ဒဏ်ရာရတဲ့နွားတွေကို ရဟတ်ယာဉ်တွေနဲ့ ပိုဆောင်ခဲ့တဲ့နိုင်ငံ

Posted on

ဒီနိုင်ငံဟာ တခြားနိုင်ငံတော့ မဟုတ်ပါဘူး။ အေးချမ်းသာယာပြီး နေချင်စဖွယ်အကောင်းဆုံးတိုင်းပြည်တခုအဖြစ် နာမည်ကျော်တဲ့ ဥရောပတိုက်က ဆွစ်ဇာလန် နိုင်ငံ ဖြစ်ပါတယ်။

ဖက်ဒရယ် ဒီမိုကရေစီဖြစ်တဲ့ ဒီနိုင်ငံဟာ နိုင်ငံသားတွေရဲ့ လွတ်လပ်မှု အခွင့်အရေးကို တန်ဖိုးထားတဲ့ နိုင်ငံတနိုင်ငံလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ဆွစ်ဇာလန်တာဝန်ရှိသူတွေရဲ့ လုပ်ရပ်ဟာလည်း နာမည် အတော်လေး ကြီးသွားခဲ့ပါတယ်။

အမြင့်ပေ ထောင်ချီတဲ့ ကောင်းကင်ကနေ နွားတွေကို ကြိုးတွေနဲ့ ချိတ်ဆွဲပြီး ရဟတ်ယာဉ်တွေနဲ့ သယ်ဆောင်သွားတဲ့မြင်ကွင်းဟာ မြင်ရသူတွေကို အံသြစေခဲ့ပါတယ်။ တကယ်တော့ ဒီနွားတွေဟာ ဒဏ်ရာရနေတဲ့ နွားတွေဖြစ်ပြီး ရဟတ်ယာဉ်တွေနဲ့ စားကျက်မြေကို ပို့ဆောင်ခဲ့ခြင်းသာ ဖြစ်ပါတယ်။

ဒီလိုသယ်ဆောင်ရာမှာ နွားကောင်ရေ တဒါဇင်ခန့် ရှိခဲ့ပြီး သူတို့ရဲ့ မူလမြက်ခင်းပြင်ကနေ Klausenpass တောင်ဖြတ်လမ်း အနီးတောင်စောင်းစားကျက်ကို ပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ ဒီနေရာဟာ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၆၄၀၀ ခန့်မှာ တည်ရှိနေပါတယ်။

ဒီလို သယ်ဆောင်တဲ့အခါမှာ နွားတွေကို နာကျင်မှု မရှိစေဖို့ အထိန်းကြိုးတွေနဲ့ စနစ်တကျ ချည်နှောင်ထုပ်ပိုးထားတာကိုလည်း မြင်ရပါတယ်။ မြေပေါ်ကို ချတဲ့အခါမှာလည်း လူအုပ် နဲ့ ဂရုတစိုက် ထိန်းချပေးကြပါတယ်။

ဒီကာလမှာ နွားတွေစားကျက်မြေပြောင်းတာဟာ ပုံမှန်ဖြစ်စဉ်တခုဖြစ်ပြီး မွေးမြူရေးတခုလုံးမှာ နွားကောင်ရေ တထောင်ခန့် ပါဝင်နေပါတယ်။ ပုံမှန်ကျန်းမာရေးကောင်းတဲ့ နွားတွေကတော့ သူတို့ဟာသူတို့ စားကျက်မြေသစ်ကို လမ်းလျှောက်သွားကြတာဖြစ်ပြီး ဒဏ်ရာရနေတဲ့ နွားအနည်းငယ်ကိုတော့ အခုလို ပို့ဆောင်ခဲ့ရတာဖြစ်ပါတယ်။

ဘာလို့ ကားတွေကို မသုံးရတာလဲဆိုတော့ တချို့စားကျက်မြေတွေက ကားနဲ့သွားရောက်ဖို့ မလွယ်ကူလို့ပါ ၊ ဒါကြောင့် ရဟတ်ယာဉ်တွေရဲ့ အကူအညီကို ယူပြီး ရွှေ့ပြောင်းခဲ့ရခြင်း ဖြစ်ပြီး ဒါဟာ ဒီနိုင်ငံမှာ လုပ်လေ့လုပ်ထရှိတဲ့ ဖြစ်စဉ်တခုသာဖြစ်တယ် လို့ လယ်သမား တယောက်က ဆိုပါတယ်။

ဒီလို ရွှေ့ပြောင်းတဲ့ ဓာတ်ပုံ နဲ့ ဗီဒီယိုတွေဟာ ဆိုရှယ်မီဒီယာပေါ်ကို ရောက်ရှိခဲ့ချိန်မှာတော့ မြင်တွေ့ရခဲတဲ့ မြင်ကွင်းတခုဖြစ်တာကြောင့် အများစုက အံသြခဲ့ကြပါတယ်။ လုပ်ဆောင်ခဲ့တဲ့သူတွေကို နွားတွေအပေါ်မှာတောင် ဂရုစိုက်နိုင်လှချည်ရဲ့လို့ ချီးကျူးမှုတွေ ပြုခဲ့ကြပါတယ်။