ကမ္ဘာပေါ်ကအအေးချမ်းဆုံး နဲ့အပျော်ရွှင်ရဆုံးသောနိုင်ငံစာရင်းမှာတော့ ဥရောပတိုက်က ဒိန်းမတ်နိုင်ငံ ကလည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဒါအပြင်ဒိန်းမတ်နိုင်ငံရဲ့မြို့တော် ကိုပင်ဟေဂင်မြို့ ဆိုရင်လည်းကမ္ဘာမြို့တော်ကြီးများအနက်အစိမ်းလန်းဆုံးနဲ့ အသာယာဆုံးသော မြို့တော်အဖြစ် ထင်ရှားပါတယ်။ အထူသဖြင့်လူသားတို့ကြောင့် နှစ်စဉ်ပျက်စီးနေရတဲ့ ကမ္ဘာလေထုကို ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းစဉ်တွေမှာ ကိုပင်ဟေဂင်မြို့တော်ဟာ ထိပ်တန်းစံပြမြို့ တော်တစ်ခုဖြစ်နေပါတယ်။
မြို့တော်ရဲ့တည်နေရာကတော့ ဇိလန်ကျွန်းရဲ့အရှေ့ပိုင်း ဘော်လ်တစ်ပင်လယ်ကမ်းခြေမှာတည်ရှိပြီး အခြားအပိုင်းကတော့ အမာဂါကျွန်းရဲ့ဧရိယာအတွင်းပါဝင်နေပါတယ်။ပထဝီဝင်အနေအထားအရ ဇီလန်းနဲ့အမာဂါကျွန်းအကြားတည်ရှိနေတဲ့ကိုပင်ဟေဂင်မြို့တော်ဟာ ဘော်လ်တစ် ပင်လယ်ဝမှာတည်ရှိတာကြောင့်အကောင်းဆုံးသော ပင်လယ်ဆိပ်ကမ်းမြို့တစ်ခုအဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။
ဒါအပြင် Oresund ရေလက်ကြားကိုဖြတ်သန်း တည်ဆောက်ထားတဲ့ တံတားနဲ့ Tunnel ကနေ ဆွီဒင်နိုင်ငံ မယ်မိုမြို့နဲ့ ကိုပင်ဟေဂင်မြို့အကြားကို မီးရထားလမ်း၊ကားလမ်းတွေနဲ့လည်းဆက်သွယ်ထားပါသေးတယ်။(၂၀၁၈)ခုနှစ်၊ဇူလိုင်လအတွင်း ကောတ်ခံတဲ့စာရင်းတွေအရတော့ ကိုပင်ဟေဂင်မြို့ ရဲ့လူဦးရေဟာ (၇၇၇၂၁၈)ဦး ရှိပါတယ်။ ကိုပင်ဟေဂင်မြို့ ကိုတော့ Dragor,Frederiksberg,Tarnbyနဲ့ကိုပင်ဟေဂင် ဆိုပြီးမြူနီစပယ်ဧရိယာ (၄)ပိုင်းခွဲခြားထားပြီး စတုရန်းမိုင်(၆၈.၉၀) ခန့် ကျယ်ဝန်းပါတယ်။
ဒိန်းမတ်ဘာသာစကားနဲ့ ကိုပင်ဟေဂင်ဆိုတာ ကုန်သွယ်ဆိပ်ကမ်းလို့အဓိပ္ပါယ်ရပြီး (၁၂)ရာစုလောက်ကတော့ ဗိုက်ကင်းလူမျိုးစုတွေရဲ့တံငါရွာလေးအဖြစ်ကနေ အဆင့်ဆင့် တိုးတက်လာခဲ့တာလည်းဖြစ်ပါတယ်။ (၁၅)ရာစုအစောပိုင်းမှာတော့ ကိုပင်ဟေဂင်မြို့ ဟာဒိန်းမတ်နိုင်ငံရဲ့ မြို့တော်ဖြစ်လာပြီး ပြင်တွင်းပြည်ပကုန်သွယ်မှုလမ်းကြောင်းမှာ အရေးပါတဲ့နေရာမှာတည်ရှိနေတဲ့အပြင် အလုပ်အကိုင်အခွင့်အလမ်းပေါများတဲ့နေရာတစ်ခုဖြစ်ပါတယ်။
အလယ်ခေတ်တလျှောက်လုံးတွင် လက်နက်နိုင်ငံများစွာတို့သည် ကိုပင်ဟေဂင် ဆိပ်ကမ်းကို ကြီးစိုးပိုင်ဆိုင်ကြရန် စစ်ပြိုင်ခဲ့ကြပါတယ်။ ၁၄၄၃ ခုနှစ်မှာ တတိယ ခရစ္စတိုဖာ ဘုရင်ဟာ ကိုပင်ဟေဂင်မြို့ကို ဒိန်းမတ်နိုင်ငံ၏ မြို့တော်ပြုလုပ်ခဲ့ပါတယ်။ လူဦးရေအဆမတန်တိုးပွားလာခဲ့ပြီးနောက် (၁၇)ရာစုမှာတော့ ကိုပင်ဟေဂင်မြို့ ဟာဒိန်းမတ်နိုင်ငံရဲ့ အဓိကစီးပွားရေးမြို့တော်၊ လုံခြုံရေးစစ်ရေးအရ အရေးပါတဲ့အနေအထားကိုရောက်ရှိခဲ့ပါတယ်။
(၁၈)ရာစုအတွင်းမှာတော့ ကိုပင်ဟေဂင်မြို့ဟာမီးဘေးနဲ့ကပ်ရောဂါများစွာကျရောက်ခြင်းကို အပြင်းအထန် ခံစားခဲ့ရပါတယ်။ ၁၈၀၇ ခုနှစ်တွင် ပြင်သစ်တို့ လက်တွင်းသို့ ဒိန်းမတ်ရေတပ် ကျရောက်သွားမည် စိုးတာကြောင့် ထိုရေတပ်ကို ပေးအပ်ရန် ကိုပင်ဟေဂင်မြို့ကို ဗြိတိသျှရေတပ်က တိုက်ခိုက်ခဲ့ဖူးပါတယ်။ ဒုတိယကမ္ဘာစစ်ကာလအတွင်းမှာလည်း ကိုပင်ဟေဂင်မြို့ဟာ အင်္ဂလန်နဲ့ဂျာမန်တွေရဲ့စစ်စီးချင်းထိုးရာအရပ်ဒေသတစ်ခုဖြစ်ခဲ့ပြီး (၁၉၄၀)ကနေ (၁၉၄၅)အထိတော့ အင်္ဂလိပ်တွေလက်ထဲကနေ ဂျာမန်တွေရဲ့ထိန်းချုပ်မှုအောက်ကို ကျရောက်ခဲ့ရပါတယ်။
ဒုတိယ စစ်ပြီးဆုံးချိန်နောက်ပိုင်းမှာတော့ ကိုပင်ဟေဂင်မြို့ရဲ့ဖွံဖြိုးမှုဟာ အရှိန်အဟုန်နဲ့အား ကောင်းလာခဲ့ပြန်ပါတယ်။ Finger Plan လို့သိကြတဲ့ မြို့ပြဖွဲ့စည်းမှု ဗိသုကာပုံစံနဲ့ တည်ဆောက်ခဲ့တဲ့ ကိုပင်ဟေဂင်မြို့ဟာ ၊ လက်ဖဝါးသဖွယ်ဖြစ်နေတဲ့ မြို့တော်ဗဟို ချက်မကနေ ကွန်ယက်(၅)ခုခွဲထွက်ပြီး မြို့ကိုချဲ့ထွင်ခဲ့ပါတယ်။ အဲဒီကွန်ယက်တွေ တစ်လျှာက်မှာ လူနေအိမ်အထပ်မြင့်အဆောက်အအုံတွေ၊ စီးပွားရေးအခြေခံ အဆောက်အအုံတွေကို အပြင် မြို့တွင်းသွားမီးရထားဆက်သွယ်ရေးစနစ်ကိုပါ ထည့်သွင်းပုံဖော်ခဲ့ပါတယ်။
(၂၁)ရာစုရောက်ချိန်မှာတော့ ကိုပင်ဟေဂင်မြို့ရဲ့ရင်းနှီးမြုပ် နှံမှုနဲ့စီးပွားရေးဇုန်တွေဟာ ခိုင်မာလာတဲ့အတွက်ကြောင့် ဥရောပမြောက်ပိုင်းရဲ့ ငွေကြေး လဲလှယ်မှု ဈေးကွက်ဆိုင်ရာဗဟိုဌာနချုပ်ဖြစ်လာခဲ့ပါတယ်။ ဝန်ဆောင်မှုလုပ်ငန်းအဖြာ ဖြာနဲ့ ပြည်ပရင်းနှီးမြုပ်နှံမှုတွေကြောင့် ကိုပင်ဟေဂင်မြို့ရဲ့စီးပွားရေးဟာခိုင်မာသထက် ပိုမိုခိုင်မာလာတာကိုတွေ့ရပြီး အထူးသဖြင့် ဆက်သွယ်ရေးနည်းပညာကဏ္ဍ၊ဆေးဝါး ထုတ်လုပ်မှုကဏ္ဍနဲ့သန့်ရှင်းတဲ့အစားအစာထုတ်လုပ်မှုကဏ္ဍတွေမှာ ဥရောပဈေးကွက် ကိုထိထိရောက်ရောက်ထိုဖောက်အောင်မြင်ခဲ့ပါတယ်။
ဒိန်းမတ်နိုင်ငံတစ်နိုင်ငံလုံးရဲ့ အရောင်းအဝယ်တစ်ဝက်ခန့်ကို ဒီမြိုကတစ်ဆင့်ပြုလုပ်ကြပြီး သင်္ဘောတည်ဆောက် ခြင်း။အထည်အလိပ်လုပ်ငန်း၊ကြွေထည်နှင့်အရက်ချက်လုပ်ငန်း ၊စန္ဒယားပြုလုပ်ခြင်း၊ ငါးဖမ်းလုပ်ငန်းနဲ့နာရီလုပ်ငန်းအများစုဟာ ကိုပင်ဟေဂင်မြို့မှာပဲတည်ရှိပါတယ်။ ဒါအပြင်သကြား၊မုန့်ညှင်းစေ့၊ထောပတ်၊ဒိန်ခဲ၊ဒိန်ချဉ်၊သိုးမွှေး၊သားရေစိမ်းနဲ့ အမဲသား တို့ကို ထုတ်ကုန်အဖြစ်နိုင်ငံရပ်ခြားကို ကိုပင်ဟေဂင်မြို့ကပဲတင်ပို့ပါတယ်။
စက်မှုဖွံဖြိုးပြီးနိုင်ငံ၊ကမ္ဘာအလှူရှင်နိုင်ငံတစ်နိုင်ငံရဲ့ မြို့တော် ဖြစ်တဲ့ ကိုပင်ဟေဂင်မြို့လူဦးရေရဲ့ တစ်ဝက်လောက်ဟာ လေထုကိုအဓိက ညစ်နွမ်း စေတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်တဲ့ မော်တော်ကားအပါအဝင် ဆက်စပ်ပစ္စည်း တွေကိုမသုံးကြပဲ စက်ဘီးတွေကိုသာ အသုံးပြုကြပါတယ်။
ဒါကြောင့် ကိုပင်ဟေဂင်မြို့ရဲ့ ရုံးတက်၊ရုံးဆင်းချိန်တွေမှာဆိုရင်တော့စက်ဘီးနဲ့ ခြေလျင်လျှောက်သူတွေ ကိုသာမြင်တွေ့ရမှာပြီး မြို့တွင်းလမ်းမကြီးတွေရဲ့ တစ်ဖက်တစ်ချက်မှာ စက်ဘီးနဲ့လူသွားလမ်း၊ အရိပ်ရအပင်တွေကိုသာ ပိုမိုတည်ဆောက်ထားတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။
ဒါအပြင်ရေနဲ့စွန့်ပစ်ပစ္စည်းတွေကိုRecycle နည်းနဲ့ပြန်လည် သုံးစွဲနိုင်အောင်ပြုလုပ်ခြင်းအမှိုက်သရိုက်အပါအဝင်၊ အညစ်အကြေးစွန့်ပစ်ပစ္စည်းတွေမှ တစ်ဆင့် ဓာက်မြေသြဇာ ပြန်လည်ထုတ်လုပ်တဲ့လုပ်ငန်းများစွာကြောင့်လည်း ကိုပင်ဟေဂင်မြို့တော်ဟာ ကျော်ကြားပါတယ်။ ဒါအပြင် (၂၀၂၅)ခုနှစ်မှာတော့ ကိုပင်ဟေဂင်မြို့ရဲ့လက်ရှိကာဗွန် ဒိုင်အောက်ဆိုဒ်လေထုထဲ ပျော်ဝင်တဲ့နှုန်းထားကို ထပ်မံလျော့ချဖို့စီမံချက်ထားရှိပါတယ်။
ကိုပင်ဟေဂင်မြို့မှာနေထိုင်သူများဟာ ဖော်ရွေကြပြီးစည်းကမ်းအလွန်ကောင်းကြ ပါတယ်။ ဒါကြောင့်လည်း ကမ္ဘာပေါ်မှာအပျော်ရွှင်ဆုံးနဲ့ အသန့်ရှင်းဆုံးမြို့တော်စာရင်းမှာ ထိပ်တန်းနိုင်ငံတစ်ခုအဖြစ် ယနေ့အချိန်ထိရပ်တည်နေနိုင်တာလည်းဖြစ်ပါတယ်။ မြို့တော်ရဲ့ သင်္ဘောဆိပ်၊ဘူတာ၊လေဆိပ်၊တူးမြောင်းအပါအဝင် အများပြည်သူနဲ့ သက်ဆိုင်ရာ နေရာတွေအားလုံးဟာ အမြဲသန့်ရှင်းသပ်ရပ်နေပြီး စည်းစနစ်အလွန်ကျနပါတယ်။
အီတလီက ဗင်းနစ်မြို့တော်လိုပဲတူးမြောင်းအတွင်း ကူးတို့လှေနဲ့သွားရောက်ပြီး မြိုတော်ရဲ့အလှကိုလိုက်လံကြည့်ရှုရတဲ့ခရီးစဉ်တွေဟာလည်း လာရောက်လေ့လာ သူတွေရဲ့စိတ်အာရုံကို အစဉ်လန်းဆန်းနေစေမှာ ဖြစ်ပါတယ်။ မျက်မှောက်ခေတ်ဖက်ရှင်ရေစီးကြောင်းမှာလည်း ဒိန်းမတ်နိုင်ငံက သူ့ရိုးရာ ကိုအခြေခံပြီးဖန်တီးထားတဲ့ ဖက်ရှင်တွေဟာ ကမ္ဘာဖက်ရှင်လောကမှာ နေရာတစ်ခုကို ပိုင်ပိုင်နိုင်နိုင်ချုပ်ကိုင်ထားပြီး အဲဒီဖက်ရှင်ဒီဇိုင်းအများစုဟာ ကိုပင်ဟေဂင်မြို့ကနေပဲ ထွက်ရှိတာဖြစ်ပါတယ်။
ကိုပင်ဟေဂင်ဟာ ပညာရေးအလွန်ထွန်းကားရာမြို့ဖြစ်ပြီး တက္ကသိုလ်ကောလိပ်ပေါင်းများစွာဟာ ဒီမြို့မှာတည်ရှိနေပါတယ်။ အကြီးုဆုံးတက္ကသိုလ်ဖြစ်တဲ့ ကိုပင်ဟေဂင် တက္ကသိုလ်မှာတော့ ကျောင်းသား၊သူ ပေါင်း ၄သောင်းနီးပါး တက်ရောက်လျှက်ရှိပါတယ်။ ဒိန်းမတ်အစိုးရဟာ ပညာရေးကို အလွန်အားပေးတာကြောင့် ဒီမှာကျောင်းတက်မယ်ဆိုရင် ပိုက်ဆံမကုန်တဲ့အပြင် ပိုက်ဆံပါ ထပ်ပေးသေးတယ်။ အလယ်တန်း၊ အထက်တန်းနဲ့ တက္ကသိုလ်ကျောင်းသားအားလုံးကို ပိုက်ဆံ ပေးပါတယ်။ မူလတန်းကနေ တက္ကသိုလ်ပြီးတဲ့အထိ၊ ပါရဂူဘွဲ့ ယူတဲ့အထိ ဘာကျောင်းလခမှ ပေးစရာ မလိုပါဘူး။ မလိုတဲ့ အပြင် ထောက်ပံ့ကြေးငွေတောင် ပေးပါသေးတယ်။
ကိုပင်ဟေဂင်မြို့ကိုလည်ပတ်မယ်ဆိုရင်တော့ (၁၈၄၃) ခုနှစ် နောက်ပိုင်းမှစတင်ဖွင့်လှစ်ခဲ့တဲ့ Tivoli ဥယျာဉ်ကိုသွားရောက်လည်ပတ်ဖို့တော့ မမေ့သင့်ပါဘူး။ ဒီဥယျာဉ်ဟာကမ္ဘာပေါ်မှာ ဒုတိယမြောတ်သက်တမ်းအကြီးဆုံး အပန်း ဖြေဥယျာဉ်ဆိုရင်လည်းမမှားပါဘူး။ အဲဒီဥယျာဉ်အတွင်းမှာတော့ အံ့ဖွယ်မြင်းစီးပြကွက် တွေ၊ ဒိန်းမတ်အနုသုခုမယဉ်ကျေးမှုအကအလှတွေကို သဘာဝပတ်ဝန်းကျင်ရှုမျှော်ခင်း တွေနဲ့ အစီစဉ်တစ်ကျပုံဖော်ထားပါတယ်။
ဒါအပြင်အခြားသော ရှေးဥရောပအဆောက် အအုံတွေဖြစ်တဲ့ နန်းတော်၊ပြတိုက်၊အနုပညာခန်း၊ဘုရားရှိခိုးကျောင်းများစွာဟာလည်း ဒီမြို့တော်အတွင်းမှာပဲ တည်ရှိနေတာကြောင့် နှစ်စဉ်လာရောက်လေ့လာသူတွေ အလွန်များပြားတာကြောင့် ဒိန်းမတ်အစိုးရအတွက် ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းကနေ အမြတ်အစွန်း များစွာကိုရရှိစေပါတယ်။
VIDEO
သုတဇုန်