သမိုင်းထဲက ဝေသာလီပြည် ဆိုသည်မှာ

Posted on

ကမ္ဘာ့သမိုင်းမှတ်တမ်းများ အရတော့ ဒီမိုကရေစီစနစ်ကိုစတင်ကျင့်သုံးခဲ့သူများမှာ ဂရိမြို့ပြနိုင်ငံများမှ အေသင်နှင့် စပါတာမြို့ပြနိုင်ငံတို့ဖြစ်ကြသည်။ ဒီမိုကရေစီဟူသော စကားရပ်သည် ရှေးဟောင်းဂရိစကားလုံး demos (ပြည်သူလူထု) နှင့် kratos (အာဏာ) မှ ဆင်းသက်လာခြင်းဖြစ်သည်။ ပြည်သူအများ အာဏာပိုင်စိုးသော စနစ်ဟု အဓိပ္ပါယ် သက်ရောက်သည်။

ရှေးခေတ် ဂရိမြို့ပြနိုင်ငံများမှ နိုင်ငံသားများသည် အစိုးရ၏ လုပ်ငန်းဆောင်တာများတွင် တိုက်ရိုက်ပါဝင်ဆောင်ရွက်ခွင့်ရှိခဲ့သည်။ တိုင်းရေးပြည်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များတွင် တဦးချင်း၏ သဘောဆန္ဒကိုတင်ပြခွင့်ရှိပြီး လူအများ၏ဆုံးဖြတ်ချက်ကို ခံယူခွင့်ရှိခဲ့သည်။

ဂရိမြို့ပြနိုင်ငံများတွင် တိုင်းရေးပြည်ရေးအတွက် အဆုံးအဖြတ်တခုခုကိုချမှတ်ရာတွင် သက်ဦးဆံပိုင်အာဏာရှင်စနစ်ကဲ့သို့ တဦးတစ်ယောက် ၊ အဖွဲ့တခုခု၏ဆုံးဖြတ်ချက်အတိုင်းချမှတ်ခြင်း မပြုပဲ လူအများ၏ဆန္ဒသဘောထားကို လွတ်လပ်စွာရယူပြီး လူအများ၏ ဆန္ဒအတိုင်းဆုံးဖြတ်ခဲ့ကြသည် ။

ထို့ကြောင့်ဂရိမြို့ပြနိုင်ငံများ သည် ဒီမိုကရေစီစနစ်ကို ကျင့်သုံးသော ကမ္ဘာ့ ပထမဦးဆုံးနိုင်ငံများအဖြစ် မှတ်တမ်းတင်ခံရခြင်း ဖြစ်သည်။သို့ပေမယ့် ဂရိမြို့ပြနိုင်ငံများထက် နှစ်ပေါင်းရာချီစော၍ပေါ်ထွန်းခဲ့သော အိန္ဒိယအလယ်ပိုင်း မဇ္ဈိမဒေသရှိ ဝေသာလီပြည်သည် ဒီမိုကရေစီစနစ်နှင့် ဆင်တူ၍ပြည်သူများ၏ဆန္ဒသဘောထားကိုအခြေပြုသော အာဏာနိုင်ငံရေးစနစ်ကို ဦးဆုံးကျင့်သုံးနိုင်ခဲ့သည့် တိုင်းနိုင်ငံတစ်ခုဖြစ်ခဲ့သည်။

ထိုဝေသာလီပြည်၏ သမိုင်းကြောင်းနှင့် ပထဝီဝင် အချက်အလက်များကိုတင်ပြရလျှင် ဝေသာလီပြည်သည် ဗုဒ္ဓသက်တော်ထင်ရှားရှိစဉ် အခါက ပေါ်ထွန်းခဲ့သော မဇ္ဈိမဒေသ တိုင်းကြီး ၁၆ တိုင်းတွင် ဝဇ္ဇီတိုင်းဟု ထင်ရှားခဲ့ပြီး လစ္ဆဝီမင်း များအုပ်ချုပ်ရာ တိုင်းနိုင်ငံအဖြစ်ထင်ရှားခဲ့သည်။ ယခုအခါတွင် ဝေသာလီပြည်တည်ရှိခဲ့သောဒေသမှာ အိန္ဒိယနိုင်ငံ ဗီဟာပြည်နယ်မြောက် ပိုင်းရှိ ဗေဆာရမြို့တည်ရှိရာ အရပ်ဟု ရှေးဟောင်းသုတေသီများက ရှာဖွေမှတ်တမ်းတင်ခဲ့ကြသည်။

ဝေသာလီပြည်သည် ဗုဒ္ဓစာပေ ကျမ်းဂန်များတွင် အမည်ထင်ရှားစွာ ပါရှိခဲ့သော တိုင်းနိုင်ငံတခုဖြစ်ခဲ့သည် ။ ဝေသာလီပြည်ရှိ ကုဋာဂါရသာလာ အရပ်သည် ဘီစီ ၄၈၃ တွင် ဂေါတမမြတ်စွာဘုရား ပရိနိဗ္ဗာန်မစံမီ အာယုသင်္ခါရလွှတ်တော်မူခဲ့ရာ အရပ်ဖြစ်သလို၊ ဘီစီ ၃၈၃ တွင် ကာလာသောကမင်း တရားကြီးမှ ဦးဆောင်၍ ဒုတိယ သင်္ဂါယနာ ပြုလုပ်ခဲ့ရာ နေရာလည်းဖြစ်ခဲ့သည်။

ဗုဒ္ဓစာပေကျမ်းဂန်တွင်ပါရှိသော ဝေသာလီပြည်၏ သမိုင်းကြောင်းကို ပြန်ကြည့်လျှင် မဟာသက္ကရာဇ် ၁ဝ၆ ခုနှစ် မရောက်ခင်ကာလက ဝေသာလီပြည်သည်အလွန်သာယာ ဝပြောခဲ့သည်။ တိုင်းသူပြည်သားများမှာချမ်းသာကြွယ်ဝကြပြီး လူဦးရေလည်းလွန်စွာများပြားခဲ့သည်။

ဂေါတမဗုဒ္ဓ ဘုရားရှင်လက်ထက်တော်ကပင် လွန်စွာကြီးကျယ်ခမ်းနားသော တံတိုင်းသုံးထပ် အရံရှိသည့် မြို့တော်ဖြစ်သည်။ ရာဇဂြိုဟ်ပြည်နှင့်မူ ဂင်္ဂါမြစ်ခြား၍ ရှစ်ယူဇနာ ကွာဝေးသည်ဟု ကျမ်းဂန်များ၌ မှတ်တမ်းတင်ထားသည်။

နိုင်ငံအုပ်ချုပ်ပုံစနစ်မှာ ထိုခေတ်အခါကပေါ်ထွန်းခဲ့သော တိုင်းနိုင်ငံများကဲ့သို့ သက်ဦးဆံပိုင် ဘုရင်စနစ်မဟုတ်ပဲ တစ်မျိုးတစ်ဘာသာထူးခြားလှသည်။ ဝဇ္ဇီတိုင်းကို ထိုအခါက အစုစုအနယ်အနယ်အားဖြင့် အပိုင်းအခြားများသတ်မှတ်ထားပြီး ထို ပိုင်းခြားထားသော နယ်မြေများတွင် ဦးဆောင်သူ ခေါင်းဆောင်မင်း တစ်ပါးစီရှိကြသည်။

ထိုသူတို့ကို လစ္ဆီဝီမင်းများဟု ခေါ်ဝေါ်ခဲ့ကြသည်။ ထိုခေါင်းဆောင်တို့သည်လည်း အမြဲရှိသည်မဟုတ်ပဲ အလှည့်ကျစနစ်ဖြင့်သာ ထို နယ်မြေအပိုင်းအခြားကိုဦးဆောင်ရသည်။ ထိုခေတ်အခါက ဝဇ္ဇီတိုင်းတွင် ပိုင်းခြားထားသောနယ်မြေပေါင်း ၇၇၀၇ ရှိခဲ့ပြီး နယ်မြေတခုစီကို ဦးစီးသော လိစ္ဆဝီမင်းပေါင်း ၇၇ဝ၇ ယောက်ရှိခဲ့သည်။

ထိုမင်းတို့နေရာအတွက် ပြာဿဒ်ပေါင်း ၇၇ဝ၇ ဆောင် ၊ စုလစ်မွန်းချွန်တပ်သော တိုက် ၇၇ဝ၇ ခု၊ ဥယျာဉ် ရေကန်ပေါင်း ၇၇ဝ၇ ခု ရှိကြသည်ဟု ဗုဒ္ဓဘာသာကျမ်းစာပေမှတ်တမ်းများ၌ ပါရှိသည် ။ ထို၇၇၀၇ စီသော လစ္ဆဝီမင်းတို့သည် လပြည့်လကွယ် ၁၅ ရက် စီတိုင်းတွင် ယခုအခါ လွှတ်တော်ဟု ခေါ်တွင်မည့် အစည်းအဝေးခန်းမတွင် စုဝေးလေ့ရှိကြပြီး ထိုအစည်းအဝေးတွင် ဦးစီးဦးဆောင် လူကြီးအဖြစ် လစ္ဆဝီမင်း တပါးကို အလှည့်ကျ တင်မြှောက်လေ့ရှိသည် ။

ထိုသူကို အကြီးအကဲ ဆိုသည့် သဘောသက်ရောက်သော ဝေါဟာရ ဖြစ်သည့် ( သမ္မတ) ဟု ခေါ်ခဲ့ကြသည် ။ တိုင်းပြည်ရေးရာများကို အဆိုပါ လစ္ဆဝီမင်းတို့သည် လွှတ်တော်တွင်း၌ ဆွေးနွေးတိုင်ပင် ငြင်းခုံကြပြီး အဆုံးအဖြတ်ပြုကြသောအခါ တစ်ဦးခြင်း၏ ထားကိုတောင်းခံပြီး အများစု၏ ဆန္ဒသဘောထားအတိုင်းသာ ခံယူလေ့ရှိကြသည် ။

ထိုအုပ်ချုပ်မှု့စနစ်ပုံစံသည် ယနေ့ခေတ်၏ ဒီမိုကရေစီ စနစ်၏ရှေ့ပြေး ပုံစံမျိုးဖြစ်ပြီး ဂရိတို့၏ ဒီမိုကရေစီစနစ် ကိုဦးဆောင်လမ်းပြပေးနိုင်ခဲ့သည်။ ထိုခေတ်အခါက လစ္ဆဝီမင်းတို့သည် အလွန်စည်းလုံးညီညွတ်ကြပြီး တိုင်းပြည်ကို မင်းကျင့်တရားများနှင့်အညီအုပ်ချုပ်ခဲ့ကြသည်။

အပရိဟာနိက တရား(၇)ပါးနှင့်လည်းပြည့်စုံအောင် ကျင့်ကြံခဲ့ကြသောကြောင့် ဝေသာလီပြည်ဟာ တိုင်းပြည်ငယ်သော်လည်း မဇ္ဈိမတိုင်းတွင် မည်သည့်အင်အားကြီး တိုင်းနိုင်ငံကိုမျှ အောက်ကျို့အညံ့ခံစရာ မလိုပဲ တစ်ထီးတစ်နန်းရပ်တည်နိုင်ခဲ့ကြသည် ။

သို့ပါသော်လည်း မဟာသက္ကရာဇ် ၁၀၆ အရောက်တွင် အငတ်ဘေး၊ ဘီလူးသဘက်ဘေး၊ ရောဂါဘယဘေးဆိုးကြီးများကျရောက် သောကြောင့်မြတ်ဗုဒ္ဓကိုယ်တော်တိုင် ကြွရောက်၍ ရတနာ့သုတ်ဟောကြားတော်မူကာ ရှင်အာနန္ဒာနှင့်ရဟန်းသံဃာများကို ဝေသာလီပြည်အနှံ့ပရိတ်ရွတ်ဖတ်စေပြီး ကပ်ဆိုးများမှကယ်တင်ခဲ့ရဖူးသည်။ လစ္ဆဝီမင်းတို့၏ ဝေသာလီပြည်သည် ဗုဒ္ဓသက်တော်ထင်ရှားရှိစဉ်အခါက ထူးမြတ်သော အမှုကိစ္စများပေါ်ပေါက်ခဲ့ရာ နေရာဒေသလည်းဖြစ်ခဲ့သည်။

မဟာသက္ကရာဇ် ၁ဝ၇ ခုနှစ်တွင် မြတ်ဗုဒ္ဓသည် ပဉ္စမဝါကို ဝေသာလီပြည်၊ မဟာဝုန်တော၊ ကုဋာဂါရသာလာသို့ကြွ၍ ဝါကပ်တော်မူစဉ် မိထွေးတော်ဂေါတမီအမှူးရှိ ၅၀၀သော သာကီဝင်မင်းသမီးအပေါင်းတို့အား ရဟန်းအဖြစ်သို့ခွင့်ပြုခဲ့သဖြင့် ဘိက္ခုနီသာသနာကို ဝေသာလီပြည်၌ စခဲ့သည်ဟု ဆိုနိုင်သည်။

ထို့အပြင်ဝေသာလီပြည်သည် မြတ်ဗုဒ္ဓကမာရ်နတ်သား၏ အာယုသင်္ခါရ လွှတ်တော်မူရန် လျှောက်ထားခြင်းကို လက်ခံတော်မူပြီးနောက် ကုဋာဂါရသာလာသို့ကြွ၍ ရဟန်းအပေါင်းတို့အား သာသနာတော်၏ ကာလအရှည် တည်ထွန်းပေရာသော အကြောင်းတရားကို ဟောတော်မူပြီးနောက် သုံးလအကြာတွင် ပရိနိဗ္ဗာန်ပြုမည့်အကြောင်း မိန့်တော်မူခဲ့ရာနေရာဒေသလည်းဖြစ်လေသည်။

မြတ်ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီးနောက်ပိုင်းတွင် ဝေသာလီပြည်သည် သာသနာတော်နှစ် တစ်ရာမြောက်တွင် ကာလာသောကမင်း လက်ထက် ဝဇ္ဇီတိုင်းသားရဟန်းဆိုးများ၏ ဥဒ္ဓမ္မဉ်ဗ္ဗိနယ ဆယ်ပါးဖြင့် ထောင်လွှားခြင်းကိုအကြောင်းပြု၍ အရှင်မဟာယသ အမှူးရှိသော ရဟန္တာအရှင်မြတ် ၇ဝဝ တို့ ဒုတိယသင်္ဂါယနာတင်တော်မူရာမြို့တော်ကြီးဖြစ်ခဲ့လေသည်။

ထိုကဲ့သို့ ဗုဒ္ဓသမိုင်းစာပေကျမ်းဂန်များတွင် ထင်ရှားခဲ့သော ဝေသာလီပြည်သည် ဗုဒ္ဓခေတ်က အင်အားကြီးလက်နက်နိုင်ငံတစ်ခုဖြစ်သော ရာဇဂြိုလ်ပြည်နှင့်ဂင်္ဂါမြစ်သာခြားသော အိမ်နီးချင်းနိုင်ငံဖြစ်ခဲ့သော်လည်း ညီညွတ်သော သမ္မတမင်းများ၏ ဦးဆောင်မှုအောက်တွင် စည်းလုံးညီညွတ် စွာဖြင့် နှစ်ပေါင်းများစွာ ရာဇဂြိုလ် ပြည့်ရှင် အဇာတသတ်မင်း၏ ကျူးကျော်လာသောနယ်မြေလုစစ်ပွဲများ ကိုရွပ်ရွပ်ချွံချွံတွန်း လှန်နိုင်ခဲ့သော သမိုင်းကောင်းများရှိခဲ့သည်။

သို့ပါသော်လည်း ပျက်စီးချိန်တန်သောအခါတွင် အဇာတသတ်မင်း၏ လူယုံတော် ဝဿကာရ ပုဏ္ဏား၏ အတွင်းသပ်လျှိုသွေးခွဲခြင်းခံရကာ လစ္ဆဝီမင်းများ စည်းလုံးမှုပြိုကွဲပြီး ဝေသာလီပြည်သည်အဇာတသတ်မင်း၏ အလွယ်တကူသိမ်းပိုက်ခြင်းကိုခံခဲ့ရသည် ။

ဝေသာလီပြည် ပျက်စီးခဲ့ပုံ

ဝဿကာရ ပုဏ္ဏားကြီးက လစ္ဆဝီမင်းတို့ အပရိဟာနိယဓမ္မပြည့်စုံသရွေ့ ဖျက်ဆီးမရနိုင်သော် ထိုမင်းများ၏ အညီအညွတ်ကို ဖြားယောင်းလှည့်ပတ်နိုင်မှဖြစ်မည့်အကြောင်း အဇာတသတ်မင်းအား အကြံပေးလေသည်။

ပုဏ္ဏားကြီးအကြံပေးသည့်အတိုင်း အဇာတသတ်မင်းသည် ဝဿကာရပုဏ္ဏားကြီးအား အမျက်ထွက်ဟန်ပြု၍ ဦးဆံရိတ်စေပြီး နှောင်ကြိုးတည်း၍ ပြည်မှနှင်တော်မူလေသည်။ ထိုအခါ ပုဏ္ဏားကြီးလည်း ဝေသာလီပြည်သို့သွား၍ ဝဇ္ဇီမင်းတို့၏အကျိုးစီးပွားကိုဆိုမိသဖြင့် ရာဇဂြိုဟ်ပြည်မှ ထွက်လာရကြောင်း လျှောက်ကြားလေသည်။ ဝဇ္ဇီမင်းတို့လည်း ယုံကြည်သဖြင့် ပုဏ္ဏားကြီးအားတရားဆုံးဖြတ်သော အမတ်အရာပေး၏။

ပုဏ္ဏားကြီးလည်း တစ်နှစ် နှစ်နှစ်ခန့် ဝဇ္ဇီမင်းတို့အကျိုးကို များစွာအလိုရှိဟန် ကျင့်၍နောက်သောအခါ တစ်ဦးနှင့်တစ်ဦး မေတ္တာပျက်၍ မသင့်မတင့်ဖြစ်ကြစေရန်ပြောဆို၏။ ဝဇ္ဇီမင်းများ ချစ်ခြင်းပျက်၍ ညီညွတ်ခြင်းမရှိသောအခါ အဇာတသတ်မင်းထံ ပုဏ္ဏားကြီးက အကြောင်းကြားလိုက်လေသည်။ အဇာတသတ်မင်း၏ စစ်သည်တို့ ချီတက်လာသောအခါ ညီညီညွတ်ညွတ် မခုခံသောကြောင့် မြို့တွင်းသို့လွယ်လင့်တကူဝင်၍ ဝဇ္ဇီမင်းများကို ဖမ်းယူသည်မှစ၍ ဝေသာလီပြည်သည် ရာဇဂြိုဟ်မင်း၏ လက်နက်နိုင်ငံဖြစ်သွားလေတော့သည်။

ထို့ကြောင့်ဝေသာလီပြည်သည် စည်းလုံးညီညွတ်သော ပြည်သူအခြေပြု ဒီမိုကရေစီစနစ်၏ ရှေ့ဆောင် တိုင်းပြည် အဖြစ်ရပ်တည်နိုင်ခဲ့သော်လည်း ကြားလူ၏သပ်လျှိုမှု့ကြောင့် စည်လုံးမှုပြိုကွဲကာ နိုင်ငံမှာလည်း တိုင်းတပါးလက်အောက်ကျရောက်ခံရခြင်း၏ သာဓကတစ်ခုဖြစ်ခဲ့သည်။

ယနေ့ခေတ်တွင် ဝေသာလီပြည်ဟု အမှတ်သညာပြုထားသော နေရာဒေသတွင် ရှေးဟောင်း ဗုဒ္ဓသာသနိက အဆောက်အဦးများ ယဉ်ကျေးမှုလက်ရာများ အဖြစ်

၁။ အသောကမင်းတည်ထားခဲ့သော မြတ်ဗုဒ္ဓ၏ဓာတ်တော်တိုက်စေတီတော်

၂။ မိထွေးတော်ဂေါတမီအမှူးပြုသော သာကီဝင်မင်းသမီးငါးရာ တို့ ဘိက္ခူနီအဖြစ် ချီးမြှောက်ခံရကာ ဘိက္ခူနီသာသနာ စတင်ခဲ့ရာနေရာဖြစ်သော ကုဋ္ဋာဂါရ ကျောင်းတော်ရာ

၃။ လစ္ဆဝီမင်းများ နန်းတက်ရာတွင် ဘိသိက်မြှောက်သည့် လစ္ဆဝီရေကန်မြတ် နေရာ

၄။ ဂျပန်မဟာယာန ဗုဒ္ဓဘာသာဂိုဏ်းဖြစ်သောနီချီယန်ဂိုဏ်းဝင်များတည်ထားခဲ့သော ဓာတ်တော်စေတီနှင့် မနီးမဝေးရှိ ကမ္ဘာ့ငြိမ်းချမ်းရေး စေတီတော်

၅။ ငြိမ်းချမ်းရေး စေတီတော်အနီးတွင်တည်ရှိသော အိန္ဒိယ ရှေးဟောင်းယဉ်ကျေးမှု့ပြတိုက်

စသည်အားဖြင့် ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှု့ အမွေအနှစ် စာရင်းဝင်ဗုဒ္ဓဂါယာ နေရာဒေသ အဆောက်အဦးများ အဖြစ်ကျန်ရှိနေသေးသည်။

သုတကြယ်စဉ်
Myanmar Wikipedia