ရေးသားသူ – မောင်သာ (ရှေးဟောင်းသုတေသန)
ကျောက်ခေတ်ဦးနှင့်ကျောက်ခေတ်ကာလများက လူသားများသည် ကမ္ဘာမြေပေါ်ရှိ လိုဏ်ဂူများအတွင်း အများဆုံး နေထိုင် ခဲ့ကြသည်။နှစ်ကာလရှည်ကြာလာခဲ့ချိန်တွင် လူများသည် ဂူများမှထွက်၍ မြေပြန့်များတွင် နေထိုင်ရန် အမိုးအကာများတည် ဆောက်ခဲ့ချိန်မှစ၍ ဆောက်လုပ်ရေး အင်ဂျင်နီယာလုပ်ငန်းများ စတင်ခဲ့သည်ဟုဆိုနိုင်ပေသည်။
မိမိတို့နေထိုင်ရန် အမိုးအကာ များဆောက်လုပ်ခဲ့သည့် အချိန်မှစ၍မြို့ပြအင်ဂျင်နီယာလုပ်ငန်းနှင့် ဗိသုကာလုပ်ငန်း များအစပြုခဲ့ပြီး နောက်ပိုင်းတွင် လျှပ်စစ်၊စက်မှု၊ဆက်သွယ်ရေး၊အထည်အလိပ်၊ရာဘာ၊ရေနံဓာတု စသည့်နယ်ပယ်မျိုးစုံမှ အင်ဂျင်နီယာလုပ်ငန်းများသည် တစ်စထက်တစ်စ တိုးတက်ဖွံ့ဖြိုးလာခဲ့သည်။ နည်းပညာများ တစ်ဟုန်ထိုး တိုးတက်လာသည့် ၁၈ ရာစု နှောင်းပိုင်းတွင် အင်ဂျင်နီယာနည်းပညာသည် များစွာ ဖွံ့ဖြိုးလာခဲ့သဖြင့်လူသားများနေထိုင်ရာကမ္ဘာမြေပေါ်တွင် အံ့မခန်း သော အင်ဂျင်နီယာလက်ရာများကို ပေါ်ထွက်လာခဲ့ကြသည်။
၁၊ ကောင်းကင်မြို့တော်များ(Sky Cities)
ကမ္ဘာ့မြေပြင်အထက် မြင့်မားသော လေထုအတွင်း လူလုပ် ကောင်းကင်မြို့တော်များကို တည်ဆောက်မည်ဟူသည့် အနာဂတ်ကိုမျှော်သော ခေတ်လွန်အတွေးများသည် မြို့ပြများတွင် လူဦးရေမွန်းကျပ်မှုကိုလျှော့ချနိုင်မည်ဟု ယူဆခဲ့ကြသည်။ ထို့ကြောင့် အချို့သော ဗိသုကာနှင့်အင်ဂျင်နီယာများက ယင်းစိတ်ကူးကို အကောင်အထည်ဖော်ရန်ဆုံးဖြတ်ခဲ့ကြသည်။ တရုတ်နိုင်ငံသည် ၁၉၈၉ ခုနှစ်တွင် Sky City 1000 ဟုအမည်ပေးထားသည့် ဘက်စုံသုံး ကောင်းကင် မျှော်စင်ကြီး တစ်ခုတည်ဆောက်ရန်အဆိုပြုခဲ့သည်။ တရုတ်အင်ဂျင်နီယာလုပ်ငန်းစု တစ်ခုက အဆိုပြုသည့် ယင်းစီမံကိန်းတွင် လူဦးရေ ၃၆၀၀၀ အတွက်အိမ်ရာနေရာများချထားပေးနိုင်မည့်အပြင် လူဦးရေ တစ်သိန်း အလုပ်လုပ်ကိုင်နိုင်မည့် နေရာအကျယ် အဝန်း ကိုလည်းရရှိမည်ဟုဆိုသည်။
မိုးမျှော် အဆောက်အအုံများ လူနေမှုကောင်စီက Sky City 1000 များကို ၂၀၃၀ ခုနှစ် ဝန်းကျင် တွင် ဖွင့်လှစ်နိုင်လိမ့်မည်ဟုခန့်မှန်းထားသည်။ ဒေါက်တာ ယူဂျင်းဆွိ၏ အမြင်အရ ယင်းမျှော်စင်များသည် မြေပြင်မှအထက်သို့ နှစ်မိုင်အထိ မြင့်မားကာ လူဦးရေ တစ်သန်းအထိ နေထိုင်နိုင်မည့် ဧရိယာ ၁ ဒသမ ၅ သန်း စတုရန်းပေ ကျယ်ဝန်းသော နေရာအကျယ်အဝန်းအထိရရှိနိုင် မည်ဟု မျှော်လင့်ထားသည်။
၂၊ နယူးယောက် မြေအောက်ရထားစံနစ် (New York Subway System)
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ မြေအောက်ရထားများကို ရုံးဖွင့်ရက်များတွင် လူ ၅ ဒသမ ၂သန်းစီးနင်း လိုက်ပါလေ့ရှိပြီး တစ်နှစ်လျှင်မြေအောက်ရထားစီးသူ အရေအတွက်သည် ၁ ဒသမ ၆ ဘီလီယံ အထိရှိသည်။ နယူးယောက် မြေအောက်ရထား လမ်းများ၏ စုစုပေါင်းအရှည်သည် မိုင် ၇၀၀ ရှိပြီး ထိုရထားလမ်းများပေါ်တွင် ရထားစီးရေ ၆၅၀၀ ကျော် ခုတ်မောင်းလျက်ရှိရာ အမေရိကန်ပြည်ထောင်စု၏ အကြီးဆုံးရထား ကွန်ရက်ဖြစ်ပြီး ၂၀၀၇ ခုနှစ်တွင် နယူးယောက် မြေ အောက် ရထားလမ်းစနစ် သည် ကမ္ဘာ့ စတုတ္ထမြောက်အကြီးဆုံး မြေအောက်မီးရထားလမ်းကွန်ရက်ဖြစ်လာခဲ့သည်။
နယူးယောက်မြေအောက်ရထားလမ်း၏ ပထမဆုံးလမ်းပိုင်းကို ၁၉၀၄ ခုနှစ် ၊ အောက်တိုဘာလ ၂၇ ရက်နေ့ တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယခုအခါတွင် နယူးယောက်မှ ရှီကာဂို မြို့အထိ သွားရောက်နိုင်ပြီဖြစ်သည်။ဘူတာရုံပေါင်း ၄၆၈ ဘူတာ၊ ရထားလိုင်းပေါင်း ၂၆ လိုင်း ဖြင့် နယူးယောက်မြို့၏ မြို့ပြ ငါး နေရာကိုဖြတ်သန်းကာ ပို့ဆောင်ရေးလုပ်ငန်းများဆောင်ရွက် နေ သော နယူးယောက်မြေအောက်ရထားလမ်းစနစ်ကို နယူးယောက်မြို့တော်ကောင်စီက ပိုင်ဆိုင်ပြီး နယူးယောက်မြို့တော် သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့အား အငှားချထားကာ ပို့ဆောင်ရေးလုပ်ငန်းများဆောင်ရွက်စေလျက်ရှိရာ တစ်ရက် လျှင် ၂၄ နာရီ၊ တစ်နှစ်လျှင် ၃၆၅ ရက် ခရီးသည်များကို ပို့ဆောင်ပေးလျက်ရှိနေပေသည်။
၃၊ သမုဒ္ဒရာဖြတ်ရထား (Transatlantic Train)
နယူးယောက်မြို့တွင် နေ့လည်စာ စားပြီး လန်ဒန်သို့ သွားရောက်လိုသူများအား အတ္တလန်တစ် သမုဒ္ဒရာဖြတ်ရထား က တစ်နာရီအတွင်းပို့ဆောင်ပေးမည်ဖြစ်သည်။အသံထက်မြန်သော အတ္တလန်တစ်သမုဒ္ဒရာဖြတ်ရထားသည် တစ်နာရီ လျှင် မိုင် ၄၀၀၀ နှုန်းဖြင့် ပြင်သစ်နိုင်ငံ ပါရီမြို့မှ ဗြိတိန်နိုင်ငံ လန်ဒန်မြို့သို့ ၅၄ မိနစ်သာမောင်းနှင်သည်။
ပင်လယ်ရေ မျက်နှာပြင် အောက် ပေ ၁၅၀ မှ ၃၀၀ အနက်တွင်ရှိသော အတ္တလန်တစ်သမုဒ္ဒရာကြမ်းပြင်တွင် တည်ဆောက်ထားသော ရထားလမ်း လိုဏ်ခေါင်းသည် ကြားခံလေဟာနယ်တစ်ခုဖြစ်ပြီး မီးရထားက သံလိုက်စက်ဝန်းအတွင်းမှ ဖြတ်သန်းသွားသဖြင့် ခရီးသည် များသည် ငြိမ့်ညောင်းသက်သာစွာစီးနင်းကြရသည်။ ယင်းရထားလမ်းကို စတင်တည်ဆောက်ခဲ့စဉ်က ဒေါ်လာ ၈၈ ဘီလီယံ ကုန်ကျခဲ့ပြီး နောက်ပိုင်းတွင် ဒေါ်လာ ၁၇၅ ဘီလီယံအထိ ဖြည့်စွက်သုံးစွဲခဲ့ရာ ရထားလမ်း တစ်မိုင်အတွက်ကုန်ကျငွေမှာ ဒေါ်လာ ၂၅ သန်းမှ သန်း ၅၀ ဖြစ်ပေသည်။
၄။ ဘာရင်းရေလက်ကြားဖြတ်လမ်း (Pathway through Bering strait)
လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ကျော်မှစ၍ ဥရောပနှင့်မြောက်အမေရိကတို့ကို ဆက်သွယ်နိုင်မည့် တံတားတစ်စင်း သို့မဟုတ် ဥမင်တစ်ခုကို တည်ဆောက်နိုင်ရန် သိပ္ပံပညာရှင်များက စိတ်ကူးယဉ် အိပ်မက်မက်ခဲ့ကြသည်။ ဘာရင်းရေ လက်ကြားကိုဖြတ်သန်းမည့် စီမံကိန်းကိုချခဲ့သူ ဒုတိယမြောက် ဇာနီကိုလပ်စ်၏ အကြံအစည်သည် ပထမကမ္ဘာစစ်ကြောင့် ပျက်ပြယ်ခဲ့သော်လည်း စီမံကိန်း အစီအစဉ်က အရှိန်ကောင်းခဲ့သည်။
၆၄ မိုင် (၁၀၂ ဒသမ ၉ ကီလိုမီတာ)ရှည်လျားသော ဘာရင်းရေလက်ကြားကိုဖြတ်သန်းရန် ရေအောက်ဥမင်တစ်ခုတည်ဆောက်မည်ဆိုပါက ဒေါ်လာ ဘီလီယံ ၂၀၀ ကုန်ကျမည် ဖြစ်သည်။ထို့အပြင်ဒေသ၏ ပြင်းထန်လွန်းသည့် အအေးဒဏ်ကြောင့် တစ်နှစ်လျှင် ငါးလခန့်သာ တံတားပေါ်မှ သွားလာ နိုင်မည်ဖြစ်သဖြင့် ဥမင်လိုဏ်ခေါင်းတစ်ခုကိုသာ တည်ဆောက်နိုင်မည်ဆိုပါက တစ်နှစ်ပတ်လုံးသွားလာနိုင် မည်ကြောင်း သိရှိထားခဲ့ကြသည်။
သို့ရာတွင် ပြင်းထန်သော အအေးဓာတ် ကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများဆောင်ရွက်ရန် တစ်နှစ် လျှင် လေးလခန့်သာဆောင်ရွက်နိုင်မည် ဖြစ်သည်။ သို့ဖြစ်ရာ အခြားသော နည်းလမ်းများကိုကြံဆကြရာတွင် ကမ္ဘာဖြတ်အဝေးပြေးလမ်း (Trans-Global Highway ) ဖောက်လုပ်ရန်စဉ်းစားမိကြသည်။ဤသို့ဖြင့် သြစတြေးလျ တိုက်မှလွဲ၍ ကျန် ကမ္ဘာ့တိုက်ကြီးများကို ဆက်သွယ်နိုင်သော ကားလမ်း ၊ ရထားလမ်း ၊ ဥမင်လမ်းများပါဝင်သည့် ဘာရင်း ရေလက်ကြားဖြတ်လန်းစီမံကိန်းပေါ်ထွန်းလာခဲ့ပေသည်။
၅၊ ပနားမား တူးမြောင်း ( Panama Canal)
ပနားမားတူးမြောင်းကို ကမ္ဘာ့ အဋ္ဌမမြောက်အံ့ဘွယ်ဟုဆိုကြသည်။ ၁၉၁၄ ခုနှစ်တွင် အတ္တလန်တစ် သမုဒ္ဒရာမှ ပစိဖိတ်သမုဒ္ဒရာသို့ ရေကြောင်းကုန်သွယ်လမ်းကြောင်းဖြစ်သည့် ပနားမားတူးမြောင်းကိုဖွင့်လှစ်လိုက်ခြင်းဖြင့် ကမ္ဘာကြီးကို ကြီးမားစွာပြောင်းလဲစေခဲ့သည်။ပနားမားကျွန်းဆွယ်ကိုဖြတ်သန်းသည့် ပနားမားတူးမြောင်းသည် အကျယ်ဆုံး နေရာတွင် မိုင် ၅၀ ( ၈၀ ဒသမ ၅ ကီလိုမီတာ) ကျယ်ဝန်းပြီး နယူးယောက် မှ ပစိဖိတ်သမုဒ္ဒရာသို့သွားရမည့် ကုန်စည် သင်္ဘောများသည် ပနားမားတူးမြောင်းကို ဖြတ်သန်းလျက် ခုတ်မောင်းချိန်ကို ရက် ၃၀ မှ ၆၀ အထိလျှော့ ချနိုင်ခဲ့သည်။
ပနားမားတူးမြောင်း ဖောက် လုပ်နိုင်ခဲ့သဖြင့် ပင်လယ်ကူးသင်္ဘောများသည် မိုင်ပေါင်း ၁၃၀၀၀ (၂၀၉၂၁ ကီလိုမီတာ) ခရီးတိုတောင်းသွားပြီး မိုင် ၅၀၀၀ (၈၀၄၆ ကီလိုမီတာ) ရှည်လျားသော တောင်အမေရိကတိုက်ကိုပတ်ရသည့် ခရီးကို သွားရန်မလိုတော့ပါချေ။ ယခုအခါတွင် ပနားမားတူးမြောင်း၏ မူလတူးဖော်ထားသော ရေလမ်းကြောင်းအား အကျယ်အဝန်း နှစ်ဆနီးပါး ကျယ်ဝန်းသွားစေရန် အသစ် ချဲ့ထွင်တူးဖော်လျက်ရှိသည်။
၆။ ဒူဘိုင်း တူးမြောင်း (Dubai Canal)
အင်ဂျင်နီယာလုပ်ငန်းများနှင့်ပတ်သက်လျှင် ဒူဘိုင်းအင်ဂျင်နီယာ လုပ်ငန်းများသည် ပြပွဲ တစ်ခုခင်းကျင်း ပြသထား သည့်အလား ခမ်းနားလှပေသည်။ဒူဘိုင်းအင်ဂျင်နီယာ လုပ်ငန်းများတွင် ကမ္ဘာပေါ်ရှိ လူတို့ လုပ်အားဖြင့်တူးဖော်သည့် အကြီး ဆုံးတူးမြောင်းတစ်ခုဖြစ်သည့် အာရေဗျတူးမြောင်းကို ချန်လှပ်ထား၍ မရပါချေ။
အာရေဗျ တူးမြောင်းသည် ၄၆ ဒသမ ၆ မိုင် (၇၅ ကီလိုမီတာ) ရှည်လျားကာ ဒူဘိုင်းတူးမြောင်းဟုလည်း ထင်ရှားသည်။ယင်းတူးမြောင်းသည် အာရပ်ပင်လယ်ကွေ့မှ ကျယ်ဝန်းသော သဲကန္တာရအတွင်းသို့ ရေများကို သယ်ယူပေးသော ရေသွယ်တူးမြောင်းတစ်ခု ဖြစ်ပြီး တူးမြောင်းတစ်လျောက် တွင် ကန္တာရအိုအေစစ် တစ်ခုကို ဖန်တီးထားသည်။
၇၊ ယူကာတောင် နယူးကလီးယားသိုလှောင်စခန်း (Yucca Mountain Nuclear Waste Repository)
အမေရိကန်ပြည်ထောင်စုတွင် နယူးကလီးယားစွန့်ပစ်ပစ္စည်းများကို လတ်တလောသိမ်းဆည်းထားသည့် နေရာ ၁၂၁ ခု ရှိသည်။ စိုးရိမ်ဖွယ်ကောင်းသည့် နယူးကလီးယားစွန့်ပစ်ပစ္စည်းများသည် အလွန်အန္တရာယ်များသဖြင့်ယင်းတို့ကို တစ်နေရာ တည်းတွင်စုစည်းထားရန် အကြံပြုကြရာမှ ယူကာ နယူးကလီးယားသိုလှောင်စခန်းစီမံကိန်း ပေါ်ထွန်းလာ ခဲ့သည်။
ယခုအချိန်တွင်ယူကာနယူးကလီးယားသိုလှောင် စခန်းစီမံကိန်းတွင် နယူးကလီးယား တစ်မှုန်မှပင် မသိုလှောင်ရ သေးသော်လည်း စီမံကန်းအတွက် ဒေါ်လာ ၉ ဘီလီယံကုန်ကျခဲ့ပြီးဖြစ်သည်။အမေရိကန်ပြည်ထောင်စုရှိ နယူးကလီးယား ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိသည့် ရေဒီယိုသတ္တိကြွ စွန့်ပစ် ပစ္စည်းများ အားလုံးကိုသိုလှောင်ရန်အဆိုပြုထားသောနေရာ အကျယ်အဝန်းသည် လားဗီးဂတ်စ်မှစတင်ကာ တောင်ကို ဖြတ်၍ မိုင်၈၀ (၁၂၈ ကီလိုမီတာ) ရှည်လျားသည့် အလွန် ကြီးမား သည့် ဥမင် တစ်ခုကို ဖောက်လုပ်ရမည်ဖြစ်သည်။ ယူကာ နယူးကလီးယားသိုလှောင် စခန်းစီမံကိန်းသည် ဥပဒေနှင့် နိုင်ငံရေးအခြေအနေများကြောင့် နှစ်အတန်ကြာ တည်ဆောက်ရန် မသေမချာဖြစ်ခဲ့ရပြီး၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလတွင် စီမံကိန်းကိုရပ်ဆိုင်းထားခဲ့သည်။
၈၊ ဘော့စ်တွန် မြို့ပြ စီမံကိန်းစံနစ် (Big Dig)
ကမ္ဘာပေါ်တွင် အရှုပ်ထွေးဆုံးအင်ဂျင်နီယာ လုပ်ငန်းနှင့် ငွေကုန်ကြေးကျအများဆုံး ပြည်သူ့ဝန်ဆောင်မှုဆောက်လုပ် ရေးလုပ်ငန်းတစ်ခု ဖြစ်သော ဘော့စ်တွန် မြို့ပြ စီမံကိန်းစံနစ်ကို ငါးနှစ်ကြာစီမံကိန်းရေးဆွဲပြီး နှစ် ၃၀ တည်ဆောက်ကာ ၂၀၀၃ ခုနှစ်တွင် အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့သည်။မူက စီမံကိန်းရေးဆွဲခဲ့စဉ်က ဒေါ်လာ ၄ ဘီလီယံကုန်ကျမည်ဟုခန့်မှန်းခဲ့ သော်လည်းစီမံကိန်းပြီးစီးချိန်တွင် ဒေါ်လာ ၁၄ ဘီလီယံခန့် ကုန်ကျခဲ့သည်။ တည်ဆောက်လုပ်ရေးလုပ်ငန်းများကိုဆောင်ရွက်ခဲ့စဉ်က ဆောက်လုပ်ရေး လုပ်သားများသည် ဘော့စ်တွန်မြို့၏ အဝေးပြေးကုန်းကျော်တံတားကြီး(အင်တာစတိတ် ၉၃) ၏အောက်တွင် ဆူညံနေသောအသံများအကြား အလုပ်လုပ်ခဲ့ကြရ သည်။ကြိုတင် ပုံလောင်းထားသော လိုဏ်ခေါင်းပြွန်များကို ကြီးမားလှသည့် စက်ယန္တရားများဖြင့် မြေအောက်ရထားလမ်းများ ရှိရာ အေးခဲ နေသော မြေပြင်အောက်အတွင်းသို့ ထိုးသွင်းကြရသည်။
သက်တမ်းရာကျော်နေပြီးဖြစ်သော ဓာတ်ငွေ့ပိုက်လိုင်း၊ ရေပိုက်လိုင်း၊လျှပ်စစ်လိုင်း၊တယ်လီဖုန်းလိုင်း၊ကေဘယ်လိုင်းများကို ပြန်လည်နေရာချထားရသည်။အဝေးပြေးလမ်း လေးခုပါ ဝင်သော ဥမင် အသစ်ကိုတည်ဆောက်ကြရသည်။ယင်းစီမံကိန်းတွင် လိုဂန် လေဆိပ်သို့သွားသည့် လိုဏ်တစ်ခုလည်း ပါဝင် ခဲ့ပြီးချားစ် မြစ်ကို ကျော်ဖြတ်ထားသည့် သံဒိုင်းနှစ်ထပ်တံတားကို ကြိုးတံတားဖြင့် ပြောင်းလဲ အစားထိုးသည့် လုပ်ငန်း တစ် ရပ်ကိုလည်း ဆောင်ရွက်ခဲ့ရသည်။ ဘော့စ်တွန် မြို့ပြ စီမံကိန်းစံနစ် (Big Dig)၏ ဗိသုကာလက်ရာကိုကမ္ဘာအဝန်းချီးမွမ်းကြရသည်။ထိုစဉ်ကဘော့စ်တွန် မြို့၏တည်ရှိနေဆဲ မြို့ပြ သယ်ယူပို့ဆောင်ရေးစံနစ်ကို ဖျက်သိမ်းခဲ့ကာ ပန်းခြံများ၊ စိမ်းလန်းစိုပြေ နေရာများပါဝင်သည့် မြို့ပြ ရှုခင်းအသစ်ကို ပုံဖော်နိုင်ခဲ့သည်။
၉၊ချောက်သုံးခုဆည် (Three Georges System)
တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ ချောက်ကမ်းပါးသုံးခုဆည်သည် တရုတ်နိုင်ငံတွင်မဟာတံတိုင်းပြီးလျှင် အကြီးမားဆုံး သော အင်ဂျင်နီယာ စီမံကိန်းဖြစ်သည်ဟု ဆိုကြသည်။အဆိုပါရေလှောင်ဆည်ကြီးသည် မိုင်ဝက် မြင့်ကာ ၁ ဒသမ ၅ မိုင် (၂ ဒသမ ၄ ကီလိုမီတာ) ကျယ်ဝန်းသည်။ကုန်တင်သင်္ဘောများသည် ဆည်အတွင်း ရေပြင်မှတစ်ဆင့် တရုတ်နိုင်ငံ ကုန်းတွင်းပိုင်း မိုင် တစ်ထောင့်ငါးရာအထိ ဝင်ရောက်နိုင်ကြသည်။
အဆိုပါ ဆည်ကြီးကို လုပ်သားအင်အား ၂၀၀၀၀ ဖြင့် ၂၄ နာရီ ပတ်လုံးနေ့ဆိုင်းညဆိုင်းခွဲကာ တည်ဆောက်ခဲ့ ရပြီး ၂၀၀၉ ခုနှစ်တွင် လုပ်ငန်းများပြီးဆုံးခဲ့သည်။ဒေသခံ လူဦးရေ ၁ ဒသမ ၅ သန်းကျော်ခန့်ကိုစီမံကိန်းမှ လွတ်ရာနေရာ များတွင် ပြန်လည်နေရာချထားပေးခဲ့ပြီး မြို့ပေါင်း ၁၀၀ ကိုအဆင့်မြှင့်ပေးနိုင်ခဲ့သည်။ဆည်ရှိ လျှပ်စစ်ဓာတ်အားပေး စက်များကို တရုတ်နိုင်ငံ၏ လျှပ်စစ်လိုအပ်ချက် ၁၀ ရာခိုင်နှုန်းနီးပါးကို ဖြည့်ဆည်းနိုင်ရန် တည်ဆောက်တပ်ဆင် ခဲ့သည်။ယင်းဆည်ကို ဆောက်လုပ်အပြီးတွင် တရုတ်အစိုးရကဒေသခံတို့၏ စီးပွားရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးခဲ့ပြီး ပြန်လည်နေရာ ချ ထားသော နေရာများတွင် ပြည်သူများအခြေတကျနေထိုင်နိုင်ရေးစီမံကိန်းများကို ဆက်လက်ဆောင်ရွက် ပေးခဲ့ သည်။
၁၀၊နိုင်ငံတကာ အာကာသစခန်း (International Space System)
နိုင်ငံတကာ အာကာသစခန်း(ISS)သည် အာကာသအတွင်းသို့ လူတို့ လွှတ်တင်သမျှ ယာဉ်များ၊ ဝတ္ထုပစ္စည်းများ ထဲတွင် အကြီးမားဆုံး ဖြစ်သည်။ ပညာရှင်များက ဘိုးရင်း ၇၄၇ လေယာဉ် နှစ်စီးကို ယှဉ်ထားသည့်ပုံကိုကြည့်ကာ အာကာသ စခန်း တစ်ခု တည်ဆောက် ရန် စိတ်ကူးရခဲ့ကြသည်။အဆိုပါ အာကာသစခန်းသည် ၄၃၀၀၀ ကုဗပေ (၁၂၁၇.၆ ကုဗမီတာ) ခန့် ကြီးမားကျယ်ဝန်းသောကြောင့် ကမ္ဘာ့မြေပြင်၏ ၉၀ ရာခိုင်နှုန်းသောနေရာများကို ယင်းစခန်းမှပကတိ မျက်လုံး ဖြင့်မြင် နိုင်ကြမည်ဟု ဆိုသည်။
နိုင်ငံတကာ အာကာသစခန်းစီမံကိန်းကို နိုင်ငံ ၁၆ နိုင်ငံမှ များစွာသော ကော်ပိုရေးရှင်းများနှင့် လူပေါင်း တစ်သိန်း ကျော်က ပါဝင်ပူးပေါင်းခဲ့ကြသည်။ကုန်ကျငွေ အများဆုံးနှင့် လုပ်ငန်းပမာဏအကြီးမားဆုံးဖြစ်သော ယင်းစီမံကိန်းသည် ဒေါ် လာ ဘီလီယံ ၁၀၀ ခန့်ကုန်ကျမည်ဖြစ်ရာ ၊ ဒေါ်လာဘီလီယံ ၁၀၀ ဟူသည့် ငွေပမာဏ သည် အပိုလို အာကာသ ယာဉ် များ အားလုံးကို မြေပြင်မှ လ သို့ပို့လွှတ်နိုင်ခဲ့သည့် ကုန်ကျစရိတ် ဖြစ်သည်။
နည်းပညာတို့ တစ်ဟုန်ထိုး စဉ်ဆက်မပြတ် တိုးတက်နေသည့်ယနေ့ခေတ်ကာလတွင်ကမ္ဘာတစ်ဝန်းမှအင်ဂျင်နီယာ များ၏ စွမ်းဆောင်မှုများကြောင့် လှပ ဆန်းကြယ်သော ဒီဇိုင်းများနှင့်တကွ ထူးဆန်းအံ့သြဘွယ် အင်ဂျင်နီယာလုပ်ငန်း များ သည် ဆက်လက်ပေါ်ထွန်းနေဦးမည်သာ ဖြစ်ပေသည်။
မောင်သာ (ရှေးဟောင်းသုတေသန)
၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလထုတ် သုတအလင်း မဂ္ဂဇင်းမှ