မူရင်းရေးသားသူ – မောင်တင့်ယဉ်
ကာလေလိုဏ်ဂူများ(Karla Caves)မှာ အိန္ဒိယနိုင်ငံ အနောက်ပိုင်း Maharashtra ပြည်နယ် လောနဝလမြို့ (LONAVALA)၊ အရှေ့မြောက်အရပ် ၁၂-ကီလိုမီတာအကွာ၊ မွမ်ဘိုင်း-ပုနေး အဝေးပြေးလမ်းမကြီး တည်ရှိသော ဝိဟာဂွန်(VIHIRGAON)ရွာအနီးတွင် တည်ရှိပါသည်။ အနီးဆုံးဘူတာရုံမှာ တူးဖော် တွေ့ရှိထားသောထိုနေရာများ၏တောင်ဖက် ၅-ကီလိုမီတာအကွာ၊ မာလာဝလိ (MALAVALI) ဘူတာရုံ ဖြစ်သည်။
လိုဏ်ဂူ များတည်ရှိရာညီညာပြန့်ပြူးသောမြေသို့ရောက်ရှိရန် ဝိဟာဂွန်ရွာမှ ကျောက်လှေကားထစ်ပေါင်း ၈၀၀-ခန့် တက်ရမည် ဖြစ်ပါသည်။ စေတီတည်ထားရာဂူ၏အပြင်ဘက်တွင် အိကဝိရ(EKVIRA)အမည်ရှိ ဟိန္ဒူနတ်သမီးရုပ်ထားရှိသည့် ကျောင်းဆောင်တစ်ခု ရှိပါသည်။
ကာလေလိုဏ်ဂူများကို ဘီစီ ၂ရာစုမှ စတင်တည်ဆောက်ခဲ့ကြပြီး အေဒီ ၅ရာစု တိုင်အောင် နှစ်ပေါင်း ၇၀၀ နီးပါး အသုံးပြုခဲ့သည် ဟု သိရသည်။ အစောဆုံးလိုဏ်ဂူမှာ ဘီစီ ၁၆၀ ကာလကတည်းက ရှိနေပြီးဖြစ်တယ်လို့ ပညာရှင်များက တွက်ချက်ခန့်မှန်းထားကြသည်။ လိုဏ်ဂူတည်ရှိရာနေရာမှာ အာရေဗျပင်လယ်မှ Deccan ဒေသသို့ ကုန်သွယ်ရာ အဓိက ကုန်သွယ်လမ်းကြောင်းအနီးတွင် ဖြစ်ပြီး လိုဏ်ဂူများကို ကုန်သည်များနှင့် သတ်တဝါဟာန ( Satavahana) မင်းဆက်များက တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
စေတီထားရှိရာဂူသည် ဇမ္ဗုဒီပတစ်ခုလုံးတွင် အကြီးဆုံး ဖြစ်သည်ဟု ဆိုထားပါသည်။ ဤနေရာတွင် ဇမ္ဗုဒီပကျွန်းအဆိုနှင့် ပတ်သက်၍ အမျိုးမျိုးကွဲပြားရာ အချို့က ဘုရားပွင့်တော်မူရာနေရာဒေသတစ်ဝိုက်၊ အချို့က အိန္ဒိယတစ်နိုင်ငံလုံးဟု ဆိုကြသည်။ ကာလေလိုဏ်ဂူများမှာ အသွင်အပြင်အားဖြင့် ရောနှောထားသော လိုဏ်ဂူများ ဖြစ်ပြီး ဘီစီ ၂ရာစုကာလကတည်းက ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း အဖြစ် အသုံးပြုခဲ့ကြသည်။
အကြောင်းမှာ စေတီတည်ရှိရာလိုဏ်ဂူမှာ ထေရဝါဒယဉ်ကျေးမှုပုံစံများဖြစ်ပြီး ကျောင်းဆောင်ဝိဟာရများ၊ တရားအားထုတ်ခန်းများမှာမူကား နောက်ပိုင်းမဟာယာနများ သီတင်းသုံးနေထိုင်သွားခဲ့သော သဲလွန်စလက္ခဏာများ တွေ့မြင်ရသောကြောင့် ဖြစ်ပါသည်။ စေတီတည်ရှိရာဂူမှာပင် ထိုသဲလွန်စများကို တွေ့မြင်နိုင်သည်ဟု ဆိုပါသည်။
စေတီထားရှိရာဂူမှတစ်ပါး အခြားသော တရားအားထုတ်ခန်းများ၊ ကျောင်းဆောင်ဝိဟာရများ ရှိပါသော်လည်း အချို့နေရာ များတွင် ရေသိုလှောင်ကန်များက ဆိုးရွားစွာ ပျက်စီးနေသည့်အတွက် အထဲသို့ ဝင်ခွင့်မရရှိကြပါ။ နှစ်ထပ် သုံးထပ်တည် ဆောက်ထားသော မဟာယာနဝိဟာရများမှာလည်း ယခုအခါ လှေကားများက ကျိုးပဲ့နေသောကြောင့် အထဲသို့ ဝင်ဖို့ရန် လွယ်ကူလိမ့်မည်မဟုတ်ပါ။
စေတီတည်ရှိရာဂူများစွာတွင် ဤဂူသည် ဇမ္ဗူဒီပတွင် အကြီးဆုံးဖြစ်သည်ဟု ပြဆိုထားသည့် ကမ္ဗည်းကျောက်စာကို တွေ့နိုင်ပါသည်။ လိုဏ်ဂူ၏ပမာဏမှာ အလျား ၁၂၄-ပေ၊ အမြင့် ၄၅-ပေ ရှိသည်ဟု ဆိုသည်။ တိုင်လုံးအတန်းများက အလယ်ပိုင်းနေရာနှင့်နံရံဘက်ခြမ်းရှိလမ်းများကို ခွဲခြားပေးထားသည့်အပြင် စက်ဝိုင်းခြမ်းပုံအဟိုက်ပုံစံကိုလည်း ခွဲခြားပေး ထားပါသည်။
ပြေပြစ်သပ်ယပ်သော ခေါင်မိုးတွင် အေဒီ တစ်ရာစုနှစ်ဟု မှတ်တမ်းတင်ထားသော ရက်စွဲကို တွေ့ရပါသည်။ အလယ်ပိုင်းနေရာရှိ အမိုးခုံးခေါင်မိုးများတွင် နံရိုး သို့မဟုတ် ထီးကိုင်းကဲ့သို့ အမြှောင်းအမြှောင်းပုံဖော်ထားသော သစ်သားအုပ်စုများ ယခုတိုင်ရှိဆဲ ဖြစ်ပါသည်။
စေတီအတွင်းတွင်မူ မည်သည့်အရာမျှမရှိဘဲ ရိုးရိုးပင်ဖြစ်သော်လည်း အချိုးအစားမှာမူကား သေသပ်ကျနလှပါသည်။ သစ်သားထီးမှာ ယခုတိုင် မပျက်မစီး ပကအတိုင်း ရှိနေဆဲဖြစ်သည်။ ထိပ်ပေါ်တွင် ပန်းပုလက်ရာများဖြင့် တိုင်များကို တန်ဆာဆင်ထားပါသည်။ ဗုဒ္ဓဘာသာဆိုင်ရာအနုပညာလက်ရာများအပြင် ဗြဟ္မဏ၊ တန္တရ၊ မဟာယနနဲ့ ဂျိန်းအယူအဆ ရုပ်တု ပန်းချီများလည်း ရှိနေသည်။ အလှုရှင်၏နာမည်ကို သရုပ်ဖော်ထားသော ကမ္ဗည်းကျောက်စာကိုလည်း တိုင်များ၌ တွေ့ရပါသည်။ အချို့စက်ဝိုင်းခြမ်းအဟိုက်ပုံစံများ၌ ဆေးသုတ်ထားသောလက္ခဏာသဲလွန်စများကို တွေ့မြင်ရသည်ဟု ဆိုပါသည်။
စေတီတည်ရှိရာဂူပေါက်ဝရှိ အခုံးသဏ္ဍန်တံခါးပေါက်မှ စေတီပေါ်သို့ အလင်းရောင်ကို ကောင်းစွာပေးထားပါသည်။ လိုဏ်ဂူများတည်ရှိရာနေရာမှ တောင်အောက်ဖက်သို့ ကြည့်ရှုပါက သာယာကြည်နူးဖွယ်ကောင်းသော စိမ်းစိုနေသည့် မြင်ကွင်းများ တွေ့မြင်ရမည် ဖြစ်ပါသည်။ ဤကား ဇမ္ဗူဒီပတွင် အကြီးဆုံးဟု သတ်မှတ်ထားသော ကာလေလိုဏ်ဂူများ၏ ပုံရိပ်တစ်စိတ်တစ်ဒေသပင် ဖြစ်ပါသည်။
မောင်တင့်ယဉ်