အိန္ဒိယနိုင်ငံရဲ့မြို့တော် ဒေလီမြို့မှာ ရှိတဲ့ ကြာပန်းဘုရားကျောင်း( Lotus Temple ) လို့သိကြတဲ့ ဒီအဆောက်အဦးဟာ နာမည်အတိုင်း ကြာပဒုမ္မာ သဏ္ဍာန်တည်ရှိနေတာကြောင့် ကမ္ဘာလှည့်ခရီးသည်တွေအကြားနာမည်ကျော်ကြားတဲ့ ဘုရားကျောင်းကြီးဖြစ်ပါတယ်။ Delhi ရဲ့အထင်ကရ နေရာတစ်ခုအဖြစ်လည်းရှိနေကာ Nehru Place အနီးမှာတည်ရှိနေတာဖြစ်ပါတယ်။
Baha’i ဝတ်ပြုဆုတောင်းဘုရားကျောင်းတစ်ခုဖြစ်ပြီး အတွင်းမှာတော့ ထူးထူးခြားခြားပဲ မည့်သည့်ရုပ်တု၊ ပန်းချီကားချပ်တွေကိုမှပြသထားခြင်းမျိုးမရှိပါဘူး။ Baha’i ဘာသာ ကိုးကွယ်ယုံကြည်သူတွေအတွက် ဝတ်ပြုဆုတောင်းရာနေရာသက်သက်အဖြစ်ဖန်တီးထားတဲ့ lotus temple ဟာဆိုရင် Delhi နဲ့ကမ္ဘာတစ်ဝှမ်းမှာတည်ဆောက်ခဲ့တဲ့နာမည် ကျော် Baha’i (ဘဟာအီ)ဘာသာဝင်တွေရဲ့နာမည်ကျော်ဘုရားကျောင်း(၁၁)ခုအနက် ကတစ်ခုဖြစ်ပါတယ်။
Baha’i ဘာသာ ကို ပါရှန်းဘာသာရေးခေါင်းဆောင် Baháʼu’lláh က ၁၈၆၃ခုနှစ်က ပါရှား(အီရန်)မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီးတဲ့နောက် အရှေ့အလယ်ပိုင်းမှာ တဖြည်းဖြည်းကြီးထွားလာခဲ့တဲ့ဘာသာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ကမ္ဘာတလွှားမှာ Baha’i ဘာသာ ကိုးကွယ်သူပေါင်း ၅သန်းကနေ ၈သန်းအတွင်း ရှိနေပြီဖြစ်ပါတယ်။
Lotus Temple တည်ရှိရာနေရာကတော့နယူးဒေလီက Bahapur ကျေးရွာမှာဖြစ်ပြီး ဗိမာန်အတွင်းမှာဆိုရင်ရုပ်ပုံတွေ၊ဘာသာရေးဆိုင်ရာထုံးစံတွေမရှိပဲ ငြိမ်းချမ်းတဲ့ဝန်းကျင် သက်သက်အဖြစ်သာရှိနေတာဖြစ်တယ်။ ဒီနေရာမှာ ဘယ်ဘာသာဝင်မဆို ဝတ်ပြုဆုတောင်းတာတွေ တရားထိုင်တာတွေကို လုပ်ဖို့ ခွင့်ပြုထားပါတယ်။
အိန္ဒိယနိုင်ငံသားတွေကတော့ ကြာပန်းဆိုတာ ဘုရားသခင်ရဲ့သန့်ရှင်းမြင့်မြတ်မှုနဲ့ ငြိမ်းချမ်းရေးသင်္ကေတဖြစ်တယ်လို့မှတ်ယူကြပါ တယ်။ ဘုရားသခင်ရဲ့မြင့်မြတ်တဲ့ဂုဏ်အင်လက္ခဏာလို့ပြောရမဲ့ကြာပန်းသဏ္ဍာန်ပုံဖော် ဆောက်လုပ်ထားတာကြောင့် Lotus Temple (ကြာပန်းဘုရားကျောင်း)လို့ညွှန်းဆိုခေါ် ဝေါ်ကြတာဖြစ်ပါတယ်။ ယင်းအဆောက်အအုံကြီးကိုတော့ (၁၉၈၆)ခုနှစ်၊ ဒီဇင်ဘာကနေစတင်ပြီးအများ ပြည်သူလာရောက်လည်ပတ်နိုင်ရန်ခွင့်ပြုဖွင့်လှစ်ပေးခဲ့ပြီး (၂၀)ရာစုရဲ့ Taj Mahal အဖြစ်လည်းညွန်းဆိုခေါ်ဆိုကြပါသေးတယ်။
Lotus Temple ကိုတော့ သီးခြားစီဖြစ်တည်နေတဲ့ စကျင်ကျောက်သားအလွှာ(၉)ခု တစ်တန်းနှုန်းနဲ့ အလွှာတန်း (၃)ခု ၊ စုစုပေါင်း စကျင်ကျောက်လွှာပေါင်း (၂၇)ခုနဲ့ ကြာပွင့်ပုံ ဖော်ဖန်တီးထားတာဖြစ်ပါတယ်။ ဘုရားကျောင်းရဲ့ ၁၁၂ပေ မြင့် ခန်းမတွင်းဝင်ပေါက်ကိုတော့ပတ်ခြာ လည်အနေအထားကနေ စုစုပေါင်း (၉) ပေါက်ကနေဝင်ရောက်နိုင်မှာဖြစ်ပါတယ်။ အဆောက်အဦးအချင်းက ၂၃၀ပေရှိပြီး ကျောင်းဝန်းတခုလုံး အကျယ်အဝန်းကတော့ ၂၆ ဧကတောင် ရှိနေပါတယ်။
Lotus Templeရဲ့ပတ်ပတ်လည်နေရာအားလုံးကိုတော့ ရေကန်တွေ၊ လှပတဲ့ဥယျာဉ်တွေနဲ့ ဝန်းပတ်ထားပြီး အပေါ်ကနေကြည့်မယ်ဆို ရင် တော့ ဘုရားကျောင်းဟာရေကန်အလယ်မှာ ပွင့်လန်းနေတဲ့ပဒုမ္မာကြာချပ်ကြီး တစ်ခုနဲ့မခြား ထင်မှတ်ရမှာဖြစ်ပါတယ်။ ဘုရားကျောင်းရဲ့စကျင်ကျောက်ပွင့်လွှာ(၉)ချပ် နေရာတိုင်းမှာ ရေကန်တွေတည်ရှိနေတာဖြစ်ပြီး ယင်းရေကန်တွေကို ပွင့်ဖတ်လွှာအမိုးကိုထွင်း ဖောက်ကျလာတဲ့ အလင်းနဲ့ပေါင်းစပ်လိုက်ချိန်မှာတော့ ဒီကြာပန်းဘုရားကျောင်း ရဲ့ပုံရိပ်ဟာ မြင် သူတိုင်းကို အံ့ချီးဖွယ်ကောင်းလွန်းတဲ့မြင်ကွင်းကိုဖြစ်စေနိုင်မှာလည်းဖြစ်ပါတယ်။
ဘုရားကျောင်းအတွင်းဘက်မှာဆိုရင် လူပေါင်း ၁၃၀၀ အတွက် ထိုင်ခုံတွေချထားပြီး လူပေါင်း ၂၅၀၀ အထိဝင်ဆံ့နိုင်ကာ (၁၀) နှစ်ကြာအောင်တည်ဆောက်ခဲ့ကြရတဲ့ အဆောက်အအုံတစ်ခုဖြစ်ပါတယ်။ ကြာပန်းသဏ္ဍာန် တည်ဆောက်ရတဲ့ရည်ရွယ်ချက်ကတော့ ရွံနွံ အတွင်းမှာရှိတဲ့တိုင်အောင် ဝန်းကျင်ကိုဖက်ပြိုင် အပြစ်ကင်းစင်တဲ့ကြာပွင့်လေးရဲ့ပုံရိပ်ကို နွံပုပ်နဲ့တူတဲ့ ဒေါသ၊လောဘ၊မောဟ၊ရမက်လွှမ်းမိုးနေတဲ့လောကသားတွေအကြား သီးသန့်တည်ရှိနေတဲ့ ဖြူစင်တဲ့ ဘာသာတရားရဲ့အဆုံးအမအဖြစ် ကြာပန်းနဲ့ ခိုင်းနှိုင်းပုံဖော်ခဲ့တာဖြစ်ပါတယ်။
Lotus Temple ကိုဒီဇိုင်းရေးဆွဲတည်ဆောက်ခဲ့သူကတော့ လက်ရှိ အမေရိကန် နဲ့ ကနေဒါနိုင်ငံတွေမှာ နေထိုင်တဲ့ အီရန်လူမျိုး ဗိသုကာပညာရှင် Fariborz Sahba ဆိုသူဖြစ်ပြီး သူဟာ ဒီအဆောက်အဦးအတွက် ယူကေ Institution of Structural Engineers အဖွဲ့ကပေးအပ်တဲ့ ဗိသုကာဆုကိုရရှိခဲ့ပါတယ်။ Structure ပိုင်းကို ဗြိတိသျှကုမ္ပဏီကြီး Flint and Neill က တာဝန်ယူပြီး တည်ဆောက်သူကတော့ Larsen & Toubro ဆောက်လုပ်ရေးကုမ္ပဏီဖြစ်ပါတယ်။ ဒီအဆောက်အဦးကို ကမ္ဘာ့နိုင်ငံအသီးသီးက ဗိသုကာဆိုင်ရာ အဖွဲ့ ၇ ဖွဲ့က ဆုတွေချီးမြှင့်ခဲ့ကြတာဖြစ်ပါတယ်။
အဆောက်အအုံတည်ဆောက်စရိတ် အနေနဲ့ အမေရိကန်ဒေါ်လာ ၁၀သန်းခန့် ကုန်ကျခဲ့ပါတယ်။ တည်ဆောက်ရန်မြေကိုတော့ ဟိုက်ဒရာဘတ်က Ardishír Rustampúr ဆိုသူက အဓိကလှူဒါန်းပြီး အဆောက်အအုံတည်ဆောက်စရိတ်ကိုတော့ ကမ္ဘာတလွှားက Baha’i ဘာသာဝင်တွေက ထည့်ဝင်လှူဒါန်းကြတာဖြစ်ပါတယ်။ ဘုရားကျောင်းမှာ ၁၂၀ကီလိုဝပ်အား လျှပ်စစ်ကို ထုတ်ပေးတဲ့ ဆိုလာပြားတွေကို တပ်ဆင်ထားပြီး ဒီလိုတပ်ဆင်ထားခြင်းဟာ လတိုင်းမှာ လျှပ်စစ်အတွက်ကုန်ကျမယ့် ရူပီး ၁၂၀၀၀၀ လောက်ကို ခြွေတာပေးပါတယ်။ ဒေလီမြို့မှာရှိတဲ့ ဘုရားကျောင်းတွေထဲက ပထမဆုံး ဆိုလာစွမ်းအင်ကို အသုံးပြုတဲ့ ဘုရားကျောင်းလည်း ဖြစ်ပါတယ်။
(၂၀၀၁)ခုနှစ်က စာရင်းတွေအရတော့ Lotus Temple ကိုကမ္ဘာတဝှမ်းက လာရောက်လည်ပတ် သူအရေအတွက် စုစုပေါင်းဟာ သန်း(၇၀) ကျော်အထိရှိနေခဲ့ပြီး ယင်းမှတ်တမ်းကြောင့် အိန္ဒိယရဲ့ ကြာပန်းပွင့်ဘုရားကျောင်းဟာ ကမ္ဘာဧည့်သည်လာရောက်လည်ပတ်မှုအများဆုံး အဆောက်အအုံအဖြစ် မှတ်တမ်းဝင်သွားခဲ့ဖူးပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ လာရောက်သူစုစုပေါင်း သန်း ၁၀၀ ပြည့်သွားပြီဖြစ်ကာ နှစ်စဉ်နှစ်တိုင်းလည်း လူပေါင်း ၄သန်းခွဲထက်မနည်း ဒီနေရာကို လာရောက်လည်ပတ်နေကြဆဲဖြစ်ပါတယ်။