Wednesday, April 14, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဒဏ္ဍာရီထဲက ရှင်မွေ့နွန်း နှင့် မင်းနန္ဒာ

by Thutamm
September 15, 2020
Reading Time: 1min read
0
ဒဏ္ဍာရီထဲက ရှင်မွေ့နွန်း နှင့် မင်းနန္ဒာ
Share on FacebookShare on Twitter

ရေးသားသူ – Min Htet Kyaw Swar

မိတ်ဆွေအနေဖြင့် သန်လျင်မြို့သို့ အလည်အပတ် သွားရောက်မည်ဆိုပါက သန်လျင်မြို့ဦးရှိ ရှင်မွေ့နွန်း ကုန်းပေါ်တွင် တည်ထားသော ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ရှင်မွေ့နွန်း မျှော်တော်ယောင် လွမ်းစေတီကို ဖူးမြင်ရမည် ဖြစ်သည်။ ရှင်မွေ့နွန်းမင်းသမီးလေး သက်ရှိထင်ရှားရှိစဉ်က ထိုကုန်းပေါ်မှ နေ၍ ချစ်ရသူ နန္ဒာကိုယ်တော်ကို မျှော်ခဲ့သည့် နေရာဖြစ်သည်ဆို၏။

အတိတ်ကို ပြန်ကောက်ရပါသော်…။ သန်လျင်ပါဒနိုင်ငံတော်မှ သုဝဏ္ဏဒေဝီမိဖုရားကြီးသည် ကိုယ်ဝန်အရင့်အမာရှိနေစဉ် နတ်ရွာစံတော်မူ၍ မီးသဂြိုလ်မည့် ပြုသည့်အခါမှ သမီးတော်ကလေးကို ဖွားလေ၏။ ခမည်းတော်မင်းကြီးသည် အံ့သြဘနန်း ထူးဆန်းလှသည့် အဖြစ်ကြောင့် သမီးတော်ကလေးကို ချစ်မြတ်နိုးလှသော်လည်း သချိုင်းရောက်မှ ဖွားတော်မူသဖြင့် နိမိတ်မကောင်းဟု ဆိုကာ သချိုင်းအနားတွင်သာ တစ်ပင်တိုင်မြနန်းဖြင့် ထားလေ၏။ ရှင်မွေ့နွန်း ဟု အမည်ပေးကာ အထိန်းတော်၊အချီတော်များ ဖြင့် အတတ်နိုင်ဆုံး စီမံပေးထားလေ၏။

မွေ့နွန်းမင်းသမီးလေး အရွယ်ရောက်သော် ချောမောလှပလွန်းသဖြင့် သူမ၏ အလှသတင်းမှာ ဥက္ကလာပတိုင်း အထိ ပျံ့နှံ့ကျော်စောလေ၏။ ဥက္ကလာပတိုင်းမှ ဥပရာဇာမင်းနန္ဒာ ကိုယ်တော်လေးမှာလည်း သန်လျင်ကျွန်းမှ ခင်နွန်း ၏ အလှကို ကြားသိရပြီးသည့်နောက်တွင် မတွေ့တွေ့အောင် သွားမည်ဟု ကြံကာ မိမိထံအမှုထမ်းနေသော ငမိုးရိပ် မိကျောင်းကို အကူအညီတောင်းလေ၏။ ငမိုးရိပ်ကလည်း ချက်ချင်းကြီးသွားလျှင် အဆင်မပြေနိုင်ကြောင်း ကျေးငှက်ဖြင့် မေတ္တာစာ အရင်စေသင့်ပါကြောင်း လျှောက်သဖြင့် ကျေးအရင်စေရလေ၏။

မွေ့နွန်းလည်း မိမိထံ ကျေးစေရောက်လာသော နန္ဒမင်းသားအကြောင်း အထိန်းတော်များကို မေးရာ ဥက္ကလာပနေပြည်တော်၏ ကြီးကျယ်ပုံ၊မင်းသားလေး၏ ချောမောပုံတို့ကို ပြန်လျှောက်ကြသဖြင့် ပြန်စာကို ထိုကျေးဖြင့်ပင် ပို့လိုက်လေ၏။ မင်းနန္ဒာလည်း ရှင်မွေ့နွန်းထံမှ ပြန်စာကို ရလျှင် ” ကိုင်း ငမိုးရိပ်၊ မင်းသမီးလေးဆီက ပြန်စာတော့ ရပေပြီ။ ယခု နင့်တာဝန်သာ..” ဟုဆိုကာ ငမိုးရိပ်၏ ခံတွင်းထဲသို့ဝင်ကာ သန်လျင်မြစ်ကို ဖြတ်ကူး၍ သွားတွေ့လေ၏။ ထိုသတင်းကို ဥက္ကလာပမင်းကြီးကြားလျှင် မင်းနန္ဒာအား မသွားရန်တားလေ၏။ ( ရှင်မွေ့နွန်းသည် သချိုင်းတွင် ဖွားသူဖြစ်၍ သဘောမတူနိုင်ပေ။

မည်သို့ပင်ဆိုစေ အချစ်ကြီးသူ မင်းနန္ဒာကား ခမည်းတော်မသိအောင် သွားမြဲသွားလေ၏။ ( ငမိုးရိပ်ကလည်း အရောက်ပို့လေ၏) တစ်နေ့တွင်မူ အဖျက်ရန်တစ်ခုက မမျှော်လင့်ဘဲ ပေါ်လာတော့သည်။ သံသုမာမိကျောင်းမ မိလက်တို ဖြစ်သည်။ ( သူမသည် ငမိုးရိပ်ကို တစ်ဖက်သတ်ကြိုက် ဖြစ်နေသူဖြစ်ပြီး ငမိုးရိပ်က ခါးခါးသီးသီးတုံ့ပြန်သောအခါ ရန်ညှိုးအဖြစ် တေးထားသူဖြစ်သည်။ သံသုမာ ဟူသည်မှာ ကလေးကိုသတ်သောသူ ဟုအဓိပ္ပါယ်ရသဖြင့် ကလေးသားကြိုက်သူ မိကျောင်းမ ဖြစ်နိုင်ပေသည်။)

သူမက အကြံကြီးသူပီပီ လူယောင်ဖန်ဆင်းကာ မွေ့နွန်းမင်းသမီးလေးထံ အခစားဝင်ကာ ငမိုးရိပ်ကို လက်စားချေရန် အခွင့်ကို စောင့်နေသူလည်း ဖြစ်သည်။-” နန္ဒာကိုယ်တော်လေးက သခင်မလေးကို အဲ့လောက် အလေးအနက်မထားပါဘူး ဘုရား ” – ” ဘယ်လိုပြောလိုက်တာလဲ ခင်လက်တို၊ မောင်မောင်ငါ့ကို သိပ်ချစ်တဲ့ဟာကို။ ညည်းက ဘောက်မဲ့ကြောင့် သံသယဝင်ရသတုန်း။ “- ” ဒါဆို သခင်မလေးအနေနဲ့ ကိုယ်တော်လေးရဲ့ ညာလက်ရုံးပေါ်မှာ ခေါင်းအုံးခွင့်ရဖို့ တောင်းဆိုပြပါဘုရား ” – ” ညည်းစကားက အဆန်းပါလား။ဘာလို့တုန်း “- ” အို သခင်မလေးကလဲ ယောကျ်ားတွေကလေ သူတို့ညာလက်ရုံးကိုမိန်းမတွေ ကခေါင်းအုံးမယ် ဆိုရင်သိပ်ကြောက်တာသခင်မလေးရဲ့-ခွင့်မြ့ပုချင်ကြဘူး – အဲဒါကြောင့် ကိုယ်တော်လေး တကယ်ချစ် မချစ် ဆိုတာသိရအောင် ဒီနည်းနဲ့စမ်းပေတော့ သခင်မလေး ”

ရှင်မွေ့နွန်း တွေဝေသွား၏။ သည်တစ်ခေါက် နန္ဒာကိုယ်တော်ကို ဤနည်းဖြင့် အချစ်စမ်းကြည့်ရပေမည်။ ( အမှန်မှာ ယောကျာ်းတို့၏ ညာလက်ရုံးကို အမျိုးသမီးတို့ ခေါင်းမအုံးအပ်ပေ။ ဘုန်းတန်ခိုး နိမ့်ပါးတတ်လေသည်။ ထိုအကွက်ကို မိလက်တိုက အချက်ကျကျ အသုံးချလိုက်ခြင်း ဖြစ်သည်။) အမှန်တကယ်လည်း နန္ဒာကိုယ်တော်ရောက်လာသည့် အခါ ရှင်မွေ့နွန်းက ခေါင်းအုံးချင်ကြောင်းပြောလေ၏။ မင်းနန္ဒာလည်း ” ထူးထူး ဆန်းဆန်း ဘာတွေများဖြစ်လို့ပါလိမ့်” ဟု တွေးမိသော်လည်း ” ဘဇာကြောင့် မရ ရမှာလဲ နှမတော်။ ဘုန်းလက်ယာ မှာ အုန်းစက်ပါလေ” ဟု ခွင့်ပြုလေ၏။ မိလက်တိုလည်း သူမအကွက်ဆင်ထားသည့်အတိုင်း ဖြစ်သည့်အခါ မင်းနန္ဒာ၏ အပြန်လမ်းတွင် အဖော်မိကျောင်းများနှင့် အသင့်စောင့်နေလေ၏။ အပြန်တွင် ထုံးစံအတိုင်း ငမိုးရိပ်၏ ခံတွင်းတွင်းမှ နေ၍ မင်းနန္ဒာလိုက်ပါလာလေ၏။

မြစ်လယ်ရောက်သော်…။ – ” ဝိုင်းဟေ့ ဝိုင်းဟ မလွတ်စေနဲ့” – ” ဘာတွေတုန်းဟ။ ငမိုးရိပ်။ ဘာသံတွေတုန်း” ငမိုးရိပ်မှာ မင်းသားကို ငုံထားရ၍ ပြန်မပြောနိုင်ပေ။ ထိုစဉ် အမြီးဆီမှ စူးခနဲ နာသွား၏။ မိလက်တိုနှင့် သူမ၏ အမျိုးများက စတင်ယုတ်မာပေပြီ။ ထန်းလျက်ခဲကို ပုရွက်ဆွဲသည့် ပမာ ဝိုင်းအုံကိုက်ကြရာ ငမိုးရိပ်လည်း ပြန်လည်ခုခံရလေ၏။ ( သို့သော် မင်းသားကို ငုံထားရသဖြင့် ပါးစပ်ကို မသုံးနိုင်ဘဲ အမြီးကိုသာ သုံးနေရသဖြင့် ထိရောက်စွာ မတိုက်နိုင်ပေ။) ထိုအခါ မင်းသားကို ခဏထုတ်ကာ ကျောပေါ်တင်လိုက်လေ၏။ မောဟိုက်နေသော မင်းသားလည်း ရွှေသန်လျက် ကို မိကျောင်းများ မြင်အောင်ပြ၍ -” အမိုက်အမဲတွေ၊ ငါကိုယ်တော့် ခရီးလမ်းက အခုဖယ်စမ်း။ ငါဟာ ဥက္ကလာပဥပရာဇာ ဆိုတာ မသိရော့သလား”- ” ကုန်းပေါ်မှာတော့ ဟုတ်ပေလိမ့်မယ်။ ရေထဲမှာကတော့ သိတယ်မလား ဟဲဟဲ ”

မိလက်တိုက အတင့်ရဲစွာ အနားကပ်လာ၏။ ငမိုးရိပ်လည်း အခြေအနေမဟန်မှန်းသိ၍ ကျောကို အမြန်လှိမ့်ချကာ မင်းသားကို အမြန်ငုံ၍ ပြေးရတော့သည်။ ( လှိမ့်ချလိုက်၍ မင်းနန္ဒာဟန်ချက်ပျက်ကာ လက်ထဲမှ သန်လျက်လည်း ထိုနေရာတွင်ပင် လွတ်ကျလေ၏။ ထိုအရပ်ကို သန်လျက်စွန်း ဟု ယနေ့တိုင်တွင်လေ၏) မိလက်တိုလည်း အဖော်များဖြင့် ပျော်ပျော်ပါးပါးကြီးပင် လိုက်လေ၏။ ငမိုးရိပ်လည်း ပြေးမိပြေးရာဖြင့် ပြေးရာ ချောင်များကိုပင် တိုးမိရှာလေသည်။ ( တိုးမိသည့် ချောင်များကို အစွဲပြု၍ တိုးကြောင်ကြီး၊ တိုးကြောင်ကလေးဟု ယနေ့တိုင်တွင်သော နေရာများဖြစ်လာသည်။) မိလက်တိုတို့ မမီနိုင်သောနေရာ ဖြစ်သော ဒဂုံဆိပ်ကမ်းသို့ရောက်သော် မင်းနန္ဒာကို ခံတွင်းမှထုတ်လေ၏။ ကံဆိုးရှာသော မင်းသားငယ်မှာ အသက်ရှုပိတ်ကာ ကံတော်ကုန်ပြီးနှင့်ပြီ ဖြစ်သည်။

ငမိုးရိပ်လည်း ဆိပ်ကမ်းအနီး လူမြင်နိုင်သော နေရာတွင် အလောင်းတော်ကို တင်ကာ ဥက္ကလာပမင်းကြီး၏ အမျက်ဒေါသကို ကြောက်လွန်း၍ မှော်ဘီသို့ ပြေးလေ၏။ ရှင်မွေ့နွန်းလည်း ထိုသတင်းဆိုး ကို ကျေးစေ သဝဏ်လွှာမှ တဆင့် သိရှိကာ သဝဏ်လွှာကို လက်ထဲတွင် ဆုပ်ထားရင်းကပင် နှလုံးကြေကွဲကာ ဇီဝိန်ချုပ်တော်မူလေ၏။ မင်းနန္ဒာနှင့် ရှင်မွေ့နွန်းတို့၏ ရုပ်အလောင်းများကို မီးသဂြိုလ်ကြရာတွင် တစ်ရက်တည်း ဖြစ်ကြသည်ဟုဆိုပြီး ဒဂုံဘက်ကမ်းမှ မီးခိုးနှင့် သန်လျက်ဘက်မှ မီးခိုးတို့သည် မြစ်အထက်တွင် ပေါင်းဆုံသွားကြသည်ဆို၏။ (လူချင်းမပေါင်းရသော်လည်း မီးခိုးချင်းတော့ ပေါင်းကြရရှာလေသည်။)

( ရှင်မွေ့နွန်း၊ မင်းနန္ဒာတို့၏ အချစ်ဇာတ်လမ်းသည် ကျောက်စာအ ထောက်အထား မရှိသော်လည်း ကျွန် တော်တို့၏ နှလုံးသားတွင် ယခုတိုင် စွဲထင်ကျန်ရစ်နေသော ဂန္ထဝင်အချစ်ဇာတ်လမ်း ဖြစ်ပါသည်။ နှောင်းခေတ်လူများသည် ရှင်မွေ့နွန်း၊ မင်းနန္ဒာဇာတ်လမ်းကို ဒဏ္ဍာရီဆန်သည်ဟုဆိုကာ ပစ်ပယ်နိုင်သော်လည်း ရှင်မွေ့နွန်း မျှော်တော်ယောင် လွမ်းစေတီကို ပစ်ပယ်၍ မရနိုင်ပါ။) အထက်ပါအကြောင်းအရာမှာ ပုံပြင်ဒဏ္ဍာရီ သာဖြစ်သော်လည်း ရှင်မွေ့နွန်း နှင့် မင်းနန္ဒာ မူ တကယ်ရှိခဲ့ပါတယ်။ ပုံပြင်နဲ့ သမိုင်းနဲ့ ကွဲလွဲချက်များ ရှိပါတယ်။ ရှင်မွေ့နွန်း မင်းနန္ဒာ သန်လျှင် သမိုင်းနှင့်ပတ်သတ်၍ စိတ်ဝင်စားတဲ့မိတ်ဆွေများအတွက် လူသိနည်းတဲ့ သမိုင်းအမှား အချို့ကို ကိုငြိမ်းချမ်း(ဗိုလ်ချုပ်ရွာ) ထံမှ ပြန်လည်မျှဝေလိုက်ပါတယ်။

———————

ခေတ်အဆက်ဆက်ကသန်လျင်သမိုင်းအမှားများ

အိပ်ရာဝင်ပုံပြင်များကို ကိုင်ပြောကြပြီး သန်လျင်သမိုင်းအမှားတွေကို ပြောလာကြသည်။ တတ်နိုင်သလောက်တော့ ရှင်းကြည့်သည်။ တအားငြင်းနေရင်တော့ ပြုံးကြည့်နေလိုက်တော့သည်။ သန်လျင်သမိုင်းများထဲမှ ကျွန်တော်တွေ့မိသော အမှားအချို့ကို ထုတ်ပြပါမည်။ စာဖတ်သူများ ကျွန်တော် သတိမထားမိတာများ တွေ့မိရင်လည်း ဖြည့်ကြပြီး သန်လျင်သမိုင်းကို ဝိုင်းပြုပြင်ကြတာပေါ့။

၁။ သန်လျင်မင်းဆက်(၆)ဆက်ဖြစ်သည်။ သမိုင်းအချို့က နှစ်ဆက်ပြောလိုက် လေးဆက်ပြောလိုက် ဖြစ်နေသည်။

၂။ ရှင်မွေ့နွန်းအဖိုးသည် ဦးသန်လျင်မဟုတ်ပါ။ ဗညာမဏိရွတ်ပိမင်းသာ ဖြစ်ပါသည်။

၃။ မင်းနန္ဒာသည် ဥက္ကလာပ မင်းကြီးသားမဟုတ်ပါ။ ရွှေတိဂုံ ဘုရားနှင့် ကျိုက်ခေါက်ဘုရားသည် နှစ်ပေါင်း ၂၄၁ နှစ်ကွာပေသည်။ ဒဂုံမြို့စားသားဆိုလျှင်တော့ လက်ခံနိုင်သေးသည်။

၄။ ရှင်မွေ့နွန်းသည် မင်းနန္ဒာသတင်းကြားပြီး ချက်ချင်း ရင်ကွဲနာကျ၍ မသေပါ။ ကျိုက်ခေါက်ဘုရားတွင် မင်းနန္ဒာအတွက် အလှူပြုလုပ်ပြီး မင်းနန္ဒာကန်ကို တူးဖော်ခဲ့သေးသည်။

၅။ ရှင်မွေ့နွန်း၏အမေ ကြခတ်ဝရာမင်းသမီးကို သထုံရာဇဝင်နှင့် တိုက်ကြည့်သောအခါ ကြခတ်ဝရာမင်းသမီး၏ ဖခင်သည် မြတ်စွာဘုရားမပွင့်မီ နှစ်၅၀ခန့်က မင်းဖြစ်နေသည်။

၆။ လွမ်းစေတီကုန်း မျှော်တော်ယောင်စေတီ(လွမ်းစေတီ)သည် ရှင်မွေ့နွန်းတည်ထားခြင်းမဟုတ်ပေ။ နှောင်းလူတို့က အထိမ်းအမှတ်ဖြင့်တည်ထားခြင်းသာ ဖြစ်ပါသည်။

၇။ ကြခတ်ဝရာမင်းသမီးကို သိမ်းပိုက်သော သန်လျင်မင်းမှာ ဘောဂသေနမင်း ဖြစ်သည်။ ပုံပြင်အချို့နှင့် သမိုင်းအချို့က မောင်ဒီ မင်းဟု ဆိုကြသည်။

၈။ မောင်ဒီမင်းကို တောတွင်းသားလူရိုင်းနှင့် ရောနေကြသည်။

၉။ ပါဒမင်းဆက် (၃၄)ဆက်နှင့် သန်လျင်မင်းဆက် (၆)ဆက် ပေါင်း(၄၀) ဆက်ဖြစ်သည်။

ငြိမ်းချမ်း(ဗိုလ်ချုပ်ရွာ)

Tags: myanmar history

Related Posts

ဒေါ်လာ သန်း ၄၀ အကုန်အကျခံကာ အီဂျစ်အမွေအနှစ်များကို ကယ်တင်ခဲ့ကြခြင်း
History

ဒေါ်လာ သန်း ၄၀ အကုန်အကျခံကာ အီဂျစ်အမွေအနှစ်များကို ကယ်တင်ခဲ့ကြခြင်း

အီဂျစ်နိုင်ငံရဲ့ လူသိအများဆုံးနေရာတွေလို့ ပြောလိုက်တာနဲ့ ပိရမစ်ကြီးတွေနဲ့ အတူ ပါဝင်လာလေ့ရှိတာကတော့ Abu Simbel အဘူစင်ဘယ် ဆိုတဲ့နေရာပါ။ အဘူစင်ဘယ် ဆိုတာကတော့ အီဂျစ်နိုင်ငံတောင်ပိုင်း ဆူဒန်နိုင်ငံရဲ့နယ်စပ်အနီး နူဘီးယားဒေသမှာ တည်ရှိတဲ့ ရွာတရွာဖြစ်ပြီး အဲဒီမှာရှိတဲ့ ရှေးဟောင်းဘုရားကျောင်းတွေကြောင့် အဘူစင်ဘယ်...

History

အသားအဝါရောင်ပြောင်းခဲ့ရတဲ့ မိန်းကလေးများ

ကနေရီ မိန်းကလေးများ Canary Girls ဆိုတာကတော့ ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်ကာလအတွင်းက ဗြိတိန်တပ်မတော်အတွက် လက်နက်ခဲယမ်း တွေထုတ်လုပ်ပေးရတဲ့ အမျိုးသမီးတွေဖြစ်ကြပါတယ်။ Canary ငှက်ဆိုတာ အဝါရောင်ငှက်ဖြစ်တာကြောင့် Canary Girls ဟာ အဝါရောင်အမျိုးသမီးများလို့ အဓိပ္ပါယ်ရမှာဖြစ်ပါတယ်။ ယင်းအမျိုးသမီးတွေဟာဆိုရင်...

တချိန်တုန်းက စိတ်ဝင်စားစရာ နည်းပညာပုံရိပ်များ
History

တချိန်တုန်းက စိတ်ဝင်စားစရာ နည်းပညာပုံရိပ်များ

နည်းပညာ တိုးတက်ပြောင်းလဲမှုတွေဟာ တနှစ်ထက်တနှစ် အလွန်လျှင်မြန်တဲ့ အမြန်နှုန်းနဲ့ ပြောင်းလဲလျက်ရှိပါတယ်။ တိုးတက်တဲ့ နိုင်ငံကြီးတွေကို မဆိုထားနဲ့ ၊ ကျွန်တော်တို့ မြန်မာနိုင်ငံကို ကြည့်ရင်ပဲ လွန်ခဲ့တဲ့ ၁၀ နှစ်နဲ့ အခုအချိန်နဲ့ဟာ လုံး၀ ပြောင်းလဲသွားပါပြီ။ လွန်ခဲ့တဲ့...

လမ်းခင်းပစ်ခံလိုက်ရသော မြကန် ပိဋကတ်တိုက် နှင့် ပုဂံ နှစ်ထပ်အုတ်ကျောင်းများ
History

လမ်းခင်းပစ်ခံလိုက်ရသော မြကန် ပိဋကတ်တိုက် နှင့် ပုဂံ နှစ်ထပ်အုတ်ကျောင်းများ

ရေးသားသူ - ဘိက္ခု ကေသရ ပုဂံခေတ်ဦးပိုင်းတွင် ထင်ရှားသော ပိဋကတ်တိုက် (၂) လုံးရှိသည် ဟု ဆိုကြပေသည်။ ပထမ ပိဋကတ်တိုက်မှာ ပုဂံ မြို့ တံတိုင်းအတွင်း မှ အနော်ရထာမင်း၏ ပိဋကတ်တိုက်ဖြစ်၍ ဒုတိယ...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!