိရေး ကြိုးစားမှုများသည် နိုင်ငံတကာ အငြင်းပွားမှု ဖြစ်လာခဲ့ပြီးနောက် ၂၀၀၃ – ခုနှစ်တွင် အမေရိကန် နှင့် အီရတ် တို့စစ်ပွဲ တဖန် ဖြစ်ပွားလာခဲ့သည် ။
Academy Page