ရေးသားသူ – ကောင်းစည်သူ
ဤကမ္ဘာလောက၌ ထူးဆန်းသော အရာများသည် သဘာဝအတိုင်းသော်လည်းကောင်း၊ စိတ်ကူးယဉ်၍သော်လည်းကောင်း အချိန်နှင့်အမျှ ဖြစ်ပေါ်နေရာ ထူးဆန်းသော ဖြစ်ရပ်များကဲ့သို့ပင် မယုံနိုင်ဖွယ် ရှုပ်ထွေးသည့်ဖြစ်ရပ်ဆန်းများကလည်း ဖြစ်ပွားလျက် ရှိနေပေသည်။ ထို့အတူနေရာဒေသ မတူညီသော အရပ်များတွင် ထူးထွေ ဆန်းပြားသော သစ်သီးပင်များပေါက်ရောက်နေကြသည်ကို တွေ့ရှိ ကြရသည်။လူတိုင်းသည် မိမိ၏ ဒေသမဟုတ်သော အခြားတိုင်းပြည်များသို့ ရောက်ရှိတိုင်း မိမိအရပ်ဒေသတွင် မမြင်တွေ့ရ သည့် ထူးဆန်းသော အသီး အနှံများကို ကြည့်မြင် စားသုံးနိုင်ကြပေသည်။
၁။ ပင်မှည့်သီး Passion Fruit
မြန်မာနိုင်ငံတွင် ပင်မည့်သီးဟု လူသိများသည့် စူကာသီး၏ မူလဒေသသည် တောင်အမေရိကတိုက်ဖြစ်သည်။ ပင်မှည့်သီး ကို အနံ့ပိုမိုကောင်းမွန်စေရန် မှန်လုံအိမ်တွင်စိုက်ပျိုးကြသည်။ပင်မှည့်သီး ၏အရောင်သည် အနီရောင်တောက်တောက်ဖြစ်သော်လည်း အခြားအရောင်ကွဲများကိုလည်းမြင်တွေ့နိုင်သည်။အိန္ဒိယနိုင်ငံမှ ပင်မှည့်သီး များသည် အစိမ်းရောင်တစ်ဝက်၊ အနီရောင် တစ်ဝက် ဖြစ်ကြ၍ အရွယ်အစားလည်း ကြီးမားသည်။
ပင်မှည့်သီးကို အခြားအမွှေးနံ့များနှင့်ပေါင်းစပ်ကာ ဖျော်ရည်အဖြစ် သောက်သုံးကြသည်။အရောင်လှ၍ အနံ့မွှေးသည့် ပင်မှည့်သီး မျိုးစိတ်တွင် အဆိပ်ရှိသောမျိုးနှင့် စားသုံးနိုင်သည့် မျိုးဟူ၍ နှစ်မျိုးရှိသည်ကို သတိမူသင့်ကြပေသည်။
၂။ စောင်းလျားသီး Star fruit aka Carambola
စောင်းလျားပင်သည် အင်ဒိုနီးရှား၊အိန္ဒိယနှင့် သီရိလင်္ကာနိုင်ငံတို့တွင် အများဆုံးရှင်သန်ပေါက်ရောက်သည်။ကြယ်ပုံ သဏ္ဌာန် ထောင့်များပါရှိသည့် စောင်းလျားသီးကို ညှစ်လိုက်လျှင် အသားများကအလွန်နူးညံ့ကာ အရည်ရွှမ်းနေလေ့ရှိသည့်။ စောင်းလျားသီးကို အလုံးလိုက်စားကြသကဲ့သို့အချို့က ယိုထိုး၍ စားသုံးကြသည်။
စောင်းလျားကို ဝေဖာများ၊ဘီစကစ်များ၊ပီဇာများတွင်လည်း ထည့်သွင်းပြုလုပ်ကြသည်။စောင်းလျားသည် အချို မျိုးနှင့် အချဉ် မျိုးဟူ၍ နှစ်မျိုးရှိရာ အချို မျိုးသည် သစ်တော်သီးနှင့် အရသာဆင်သော်လည်း စောင်းလျားသီးက အချို အရသာပိုမိုသည်။
၃။ မင်းဂွတ်သီး Mangosteen
မင်းဂွတ်သီးကို ပြင်ပကမ္ဘာမှ လာသည့် ဗီလိန်တစ်ယောက်နှင့် တူသည်ဟု ဆိုကြသော်လည်း မင်းဂွတ်သည် ဤကမ္ဘာ မြေပြင် ပေါ်တွင် ပေါက်ရောက်သည့် အပင်ဖြစ်သည်။မင်းဂွတ်ကို မိုလူးကတ်စ်နှင့် ဆန်ဒါကျွန်းများတွင် တွေ့ရှိရသည်။ မင်းဂွတ် သည် ငှက်ကုလားအုပ်တစ်ကောင်၏ဥ နှင့် ပုံစံတူညီနေသည်။မင်းဂွတ်သီး၏ အစေ့များကို အပြင်ပိုင်းတွင် တောက်ပသော အဖြူ ရောင် နူးညက်ပျော့စိသည့် ခရင်မ်များက ဖုံးအုပ်နေသည်။
မင်းဂွတ်သီးသည် ဓာတ်ပြုခြင်းကို ကာကွယ်သည့် ပစ္စည်းများပါရှိသဖြင့် ပညာရှင်များက ကြောက်မက်ဖွယ်ရောဂါ များ ဖြစ်ပွား မှုကို လျှော့ချနိုင်ကြောင်း ယုံကြည်ကြသည်။အထူးသဖြင့် မင်းဂွတ်သီးသည် ဆီးချိုရောဂါကို ကာကွယ်နိုင်သည်။မင်းဂွတ် သီးသည်အပူကို လျှော့ချနိုင်သည်ဟူသည့် ယူဆကြသဖြင့် ဒူးရင်းသီးစားပြီးလျှင် မင်းဂွတ်သီးကို စားလေ့ရှိကြသည်။
၄။ ဒူးရင်းသီး Durian aka The King of fruits
ဒူးရင်းသီး၏အနံ့ကို မကြိုက်နှစ်သက်သူများအတွက် ချွေးစိုနေသည့် ခြေအိတ်အနံ့ထွက်နေသည့် အသီးကို လူများ အဘယ်ကြောင့်စားသုံးကြသနည်းဟု မေးဖွယ်ရှိသည်။အထူးသဖြင့် မလေးရှားနှင့် ဘရူးနိုင်းနိုင်ငံတို့တွင် အများအပြား စိုက်ပျိုးသည့် ဒူးရင်းသီးသည် စူးရှသော အနံ့ဖြင့် သတင်း ကျော်ကြားသည်။ဒူးရင်းသီးကို ပြင်းထန်သောအနံ့ကြောင့် ဟိုတယ်များနှင့် အချို့သော ဆိုင်များတွင် ယူဆောင်လာခြင်းမပြုရန် တား မြစ်ထားသကဲ့သို့ လေယာဉ်၊ မော်တော်ကားစသည့် အများပြည်သူစီးနင်းသည့် ယာဉ် များတွင်လည်း သယ်ယူခွင့် မပြုကြချေ။
အခွံကို ကြည့်၍ စဉ်းစားလျှင် ဒူးရင်းသီး၏ အရသာသည် ဆိုးရွားလိမ့်မည်ဟု ထင်ရဖွယ်ရှိသော်လည်း နှစ်ခြိုက်သူများ အတွက်ကား စားကြည့်လျှင် စားရကျိုးနပ်ကြရပေသည်။ထို့ကြောင့် ငုံ၍ စုတ်ရသည့် စားဖွယ်များတွင် ဒူးရင်းသီးကို ထည့်သွင်း ပြုလုပ် ကြခြင်းဖြစ်သည်။
၅။ နဂါးမောက်သီး Dragon Fruit
မက္ကဆီကို နိုင်ငံတွင် ပထမဆုံး စိုက်ပျိုးခဲ့သည့် နဂါးမောက်သီးသည် ချိုမွှေးသော အရသာကြောင့် လူကြိုက်များခဲ့ သည်။ ပျမ်းမျှ အလေးချိန် ၁၂၀ ဂရမ် မှ ၁၅၀ ဂရမ်အတွင်းရှိသည့် ရဲရဲတောက်နေသော နဂါးမောက်သီးများသည် အံ့သြဖွယ် ကောင်း လောက်အောင် အရသာက ချိုမြိန်သည်။နဂါးမောက်ပင်၏ အပွင့်များကို အစိမ်းစားနိုင်ကာ လက်ဘက်ရည် ဖျော် ရာတွင် ထည့်သွင်း အသုံးပြုနိုင်သည်။အမြင် ဆန်းနေသည့် နဂါးမောက်သည် စောင်းလျား မျိုးကွဲ အပင်တစ်မျိုးဖြစ်ကာ နေရာအနှံ့ တွင် မြင်တွေ့ နိုင် ကြသည်။
၆။ အာဖရိက သခွား African cucumber aka Kiwano
သာမာန်သခွားသီးနှင့် မတူသည့် အာဖရိကမျိုးနွယ် သခွားသီးသည် ထူထဲသော အခွံပတ်လည်တွင် ဆူးချွန်များပေါက် နေသဖြင့်အမြင်က ဆိုးနေသည်။ကန္တာရ အတွင်းရှိ သဲများတွင်ပေါက်ရောက်ရှင်သန် သည့် ဆူးပါသော မျိုးစိတ်ပင်ဖြစ်သောကြောင့် အာဖရိက သခွား၏ ပုံပမ်းသည် ဆွဲဆောင်မှု ရှိနေခြင်း ဖြစ်နိုင်သည်ဟု ဆိုကြသည်။ အာဖရိက သခွားသီးသည် အရည်ရွှမ်းသော အသီးမျိုးဖြစ်ကာ အရသာသည်သာမာန်သခွားသီး ကဲ့သို့ပင်ဖြစ်သော်လည်း အရသာသည် အနည်းငယ် ငံသည်။တစ်ခါတစ်ရံတွင် အာဖရိက သခွားသီးများကို စားသုံးခြင်းအပြင် အလှဆင်သစ်သီးအဖြစ်လည်း အသုံးပြုကြသည်။
၇။ အက်ကီး Ackee
အက်ကီးသီးသည် မြန်မာနိုင်ငံတွင် မရှိဘဲ ဂျမေကာ နိုင်ငံတွင်ပေါက်ရောက်သည့် ယင်းနိုင်ငံ၏ အမှတ်လက္ခဏာ အသီး တစ်မျိုး ဖြစ်သည်။အက်ကီးအပင်၏ အစေ့များကို အနောက်အာဖရိကတိုက်မှ ဂျမေကာနိုင်ငံသို့ ကျွန်များကို တင်ဆောင် သည့် သင်္ဘောများနှင့် ယူဆောင်ခဲ့ကြသည်ဟု ဆိုသည်။
ထိုအချိန်မှစ၍ အက်ကီးများသည် ကာရေဘီယံ ဝန်းကျင်ဒေသများတွင် စားသုံး ဖွယ် အသီးတစ်မျိုးဖြစ်လာခဲ့သည်။ အက်ကာသီး၏ အနက်ရောင်ထိပ်ပိုင်းအလွှာကို ဖယ်ထုတ်ပြီး အစေ့တွင်ကပ်နေသည့် အဝါရောင်အသားများကို စား ကြရ သည်။အက်ကာသီး၏ အနီရောင်အပိုင်းများသည် အဆိပ်ရှိသဖြင့် စားသုံးခြင်း မပြုနိုင်ချေ။
၈။ ဗုဒ္ဓလက်တော် Buddha’s Hand
ဗုဒ္ဓလက်တော်ဟု အမည်ပေးထားသည့် အသီးသည် ရှောက်သီးနှင့် အရသာတူညီကာ တရုတ်နိုင်ငံနှင့် အိန္ဒိယ နိုင်ငံတို့ တွင် မြင်တွေ့နိုင်သည်။ရေဘဝဲတစ်ကောင်၏ လက်တံများကို ချည်နှောင်ထားပုံနှင့် တူသည့် ယင်းအသီးကို အစိမ်းတိုင်းစားကြ သကဲ့သို့ ငါးချက်ရာတွင် အနံ့မွှေးစေရန် ထည့်သွင်း ချက်ပြုတ်ကြသည်။ ဗုဒ္ဓလက်တော် ကိုဟင်းသီးဟင်းရွက်သုတ်များတွင်လည်း ထည့်သွင်း စား သုံးကြသည်။ တရုတ်နိုင်ငံတွင် ဗုဒ္ဓလက်တော်အသီးများကို လူနေအိမ်များဝန်းကျင်တွင် အမွှေးနံ့ရစေရန် ထားရှိကြသကဲ့သို့ ဗီဒိုများတွင် လည်း ထည့်သွင်းထားလေ့ရှိသည်။
၉။ တောင်အမေရိက ခရမ်းချဉ် Tamarillo
အီကွေဒေါ၊ပီရူးနှင့် ကိုလံဘီယာနိုင်ငံတို့တွင် တွေ့ရှိရသည့် ခရမ်းချဉ်သီးမျိုးစိတ် Tamarillo သည် ကမ္ဘာအနှံ့ စားသုံးနေ ကြသည့် သာမာန် ခရမ်းချဉ်သီးနှင့် မျိုးရင်းတူကာ အရောင်က ဖျော့၍ မီးလောင်ခံထားရသည့် အသွင်ရှိသည်။ တောင်အမေရိက ခရမ်းချဉ်သီးကို ထက်ပိုင်းဖြတ်ကြည့်ပါက အသီး၏ အလယ်တွင် ထူးခြားသော ပုံသဏ္ဌာန်ရှိသည့် အစေ့များကို မြင်တွေ့ရသည်။
ခရမ်းချဉ်သီးဖြစ်သော်လည်း အရသာက သလဲသီးနှင့် တူညီသဖြင့် ဖျော်ရည်ပြုလုပ်ရာတွင် အသုံးပြုကြသည်။ဘိုလီးဗီး ယားနိုင်ငံ၊ အချို့ဒေသများတွင် တောင်အမေရိက ခရမ်းချဉ်သီးကို ချက်ပြုတ်ရာ ထည့်သွင်းကြသကဲ့သို့ အနှစ် sauce အဖြစ် လည်း ပြုလုပ်ကြသည်။ တောင်အမေရိက ခရမ်းချဉ်သည် သစ်သီးမှည့်များတွင်ပါရှိ၍ သစ်သီးယိုများကို ခဲစေသည့် သကြားနှင့် တူသော ဒြပ်(pectin) ပါဝင်မှု များပြားသဖြင့် ကြာရှည်ခံ အသီးတစ်မျိုးအဖြစ် အသုံးပြုကြသည်။
၁၀။ သြဇာသီး Custard Apple
သြဇာသီးကို အချို့လူများက နွားထီး၏ နှလုံးသားနှင့် တူကြောင်းရည်ညွှန်းပြောဆိုကြသည်။သို့သော် သြဇာသီးသည် နွား နှလုံးထက် အဖုများထွက်နေသည့် ပန်းသီးနှင့် ပိုမို တူညီသည်။ထို့ကြောင့် သြဇာသီးကို အတန်အသင့် သန္ဓေပြောင်းထားသည့် ပန်းသီးဟုလည်း ဆိုကြသည်။ သြဇာပင်သည် တိုင်ဝမ်၊အိန္ဒိယနှင့် အာဖရိကတိုက်တွင်အများဆုံးပေါက်ရောက်သည်။အပူပိုင်းသစ်တောများတွင်လည်း ရှင် သန် နိုင်သကဲ့သို့ မြန်မာနိုင်ငံတွင်လည်း သြဇာပင်များကို အများအပြားစိုက်ပျိုးကာ သြဇာသီးကို နှစ်ခြိုက်စွာ စားသုံးလေ့ရှိကြ ပေ သည်။အရသာသည် ချိုမွှေးနေကာ အဆာသွတ်မုန့်များကို ဆမ်းစားရသည့် အဝါရောင်အချိုရည်ပျစ်ပျစ်(custard)နှင့် တူသဖြင့် အသီးအမည်ကို Custard Apple ဟု မှည့်ခေါ်ခဲ့ကြသည်။
သြဇာမျိုးစိတ်တွင် တစ်လုံးချင်းသီးသည့် ရိုးရိုး သြဇာသီးနှင့် ဒူးရင်းသီး အရွယ်သီးသည့် ဒူးရင်းသြဇာသီးဟု နှစ်မျိုးရှိသည်။ ရိုးရိုးသြဇာသီး၏ အခွံတွင် အဖုများတွဲဆက်တည်ရှိနေပြီး ယေဘုယျအားဖြင့် အဖုတစ်ခုစီအောက်တွင် အသီးထဲ၌ အစေ့ တစ်စေ့စီ ပါရှိနေသည်။ ဒူးရင်းသြဇာသည် အခွံချော၍ ဆူးအနည်းငယ်ပါရှိကာ အစေ့များက အသားထဲတွင် ရှိနေကြသည်။
ပထဝီဝင်အနေအထားနှင့် ရာသီဥတုကွဲပြားမှုများကြောင့် ကမ္ဘာ့နေရာဒေသ အသီးသီးတွင်ပေါက်ရောက်သည့် အပင်များ နှင့် အသီးများသည် တစ်နေရာနှင့် တစ်နေရာ ကွဲပြားခြားနားကြပေသည်။နေရာဒေသ မတူညီမှုများကြောင့် တစ်နိုင်ငံမှ အသီးများ သည် အခြားတစ်နိုင်ငံတွင် ထူးဆန်းသော အသီးများဖြစ်လာခဲ့ကြသည်။သို့သော် ကောင်းမွန် ချိုမြိန်သော အရသာကို မည်သူ့ လူမျိုး မဆို ကြိုက်နှစ်သက်လေ့ရှိကြသဖြင့် နိုင်ငံအသီးသီးမှ အသီးအနှံများသည် စိုက်ပျိုးခြင်းဖြင့်ဖြစ်စေ၊ သယ်ယူလာကြခြင်း ဖြင့် ဖြစ်စေ၊ တင်ပို့ရောင်းချခြင်းဖြင့် ဖြစ်စေ ကမ္ဘာအနှံ့ တစ်နေရာမှ တစ်နေရာသို့ ရောက်ရှိလာကြကာ လူသားများ စားသုံးနိုင်ခဲ့ကြ ပေသည်။
မောင်သာ (ရှေးဟောင်းသုတေသန)
၂၀၁၈ ခုနှစ် မေလထုတ် အာရောဂျံ မဂ္ဂဇင်းမှ