ပင်လယ်ဓားပြလောက၌ အောင်မြင်မှု အရဆုံးသောသူမှာ အမျိုးသား မဟုတ်ဘဲ စီခိုင် (Hsi Kai) ခေါ် (Ching Shih) ခေါ် ကျန့်ယိစောင် (1775-1884) အမည်ရှိ အမျိုးသမီးသာ ဖြစ်သည်။ သူသည် ၁၈ ရာစု ကာလအတွင်း ပင်လယ်ဓားပြ လောက၌ သမိုင်းဝင်သည့် တရုတ်အမျိုးသမီး တစ်ဦးပင် ဖြစ်သည်။
စီခိုင်သည် ပင်လယ်ဓားပြ သင်္ဘောများစွာနှင့် သင်္ဘောသား ယောကျ်ားများစွာအား အမိန့်ပေးနိုင်သူလည်း ဖြစ်သည်။ စီခိုင်၏ စိတ်ကူးအရ သူမ အသက်အရွယ် ကြီးရင့်လာချိန်၌ စုဆောင်းထားသည့်၊ လုရာပါ တိုက်ရာပါ ပစ္စည်းများဖြင့် ဇိမ်ကျကျနေသွားမည် ဖြစ်သည်။ စီခိုင်သည် တစ်ချိန်က ပင်လယ်ဓားပြတို့၏ အငယ်အနှောင်းအဖြစ် နေထိုင်ခဲ့ရပြီး ဘဝအခြေအနေအရ ဇိမ်ခန်းတွင် အလုပ်လုပ်ခဲ့ရသူ ဖြစ်သည်။
တစ်နေ့တွင် နာမည်ကြီး ပင်လယ်ဓားပြခေါင်းဆောင် ချင်ရီ (Ching Yih) နှင့် ဇိမ်ခန်းတွင် တွေ့ဆုံခဲ့သည်။ သည်လိုနှင့် စီခိုင်သည် ချင်ရီ၏ မယားငယ် ဖြစ်လာခဲ့ရသည်။
စီခိုင်သည် ပင်လယ်ဓားပြဘဝ မရောက်မီကတည်းက ဉာဏ်ရည်ထက်မြက်သူ၊ စကားပြောကောင်းသူ ဖြစ်သောကြောင့် ပင်လယ်ဓားပြအဖွဲ့ အချင်းချင်းအား စီးပွားရေးအရ ကြားဝင်စေ့ပ် ညှိနှိုင်းပေးနိုင်သူ ဖြစ်သည်။ ၎င်းပြင် စည်းရုံးပြောဆိုနိုင်စွမ်း ရှိခြင်းကြောင့် ပင်လယ်ဓားပြခေါင်းဆောင် ချင်ရီနှင့် လပ်ထပ်ပြီး သူမအတွက် ရှယ်ယာ ၅၀ ရာခိုင်နှုန်း ခံစားခွင့် ရယူနိုင်ခဲ့သည်။
၁၈၀၇ ခုနှစ်၌ ချင်ရီ ကွယ်လွန်သောအခါ စီခိုင်က ခင်ပွန်းဖြစ်သူ၏ ပင်လယ်ဓားပြလှေများ၊ သင်္ဘော များအား အမွေဆက်ခံသူအဖြစ် ဆက်လက် ထိန်းချုပ်နိုင်ခဲ့သည်။ စီခိုင်သည် ပင်လယ်ဓားပြသင်္ဘော တစ်ထောင်ကျော်မှ အဖွဲ့ဝင် ယောကျ်ား၊ မိန်းမ ၅ သောင်းကျော်အား ထိန်းချုပ်၍ အမိန့်ပေး စေခိုင်းနိုင်ခဲ့သည်။
စီခိုင်သည် ပင်လယ်ဓားပြ လောက၏ အရှင်သခင်မ ဘဝကိုပင် မကျေနပ်နိုင်သေးဘဲ တစ်ကမ္ဘာလုံးအား ထိန်းချုပ်နိုင်သည့် သြဇာအာဏာကိုပါ ပိုင်ဆိုင်ချင်လာသူ ဖြစ်သည်။ ထို့ကြောင့် တောင်တရုတ်ပင်လယ် ဒေသတစ်ခုလုံးအား သြဇာလွှမ်းမိုးထားနိုင်ရန် ပင်လယ်ကမ်းခြေ ရွာများအား တိုက်ခိုက်သိမ်းပိုက်၍ ရွာသူရွာသားများအား သူမ၏ လက်အောက်သို့ ဝင်၍ သြဇာခံရန် အမိန့်ပေးခဲ့သည်။
၁၈၁၀ ခုနှစ်တွင် ဗြိတိန်၊ ပေါ်တူဂီ၊ တရုတ် တပ်ဖွဲ့များ ပူးပေါင်း၍ စီခိုင်၏ အင်အားခိုင်မာ တောင့်တင်းသော ပင်လယ်ဓားပြ တပ်ဖွဲ့များအား အမြစ်ပြတ် ချေမှုန်းရန် ကြိုးစားခဲ့ကြသည်။ တရုတ်ဧကရာဇ် အနေဖြင့်လည်း သူပုန်များအား အထူးလွတ်ငြိမ်းချမ်းသာခွင့်ပြု၍ နေရပ်သို့ ပြန်လာနိုင်ရန် စီစဉ်ပေးခဲ့သည်။
စီခိုင်သည် ကန်တုန်ပြည်နယ် အစိုးရ ဘုရင်ခံချုပ်နှင့် ဆွေးနွေးခွင့် ရရှိခဲ့သည်။ စီခိုင်၏ ညှိနှိုင်း ပြောကြားချက်တွင် သူမနှင့် သူမအဖွဲ့ဝင် ပင်လယ်ဓားပြအားလုံး သင်္ဘောများ၊ လက်နက်များ အားလုံးကို စွန့်လွှတ်၍ အစိုးရသို့ လွှဲပြောင်းပေးမည်။
သို့သော်လည်း သူမနှင့် အဖွဲ့ဝင် ၁၇၀၀၀ (တစ်သောင်းခုနစ်ထောင်) အတွက် ဘဝတစ်သက်တာ အေးချမ်းစွာဖြင့် ရပ်တည်နိုင်ရန် ဝှက်ထားသည့် ရတနာများအား တရားဝင် ခွင့်ပြုပေးရမည်ဟု ပါရှိသည်။
စီခိုင်သည် တရုတ်အစိုးရနှင့် စေ့စပ်မှု ပြေလည်ပြီးနောက်ပိုင်း နောက်ထပ် နှစ်ပေါင်း ၃၀ ခန့် ချမ်းချမ်းသာသာ နေထိုင်ပြီး ၁၈၄၄ ခုနစ် သူမအသက် ၆၉ နှစ် အရွယ်မှာ ကွယ်လွန်သွားခဲ့သည်။ တောင်တရုတ်ပင်လယ် ဒေသအတွင်း စီခိုင်၏ တစ်ချိန်က ပုံရိပ်များအား ပြန်လည် အမှတ်ရနေဆဲ ဖြစ်သည်။
စီခိုင်သည် သူမ၏ ပင်လယ်ဓားပြအဖွဲ့ဝင်များအတွက် စည်းကမ်းချက်များကို ထုတ်ထားသည်။ သူမ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများအား ချိုးဖောက်သူ မည်သူကိုမဆို ပြင်းထန်ရက်စက်စွာ အပြစ်ပေးတတ်သည်။ အလွန်ပြင်းထန်သည့် စည်းကမ်းချက်များမှ တချို့ကို ဖော်ပြရသော်
၁။ မိမိထက် ရာထူးကြီးသူ တစ်စုံတစ်ယောက်က အမိန့်ပေးသည်ကို မနာခံသည်ရှိသော် ခေါင်းဖြတ်သတ်စေ။
၂။ မိမိတို့၏ ရိက္ခာအထောက်အပံ့အတွက် ရစေရန် အလို့ငှာ ပြည်သူပိုင်ငွေကြေး (သို့မဟုတ်) နိုင်ငံပိုင် ငွေကြေးနှင့် ရွာသူရွာသားများဆီကနေ လုယက်ခြင်း ခိုးယူခြင်း မပြုလုပ်ရ။
၃။ သိမ်းယူရရှိခဲ့သည့် ပစ္စည်းများကို အဖွဲ့အစည်းကို ပြန်အပ်နှံရမည် ဖြစ်ပြီး သင်္ဘောအရာရှိက ရရှိခဲ့သည့် ပစ္စည်းများကို စာရင်းအင်းနှင့်တကွ ရေတပ်ဖွဲ့ခေါင်းဆောင် ထံကို တင်ရမည်။ ရေတပ်ဖွဲ့ ခေါင်းဆောင်ကမှ တဆင့် ဓားမြတိုက်ခိုက်ခဲ့သည့် မူလအဖွဲ့ဝင်ကို ၂၀% ခွဲပေးပြီး ကျန်ပစ္စည်းများကို အများပိုင်ရန်ပုံငွေအဖြစ် အဖွဲ့အစည်းကို ပြန်အပ်ရမည်။
၄။ အဆိုပါ ရန်ပုံငွေမှာ တိုက်ခိုက်ရင်း သေဆုံးသွားသည့် အဖွဲ့ဝင်များ၏ မိသားစုများကို ထောက်ပံ့ပေးရန် သင်္ဘောအုပ်ခေါင်းဆောင်က ရန်ပုံငွေထဲမှ သုံးစွဲနိုင်ပြီး တိုက်ခိုက်ရာတွင် ရှုံးနိမ့်ခဲ့သည့် သင်္ဘောများကိုလည်း ပြန်လည် တည်ဆောက်နိုင်ရန် ပြန်ဖွဲ့စည်းနိုင်ရန် ကူညီရာတွင် အသုံးပြုခြင်း ဖြစ်သည်။ ထို့ကြောင့် အလွဲသုံးစား လုပ်သူများ ခိုးယူသူများ ခေါင်းဖြတ်သေဒဏ် ပေးခြင်းခံရသည်။
၅။ ဖမ်းဆီးရမိထားတဲ့ ဓားစာခံ မိန်းမတစ်ယောက်ကို ပင်လယ်ဓါးမြက အလိုမတူဘဲ မုဒိမ်းကျင့်သော် အဆိုပါ ပင်လယ်ဓားမြကို ခေါင်းဖြတ်သတ်စေ။
၆။ ဖမ်းဆီးရမိထားတဲ့ ဓါးစာခံ မိန်းမတစ်ယောက်က ပင်လယ်ဓါးမြတစ်ယောက်နဲ့ အလိုတူ အလိုပါ လိင်ဆက်ဆံသော်၊ ပင်လယ်ဓားမြကို ခေါင်းဖြတ်ပစ်ပြီး မိန်းမကိုတော့ အမြောက်ဆံကို ခြေထောက်မှာ တွဲချည်စေပြီး ပင်လယ်ထဲ ပစ်ချကာ သတ်ပစ်စေ။
စသည်တို့ဖြစ်သည်။
စီခိုင်၏ ပင်လယ်ဓားပြလှေ၊ သင်္ဘောများတွင် တရုတ်ဝမ်းပြား ရွက်လှေသင်္ဘော ၂၀၀ ကျော် ပါဝင်ပြီး၊ သင်္ဘောတစ်စင်းစီ၌ အမြောက် ၂၀ မှ ၃၀ အထိ တပ်ဆင်ထားသည်။ ၎င်းပြင် ကမ်းရိုးတန်းသွား ရေယာဉ်ငယ်ပေါင်း ၈၀၀ ကျော်နှင့် မြစ်ကူးလှေငယ် ဒါဇင်ပေါင်းများစွာ ပါရှိကြသည်။
အမေရိကန် ရေတပ်မှ တပ်ဖွဲ့ဝင် ငါးသောင်းကျော်အား အမိန့်ပေး စေခိုင်းနေချိန် အတွင်းမှာပင် စီခိုင်ကလည်း သူ၏ ပင်လယ်ဓားပြ အဖွဲ့ဝင် ငါးသောင်းကျော်အား တစ်ပြိုင်နက်တည်း အမိန့်ပေးနိုင်ခဲ့သူ ဖြစ်သည်။
စီခိုင်၏ ပင်လယ်ဓားပြ တပ်ဖွဲ့အား အမေရိကန် တပ်ဖွဲ့နှင့် နှိုင်းယှဉ်နိုင်ရုံမက စပိန်ရေတပ်မတော်နှင့်ပါ အန်တုနှိုင်းယှဉ်နိုင်ခဲ့သည်။ သူမ၏ အကြောင်းအား ဗီဒီယို ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့ပြီး ဖြစ်သည်။
#SwamHtet(天下第一)
သမိုင်းကပြောသော အံ့ဖွယ်ဇာတ်လမ်း – အောင်လှိုင်]