Monday, March 8, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

နာဇီတို့နှင့် ပူးပေါင်းခဲ့ကြသော ဂျူးသစ္စာဖောက်များ

by Thutamm
February 10, 2020
Reading Time: 1min read
0
နာဇီတို့နှင့် ပူးပေါင်းခဲ့ကြသော ဂျူးသစ္စာဖောက်များ
Share on FacebookShare on Twitter

ရေးသားသူ – ကောင်းစည်သူ (သုတစွယ်စုံ)

ဒုတိယကမ္ဘာစစ်အတွင်းက သမိုင်းမှတ်တမ်းဆိုးဝင်ခဲ့သည့် နာဇီများ၏ ဂျူးလူမျိုးများအားအမြစ်ပြတ်သုတ်သင်ရေးလုပ်ငန်းများတွင် နာဇီများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသူများကို အများက ဂျူးလူမျိုးများဖြစ်မည်ဟု မယူဆခဲ့ကြချေ။ဂျူးများ အစုလိုက်အပြုံလိုက် အသတ်ခံခဲ့ရသည့် ဖြစ်ရပ်ဆိုးတွင် ဂျာမာန်များသည်သာ တာဝန်အရှိဆုံးဟု တွေးမိတတ်ကြသည်။ ထိုစဉ်က ဂျူးလူမျိုးများကို ရှာ ဖွေဖော်ထုတ်၍ သေမင်းတမန်စခန်းများသို့ ပို့ကာ သုတ်သင်ခဲ့သည့် ဖြစ်ရပ်တွင် ဂျူးလူမျိုးများကိုယ်တိုင် မိမိတို့ လူမျိုးများအား နာဇီများက သတ်ဖြတ်နိုင်ရန် ကူညီခဲ့မှုများရှိခဲ့သည်။သူတို့သည် ထောင်ပေါင်းများစွာသော ဂျူးလူမျိုးများကို မရဏစခန်းသို့ ပို့နိုင် ရန် ဖော်ထုတ်ပေးခဲ့ကြသည်။

ဂျူးလူမျိုးများ အမြစ်ပြတ်သုတ်သင်ရေးကို ကူညီခဲ့သည့် ဂျူးများသည် ကိုယ်တိုင်စိတ်ပါလက်ပါ ကူညီခဲ့သူများရှိသကဲ့သို့ မိမိတို့မိတ်ဆွေများ၊အပေါင်းအဖော်ဂျူးများ၏အသက်ကို ကင်းလွတ်ခွင့်ရရှိရန် ဆောင်ရွက်ခဲ့သူများလည်း ပါဝင်ခဲ့သည်။ အနည်းဆုံး မိမိ၏မိသားစုဝင်များ၏ အသက်များကို ထောင်ပေါင်းများစွာသော ဂျူးလူမျိုးများ၏ အသက်နှင့်လဲလှယ်ခဲ့ကြသူများ၏ လောဘ၊ အတ္တနှင့်မုန်းတီးမှုများသည် ဂျူးများကိုသတ်ရန် နာဇီများနှင့် ပူးပေါင်းခဲ့ဲခြင်း၏အဓိကအကြောင်းရင်းဟုဆိုကြသည်။

၁၀။ Calel Perechodnik

ကယ်လယ်လ်ပယ်ရယ်ခိုနစ်သည် “ငါ လူသတ်သမားတစ်ယောက်လား၊ဂျူးဂက်တိုရဲ တစ်ယောက်၏ ဝန်ခံချက်”စာအုပ်ကို ရေးသားခဲ့သူဖြစ်ပြီး စာအုပ်တွင် အော့ဝေါ့ရှိ ဂက်တိုရဲအဖွဲ့နှင့် ဆက်သွယ်ခဲ့ပြီးသည့် နောက်ပိုင်း သူ့ဘ၀ အမှတ်ရစရာများကို ရေး သားခဲ့သည်။သူသည်အခြေအနေဆိုးတစ်ရပ်၏ သားကောင်ဖြစ်ခဲ့ဟန်ရှိသော်လည်း နာဇီများ၏ ခိုင်းစေချက်ကြောင့် သူ၏ မိတ်ဆွေ ဂျှူးလူမျိုးများနှင့် သူ၏ဇနီးကိုယ်တိုင်အသတ်ခံခဲ့ရခြင်းကို ဆောင်ရွက်ခဲ့ရပါသည် ဟူသည့် သူတင်ပြထားသည့်အချက်ကို ပြောင်းလဲ ခြင်းမရှိချေ။

ပယ်ရယ်ခိုနစ်သည် သူကိုယ်တိုင်နှင့် သူ့မိသားစုဝင်များ၏ အသက်ကို ကယ်တင်နိုင်မည်ဟု ယူဆသဖြင့် ဂက်တိုရဲတပ်ဖွဲ့ သို့ဝင်ရောက်ခဲ့သည်။ထို့အတူပင် မိသားစုအတွက် အစားအစာထောက်ပံ့ပေးရန် ရည်ရွယ်ခဲ့သည်။သူ၏ မှတ်တမ်းများအရ သူသည် ဂျူးလူမျိုးများနှင့်သူကိုယ်တိုင်ဂျူးဖြစ်နေခြင်းကို မုန်းတီးမှုများကြီးထွားခဲ့ပြီးအခြားနိုင်ငံများကလည်း ဂျူးများကိုမုန်တီးကြကြောင်းပြော ဆိုခဲ့သည်။ ပယ်ရယ်ခိုနစ်သည် ဂက်တိုရဲအဖွဲ့မှထွက်ပြေးခဲ့ပြီးနောက် နာဇီများ၏ ဖမ်းဆီးသတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

၉။ Jozef Andrzej Szerynski

ဂျိုးဇက်အန်ဒရက်ဇ် စရင်စကီသည် မိမိကိုယ်တိုင်ဂျူးတစ်ယောက်ဖြစ်နေခြင်းကို မနှစ်သက်ခဲ့ပါချေ။ပထမကမ္ဘာစစ်အတွင်း ရုရှတပ်မတော်တွင် တာဝန်ထမ်းခဲ့ပြီးနောက် ဂျူးများနှင့် ဝေးဝေးနေရန်ဆုံးဖြတ်ခဲ့ကာ သူ၏အမည်ကို ဂျိုးဇက်စရင်စကီမှ ဂျိုးဇက် အန်ဒရက်ဇ် စရင်စကီ သို့ပြောင်းလဲခဲ့သည်။

ဒုတိယကမ္ဘာစစ်အတွင်း၌ သူသည်ဝါဆောမြို့ ဂျူးဂက်တိုရဲတပ်ဖွဲ့ အကြီးအကဲအဖြစ်ခန့်အပ်ခံခဲ့ရသည်။နာဇီ ဂတ်စ်စတာ ပိုက သေမင်းတမန်စခန်းသို့ ပို့ဆောင်ရန် ဂျူးလူမျိုးများကိုဖော်ထုတ်ရှာဖွေရသည့်တာဝန်ပေးခဲ့သည်။ စရင်စကီသည် သူ၏ တာဝန် ကို နှောင့်နှေးမှုမရှိဘဲ ထမ်းဆောင်ခဲ့ကာ ထောင်ပေါင်းများစွာသော အမျိုးသား၊အမျိုးသမီးများနှင့်ကလေးများကို တရီဘလင်ကာ သုတ်သင်ရေးစခန်းသို့ ပို့ဆောင်ခဲ့သည်။

သူသည် ဂျူးလူမျိုးများသုတ်သင်ရေးလုပ်ငန်းကို ဆောင်ရွက်ပြီးတစ်လအကြာ ၁၉၄၂ ခုနှစ် သြဂုတ်လတွင် ဂျူးမြေအောက်အဖွဲ့ဝင်တစ်ယောက်၏ လုပ်ကြံရန်ကြိုးပမ်းမှုနှင့် ရင်ဆိုင်ခဲ့ရသော်လည်း အသက်ဘေးမှလွတ်မြောက် ခဲ့သည်။ စရင်စကီသည် ဂှူးလူမျိုးပေါင်း ၂၅၄၀၀၀ ကို သုတ်သင်ရေးစခန်းသို့ ပို့ပေးခဲ့ပြီး ၁၉၄၃ ခုနှစ် ဇန်နဝါရီလတွင် ဆိုင်ယနိုက် သောက်ကာ မိမိကိုမိမိ အဆုံးစီရင်ခဲ့သည်။

၈။ Adam Czerniakow

အဒမ်ဇာနီရာကိုးသည် ပိုလန်နိုင်ငံတွင် မွေးဖွားခဲ့သော အင်ဂျင်နီယာတစ်ဦးဖြစ်ပြီး နာဇီများက ပိုလန်ကို သိမ်းပိုက်ခဲ့ပြီး နောက် ဝါဆော ဂျူးဂတ်တိုအဖွဲ့၏ အကြီးအကဲဖြစ်လာခဲ့သည်။ ဇာနီရာကိုးသည် နာဇီများက ဂျူးများကိုဖော်ထုတ်ဖမ်းဆီးရန် တာ ဝန်ပေးထားသည့် အဖွဲ့ဝင် ၂၄ ဦးပါဝင်သည့် ဝါဆောကောင်စီကို ဦးဆောင်ခဲ့သည်။ အဒမ်ဇာနီရာကိုးသည် ဂျိုးဇက်အန်ဒရက်ဇ် စရင်စကီအား ဂတ်တို ရဲတပ်ဖွဲ့ခေါင်းဆောင်အဖြစ်ခန့်ထားရန် ထောက်ခံခဲ့သူဖြစ်ပြီး နာဇီများ၏ ညွှန်ကြားချက်များအရ သုတ်သင် ရေးစခန်းသို့ နေ့စဉ်ဂျူးလူမျိုး ၆၀၀၀ ပေးပို့ရန် ကြီးကြပ်ကွပ်ကဲခဲ့သည်။

အဒမ်ဇာနီရာကိုး၏ နေ့စဉ်မှတ်တမ်းများအရ မိဘမဲ့ကလေးများအား သေဘေးမှကင်းလွတ်ခွင့်ရရှိရန်အကောင်းဆုံးဆောင် ရွက်ခဲ့သော်လည်း သူ၏ကြိုးပမ်းမှုများသည် အောင်မြင်မှုမရရှိခဲ့ဟုဆိုသည်။သူ၏ တာဝန်များကို ကောင်းစွာထမ်းဆောင်စေရန် နာဇီ များက သူ့ဇနီးနှင့်အခြားဂျူးလူမျိုးများအား ဓားစာခံများအဖြစ် ဖမ်းဆီးထားခဲ့သည်ဟုဆိုသည်။နာဇီတို့၏ ဖိအားပေးမှုများကို မခံနိုင် သည့်အဆုံးတွင် အဒမ်ဇာနီရာကိုးသည် ဆိုင်ယနိုက်သောက်ကာ မိမိကိုမိမိ သတ်သေခဲ့သည်။အဒမ်ဇာနီရာကိုးသည် မိမိကို မိမိ အဆုံးစီရင်ခြင်းသည် အမှန်ကန်ဆုံးဖြစ်ကြောင်း သူ၏မိသားစုထံ စာရေးသားခဲ့သည်။

၇။ Chaim Mordechai Rumkowski

ချိမ်မိုဒီချိုင်းရမ်ကော်စကီ သည် ပိုလန်နိုင်ငံသား ဂျူးလူမျိုးတစ်ဦးဖြစ်ပြီး နာဇီတို့က လော့ဒ်ဇ်(Lodz) တွင် ဂျူး သက်ကြီး ကောင်စီ အကြီးအကဲအဖြစ်ခန့်ထားခဲ့သည်။ရမ်ကော်စကီသည် ယင်းဒေသတွင်သြဇာအာဏာအကြီးမားဆုံးပုဂ္ဂိုလ်တစ်ယောက် ဖြစ် ခဲ့ပြီး ငွေစက္ကူများပေါ်တွင် သူ့ပုံကိုရိုက်နှိပ်ပြီး သူကိုယ်ပိုင် ငွေစက္ကူ ပင်ချိမ်ကီအမည်ဖြင့် သုံးစွဲခဲ့သည်။ ရမ်ကော်စကီးသည် ဂျူးလူမျိုး တစ်ဦးဖြစ်သော်လည်း ကလေးငယ်များ၊သက်ကြီးရွယ်အိုများ၊နာမကျန်းဖြစ်နေသူများပါမကျန် ဂျူးလူမျိုး ၂၀၀၀၀ အားသုတ်သင်ရေး စခန်းသို့ ပို့ဆောင်မှုကို ကိုယ်တိုင်ကြီးကြပ်ခဲ့သည်။

“မင်းတို့ကလေးတွေ ငါ့ကိုပေး”( Give Me Your Children) ဟူသည့် ပြောလေ့ရှိသည့်စကားကြောင့် လူအများက ရမ် ကော်စကီကို မှတ်မိနေကြသည်။ သို့သော်ရမ်ကော်စကီကိုယ်တိုင် ဂျူးလူမျိုးများအစုလိုက်သတ်ဖြတ်ခံရသည့် ဘေးမှ မလွတ်ခဲ့ဘဲ ၁၉၄၄ ခုနှစ် သြဂုတ်လတွင် မိသားစုနှင့်အတူ အော့ချ်ဝစ်စ် အကျဥ်းစခန်းတွင် ဘဝနိဂုံးချုပ်ခဲ့သည်။အကျဉ်းစခန်းအတွင်း ရမ်ကော် စကီ အား ထောင်ကျနေသူ ဂျူးလူမျိုးများက သူ၏ လုပ်ရပ်များအတွက် ဝိုင်းဝန်းရိုက်နှက် သတ်ဖြတ်ခဲ့ကြသည်။

၆။ Alfred Nossig

အဲလ်ဖရက် နောစစ်သည် ထူးချွန်ထက်မြက်သူတစ်ယောက်ဖြစ်ပြီးဥပဒေ၊သိပ္ပံနှင့် အနုပညာ ဘာသာများကို သင်ယူခဲ့ ကြောင်းသူ၏ အတ္ထုပ္ပတ္တိစာအုပ်တွင်ရေးသားခဲ့သည်။ နောစစ်သည် ဂျူးလူမျိုးများအား ပိုလန်နိုင်ငံသားအဖြစ် စိတ်တွင်ခံယူစွဲမှတ်ကြ ရန် တိုက်တွန်းခဲ့သည်။သို့သော် ပိုလန်လူမျိုးများက ဂျူးများကို ပိုလန်နိုင်ငံသားများအဖြစ်လက်မခံလိုကြောင်းသိရှိချိန်တွင် နောစစ် သည် ဇီယွန်နစ်ဝါဒီတစ်ဦးဖြစ်လာခဲ့သည်။ဒုတိယကမ္ဘာစစ်အတွင်း ဂျာမာန်များကပိုလန်ကိုသိမ်းပိုက်ခဲ့ပြီးနောက်တွင်နော်စစ်သည် ဂတ်စ်တာပိုအဖွဲ့၏သူလျှိုတစ်ယောက်ဖြစ်လာခဲ့ကာ ဂျူးမြေအောက်အဖွဲ့များ၏ လှုပ်ရှားမှုများကို ဂတ်စ်တာပိုသို့ ပုံမှန်အစီရင်ခံခဲ့ သည်။

နော်စစ်သေဆုံးပြီးနောက် သူ့အိမ်မှ တွေ့ရှိခဲ့သည့် စာရွက်စာတမ်းများအနက် ဂတ်စ်တာပို သက်သေခံကတ်ပြားတစ်ခုနှင့် နာဇီဆန့်ကျင်ရေး ဆောင်ရွက်နေသည့် ဂျူးလူမျိုးစာရင်းတစ်ခုကို လည်းတွေ့ရှိခဲ့သည်။ယင်းသက်သေခံကတ်ပြားသည် သူ့အား နာဇီများဖမ်းဆီးခံရခြင်းမှ လွတ်ကင်းစေခဲ့ကြောင်း ယုံကြည်ခဲ့ကြသည်။နော်စစ်သည် အသက် ၇၈ နှစ်အရွယ် ၁၉၄၃ ခုနှစ် ဖေဖော် ဝါရီ လ ၂၂ ရက်တွင် သေဒဏ်စီရင်ခြင်းခံခဲ့ရသည်။

၅။ Abraham Gancwajch

အေဗရာဟင်ဂန်ကွစ်ချ်သည် ဒုတိယကမ္ဘာစစ်ကို ဂျာမာန်များ အနိုင်ရရှိမည်ဟု ယုံကြည်လျက် နာဇီတို့ကို လုံးဝဥဿုံ ထောက်ခံခဲ့သည်။ထို့ကြောင့် သူ၏ မိတ်ဆွေဂျူးလူမျိုးများကို နာဇီပါတီသို့ဝင်ရောက်ရန် အားပေးလှုံ့ဗဆာ်ခဲ့သည်။သူသည် ဝါဆောဂက်တို ကောင်စီ တွင် အဒမ်ဇာနီရာကိုး၏နေရာကို ဆက်ခံရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။

အုပ်စု ၁၃ ဟု နာမည်ဆိုးဖြင့် ကျော်ကြားသည့်အဖွဲ့ကို ဂျူး ဂတ်စ်တာပို အုပ်စုဟု ရည်ညွှန်းကြသည်။ဂန်ကွစ်ချ်သည် ယင်းအပ်စုကို ထူထောင်သူဖြစ်ပြီး စက်ဆုပ်ဖွယ်ကောင်းသော လုပ်ရပ်များကို ပြုလုပ်ခဲ့ရာ ဂျူးနာဇီတစ်ဦးဖြစ်သည့် အဒမ်ဇာနီရာကိုး က ဂန်ကွစ်ချ်ကို မကောင်းဆိုးဝါးတစ်ကောင်ဟု ပြောဆိုခဲ့၍ ဟင်ဂန်ကွစ်ချ်သည် ဇိမ်ကျကျနေနိုင်ရေးအတွက် မည်သည့် အရာကို မဆို လုပ်မည့်သူဟု ဝေဖန်ခဲ့သည်။

ဟင်ဂန်ကွစ်ချ်သည် မှောင်ခိုလုပ်ငန်းများအပါအဝင် တရားမဝင်လုပ်ငန်းမှန်သမျှကို ဆောင်ရွက်ခဲ့ကာ ဂျူးဂက်တိုအဖွဲ့တွင် ဘုရင်တစ်ပါးသဖွယ်နေထိုင်ခဲ့သည်။စစ်ပြီးချိန်တွင် မြေအောက်ဂျူးအဖွဲ့ဝင်များက ဟင်ဂန်ကွစ်ချ်အားသေဒဏ်ချမှတ်ခဲ့သော်လည်း စီရင်သတ်ဖြတ်ခြင်းကို မခံခဲ့ရဘဲ ၁၉၄၃ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်ဟု ယူဆရသည့် တိုင်မည်သို့ သေဆုံးခဲ့ရကြောင်း ရှင်းလင်းစွာ မသိရှိခဲ့ကြပါချေ။

၄။ Ans van Dijk

အန်းစ်ဗန်ဒစ်ခ်သည် နယ်သာလန်နိုင်ငံတွင် ဂျူးမိဘနှစ်ပါးမှ ဖွားမြင်ခဲ့သည့် အမျိုးသမီးတစ်ဦးဖြစ်ပြီး ဂျာမာန် တပ်များ ကျူးကျော်ဝင်ရောက်လာချိန်အထိ သာမာန်ပြည်သူတစ်ဦး အနေဖြင့် နေထိုင်ခဲ့သည်။နာဇီတို့ အထွတ်အထိပ်ရောက်ချိန်တွင် အန်းစ် ဗန်ဒစ်ခ်သည် ဖမ်းဆီးခြင်းခံခဲ့ရကာ ပုန်းအောင်းနေသည့် ဂျူးများကို ထောက်လှမ်းရာတွင် နာဇီများအားကူညီရန် ပြန်လွှတ်ပေးခဲ့ သည်။

အန်းစ်ဗန်ဒစ်ခ်သည် ဂျူးလူမျိုးများအကြားထိုးဖောက်ဝင်ရောက်ခဲ့ကာ စာရွက်စာတမ်းအတုများအသုံးပြုလျက်နာဇီတို့ရန်မှ လွတ်မြောက်စေရန် ဆောင်ရွက်ပေးမည်ဟု အကူအညီပေးမည့် ဟန်ဆောင်ခဲ့သည်။ အန်းစ်ဗန်ဒစ်ခ်သည် မိမိအစ်ကိုနှင့်မိသားစုများ ကိုပါမချန်ဘဲ ဂျူးလူမျိုးများကို နာဇီများထံပေးပို့ခဲ့ပြီး နာဇီတို့ခိုင်းစေသည့် တာဝန်များကိုထမ်းဆောင်ခဲ့သည်။

စစ်အပြီးတွင်အန်းစ်ဗန် ဒစ်ခ်အား ဟိတ်မြို့တွင် ဖမ်းဆီးခဲ့ပြီး ၁၉၄၅ ခုနှစ် ဇွန်လတွင်သေဒဏ်ချမှတ်ခဲ့သည်။အန်းစ်ဗန်ဒစ်ခ်သည် သေဒဏ်မှ ရှောင်လွှဲနိုင်ရန် နည်းမျိုးစုံကြိုးပမ်းခဲ့ပြီး ခရစ်ယာန်ဘာသာသို့ဝင်ခဲ့သည်။ သို့သော် ဂျူးလူမျိုး ၈၅ ဦး သတ်ခံရမှုနှင့် ဂျူးလူမျိုး ၁၄၅ ဦး ဖမ်းဆီးခံရမှုများတွင် တာဝန်ရှိသဖြင့် အန်းစ်ဗန်ဒစ်ခ်အား ၁၉၄၈ ခုနှစ် ဇန်နဝါရီလတွင် သေဒဏ်စီရင်သည့် အဖွဲ့ သေနတ်ဖြင့် ပစ်ခတ်စီရင်ခဲ့သည်။

၃။ Stella Goldschlag

စတယ်လ်လာဂိုးလ်စလက်သည် နာဇီများထံမှ အခကြေးငွေယူ၍ ဂျူးလူမျိုးများကို လိုက်လံဖမ်းဆီးခဲ့သည့် ဂျူးအမျိုးသမီး ဖြစ်သည်။ဂိုးလ်စလက်သည် ဂျူးကျောင်းတစ်ခုတွင် ပညာသင်ယူခဲ့ပြီး ဂျူးဂက်တိုအဖွဲ့တစ်ခုအတွင်းနေထိုင်ခဲ့သည်။ထို့ကြောင့် သူ သည် ဂျာမနီနိုင်ငံတွင် ပုန်းနေသည့် ဂျူးများကို သိရှိနေခဲ့သည်။

သူ၏ အတ္ထုပတ္တိကိုရေးသားခဲ့သည့် ပီတာဝေဒန်က ဂိုးလ်စလက်သည် ရွေဝါရောင်ဆံပင်များ၊မျက်လုံးပြာလေးများဖြင့် လှပ ၍ ချစ်ဖွယ်ကောင်းသောမိန်းကလေးတစ်ယောက် ဖြစ်ပြီး ဂျူးလူမျိုးနှင့် မတူကြောင်းဖော်ပြခဲ့သည်။ ဂိုးလ်စလက်သည် သူ၏ မိဘများ နှင့်အတူဂျာမနီနိုင်ငံသို့ ထွက်ပြေးရန် ကြိုးပမ်းစဉ် နာဇီများ၏ဖမ်းဆီးနှိပ်စက်ခြင်းကိုခံခဲ့ရပြီး နောက်ဆုံးတွင်ပုန်းအောင်းနေသည့် ဂျူးလူမျိုးများကို ဖမ်းဆီးရာတွင် ကူညီရန် သဘောတူခဲ့ရသည်။

နာဇီများက ဂိုးလ်စလက်သည် မိဘများအပေါ်မည်မျှ ချစ်ခင်ကြောင်းနှင့် မိဘများအသက်ရှင်သန်မည်ဆိုပါက မည် သည့် အရာကို မဆိုလုပ်မည်ဖြစ်ကြောင်းသိရှိနေခဲ့ကြသည်။နာဇီများက ဂိုးလ်စလက်အား ဂျူးတစ်ယောက်ဖမ်းမိတိုင်း မတ်ငွေ ၃၀၀ ပေး ခဲ့ကြောင်းလည်း မှတ်တမ်းများရှိခဲ့သည်။ ဂိုးလ်စလက်သည် သူ၏ မိဘများကို စခန်းသို့ ပို့ပြီးသည့်တိုင် ဂျူးများ ဖမ်းဆီးရေးအတွက် နာဇီများကို အကူအညီပေးခဲ့သည်။

ဂိုးလ်စလက်သည် သူမ၏ လှပသော ရုပ်ရည်ကို လူအများ၏ ယုံကြည်မှုကိုရရှိစေရန် အသုံးချခဲ့ပြီး ဂျူးများကို နာဇီများ လက်သို့အပ်နိုင်ရန် အစားအစာနှင့်နေရာထိုင်ခင်းများပေးခဲ့ပြီး ဂျူးလူမျိုးပေါင်း ၃၀၀၀ နီးပါးကို ဖမ်းဆီးနိုင်ရန် နာဇီများကို ကူညီခဲ့ သည်။ဂျာမာန်များက ဂိုးလ်စလက်ကို ရွှေဝါရောင်အဆိပ် ဟု အမည်ပေးခဲ့ပြီး ဒုတိယကမ္ဘာစစ်အပြီးတွင် ဂိုးလ်စလက်သည် ထောင် ဒဏ် ၁၀ နှစ်ကျခံခဲ့ရပြီး ခရစ်ယာန်ဘာသာသို့ ကူးပြောင်းခဲ့ကာ ၁၉၉၄ ခုနှစ်တွင် အိမ်ပြူတင်းမှ ခုန်ချကာ မိမိကိုမိမိ အဆုံးစီရင်ခဲ့ သည်။

၂။ Rolf Isaaksohn

ရော့ဖ်အီဆက်ဆွန်သည် ဂတ်စ်တာပိုအဖွဲ့သို့ ဂျူးများ ဖမ်းဆီးသည့် တာဝန်ကိုယူလိုကြောင်း ကမ်းလှမ်းခဲ့သည်။သူသည် သေမင်းတမန်စခန်းသို့ ပို့မည့် ရထားတစ်စီးလုံးတွင် ဂျူးများအပြည့် အသိပ်ရစေရန် ဖြည့်ဆည်းပေးနိုင်ကြောင်း ကြွားဝါ ပြောဆိုခဲ့ သည်။သူသည် သူကဲ့သို့ အလုပ်တူ မိန်းကလေး စတယ်လ်လာဂိုးလ်စလက် နှင့်လက်ထပ်ခဲ့ပြီးနောက် ဇနီးမောင်နှံနှစ်ယောက် သည် ဂျူးလူမျိုးများ ဖမ်းဆီးရေးကို ပိုမို ထိရောက်စွာလုပ်ဆောင်နိုင်ခဲ့ကြသည်။

ရော့ဖ်အီဆက်ဆွန်သည် စာရွက်စာတမ်းအတုပြုလုပ်ရာတွင် ပါရမီရှိခဲ့သူ တစ်ယောက်ဖြစ်ခဲ့ပြီး ဂျူးများက စာရွက်စာတမ်း များရရှိရေးအတွက် အကူအညီတောင်းခံရန် သူ့ထံရောက်လာလေ့ရှိခဲ့သည်။ ရော့ဖ်အီဆက်ဆွန်က ထိုဂျူးများကိုနာဇီများထံ အလွယ် တကူ ပို့ပေးနိုင်ခဲ့သည်။သူတို့ဇနီးမောင်နှံသည် မိမိတို့ လူမျိုးများအပေါ် သစ္စာဖောက်ခြင်းကို နှစ်သက်သဘောကျခဲ့ကြပြီး များစွာ သော ဂျူးများသည် သူတို့ ဇနှီးမောင်နှံအား ကြောက်ရွံ့ထိတ်လန့်စွာနေခဲ့ကြရသည်။

သူတို့ဇနီးမောင်နှံအကြောင်းရေးသားခဲ့သူ ပီတာဝေဒန်က သူတို့နှစ်ယောက်သည် ပုန်းအောင်းနေသည့် ဂျူးလူမျိုးများကို မည်သို့ ဖော်ထုတ်ရမည့်ု နည်းလမ်းမျိုးစုံကို တီထွင်ဆန်းသစ်နိုင်ကြပြီး့ မိမိတို့၏ ငယ်သူငယ်ချင်းများကိုပင်မချန်ဘဲ ဂျူးလူမျိုး ၂၀၀၀ ကျော်ကို အသက်ဆုံးပါးစေခဲ့ကြောင်းရေးသားခဲ့သည်။

၁။ Moshe Merin

ကောရက်ဒ် ချာမက်ဇ်ရေးသားခဲ့သည့် “ဥရောပတွင် နာဇီတို့ အုပ်စိုးခဲ့စဉ်က ကြောက်မက်ဖွယ် အမှတ်တရ နှစ်ကာလများ” စာအုပ်တွင် မိုရှေးမာရင်သည် စိတ်လိုက်မာန်ပါ လုပ်တတ်၍ စိတ်တည်ငြိမ်မှုမရှိသူ တစ်ယောက်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။နာဇီများ ပိုလန်နိုင်ငံကို ကျူးကျော်ခဲ့ချိန်တွင် မိုရှေးမာရင်သည် Spempwoec ကောင်စီခေါင်းဆောင်အဖြစ် နာဇီများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ သည်။

နာဇီများက မိုရှေးမာရင်ကို ဆယ်လီရှာ အပေါ်ပိုင်းဒေသ ဂျူးကောင်စီ ဗဟိုရုံးခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့ရာယင်း ကောင်စီ လက်အောက်တွင် ဂျူးလူမျိုး တစ်သိန်းခန့်ရှိခဲ့သည်။မိုရှေးမာရင်သည် နာဇီများ၏ အမိန့်ကို လိုက်နာခြင်းဖြင့် အခြားဂျူးလူမျိုးများ၏ အသက်များကို ကင်တင်နိုင်မည်ဟု ယုံကြည်ခဲ့သည်။

နာဇီများက မိုရှေးမာရင်အား သေမင်းတမန်စခန်းသို့ပို့ရန် ဂျူးလူမျိုး ၂၅၀၀၀ ရွေးချယ်ပေးရန် တောင်းဆိုခဲ့ချိန်တွင် မိုရှေး မာရင်သည် ကျန်ရှိသော ဂျူးလူမျိုးရာခိုင်နှုန်းအများစု၏ အသက်ကို ကယ်တင်နိုင်ပြီဟုပြောဆိုလျက် ဝမ်းမြောက်ဝမ်းသာဆောင်ရွက် ပေးခဲ့သည်။ မိုရှေးမာရင်သည် ဂျူးဂက်တိုရဲအဖွဲ့နှင့် အတူ အလုပ်လုပ်ကိုင်ကာ ဂျူးမြေအောက်တော်လှန်ရေးကို ကိုယ်တိုင်တိုက် ခိုက် နှိမ်နင်းခဲ့ ကာ ဖမ်းဆီးရမိသူများအား သေဒဏ်စီရင်မည့် အမိန့်များကိုကိုယ်တိုင်လက်မှတ်ရေးထိုးပေးခဲ့သည်။ သူ၏လုပ်ရပ် များက မိုရှေးမာရင်အားအသက်ချမ်းသာမှုမပေးခဲ့ဘဲ ၁၉၄၃ ခုနှစ်တွင် ဂျူးလူမျိုးပေါင်းများစွာကို သူကိုယ်တိုင်ပို့ခဲ့သည့် အော့ဝစ်ချ် အကျဉ်းစခန်းတွင်သေဆုံးခဲ့သည်။

လူ့သမိုင်းတစ်လျောက်တွင် စစ်ပွဲများသည် လူသားများအတွက် အနိဋ္ဌာရုံများသာဖြစ်ခဲ့ရပြီး လူပေါင်းများစွာသည် စစ် ကြောင့် အကြောင်းအမျိုးမျိုးဖြင့် အသက် အိုးအိမ်များပျက်စီးဆုံးရှုံးခဲ့ကြရပေသည်။ ယင်းတို့အနက် လူမျိုးရေးသစ္စာ ဖောက် များ ကြောင့် သေကြေပျက်စီးခဲ့ကြရသည့် စစ်၏ သားကောင် များသည်လည်း အလွန်ပင် များပြားခဲ့ပေသည်။

မောင်သာ(ရှေးဟောင်းသုတေသန)

၂၀၁၇ ခုနှစ် ဧပြီလထုတ် သုတစွယ်စုံ မဂ္ဂဇင်းမှ

Tags: world historyworld people

Related Posts

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်
People

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်

၉.၁.၂၀၂၁ ရက်နေ့ Forbes ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ စာရင်းကို ကိုးကားထားခြင်းဖြစ်ပါတယ်။ ၁၀။ ဆာဂေးဘရင် ပြီးခဲ့တဲ့နှစ်က အဆင့် ၁၀ နေရာမှာရှိခဲ့တဲ့ အိန္ဒိယသူဌေးကြီး မာခက်ရှ် အမ်ဘန်နီက အဆင့် ၁၃ နေရာကိုရောက်သွားပြီး ဂိုဂဲရဲ့ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့...

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ
People

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ

ကျည်ကာအင်္ကျီတွေကိုတော့ စစ်ဘက်ဆိုင်ရာနဲ့ တကိုယ်ရေ ကာကွယ်မှုဆိုင်ရာ ကဏ္ဍတွေမှာအသုံးပြုကြပါတယ်။ ကျည်ကာအင်္ကျီတွေကိုတော့ အပူခံနိုင်ပြီး အလွန်မာကြောခိုင်ခံ့တဲ့ Kevlar လူလုပ်ဖိုက်ဘာမျှင်နဲ့ ဖန်တီးပြုလုပ်ထားတာဖြစ်ပါတယ်။ Kevlar ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ဝန်းကျင်ကတည်းက ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး တီထွင်ခဲ့သူကတော့ အမျိုးသမီးတဦးဖြစ်ပါတယ်။ သူအမှန်တကယ်တီထွင်ခဲ့တာက...

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု
Knowledge

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု

မိုနာလီဇာပန်းချီကားနဲ့ ကျော်ကြားတဲ့ လီယိုနာဒိုဒါဗင်ချီဟာ ပုံမှန်လူသားတယောက်ထက် ထူးကဲကာ အံ့ဖွယ်အနုသုခုမ ရှေးဦးပညာရှင်၊ ဆေးဘက်ဆိုင်ရာ စွန့်ဦးတီထွင်သူ နဲ့ ဖန်တီးမှုနည်းပညာ စတဲ့နယ်ပယ်ပေါင်းစုံမှာ ကြီးကျယ်တဲ့ တီထွင်မှုတွေကို ပြုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ ဒါကြောင့်လည်း သမိုင်းတလျှောက် အတော်ဆုံး တီထွင်သူတွေကို...

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!