Friday, April 16, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ပင်လယ်ထဲကအဖိုးတန်ရတနာ (သို့) ငါးကြီးအန်ဖတ် အကြောင်း

by Thutamm
December 5, 2020
Reading Time: 3min read
0
ပင်လယ်ထဲကအဖိုးတန်ရတနာ (သို့) ငါးကြီးအန်ဖတ် အကြောင်း
Share on FacebookShare on Twitter

မူရင်းရေးသားသူ – Naymyo Nwe

ပင်လယ်ကနေထွက်တဲ့ အဖိုးတန်ပစ္စည်းလို့ပြောလိုက်တာနဲ့ လူတိုင်းရဲ့မျက်စိထဲမှာ မုတ်ကောင်ကထွက်တဲ့ ပုလဲဆိုတာကို တန်းခနဲမြင်ကြမှာသေချာပါတယ်။ နဝရတ်ကိုးပါး ရတနာစာရင်းဝင် ပုလဲလို တန်ဖိုးကြီးပေမယ့် ရတနာမဟုတ်တဲ့အရာ၊ ပုလဲထက်တောင်မှ ရှားပါးတဲ့ပစ္စည်းတစ်မျိုးကိုတော့ ကြားပဲကြားဖူးပြီး မြင်ဖူးတဲ့လူနည်းပါလိမ့်မယ်။ မမြင်ဖူးတဲ့အပြင် သိတောင်မသိကြတဲ့လူတွေ တော်တော်များမယ်ထင်ပါတယ်။ ဒီပစ္စည်းဟာ သဘာဝပုလဲထက် ပိုပြီးရှားပါးသလို ပိုပြီးတော့ ဒဏ္ဍာရီဆန်ပါတယ်။ ဒီပစ္စည်းဟာ ပင်လယ်ကမ်းစပ်မှာ နိစ္စဒူ၀ သားငါးရှာဖွေရင်း တစ်နေ့လုပ်မှတစ်နေ့စားရတဲ့သူတွေအဖို့ ဘုရားသခင်ဖန်ဆင်းပေးတဲ့ အိပ်မက်ထဲက လက်ဆောင်ပါပဲ။

ဒီပစ္စည်းကို ပင်လယ်ကမ်းစပ်မှာ လမ်းလျှောက်ရင်း အမှတ်မထင် ကံကောင်းထောက်မစွာ ရှာဖွေတွေ့ရှိသူကတော့ အောင်ဘာလေထီအမြင့်ဆုံးဆုကို ပေါက်သလို ဘဝပြောင်းသွားစေနိုင်တဲ့အထိ သူ့ရဲ့တန်ဖိုးက ကြီးမားလှပါတယ်။ ဒါပေမယ့် ဒီပစ္စည်းကိုတွေ့ဖို့ ပင်လယ်ကမ်းစပ်မှာ တစ်သက်လုံး နေ့စဉ်ရက်ဆက်သွားရှာမယ်ဆိုရင်တောင်မှ ထိုက်တန်တဲ့ကံဇာတာ ပါမလာရင် မတွေ့နိုင်ပါဘူး။ သူဆင်းရဲတံငါသည်တွေကို နေ့ချင်းညချင်း သူကြွယ်ဖြစ်အောင်ဖန်ဆင်းပေးနိုင်တဲ့ ဒီပစ္စည်းက ဘယ်ဟာဖြစ်နိုင်မလဲ။

ဒီပစ္စည်းကတော့ ဖယောင်းသားနဲ့ခပ်ဆင်ဆင်တူပြီး မီးစွဲလောင်နိုင်တဲ့ ဂုဏ်သတ္တိရှိတဲ့ မီးခိုးရောင်မှိုင်းမှိုင်း၊ လက်ဖက်ပုပ်ရောင် ဒါမှမဟုတ် အနက်ပုပ်ရောင်အစိုင်အခဲတစ်မျိုးဖြစ်တဲ့ ငါးကြီးအန်ဖတ် (Ambergris) ပဲဖြစ်ပါတယ်။ ငါးကြီးအန်ဖတ်ဟာ ဝေလငါးကြီးတွေ အစာချေတဲ့နေရာကနေ အန်ထုတ်လိုက်တဲ့အရာဖြစ်လို့ ငါးကြီးအန်ဖတ်လို့လွယ်လွယ်ခေါ်ကြတာပါ။ ကမ္ဘာပေါ်မှာရှိတဲ့ အဓိကဝေလငါးမျိုးကွဲနှစ်မျိုးဖြစ်တဲ့ Baleen Whale ရှစ်မျိုးနဲ့ နဲ့ Toothed Whale ၃၅မျိုးထဲမှာ Toothed Whale အုပ်စုဝင် Sperm ဝေလငါးတစ်မျိုးတည်းကသာ ငါးကြီးအန်ဖတ်ကို ထုတ်လုပ်နိုင်ပါတယ်။

တကယ်တော့ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့တွေ့ရှိရတဲ့ ငါးကြီးအန်ဖတ်ဟာ အနံ့အသက်ဆိုးဝါးတဲ့ ရေထွက်ပစ္စည်းတစ်မျိုးပါ။ သူရဲ့ဈေးကွက်တန်ဖိုးနဲ့ အသုံးဝင်မှုသာ မရှိဘူးဆိုရင် ဘယ်သူမှ ကိုင်တွယ်ချင်စိတ်ရှိမှာ မဟုတ်ပါဘူး။ များသောအားဖြင့် Sperm ဝေလငါးတွေဟာ ဧရာမကင်းမွန်တွေကိုစားသောက်မိပြီး သူတို့ရဲ့အစာအိမ်ဟာ ဒီအရာတွေကိုချေဖျက်နိုင်စွမ်းမရှိလို့ ပြန်အန်ထုတ်ရာကနေ ငါးကြီးအန်ဖတ်ဖြစ်လာရတာပါတဲ့။ဘာလို့လဲဆိုတော့ ငါးကြီးအန်ဖတ်ထဲမှာ ကင်းမွန်သားတွေ နစ်မြှုပ်နေတာကို တွေ့ရလို့ပါပဲ။

ဒါပေမယ့် ဒီအရာဟာ အစာဖတ်တွေချည်းသက်သက်မဟုတ်ပါဘူး။ အစာဖတ်တွေအပြင်သွေးကြောလိုမျိုး အကြောတွေယှက်ဆိုင်းနေတာမျိုးလည်း တွေ့ရပါတယ်။ သိပ္ပံပညာရှင်တွေရဲ့အဆိုအရကတော့ ငါးကြီးအန်ဖတ်ဆိုတာ ဝေလငါးတွေဟာ ကင်းမွန်လိုမျိုး အစာချေရခက်တဲ့ အရာတွေကိုစားသုံးမိပြီး အစာအိမ်ထဲမှာဖြစ်ပေါ်လာတဲ့ နာကျင်မှုကို ချေဖျက်ဖို့gastrointestinal tract ကနေ အစာဟောင်းတွေနဲ့အတူ ဓာတ်ပြုထုတ်လုပ်လိုက်တဲ့ ချွဲကျိကျိအရာတစ်မျိုးဖြစ်ပါတယ်။

ဒီနေရာမှာ ငါးကြီးအန်ဖတ်ဟာ ကျွန်တော်တို့တွေ့နေရတဲ့ မာကျောတဲ့အစိုင်အခဲပုံစံမျိုးဆိုရင် ဝေလငါးတွေအလွယ်တကူ အန်ထုတ်နိုင်မှာမဟုတ်ပါဘူး။ အပြင်ကိုရောက်ပြီး ပင်လယ်ရေနဲ့လေစတာတွေနဲ့ထိတွေ့ပြီးမှ ပုပ်သိုးပြီးအစိုင်အခဲဖြစ်လာတာပါ။ ငါးကြီးအန်ဖတ်ဟာ ပင်လယ်ကမ်းစပ်မှာ လာတင်နေတာ ဒါမှမဟုတ် ပင်လယ်ထဲမှာ ပေါလောမျှောနေတာမျိုး တွေ့ရလေ့ရှိပြီး အရွယ်အစားကိုလိုက်လို့ သူ့ရဲ့အလေးချိန်ကွာခြားမှုရှိပါတယ်။ သူ့ရဲ့အရွယ်အစားအရ ငါးကြီးအန်ဖတ်ဟာ အလေးချိန်အနည်းဆုံး ၁၅ဂရမ်(1/2 အောင်စ) ကနေ ၅၀ကီလိုဂရမ်(ပေါင်တစ်ရာ) အထက်ထိရှိတတ်ပါတယ်။

တခါက ပေါင်၂၆၀လောက်ရှိတဲ့ ဧရာမငါးကြီးအန်ဖတ်တစ်တုံးကို ပြင်သစ်ရေမွှေးကုမ္ပဏီတစ်ခုက ရွှေဒင်္ဂါးပေါင် ၆၆၀၀၀ ပေးပြီးဝယ်ယူဖူးပါတယ်။ ဝေလငါးတွေဆီကနေစွန့်ထုတ်လိုက်တဲ့ ငါးကြီးအန်ဖတ်ရဲ့ မူလအစပုံစံဟာ နူးညံ့ပြီးတော့ အရောင်ဖြူရော်ရော်ရှိပြီး တခါတလေမှာ အနက်ရောင် အကွက်တွေကွက်ကြားပါရှိတတ်ပါတယ်။ ဒါပေမယ့် အနံ့က အဲဒီအချိန်ကတည်း ညှီစို့စို့ပုပ်အက်အက်ဖြစ်နေတာပါ။ လအတန်ကြာရေထဲမှာမျှောပါပြီးတဲ့နောက်မှာ ငါးကြီးအန်ဖတ်ဟာ ရေတွေလေတွေရဲ့ထိတွေ့မှုကြောင့် မာကျောလာပြီးတော့ ဖယောင်းသားလိုဖြစ်လာပြီး မီးခိုးရောင်(သို့)အနက်ရောင်အဖြစ်ကို ပြောင်းလဲလာခဲ့ပါတယ်။

ငါးကြီးအန်ဖတ်ရဲ့ ညီစို့စို့ပုပ်အက်အက်အနံ့အောက်မှာ ကွယ်ဝှက်ထားတဲ့ တမူထူးတဲ့ဂုဏ်သတ္တိကတော့ isopropanol ဒြပ်ပေါင်းလိုမျိုး တာရှည်ခံပြီး လူတွေကို စူးစူးရှရှအနှောက်အယှက်မပေးတဲ့ အနံ့တစ်မျိုးကြွယ်ဝနေတာပါပဲ။ ဒီလိုမျိုး ဂုဏ်သတ္တိကြောင့် အငွေ့ပျံလွယ်ပြီး ဆီထုတ်လုပ်နိုင်တဲ့အတွက် ရေမွှေးထုတ်လုပ်တဲ့နေရာမှာ တန်ဖိုးကြီးကုန်ကြမ်းတစ်ခု ဖြစ်နေတာပါ။

ငါးကြီးအန်ဖတ်ရဲ့ သိပ်သည်းဆဟာ 0.780 ကနေ 0.926ထိရှိပြီး သိပ္ပံနည်းကျ စမ်းသပ်ကြည့်တဲ့အခါ သူ့ကို အပူချိန် 60°C လောက်မှာအရည်ပျော် အဆီထွက်စေပြီးတော့ အဲဒီထွက်လာတဲ့ ထင်းရှူးဆီလိုအဝါရောင်အဆီတွေဟာ100 °C (212 °F)မှာ အဖြူရောင်အငွေ့အဖြစ် အငွေ့ပျံသွားတာကို တွေ့ရပါတယ်။ အဲဒီအရာဟာ ether မှာပျော်ဝင်နိုင်ပြီးတော့ အငွေ့မပျံနိုင်တဲ့ ဆီနဲ့ အငွေ့ပျံနိုင်တဲ့ဆီ နှစ်မျိုးစလုံးမှာလည်း ပျော်ဝင်နိုင်ပါတယ်။ ငါးကြီးအန်ဖတ်ဟာ အက်ဆစ်နဲ့ အပြန်အလှန်တုန့်ပြန်ဓာတ်ပြုစေနိုင်တာမျိုး လုံးဝမရှိပါဘူး။

ငါးကြီးအန်ဖတ်ကို Alcohol ထဲမှာအပူပေးပြီး အအေးခံလိုက်တဲ့အခါ မူလ Ambergris ကနေ ခွဲထုတ်လို့ရလာတဲ့ အဖြူရောင် Crystal တွေကို ambrein လို့ခေါ်ပါတယ်။ ဒီရလာတဲ့ရနံ့ကင်းမဲ့တဲ့ ambrein ကိုဖြိုခွဲလိုက်ရင် Ambergris ထဲမှာအဓိကပါဝင်နေတဲ့ ambrox နဲ့ ambrinol တို့ရဲ့ formation ကို ရလာဒ်အဖြစ်ရရှိမှာဖြစ်ပါတယ်။ အဲဒီထဲက ရလာတဲ့ ambroxan ဟာ ရေမွှေးထုတ်လုပ်တဲ့နေရာမှာ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေတဲ့ ပစ္စည်းတစ်ခုဖြစ်ပါတယ်။

Ambroxan ငါးကြီးအန်ဖတ်ဟာရေမွှေး(perfume and fragrance) ထုတ်လုပ်တဲ့နေရာမှာ ကတိုး(musk) လိုမျိုး နာမည်ကြီးပါတယ်။ဒါပေမယ့် ကမ္ဘာပေါ်မှာ ငါးကြီးအန်ဖတ်ရေမွှေးကို လူကြိုက်များလာနေတဲ့အချိန်မှာ အမေရိကန်နိုင်ငံမှာ တရားဝင်ထုတ်လုပ်ရောင်းချခွင့်နဲ့ပတ်သက်ပြီး ဥပဒေကြောင်းအရအငြင်းပွားစရာရှိနေတဲ့အတွက် အမေရိကန်ကရေမွှေးလုပ်ငန်းရှင်တွေဟာ ဒီပစ္စည်းကိုသုံးစွဲဖို့လက်ရှောင်လေ့ရှိပါတယ်။ မျိုးတုန်းနိုင်မယ့်အခြေအနေရှိနေတဲ့ တိရစ္ဆာန်အဖြစ် သတ်မှတ်ထားတဲ့ Sperm Whale တွေဆီကနေ ရရှိတဲ့ပစ္စည်းဖြစ်နေတဲ့အတွက် အမေရိကန်အပါအဝင် နိုင်ငံတော်တော်များများမှာ ၁၉၇၀ခုနှစ်တုန်းက ငါးကြီးအန်ဖတ်ကုန်ကြမ်းသုံးစွဲခြင်းကို ပြင်းပြင်းထန်ထန် ကန့်သတ်ပိတ်ပင်ဖူးခဲ့ပါတယ်။

၂၀၀၅ ခုနှစ်ရောက်မှ ဒီပစ္စည်းကိုတရားဝင်သုံးစွဲခွင့်ရပြီး ဝေလငါးတွေ _တ် ြ_တ်ပြီး ရလာတာမျိုးကို ခွင့်မပြုပဲ ကမ်းခြေပေါ်မှာတွေ့ရှိရတဲ့ ငါးကြီးအန်ဖတ်တွေကိုသာ ကုန်ကြမ်းအဖြစ်သုံးစွဲခွင့်ပြုခဲ့တာပါ။ ၁၈ရာစုအစောပိုင်းကာလတွေကနေစပြီး ဝေလငါးဖမ်းလုပ်ငန်းဟာ ကိုလိုနီနယ်ချဲ့စနစ်နဲ့အတူ ကျယ်ပြန့်လာခဲ့ပါတယ်။ အထူးသဖြင့် Sperm Whale တွေဆီကနေ အဆီတော်တော်များများထုတ်ယူနိုင်တာရယ်၊ သူ့ရဲ့သွားတွေဟာ ဆင်စွယ်လိုပဲ လက်မှုအနုပညာပစ္စည်းတွေ ပြုလုပ်နိုင်တာရယ်နဲ့သူ့ရဲ့အစာအိမ်ထဲကနေ ငါးကြီးအန်ဖတ်တွေ ရရှိနိုင်တာကြောင့် ဝေလငါးဖမ်းသင်္ဘောများဟာ Sperm Whale တွေကို အဓိကဖမ်းဆီးနေခဲ့တာပါ။

၁၈ရာစုကနေအဆီးအတားမရှိလုပ်ကိုင်နေခဲ့တဲ့ ဝေလငါးဖမ်းလုပ်ငန်းဟာ ၂၀ရာစုလောက်မှာမှ တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးအသိအမြင်တွေ ကြွယ်ဝလာတာကြောင့် ဥပဒေအရကန့်သတ်ခံခဲ့ရပါတယ်။ ဒီလိုမှမကန့်သတ်ရင် အဖိုးတန်လှတဲ့ ဝေလငါးအစိတ်အပိုင်းတွေကို ဆာလောင်မွတ်သိပ်နေတဲ့ ကမ္ဘာ့ဈေးကွက်ရဲ့တောင်းဆိုမှုတွေကြောင့် ဝေလငါးတွေမျိုးတုန်းနိုင်တဲ့ အခြေအနေတွေဖြစ်သွားဖို့ ဦးတည်နေပြီဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံအချို့မှာတော့ ဈေးကွက်လိုအပ်ချက်ကြောင့် ဝေလငါးဖမ်းလုပ်ငန်းကို ခုချိန်ထိတရားဝင်ခွင့်ပြုထားဆဲဖြစ်ပါတယ်။

ရှေးခေတ်တုန်းကတော့ အီဂျစ်နိုင်ငံမှာ ငါးကြီးအန်ဖတ်ကို အမွှေးတိုင်အတွက်အနံ့ထည့်တဲ့နေရာမှာ သုံးစွဲပါတယ်။ ဒီဘက်ခေတ်မှာတော့ အီဂျစ်တွေက သူတို့သောက်သုံးတဲ့စီးကရက်တွေမှာ မွှေးရနံ့ထည့်ဖို့ သုံးကြပါတယ်။ ရှေးခေတ်တရုတ်လူမျိုးတွေက ငါးကြီးအန်ဖတ်ရေမွှေးကို နဂါးတံတွေးရေမွှေးလို့ခေါ်ပြီး စုန်း၊မှော်အတတ်တွေ တစ်ခေတ်စားခဲ့တဲ့ ၁၃ရာစုကာလတုန်းက ဥရောပမှာ ငါးကြီးအန်ဖတ်အတုံးကို ကိုယ်မှာဆောင်ထားရင် စုန်းပြုစားမှုကြောင့်ဖြစ်ပေါ်လာတဲ့ ပုလိပ်ရောဂါကိုနိုင်တယ်လို့ ယုံကြည်ခဲ့ကြပါတယ်။

သမိုင်းမှတ်တမ်းတွေကို လေ့လာကြည့်တဲ့အခါ ရှေးခေတ်ကာလတုန်းကတော့ ငါးကြီးအန်ဖတ်ဟာ ဆေးမြီးတိုနဲ့ အစားအသောက်အချို့မှာ အမွှေးအကြိုင်အဖြစ်ထည့်သုံးရုံကလွဲပြီး တွင်တွင်ကျယ်ကျယ်မရှိခဲ့ပါဘူး။ ကမ္ဘာပေါ်မှာ ငါးကြီးအန်ဖတ်တွေ့ရှိရတဲ့နေရာတွေကတော့ အတ္တလန္တိတ်သမုဒ္ဓရာကမ်းခြေဒေသတွေနဲ့ ဘရာဇီး ၊ မာဒါဂတ်စကာ ၊ အရှေ့အင်ဒီးစ် ၊ မော်လဒိုက် ၊ တရုတ် ၊ ဂျပန် ၊ အိန္ဒိယ ၊ သြစတြေးလျ ၊ နယူးဇီလန် နဲ့ မော်လူကူကျွန်းစု ဒေသတွေပဲဖြစ်ကြပါတယ်။ အထူးသဖြင့် ငါးကြီးအန်ဖတ်ကို စီးပွားဖြစ် ကောက်ယူစုဆောင်းနိုင်တဲ့နေရာကတော့ ဘာဟားမတ် နိုင်ငံရဲ့အထင်ရှားဆုံး နယူးပရိုဗီးဒန့် ကျွန်းပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ ဝေလငါးဖမ်းလုပ်ငန်းကို လုပ်ကိုင်တဲ့လူမရှိသေးဘူးလို့ ထင်ပါတယ်။ မြန်မာ့ပင်လယ်ပြင်မှာ ဝေလငါးဟာ အင်မတန်တွေ့ရခဲတာကြောင့်ရယ်၊ တွေ့ရင်တောင်မှ အရွယ်အစားကြီးမားလွန်းတာရယ်နဲ့ ရောင်းချမယ့်ဈေးကွက်မရှိတာရယ်ကြောင့် ဖမ်းဆီးမယ့်လူမရှိပါဘူး။ နောက်တစ်ချက် လင်းပိုင်နဲ့ဝေလငါးဟာ အသိဉာဏ်ရှိတဲ့နို့တိုက်သတ္တဝါဖြစ်လို့ တခါတရံမှာ ပင်လယ်ပြင်မှာဒုက္ခရောက်နေတဲ့ ရေလုပ်သားတွေကိုကယ်တင်ပေးတတ်တယ်ဆိုတဲ့ ပါးစပ်ရာဇဝင်တွေကြောင့် မြန်မာ့တံငါသည်တွေက သူတို့ကိုအန္တရာယ်မပေးကြတာလည်း ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် ပင်လယ်ကမ်းစပ်နဲ့ ရေတိမ်ပိုင်းသန္တာကျောက်ဆောင်တွေဆီမှာ လာတင်နေတတ်တဲ့ ငါးကြီးအန်ဖတ်ကိုကောက်ရဖူးသူတွေ ကျွန်တော့်ဇာတိ မာန်အောင်ကျွန်းမှာ အများအပြားတွေ့ဖူးပါတယ်။ တရားဝင်ဈေးကွက်ရှိမရှိအတိအကျမသိပေမယ့် မှောင်ခိုဈေးကွက်မှာတရုတ်နိုင်ငံကိုတင်ပို့ဖို့အတွက် ပရဆေးကုန်သည်တွေ ဈေးကောင်းပေးဝယ်ကြလို့ ပင်လယ်ကမ်းစပ်မှာတစ်နေ့လုပ်မှတစ်နေ့စားရတဲ့ တံငါသည်တွေ နေ့ချင်းညချင်း ချမ်းသာသွားကြတာ မြင်ဖူးခဲ့ပါတယ်။မှောင်ခိုဈေးနဲ့သာ အရောင်းအဝယ်ဖြစ်ကြတာများတော့ ငါးကြီးအန်ဖတ်ရဲ့ ကမ္ဘာ့သတ်မှတ်ပေါက်ဈေးကို အတိအကျမသိရပါဘူး။ ခန့်မှန်းခြေပြောရရင် ရွှေတစ်ဂရမ်ကို ဒေါ်လာ၃၀ပေါက်ဈေးရှိတဲ့အခါ ငါးကြီးအန်ဖတ်ဟာ တစ်ဂရမ်ကို ဒေါ်လာ၂၀ကျော်လောက်ပေါက်ဈေးရှိနိုင်ပါတယ်။

သူ့ကိုကုန်ကြမ်းအဖြစ်အသုံးပြုထုတ်လုပ်လိုက်တဲ့ရေမွှေးတန်ဖိုးက အမျိုးအစားနဲ့သက်တမ်းကိုလိုက်ပြီး ဈေးနှုန်းအမျိုးမျိုးရှိပါတယ်။ မကြာသေးတဲ့ကာလတစ်ခုက အလှူငွေရံပုံငွေပွဲတစ်ခုမှာ ရောင်းချဖို့ထုတ်လုပ်လိုက်တဲ့ ငါးကြီးအန်ဖတ်ရေမွှေးဟာ တစ်ပုလင်းကို ဒေါ်လာ၄၇၀၀အထိ ရှိပါတယ်။ ဒီထက်ပိုဈေးကြီးတဲ့ တော်ရုံလူအနားမကပ်နိုင်တဲ့ နှစ်ချို့ရေမွှေးတွေလည်း Elite လူတန်းစားတွေအတွက် သီးသန့်ထုတ်လုပ်တာမျိုးရှိနေပါတယ်။ ၂၀၀၅ခုနှစ်က Marie Antoinette အတွက်ရည်ရွယ်ထုတ်လုပ်ထားတဲ့ ငါးကြီးအန်ဖတ်ရေမွှေးဟာ နှစ်ပေါင်း၂၀၀ သက်တမ်းရှိပြီး ဒီရေမွှေးကို အရေအတွက်အကန့်အသတ်နဲ့ပြန်လည်ရောင်းချတဲ့အခါ တစ်ပုလင်းကိုဒေါ်လာ ၁၁၀၀၀ တောင်ပေးဝယ်ရပါတယ်။

တခါကနယူးဇီလန် North Island မှာတွေ့ရှိခဲ့တဲ့ ကီလိုလေးဆယ်ရှိတဲ့ ငါးကြီးအန်ဖတ်တစ်တုံးဟာ မှောင်ခိုဈေးကွက်မှာ ဒေါ်လာလေးသိန်းတောင်ပေးဝယ်သွားတယ်လို့ သတင်းကြီးခဲ့ပါတယ်။ ဒီလိုမျိုးဈေးအတက်အကျမငြိမ်တာကလည်း ငါးကြီးအန်ဖတ်ရဲ့ရှားပါးမှုကြောင့်ဖြစ်နိုင်ပါတယ်။ ရေမွှေးတွေကို တရားဝင်ရောင်းဝယ်ဖောက်ကားခွင့်ရှိပေမယ့် ရေမွှေးထုတ်လုပ်သူတွေဟာ နိုင်ငံတော်တော်များများမှာ ငါးကြီးအန်ဖတ်ကုန်ကြမ်းတွေကို ခုချိန်ထိလျှို့လျှို့ဝှက်ဝှက် အရောင်းအဝယ်လုပ်နေရဆဲပါပဲ။

လက်ရှိဈေးကွက်မှာ ငါးကြီးအန်ဖတ်ရဲ့အရောင်ကိုကြည့်ပြီး ပေါက်ဈေးအနည်းအများကွာခြားပါတယ်။ ရောင်းချတဲ့နေရာမှာ အနက်ရောင်ငါးကြီးအန်ဖတ်ဟာဈေးအကောင်းဆုံးဖြစ်ပြီး အဖြူရောင်ကတော့ဈေးအနည်းဆုံးပါပဲ။ နောက်ပြီး သူ့ရဲ့အသားကို အလင်းဖောက်နိုင်ခြင်းရှိမရှိရယ်၊ အရက်ပြန်သုတ်ထားသလိုမျိုး မီးရှို့ကြည့်လို့ မီးလိုက်ခြင်းရှိမရှိစတာတွေနဲ့ ငါးကြီးအန်ဖတ်စစ်မစစ်ကို စမ်းသပ်နိုင်ပါတယ်။နောက်ပြီး ငါးကြီးအန်ဖတ်ကို ပလတ်စတစ်အိတ်နဲ့ထုတ်ထားတာမျိုး၊ ဗူးခွံတစ်ခုထဲမှာထည့်ပြီးအလုံပိတ်သိမ်းဆည်းတာမျိုး မလုပ်ရပါဘူး။ နောက်ပြီးခွေး၊ဝက်စတဲ့တိရစ္ဆာန်တွေနားမှာ ငါးကြီအန်ဖတ်ရဲ့အနံ့ကြောင့် ကိုက်စားတတ်တဲ့အတွက် မထားရပါဘူး။

သူ့ကိုသိမ်းဆည်းမယ်ဆိုရင် အဝတ်စနဲ့ရစ်ပတ်သိမ်းဆည်းတာ အကောင်းဆုံးပါပဲ။ ငါးကြီးအန်ဖတ်ဟာ ရေမွှေးဖော်စပ်ရာမှာ အသုံးပြုနိုင်ရုံတင်မက ဟင်းချက်ရာမှာဟင်းခတ်အမွှေးအကြိုင်အဖြစ်လည်း သုံးစွဲနိုင်သလို ပရဆေးဖော်စပ်ရာမှာလည်း တန်ဖိုးကြီးတဲ့ကုန်ကြမ်းတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ကမ္ဘာပေါ်မှာတော့ ငါးကြီးအန်ဖတ်ကို ရေမွှေးကုန်ကြမ်းအဖြစ်သာ လူသိများကြပါတယ်။ ရှေးခေတ်တုန်းက ပြင်သစ်မိဖုရားတစ်ပါးနေခဲ့တဲ့ ဗာဆိုင်းနန်းတော်ထဲက အခန်းတစ်ခန်းမှာ ဆွတ်ထားခဲ့တဲ့ ငါးကြီးအန်ဖတ်ရေမွှေးဟာ ယခုအချိန်ထိမွှေးနေဆဲပဲလို့ ပါးစပ်ရာဇဝင်တစ်ခုကြားဖူးပါတယ်။ ယနေ့ဖက်ရှင်ခေတ်မှာတော့ ငါးကြီအန်ဖတ်ရေမွှေးဟာ ကမ္ဘာ့Celebrity တွေကြားမှာအပြိုင်အဆိုင်သုံးစွဲကြတဲ့အထိ ရေပန်းစားတဲ့အလှကုန်ပစ္စည်းဖြစ်နေပါပြီ။

ဒီလိုတန်ဖိုးကြီးပစ္စည်းဖြစ်လာဖို့အဓိကဖန်တီးပေးတာကတော့ ပင်လယ်ရေအောက်အနက်ပိုင်းမှာရှိတဲ့ ဧရာမကင်းမွန်ကြီးတွေပါ။ ဝေလငါးတွေသူတို့ကိုစားသောက်ပြီးတဲ့အခါ အစာမချေနိုင်လို့ပြန်အန်ထုတ်ရာကနေ ငါးကြီးအန်ဖတ်ဖြစ်လာရတာပါ။ Sperm Whale တစ်ကောင်ဟာ ပေ၆၀ကျော်ခန့်ရှည်လျားပြီးတော့ တန်၅၀ကျော်လေးပါတယ်။ ဒီဝေလငါးတွေဟာရေအနက်မီတာ၃၀၀ ကနေ ၈၀၀လောက်မှာ အစာရှာစားတတ်ကြပါတယ်။ တခါတလေမှာ ၂ကီလိုမီတာလောက်ထိငုပ်ပြီး အစာရှာတတ်ပါတယ်။ ရေအောက်မှာ တစ်နာရီကျော်ကျော်ငုပ်နေနိုင်ပြီးတော့ ရေပေါ်ကိုအသက်ရှူဖို့တက်လာတတ်ကြပါတယ်။အမတွေဟာ ငယ်ရွယ်စဉ်မှာ ဒါဇင်လိုက်အုပ်စုဖွဲနေတတ်ပြီး ကြီးလာတဲ့အခါ တစ်ကောင်တည်းခွဲနေတတ်ပါတယ်။

သူတို့စားသောက်တာကတော့ ရိုးရိုးကင်းမွန်၊ရေဘဝဲ၊ငါးအချို့နဲ့ ဧရာမကင်းမွန်ကြီးတွေဖြစ်ကြပါတယ်။ Sperm Whale တွေဟာ တစ်နေ့ကို သူတို့ကိုယ်ခန္ဓာ အလေးချိန်ရဲ့ ၃% ထိစားသုံးတတ်ပါတယ်။ တခါတလေမှာ ဧရာမကင်းမွန်တွေလို အစာမကြေနိုင်တဲ့အရာတွေကို ဗုန်းဗောလဟောစားသောက်မိပြီး နာကျင်လာတာကြောင့် ရေထဲမှာစားပြီးသားအစာဟောင်းတွေကို ပြန်အန်ထုတ်ရာကနေ ငါးကြီးအန်ဖတ်တွေဖြစ်လာရတာပါ။

မြန်မာနိုင်ငံရဲ့ပင်လယ်ကမ်းခြေတွေမှာ ဝေလငါးကြီးတွေ ေ_ ဆုံး ပြီး ကမ်းစပ်မှာလာတင်နေတာမျိုးတွေ ဆယ်စုနှစ်တစ်ခုမှာ အနည်းဆုံးတစ်ခါလောက် တွေ့နေရပါတယ်။ ဒါပေမယ့် ဒီဝေလငါးအသေကောင်တွေကို ဒေသခံတွေက ပုပ်စော်နံလို့မြေမြှုပ်လိုက်ကြတာများပါတယ်။ လတ်လတ်ဆတ်ဆတ်ေ_ တဲ့ ဝေလငါးဆိုရင်တော့ ခုတ်ထစ်ပြီး အဆီချက်ကြတာမျိုးတော့ ကြုံဖူးပါတယ်။ ကမ္ဘာ့ပေါ်မှာ ဈေးကောင်းရနေတဲ့ ဝေလငါးဆီကို ကျွန်တော်တို့ဆီကလူတွေ ငါးဖမ်းလှေစပ်တဲ့နေရာမှာ လှေကိုရေလုံအောင် မီးမြှိုက်ဖို့အတွက်သုံးတာမျိုးတွေ့ခဲ့ဖူးပါတယ်။

ကျန်တဲ့အရိုးကိုတော့ ဖင်ထိုင်ခုံလုပ်ပြီး သွားကိုတော့ အိမ်မှာအလှထားပါတယ်။ ခုချိန်ထိ ဝေလငါးဝမ်းဗိုက်ထဲက ငါးကြီးအန်ဖတ်ကို ထုတ်ယူရကောင်းမှန်း မသိကြသေးသလို ဝေလငါးအစိတ်အပိုင်းတွေကို ဘယ်လိုအသုံးချမလဲဆိုတာ မြန်မာပြည်ကလူတွေသိပ်မသိကြသေးပါဘူး။ မသိကြတာလည်းတစ်မျိုးကောင်းပါတယ်။ တကယ်လို့ဈေးကွက်မျက်စိပွင့်သွားရင် မြန်မာ့ပင်လယ်ပြင်ကဝေလငါးတွေ အန္တရာယ်ရှိလာမှာအသေအချာပါပဲ။

လောလောဆယ်မှာတော့ ကမ္ဘာ့အကြီးဆုံးတိရစ္ဆာန်ပစ္စည်းမှောင်ခိုဈေးကွက်ဖြစ်တဲ့ တရုတ်နိုင်ငံကတော့ မကြာခင်ဒီကိစ္စကို မျက်စပစ်လာမယ့် အလားအလာတွေရှိနေပါတယ်။ ကမ္ဘာအရပ်ရပ်မှာ အနိစ္စသဘောကိုမေ့ထားကြတဲ့ လူတွေရဲ့မပုပ်သေးတဲ့ခန္ဓာကိုယ်ကို သူ့ထက်ငါ အမွှေးနံ့သာတွေ ထုံမွှမ်းနေစေဖို့အတွက် သမုဒ္ဓရာတွေဆီက နို့တိုက်သတ္တဝါ သနားစရာဝေလငါးကြီးတွေခမျာဟာ နှစ်စဉ်အ _ က် ပေးနေရအုန်းမှာ အသေအချာပါပဲ။

Naymyo Nwe

Tags: knowledge

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!