နယူးယောက်မြို့ကြီး အကြောင်း သိကောင်းစရာ

Posted on

သုတဇုန် မိတ်ဆွေများ အားလုံးပဲ မင်္ဂလာပါရှင်။ အရင်တနေ့က ကမ္ဘာပေါ်မှာ သြဇာအကြီးဆုံး Alpha ++ အဆင့် မြို့ကြီး ၂ မြို့ရှိတဲ့အနက်က လန်ဒန်မြို့ကြီးရဲ့ အကြောင်းကို တင်ဆက်ပေးခဲ့ပြီးပါပြီ။ ဒီတခါမှာတော့ ကျန်တဲ့တမြို့ဖြစ်တဲ့ အမေရိကန်က နယူးယောက်မြို့ကြီးရဲ့ အကြောင်းကို ထပ်မံဝေမျှလိုက်ပါတယ်။

နယူးယောက်စီးတီး (သို့) နယူးယောက် လို့ အလွယ်ခေါ်လေ့ရှိတဲ့ နယူးယောက်မြို့ဟာ အမေရိကန်ရဲ့အကြီးဆုံး နဲ့ လူဦးရေအများဆုံးမြို့ကြီးဖြစ်ပြီး နယူးယောက်ပြည်နယ်ရဲ့ တောင်ပိုင်းအစွန်းမှာ တည်ရှိပါတယ်။

အကျယ်အဝန်းအနေနဲ့ စတုရန်းမိုင် ၃၀၀ ခန့် ကျယ်ဝန်းပြီး လူဦးရေ ၈ သန်းကျော် နေထိုင်တဲ့မြို့ကြီးဖြစ်ပါတယ်။ နယူးယောက်ဒေသတခုလုံးမှာ ဆိုရင်တော့ နေထိုင်သူဦးရေဟာ ၂၂ သန်းကျော်တောင် ရှိနေပါတယ်။

နယူးယောက်ကို ကမ္ဘာလုံး ဆိုင်ရာ မြို့တော် တစ်ခု အဖြစ် သတ်မှတ်ကြပြီး တကမ္ဘာလုံးရဲ့ ယဉ်ကျေးမှုဆိုင်ရာ ၊ ငွေကြေးဆိုင်ရာ နှင့် မီဒီယာဆိုင်ရာ စံပြမြို့တော်ကြီးအဖြစ် လူသိများပါတယ်။

ဒါတင် မကသေးပဲ ကူးသန်းရောင်းဝယ်ရေး ၊ ဖျော်ဖြေရေး၊ သုတေသန၊ နည်းပညာ၊ ပညာရေး၊ နိုင်ငံရေး၊ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း၊ အနုပညာ၊ ဖက်ရှင် နဲ့ အားကစားစတဲ့ နယ်ပယ်ကဏ္ဍအစုံမှာလည်း သိသာထင်ရှားစွာ လွှမ်းမိုးထားတဲ့ မြို့ကြီးလည်း ဖြစ်ပါတယ်။

နယူးယောက်ဟာ ကမ်းရိုးတန်းဒေသဖြစ်ပြီး ဟက်ဆန်မြစ် နဲ့ အတ္တလန္တိတ်သမုဒ္ဒရာတို့ဆုံရာမှာရှိတဲ့ ဆိပ်ကမ်းကတော့ ကမ္ဘာ့အကြီးဆုံး သဘာ၀ ဆိပ်ကမ်းကြီးများအနက် တခုအပါအဝင် ဖြစ်ပါတယ်။

နယူးယောက်မြို့တော်ရဲ့ အဆောက်အအုံအများစုကတော့ လောင်းကျွန်း ၊ မန်ဟတ်တန် နဲ့ စတာတန် ဆိုတဲ့ ကျွန်း ၃ကျွန်းပေါ်မှာ တည်ရှိနေတာပါ။

နယူးယောက်ရဲ့ သဘာဝအတိုင်း အမြင့်ဆုံးနေရာကတော့ စတာတန်ကျွန်းမှာရှတဲ့ ထော့ထ် Todt ကျောက်ဆောင် တောင်ကုန်းဖြစ်ပြီး အမြင့် ၄၀၁ပေ ခန့် ရှိပါတယ်။

နယူးယောက်မြို့ကို boroughs ဘားရက်စ် လို့ခေါ်တဲ့ ဒေသ ၅ ခု နဲ့ ပိုင်းခြားထားပြီး အဲဒါတွေကတော့ ဘရောင့်စ်၊ ဘရွတ်ကလင်၊ မန်ဟတ်တန်၊ ကွင်းစ် နဲ့ စတေတန်အိုင်းလန်း တို့ ဖြစ်ပါတယ်။

ယနေ့ နယူးယောက်ရှိရာဒေသကို ၁၅ ရာစု အကုန်အထိ ဥရောပတိုက်သားတွေ ရောက်ရှိခဲ့ခြင်း မရှိပါဘူး။

ဒီဒေသကို ပထမဆုံးရောက်ခဲ့တဲ့ ဥရောပသားကတော့ ၁၅၂၄ ခုနှစ်မှာ ရောက်ရှိခဲ့တဲ့ အီတလီနယ်မြေသစ်ရှာဖွေသူ ဂျီအိုဗန်းနီး ဒါဗေးရက်ဆန် ဖြစ်ပါတယ်။

၁၆၂၄ ခုနှစ် မှာတော့ မန်ဟတ်တန်အောက်ပိုင်း ဒေသကို ဒတ်ချ်တို့က ထိန်းချုပ်ထားပြီး ကုန်သွယ်ရေးစခန်းအဖြစ် တည်ထောင်ခဲ့ကြကာ ၁၆၂၆ ခုနှစ်မှာတော့ နယူးအမ်စတာဒမ် လို့ အမည်ပေးခဲ့ကြပါတယ်။

နောက် ၁၀စုနှစ် ၄ ခုလောက်မှာတော့ အင်္ဂလိပ်တို့ရဲ့ လက်အောက်သို့ ရောက်ရှိခဲ့သွားခဲ့ပြီး အင်္ဂလန်ဘုရင်က ယောက်မြို့စားကြီး အား အုပ်ချုပ်စေခဲ့ရာကနေ စလို့ နယူးယောက်လို့ အမည်တွင်ခဲ့ခြင်း ဖြစ်ပါတယ်။

၁၇၇၆ ခုနှစ် က ဖြစ်ပွားခဲ့တဲ့ လောင်းကျွန်းတိုက်ပွဲကတော့ အမေရိကန်လွတ်မြောက်ရေးတိုက်ပွဲများအနက် အကြီးဆုံးတိုက်ပွဲဖြစ်ခဲ့ပါတယ်။ ဒီတိုက်ပွဲမှာ ဗြိတိသျှတို့ အနိုင်ရပြီး နယူးယောက်ဆိပ်ကမ်းကို ဆက်လက် ထိန်းချုပ်ထားခဲ့ကြပါတယ်။

နယူးယောက်ဟာ ၁၇၈၅ မှ ၁၇၉၀ အထိ အမေရိကန်ပြည်ထောင်စုရဲ့မြို့တော်ဖြစ်ခဲ့ပြီး အဲဒီအချိန်ကတည်းက နိုင်ငံရဲ့အကြီးဆုံးမြို့အဖြစ် တည်ရှိလာခဲ့တာဖြစ်ပါတယ်။

၁၉ ရာစုအတွင်းမှာတော့ ဥရောပမှ ဝင်ရောက်နေထိုင်သူများပြားလာသလို အဓိက ကုန်သွယ်ရေးဗဟိုဌာန ဖြစ်လာခဲ့ပြီး များပြားလှသော အဆောက်အအုံများ တိုးချဲ့တည်ဆောက်လာခြင်း နဲ့အတူ နယူးယောက်ဟာ အလျှင်အမြန်တိုးတက်ပြောင်းလဲ လာခဲ့ပါတယ်။

၁၈၉၅ ခုနှစ်မှာတော့ ဒီဒေသတဝိုက် သီးခြားစီတည်ရှိနေကြတဲ့ မြို့တွေဟာ မန်ဟတ်တန် နဲ့ ပူးပေါင်းခဲ့ပြီး Greater New York ဖြစ်လာခဲ့ပါတယ်။

နယူးယောက်မြို့ဟာ အလွန်ကျော်ကြားခြင်းနဲ့ အတူ “The Great American Melting Pot,” “Gotham,” “The City that Never Sleeps” , ‘The City of Dreams,’ ‘Empire City’ စတဲ့ နာမည်ပြောင်များစွာကိုလည်း ရရှိခဲ့ပါတယ်။ ဒီနာမည်တွေအနက် အကျော်ကြားဆုံးကတော့ Big Apple ဖြစ်ပါတယ်။

နယူးယောက်စီးတီးရဲ့ အကျော်ကြားဆုံး လူအစည်ကားဆုံးနေရာတခုကတော့ Times Square ဖြစ်ပါတယ်။ ဘရော့ဒ်ဝေး နဲ့ ဆဲဗင်းန်အဗန်းညု လမ်းဆုံမှာ တည်ရှိပြီး စီးပွားရေးဆိုင်ရာ ၊ ဖျော်ဖြေရေးဆိုင်ရာ လုပ်ငန်းပေါင်းများစွာ ရှိတဲ့နေရာဖြစ်ပါတယ်။ ခရီးသွားလာရောက်လည်ပတ်မှု အများဆုံးနေရာတွေအနက်က တခုဖြစ်ကာ နှစ်စဉ် လာရောက်သူပေါင်း သန်း ၅၀ ခန့် ရှိပါတယ်။

နယူးယောက်နှင့်အတူ အမြဲလိုလို ယှဉ်တွဲ မြင်ရလေ့ရှိတဲ့ အရာကတော့ လေဘာတီရုပ်တုကြီးဖြစ်ပါတယ်။ နယူးယောက်ဆိပ်ကမ်းအနီး လေဘာတီကျွန်းပေါ်မှာ တည်ရှိပြီး မြေပြင်မှ အမြင့်ပေ ၃၀၅ ပေ ခန့်အထိ မြင့်ပါတယ်။ ဒီရုပ်တုကြီးကိုတော့ အမေရိကန်တို့ရဲ့ လွတ်လပ်ရေး အထိမ်းအမှတ်အတွက် ပြင်သစ်ပြည်သူတွေက လက်ဆောင်အဖြစ် ပေးပို့ခဲ့တာဖြစ်ပါတယ်။

နယူးယောက်မြို့မှာ အထင်ကရ အဆောက်အုံတွေ အလွန်ပေါများစွာရှိနေတဲ့အနက် နာမည်အကျော်ဆုံး အဆောက်အအုံတခုကတော့ အင်ပါယာစတိတ် အဆောက်အအုံဖြစ်ပါတယ်။ ဧရိယာစတုရန်းပေ ၂.၂သန်း ရှိပြီး အမြင့် ၁၄၅၄ပေ ၊ အထပ်ပေါင်း ၁၀၂ ထပ် ရှိသော ဧရာမ အဆောက်အဦးကြီးဖြစ်ပါတယ်။

အလွန်ကြီးမားတဲ့ ဒီအဆောက်အဦးကြီးကို ၁၉၃၁ ခုနှစ်ကတည်ဆောက်ခဲ့တာဖြစ်ပြီး တည်ဆောက်ချိန် ၁နှစ်ခနပဲ ကြာမြင့်ခဲ့တာကတော့ အံသြစရာဖြစ်ပါတယ်။ မြို့ပြအင်ဂျင်နီယာလောက ကမ္ဘာ့အံ့ဖွယ် ၇ ခု မှာ ထည့်သွင်းရေးချယ်ခံရတဲ့ အဆောက်အဦးကြီးလည်း ဖြစ်ပါတယ်။

နယူးယောက်မြို့လယ်ခေါင်ရှိ One World Trade Center အဆောက်အဦးကတော့ ပြန်လည်တည်ဆောက်ထားသော အဆောက်အဦးဖြစ်ပါတယ်။ မူလက အမွှာညီနောင်မျှော်စင် လို့ခေါ်ခဲ့တဲ့ ကမ္ဘာ့ကုန်သွယ်ရေးဗဟိုဌာနဟာ ၂၀၀၁ ခုနှစ်က လေယာဉ်ဖြင့် တိုက်ကာ ဖျက်စီးခံခဲ့ရပြီး လူပေါင်း ၃၀၀၀ နီးပါး အသက်ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။

ပြန်လည်တည်ဆောက်ထားတဲ့ အဆောက်အအုံကတော့ ၁၇၇၆ပေ မြင့်ပြီး အထပ်ပေါင်း ၉၄ ထပ် ပါဝင်ပါတယ်။ ကမ္ဘာပေါ်မှာ ၆ ခု မြောက် အမြင့်ဆုံး အဆောက်အဦးလည်း ဖြစ်ပါတယ်။

မိုးမျှော်အဆောက်အအုံများနဲ့ ပြည့်နှက်နေတဲ့ နယူးယောက်မြို့လယ်ခေါင်မှာ နယူးယောက်စင်ထရယ်ပါ့ခ် လို့ နာမည်ကျော်တဲ့ ပန်းခြံကြီးတခု ထူးထူးခြားခြား ရှိနေပါတယ်။ ၁၈၅၇ ခုနှစ်က ဗိသုကာပညာရှင်များ ဒီဇိုင်းဆွဲကာ ပုံဖော်ခဲ့တဲ့ ဒီပန်းခြံကြီး ၈၄၃ ဧက ကျယ်ဝန်းပါတယ်။

ဒီပန်းခြံကြီးထဲမှာ သစ်ပင်ပေါင်း ၂သောင်းကျော် နဲ့ ရေကန်များ ပါဝင်ပြီး တိရစ္ဆာန်ငယ်လေးများလည်း ရှိနေကာ နှစ်စဉ် လာရောက်အပန်းဖြေသူပေါင်း သန်း ၄၀ ခန့် ရှိပါတယ်။

နယူးယောက်တမြို့လုံးမှာ ဥမင်လိုဏ်ခေါင်း နှင့် တံတားအစင်းပေါင်း ၂၀၀၀ ကျော် ရှိနေပါတယ်။ ဒီအထဲမှာ အကျော်ကြားဆုံးကတော့ ဘရွတ်ကလင်းတံတားကြီးဖြစ်ပါတယ်။

စုစုပေါင်း အလျား ၆၀၁၆ပေ ၊ အကျယ် ၈၅ပေ ၊ အမြင့် ၂၇၂ပေ ရှိတဲ့ တံတားကြီးဟာ East မြစ်ကို ဖြတ်ထိုးထားပါတယ်။ ၁၈၈၃ ခုနှစ်(လွန်ခဲ့သော နှစ်ပေါင်း ၁၃၈နှစ်) လောက်ကတည်းက တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အဲဒီအချိန်က ကျွန်မတို့မြန်မာနိုင်ငံမှာ သီပေါမင်းတောင် ပါတော်မမူသေးတဲ့ အချိန်ဖြစ်ပါတယ်။

နယူးယောက်မြို့ နဲ့ ပူးတွဲမြင်တွေ့ရလေ့ရှိတဲ့ နောက်ထပ်သင်္ကေတ တခုကတော့ အဝါရောင် အငှားယာဉ်များ ဖြစ်ပါတယ်။ တမြို့လုံးမှာ မှတ်ပုံတင်ထားတဲ့ အဝါရောင်အငှားကားပေါင်း ၁၃၀၀၀ ကျော် ရှိပြီး ဒီအဝါရောင် အငှားကားတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ခန့်ကတည်းက နယူးယောက်မှာ ရှိနေပြီဖြစ်ပါတယ်။

မြေအောက်ရထားကိုတော့ ၁၉၀၄ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့ပြီး ရှေးအကျဆုံး မြေအောက်ရထားထဲက တခုဖြစ်ပါတယ်။ ဒီနေ့အခါမှာတော့ ၁နာရီ ၅၅မိုင် အမြန်နှုန်းနဲ့ နယူးယောက်ရထားတွေဟာ လမ်းကြောင်းပေါင်း ၃၆ ခု အထိ ပြေးဆွဲနေပြီဖြစ်ပါတယ်။ ဘူတာရုံပေါင်း ၄၇၂ ခု ရှိနေပြီး ၂၀၁၇ ခုနှစ်က ဆိုရင် စီးနင်းသူအရေအတွက် ၁.၇ ဘီလျံကျော် ရှိခဲ့ပါတယ်။

နယူးယောက်မှာ ပြတိုက်ပေါင်းများစွာ ရှိတဲ့ အနက်မက်ထရိုပေါ်လစ်တန် အနုပညာပြတိုက်က အထင်ရှားဆုံးဖြစ်ပါတယ်။ အမေရိကန်ရဲ့ အကြီးဆုံး အနုပညာပြတိုက်ကြီးဖြစ်ပြီး လွန်ခဲ့တဲ့နှစ်ပေါင်း ထောင်ချီကာလက ပစ္စည်းများ အပါအဝင် ကမ္ဘာတဝှမ်းမှ ရှေးဟောင်းပစ္စည်း ၂သန်းကျော်ကို စုဆောင်းပြသထားပါတယ်။ ကဏ္ဍပေါင်း ၁၇ ခု ခွဲခြားပြသထားပြီး နှစ်စဉ်လူပေါင်း ၁သန်းကျော် လာရောက်လည်ပတ်လေ့ရှိတဲ့ နေရာလည်း ဖြစ်ပါတယ်။

နယူးယောက် စာကြည့်တိုက် ကတော့ အမေရိကန်မှာ ဒုတိယ ၊ ကမ္ဘာမှာ စတုတ္ထမြောက် အကြီးဆုံး စာကြည့်တိုက်ကြီးဖြစ်ပါတယ်။ ၁၈၉၅ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး စာအုပ်ပေါင်း ၅၅ သန်းကျော် စုဆောင်းထားပါတယ်။ အလွန်ကြီးမားကျယ်ဝန်းတာကြောင့် ဝန်ထမ်းပေါင်း ၃၀၀၀ ကျော် ခန့်ထားရပြီး နှစ်စဉ် လာရောက်လေ့လာသူ စာဖတ်ဝါသနာရှင်ပေါင်း ၃သန်းခွဲ ခန့်ရှိနေပါတယ်။

စီးပွားရေးမြို့တော်ဖြစ်တဲ့ နယူးယောက်ရဲ့ Wall Street ကိုတော့ ကမ္ဘာ့မီဒီယာတွေထက်မှာ အမြဲလိုလိုမြင်တွေ့ရလေ့ရှိပါတယ်။ Wall Street ဟာ အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ရဲ့ ငွေကြေး နဲ့ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ လုပ်ငန်းများ စုဝေးရာ ရပ်ကွက်ဖြစ်ပြီး မန်ဟတ်တန် (Manhattan) အောက်ပိုင်း ဘရော့ဒ်ဝေးလမ်း ကနေ တောင်လမ်း (South Street) အထိ ရှည်လျားပါတယ်။

ဒီနေရာမှာ ကမ္ဘာ့အကြီးဆုံး စတော့အိတ်ချိန်းဖြစ်တဲ့ နယူးယောက်စတော့ အိတ်ချိန်း နဲ့ အတူ ဘဏ်ပေါင်းများစွာရဲ့ ရုံးချုပ်တွေတည်ရှိနေပါတယ်။ အချိန်ကာလ ကြာမြင့်လာတာနဲ့ အမျှ wall street ဟာ အမေရိကန်တို့ရဲ့ ငွေကြေး ဈေးကွက်တစ်ရပ်လုံးကို ကိုယ်စားပြုတဲ့ ဝေါဟာရ ဖြစ်လာခဲ့ပါတယ်။

နယူးယောက်မှာ ခရစ်ယာန် ဘုရားကျောင်းပေါင်း ၂၀၀၀ ကျော် ရှိတဲ့အနက် စိန့်ပတ်ထရစ်ဘုရားကျောင်းကတော့ အကြီးဆုံးဖြစ်ပါတယ်။ ၁၈၇၈ ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့တဲ့ ဒီဘုရားကျောင်းကြီးဟာ အလျား ၃၉၆ပေ ၊ အကျယ် ၁၇၄ ပေ အမြင့် နှင့် အမြင့် ၃၂၉ပေ ရှိပါတယ်။ ဒီဘုရားကျောင်းကြီးမှာ ခေါင်းလောင်းပေါင်း ၁၉ လုံး ရှိနေပြီး နိုင်ငံရဲ့ သမိုင်းဝင်အမွေအနှစ်အဆောက်အအုံလည်း ဖြစ်ပါတယ်။

ဒီမြို့မှာ ဘာသာစကားပေါင်း ၈၀၀ ကျော်ကို ပြောဆိုလျှက်ရှိကြပြီး ကမ္ဘာပေါ်မှာ ဘာသာစကားအားဖြင့် အကွဲပြားဆုံး မြို့တော်လည်းဖြစ်ပါတယ်။

၂၀၁၉ ခုနှစ် နယူးယောက် မက်ထရိုပိုလစ်တန် ဒေသရဲ့ စုစုပေါင်း ဂျီဒီပီမှာ အမေရိကန် ဒေါ်လာ ၁.၉ ထရီလီယံ ဖြစ်ပါတယ်။ နယူးယောက်မြို့တော်သာ နိုင်ငံတခုဖြစ်ခဲ့မယ်ဆိုပါက ကမ္ဘာပေါ်မှာ ၁၂ ခုမြောက် အချမ်းသာဆုံး နိုင်ငံ အဖြစ် သတ်မှတ်ရမှာဖြစ်ပါတယ်။

ကမ္ဘာ့မြို့တော်များအနက် ဘီလျံနာ သူဌေး ဒုတိယ အများဆုံး မြို့ဖြစ်ပါတယ်။ အစဉ်အဆက် ပထမနေရာ ရရှိခဲ့ရာကနေ ၂၀၂၁ ခုနှစ်မှာတော့ တရုတ်ပြည် ဘေဂျင်းမြို့ရဲ့ ကျော်တက်ခြင်းကို ခံလိုက်ရလို့ ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ အကြီးဆုံး ရွှေသိုလှောင်မှု အဆောက်အအုံကလည်း နယူးယောက်မှာပဲ ရှိနေပါတယ်။ ဒါကတော့ မန်ဟတ်တန်ငွေကြေးရပ်ကွက်ရှိ Federal Reserve ဘဏ် အဆောက်အအုံဖြစ်ပြီး ရွှေသိုလှောင်ခန်းကို လမ်းရဲ့ အောက်ဘက်ပေ ၈၀ အနက်မှာ လုံခြုံစွာတည်ဆောက်ထားပါတယ်။ ဒီနေရာမှာ အမေရိကန်ဒေါ်လာ ၉၀ ဘီလျံ တန်ဖိုးရှိတဲ့ ရွှေများကို သိုလှောင်ထားတယ်လို့ သိရပါတယ်။

နယူးယောက်ဟာ အစ္စရေးနိုင်ငံပြီးရင် ဂျူးလူမျိုးတွေ အများဆုံးနေထိုင်ရာမြို့လည်းဖြစ်ပါတယ်။ မြို့ပေါ်နေ ဂျူးလူမျိုး ၁.၁ သန်းခန့်ရှိပြီး နယူးယောက်ပြည်နယ်တခုလုံးမှာတော့ ဂျူးပေါင်း ၂သန်း ဝန်းကျင်အထိ နေထိုင်ကြပါတယ်။

၂၀၁၉ ခုနှစ်မှာ တကမ္ဘာလုံးရှိ မြို့ကြီး ၄၈မြို့မှ လူပေါင်း ၃၀,၀၀၀ တို့အား စစ်တမ်းကောက်ခံတဲ့အခါ နယူးယောက်ကို ကမ္ဘာပေါ်မှာ အကြီးကျယ် အခမ်းနားဆုံး မြို့အဖြစ် မဲပေး ရွေးချယ်ခဲ့ကြပါတယ်။

ပညာရေးထွန်းကားတဲ့ နယူးယောက်မြို့မှာ ကောလိပ်နှင့် တက္ကသိုလ်ပေါင်း ကလည်း ၁၂၀ ကျော် တောင်ရှိနေပါတယ်။ ဒီအထဲမှာ ကမ္ဘာ့အဆင့် ထိပ်တန်းတက္ကသိုလ်တွေဖြစ်တဲ့ ကိုလံဘီယာတက္ကသိုလ်၊ နယူးယောက်တက္ကသိုလ် နှင့် ရော့ခ်ဖဲလား တက္ကသိုလ်တို့ လည်းပါဝင်နေပါတယ်။

ဒီလောက်ဆိုရင် သုတဇုန် မိတ်ဆွေတွေအနေနဲ့ ကမ္ဘာပေါ်မှာ သြဇာအကြီးဆုံး အကျော်ကြားဆုံးမြို့ကြီးအဖြစ် သတ်မှတ်ခံထားရတဲ့ နယူးယောက်မြို့ကြီးအကြောင်းကို အတော်လေး သိသွားလောက်ပြီထင်ပါတယ်။ ထပ်မံပြီးတော့လည်း တခြား ကမ္ဘာကျော်မြို့ကြီးတွေရဲ့ ဗဟုသုတ အကြောင်းအရာတွေကို တင်ဆက်ပေးသွားဦးမှာ ဖြစ်တဲ့အတွက် သုတဇုန်ချန်နယ်ကို subscribe လုပ်သွားပေးကြပါဦးနော်။