Wednesday, April 14, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ထူးဆန်းဖြစ်ရပ်များမှတ်တမ်း (သို့) ကုန်းဘောင်ခေတ် ရွှေနန်းလက်သုံး ပုရပိုက်

by Thutamm
July 27, 2019
Reading Time: 1min read
0
ထူးဆန်းဖြစ်ရပ်များမှတ်တမ်း (သို့) ကုန်းဘောင်ခေတ် ရွှေနန်းလက်သုံး ပုရပိုက်
Share on FacebookShare on Twitter

Post By Ko Kyel Sin (ဗဟုသုတကြယ်စင် ဂရု)

ရုပ်ပုံများနှင့်တကွ စိတ်ဝင်စားဖွယ် ရေးမှတ်ထားသည့် ကုန်းဘောင်ခေတ် ထူးဆန်းအံ့ဖွယ် ပုရပိုက်ကို “ရွှေနန်းလက်သုံး ပုရပိုက်” ဟူ၍ ခေါ်ဆိုကြပါသည်။ ယင်းပုရပိုက်ကို ရေးသားစုဆောင်းခဲ့သူမှာ မင်းတုန်းမင်းလက်ထက် တိုင်တားမြို့စားဝန်ကြီး မင်းကြီး မဟာသီဟသူရ ဘွဲ့ခံ ဦးကြီး ဖြစ်ပါသည်။

ယင်းပုရပိုက် မှတ်တမ်းကိုပင် ကိုလိုနီခေတ်ဦး ကာလ၌ ဝက်မစွတ်မြို့စား ဝန်ထောက်ဟောင်း ဦးလတ်၊ တံဆိပ်ဝန်ဟောင်း၊ အမိန့်တော်ရေးနှင့် စာရေးတော်တို့က ထပ်မံဖြည့်စွက် ရေးသားခဲ့၏။ ပုရပိုက်မူရင်းကို အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့တော် ဓနသဟာယရုံး စာကြည့်တိုက်၌ ထားရှိရာမှ ၁၉၅၂ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်တွင် ဆရာကြီး ဒေါက်တာသန်းထွန်းက ဓာတ်ပုံရိုက် ကူးယူခဲ့ခြင်း ဖြစ်ပါသည်။

ယင်း ရွှေနန်းလက်သုံး ပုရပိုက်တွင် မှတ်တမ်းတင်ထားသည်များမှာ-
၁။ ဆင်ဖြူရှင်မင်း လက်ထက် (၂)ချက်
၂။ ဘိုးတော်ဘုရား လက်ထက် (၂၇)ချက်
၃။ ဘကြီးတော်မင်း လက်ထက် (၂၉)ချက်

၄။ သာယာဝတီမင်း လက်ထက် (၁၃)ချက်
၅။ ပုဂံမင်း လက်ထက် (၅)ချက်
၆။ မင်းတုန်းမင်း လက်ထက် (၁၆)ချက်
၇။ သီပေါမင်း လက်ထက် (၁၅)ချက်

-တို့ ဖြစ်ကြပါသည်။

“၁။ ဆင်ဖြူရှင်မင်း လက်ထက် (၂)ချက်”

၁) အင်းဝမြို့ အနောက်ဘက် ခရမ်းပေါက် အရပ်တွင် နေထိုင်သည့် အမျိုးသမီး တစ်ဦး၏ ဝမ်းမှ ငါးအများအပြား မွေးဖွားခဲ့သည်။

၂) ဧရာဝတီမြစ် အတွင်း၌ ရေသူမ ပေါ်လာသည်။

“၂။ ဘိုးတော်ဘုရား လက်ထက် (၂၇)ချက်”

၁) အမရပူရမြို့တော်၏ အနောက်ပြင် ဝါးတန်းရပ်တွင် နေထိုင်သည့် အမျိုးသမီး တစ်ဦးက ဘီလူးငယ် အသေတစ်ကောင် မွေးဖွားခဲ့သည်။

၂) ရှိမ်းမကားရွာနေ အမျိုးသမီး တစ်ဦး၏ ဝမ်းဗိုက်တွင်းမှ ငါးကောင်ရေ များစွာ မွေးဖွားခဲ့သည်။

၃) ဧရာဝတီမြစ် အတွင်း၌ ရေသူမ ပေါ်သည်။

၄) အမရပူရ မြို့တော်၌ နန်းတော်ကြီး တည်ဆောက်ရန် နန်းတော် ကြငှန်းတိုင် တွင်းတူးရာ ကျင်းအတွင်းမှ ငါးစင်ရိုင်းအရှင် ဖို၊မနှစ်ကောင်ကို ရရှိသဖြင့် အင်းဝနန်းတွင်း၌ စံနေသည့် ဘိုးတော်ဘုရားထံ ဆက်သရသည်။

၅) အိမ်ရှေ့စံ ရွှေတောင်မင်းသားကြီး နာမကျန်း ဖြစ်နေခိုက် နန်းပြာသာဒ်တော်ကြီးကို မီးတောက်မီးခိုးများကဲ့သို့ မြင်ကြရသည်။

၆) ဘိုးတော်ဘုရား နတ်ရွာစံလုနီး အချိန်တွင် ထီးဖြူတော်အရောင် ညှိုးနွမ်းသွားပြီး ထီးဖြူစောင့် နတ်သမီး၏ ငိုကြွေးသံ ကြားလိုက်ရသည်။ ထို့နောက် ဘုရင်မင်းမြတ် နတ်ရွာစံ လွန်သွားပြီးနောက်မှ ထီးဖြူတော်ရောင် သစ်မြဲသစ်လာခဲ့သည်။

၇) အရှင်နန်းမတော်ကြီး (မိဖုရားခေါင်) မကျန်းမမာဖြစ်စဉ် ပြင်ဆင်တည်ထားသည့် အုန်းငှက်ပျော ကန်တော့ပွဲစုံကို လူနှင့် မထိမကိုင်ဘဲ နတ်တို့ တွန်းလှဲပစ်သည်။

၈) အရှင်နန်းမတော်ကြီး (မိဖုရားခေါင်) မကျန်းမမာတော်မူခိုက် ဆက်သမြဲဖြစ်သည့် ဆေးတော် ထည့်ထားသောခွက် အလိုအလျောက် ကွဲအက်ပဲ့ထွက်သည်။

၉) မင်းကွန်းပုထိုးတော်ကြီး၏ ဌာပနာတိုက် အတွင်း၌ ဌာပနာရန် ပြင်ဆင်ထားသည့် ကြေးကန္နာဘောင်ထက်တွင် သ၊ သံ၊ ပု၊ က အက္ခရာလေးလုံး ထင်ရှားစွာ ပေါ်ပေါက်လာသည်။

၁၀) ပရိတ်နာဆက်သည့် အဆောင်တော်တွင်ရှိသော ရာဇပလ္လင်ရှေ့ရှိ သူငယ်တော်ရုပ် နှစ်ရုပ် တစ်ခုနှင့်တစ်ခု ထိုးသတ်ကြသည်။

၁၁) ကြောင်မကြီး တစ်ကောင်၏ နို့ကို ကြွက်ငယ် ငါးကောင် လာရောက် စို့ကြသည်။

၁၂) အမရပူရမြို့တွင် ငန်းဖိုနှင့် ခွေးမတို့ ကာလကြာရှည်စွာ အတူသင့်မြတ်လျက် နေခဲ့ကြသည်။

၁၃) ဘိုးတော်မင်းတရား စက်တော်မူရာ သလွန်တော်၏ အနီး၌ ညဉ့်အခါတွင် နတ်တို့ လာရောက်တင်လျှောက် စကားပြောဆိုကြသည်။

၁၄) မြောက်နန်းမိဖုရား မကျန်းမာတော်မူခိုက် နတ်တို့ ငိုကြွေး တင်လျှောက်ခဲ့ကြသည်။

၁၅) ခရစ်နှစ် ၁၈၀၆ ခုနှစ်တွင် နန်းမတော်ကြီး (မိဖုရားခေါင်) နတ်ရွာမစံမီ ယင်းနန်းမတော်ကြီး စံတော်မူရာ အဆောင်တော်၏ ကြငှန်းတိုင်မှ ရေများ ပန်းထွက်လာခဲ့သည်။

၁၆) ၎င်းနှစ် မြောက်နန်းမိဖုရား နတ်ရွာမစံလွန်မီ မြောက်နန်းမိဖုရား၏ ဆောင်တော်တွင်း ကြငှန်းတိုင်မှာလည်း ရေများ ထွက်လာခဲ့သည်။

၁၇) ခရစ်နှစ် ၁၈၀၈ ခုနှစ်တွင် သားတော် အိမ်ရှေ့စံ ရွှေတောင်မင်းသားကြီး ကံမကုန်မီ အိမ်ရှေ့တော်ဆောင်မကြီး ကြငှန်းတိုင်မှ ရေများ ထွက်လာခဲ့သည်။

၁၈) ခရစ်နှစ် ၁၈၁၉ ခုနှစ်တွင် ဘိုးတော်ဘုရား နတ်ရွာမစံလွန်မီ နန်းတွင်းအဆောင်တော် ကြငှန်းတိုင်မှ ရေများ ထွက်ကျလာသည်။

၁၉) မင်းကွန်းနန်းတော်တွင် မြေးတော် စစ်ကိုင်းမင်းသား၏ ကြင်ရာတော် ဆင်ဖြူရှင်မယ် ကံမကုန်မီ သူ၏ အဆောင်တော် တောင်စမုတ်၊ မြောက်စမုတ်၊ လှေကားအဆင်းရှိ ကသစ်ပင် နှစ်ပင်မှ အခက်အလက် အရွက်များစွာ ကြွေကျခဲ့သည်။ ထို့ပြင် ငလျင်လည်း အကြိမ် ၃၀ ကျော် ၄၀ ခန့် လှုပ်ခဲ့သည်။

၂၀) မင်းကွန်းနန်းတော်တွင် သီရိမလ္လာမဟာသုဘဒ္ဒါ ရတနာဆင်ဖြူတော်မ (ရှင်နှင်းနွယ်) ကံမကုန်မီ ဆင်မင်းထားရှိရာ နန်းမြောက်ဘက်ရှိ ကသစ်ပင်နှင့် မြောက်ဥယျာဉ်တော် အတွင်းမှ ကသစ်ပင် နှစ်ပင်တို့၏ အရွက်များမှ ရေပေါက်အများ ကျလာရာ ထားဝယ်အမှုထမ်းတို့က ဗန်းကြီးဗန်းငယ်တို့ဖြင့် ခံထားကြရသည်။ (ရေပေါက်အများ ကျရာ တခြားက သစ်ပင်နှစ်ပင်သည်လည်း ရှိသေးရာ အပင်များပုံကို ထပ်မံ ဖော်ပြထားပါသည်။)

၂၁) ခရစ်နှစ် ၁၈၀၈ ခုနှစ် သားတော် အိမ်ရှေ့မင်း ကံမကုန်မီ အမရပူရမြို့ ရန်နှင်တံခါး လမ်းမြောက်ဘက်နှင့် မြို့အနောက်ဘက် ဓာတ်နန်းရပ် အိမ်ရှေ့တော်ရာရှိ မန်ကျည်းပင် နှစ်ပင်တို့တွင် လိပ်ပြာများ ဝိုင်းအုံပျံတက်နေကြသည်။

၂၂) ဘိုးတော်ဘုရားလက်ထက် အမရပူရမြို့ အနောက်တောင်ထောင့် ရွှေလင်းပင်ဘုရား တံတိုင်းအတွင်းရှိ ဆင်ချိုးထားသော ညောင်ပင်မှ အကိုင်း အခက် အညွန့် များစွာထွက်၍ ပွင့်ခဲ့သည်။

၂၃) ဘိုးတော်ဘုရားလက်ထက် မိုးကောင်းဒေသတွင် ထူးဆန်းသော ကျွန်းပင်ကြီး နှစ်ပင် ရှိခဲ့သည်။ ယင်းကျွန်းပင် နှစ်ပင်မှာ မိုးကောင်းမြို့ အရှေ့မြောက်ယွန်းယွန်း ခရီးတာ သုံးသောင်းကျော်အကွာ မြစ်မ, ဆုံ အလယ်၌ ချောင်းခြားလျက် ပေါက်ရောက်နေကြပြီး လုံးပတ်မှာလည်း အတော်အတန် ကြီးမားကြ၏။ ထူးခြားသည်မှာ ကျွန်းပင်ကြီး နှစ်ပင်သည် နေ့ဘက်တွင် ပုံမှန်အတိုင်း ရှိကြသော်လည်း နေဝင်ချိန် နောက်ပိုင်းမှစ၍ ညဉ့်အခါများ၌ တစ်ပင်နှင့် တစ်ပင် ချောင်းကမ်းသို့ ကွေးညွတ်ကာ ထိယှက်နေကြသည် ဆိုပါသည်။ ယင်းကျွန်းပင် နှစ်ပင်၏ ပုံကို မိုးကောင်းမြို့ဝန်က ပုရပိုက်ထက်တွင် ကူးယူရေးဆွဲပြီး နန်းတွင်းသို့ ပို့ပေးခဲ့၏။

၂၄) ဘိုးတော်ဘုရားလက်ထက် ၁၈၀၇ ခုနှစ် မေလတွင် အမရပူရမြို့၌ မိုးသည်းထန်စွာ ရွာသွန်းရာမှ ရှောက်သီး၊ သံပုရာသီး၊ ဆီးသီး၊ ကွမ်းသီး စသည့် အရွယ်ခန့် မိုးသီးများ ကျရောက်ခဲ့ရာ မြင်း၊ ကျွဲ၊ နွား၊ ဆိတ်၊ ဝက်၊ ကြက် စသည့် တိရစ္ဆာန်များ သေကြေ ပျက်စီးခဲ့ရသည်။

၂၅) ဘိုးတော်ဘုရား လက်ထက်တွင် ကောင်းကင်ထက်မှ ကြယ်များ အများအပြား တက်သေးအင်းအတွင်း ကြွေကျသကဲ့သို့ တွေ့မြင်ရသည်။ (ဘကြီးတော်လက်ထက် ၁၈၃၄ ခုနှစ်တွင်လည်း ယင်းသို့ မြင်တွေ့ခဲ့ရဖူးပါသည်။)

၂၆) ဘိုးတော်ဘုရား လက်ထက် အိမ်ရှေ့စံ ရွှေတောင်မင်းသားကြီး မကျန်းမမာဖြစ်စဉ် မိုးကောင်းကင်ထက်၌ သွေးရောင်ကဲ့သို့ တပြင်လုံး ရဲရဲနီနေသည်ကို တွေ့မြင်ကြရသည်။

၂၇) ဘိုးတော်ဘုရား လက်ထက် အတုလဆရာတော်ကြီးကို မောင်းကြော်လှည့်ရာ၌ နေ့လည် ၃ နာရီ အချိန်ခန့် ဖြစ်သည့်တိုင် ကောင်းကင်ပြင် မည်းမှောင်လျက် မိုးကြိုးကျပြီး ကြယ်လများ ပေါ်ထွက်လာခဲ့သည်။

“၃။ ဘကြီးတော်မင်း လက်ထက် (၂၉)ချက်”

၁) ရတနာပူရ (အင်းဝ)မြို့တွင် နေထိုင်သည့် ဦးမိုး၏ နေအိမ်မှ အခိုင်းအစေ အမျိုးသမီး တစ်ဦးဖြစ်သူ မိမဲက ဘီလူးအသေကလေး တစ်ကောင် ဖွားမြင်ခဲ့သည်။

၂) အင်းဝမြို့၏ အရှေ့ဘက်၌ ဒုဋ္ဌဝတီမြစ် (မြစ်ငယ်) အတွင်း၌ ရေသူမ ပေါ်ခဲ့သည်။

၃) အင်းဝမြို့ရှိ သီပေါမင်းသား နေထိုင်ရာ ဝင်း၏ အနောက်ဘက် ရေကန်ဟောင်းအတွင်း ညဘက် မိုးရွာသွန်းမှုကြောင့် ရေများ ပြည့်လျှံနေရာတွင် နံနက်ပိုင်း၌ အမောက်၊ လည်ဆံ အစုံနှင့် နဂါးငယ် ၅ ကောင် ပေါ်ထွက်လာခဲ့သည်။

၄) အင်းဝမြို့ အရှေ့မျက်နှာ ဒုဋ္ဌဝတီမြစ် လေးထောင့်ဝဲအရပ်တွင် လုံးပတ်ထွာဆိုင်ခန့်ရှိသော နဂါးတစ်ကောင် ပေါ်ထွက်ခဲ့သည်။

၅) ဒုဋ္ဌဝတီမြစ် အတွင်း၌ ညံကောင် ပေါ်ပေါက်ခဲ့သည်။ (ပုံတွင် လှိုင်းတွန့်ကလေးများ သဏ္ဌာန် မျဉ်းကောက်များ ရေးဆွဲထားပါသည်။)

၆) တောင်တွင်းကြီးမြို့၌ ကျောချင်းဆက်အမြွာ ဖွားမြင်ခဲ့ရာ ၃ ရက်မြောက်နေ့၌ ကွယ်လွန်သွားသည်။

၇) ရတနာပူရ (အင်းဝ)မြို့ ယပ်တန်းမှ ကလေးသူငယ် တစ်ဦးမှာ မွေးရာပါ ဦးခေါင်း အဆမတန် ကြီးမားနေသူ ဖြစ်သည်။

၈) ပရိတ်နာဆက်ဆောင်တော်တွင် နတ်က ကိုယ်ထင်ပြခဲ့သည်။ (ဤတွင် နတ်၏ပုံမှာ ဗောင်းစနှစ်စဝတ်၊ ထိုင်မသိမ်းအင်္ကျီ၊ အချိတ်ပုဆိုးဖြင့် သာမန် မင်းညီမင်းသား ပုံစံမျှသာ ဖြစ်ပါသည်။)

၉) ရတနာပူရ (အင်းဝ)မြို့ နန်းတော်တွင်း၌ နတ်က ကိုယ်ထင်မပြဘဲ လူတို့နားအနီးသို့ ကပ်၍ စကားပြောခဲ့သည်။

၁၀) အင်းဝနန်းထက်၌ ပြာသာဒ် ထုပိကာ မကျမီ ၁၀ ရက် အလိုက ညဘက် တစ်ချက်တီးကျော် ၆ မောင်းအချိန် (ည ၉ နာရီကျော်)တွင် နန်းတွင်းရှိ မဟာဂီရိနတ်ကွန်းမှ နတ်ကွန်းစောင့်နတ်ကြီး ၃ ပါး လမ်းလျှောက်၍ ဇေတဝန်ဆောင်တော် ဝင်သွားကြသည်ကို တွေ့မြင်ကြရ၏။

၁၁) အင်းဝနန်းတော်၌ မိုးသေးမိုးဖွဲရွာပြီး မိုးကြိုးမခမီ ပရိတ်နာဆက်ဆောင် အတွင်းတွင် နတ်ပျိုတစ်ပါးက ကိုယ်ထင်ပြခဲ့သည်။

၁၂) အင်းဝမြို့တော် တောင်ဘက် ငွေစင်ချောင်း အနီးနေ ရွှေဓားမှူး ငွေခွန်ဝန် ဦးမှုံ၏ ခြံဝင်းအတွင်းရှိ ရေတွင်းမှ မီးတောက် မီးခိုးများ ထွက်ခဲ့သည်။

၁၃) အင်းဝမြို့ အနောက်ရွာတွင် ထန်းပင်တစ်ပင်တည်းမှ အကိုင်းနှစ်ခွ ပေါက်နေသည်။

၁၄) အင်းဝမြို့ ဆရာတော်ဦးတိုး ကျောင်းတိုက်အတွင်းရှိ ငှက်ပျောပင် တစ်ပင်မှာ အမြင့် ၃ တောင်ခန့်ရှိပြီး အခိုင် ၅ ခိုင်၊ အဖူး ၅ ဖူး ထွက်နေသည်ကို တွေ့ရ၏။

၁၅) အင်းဝမြို့ ရေနံချောင်းမင်းသား နေအိမ်ဝင်းတွင်းရှိ ရေကန်တွင် ကြာနီပန်းများ ၅ ဆင့်၊ ၄ ဆင့်နှင့် ၃ ဆင့် အပင် ၃ မျိုး ပွင့်နေသည်ကို တွေ့ရှိရသည်။

၁၆) ဘကြီးတော်မင်း နာမကျန်း ဖြစ်နေစဉ် လိပ်ပြာများ မိုးကောင်းကင်အပြည့် ပျံသန်းသွားကြသကဲ့သို့ စစ်ကိုင်းဘက်မှ အင်းဝကို ဖြတ်၍ တောင်ဘက်သို့ စာငယ်များ မိုးပြင်အပြည့် ပျံသန်းသွားကြသည်။

၁၇) ခရစ်နှစ် ၁၈၂၄ ခုနှစ် ဗြိတိသျှတို့နှင့် နယ်စပ်ပြဿနာများ ဖြစ်ပွားကာ ရှင်မဖြူကျွန်း ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အရေးစကား ပြောဆိုမှု မပြီးဆုံးမီ အင်းဝနန်းတွင်း၌ လေပြင်းမုန်တိုင်း ကျရောက်ပြီး မိုးသည်းထန်စွာ ရွာသွန်းလျက် ရွှေနန်းပြာသာဒ်တော်ကြီး၏ သတ္တမဘုံ ထုပိကာ၊ ထီးနှင့်တကွ ကျိုးပျက်ကာ အနောက်တောင်ဘက်သို့ လျှောကျခဲ့သည်။

၁၈) အင်းဝနန်းတွင်းရှိ မြင်းရထားတော်ထားသည့် ရထားတိုက်တော် အတွင်းမှ မြင်းရထားမှာ ညအချိန်တွင် မီးတောက်မီးလျှံကဲ့သို့ ဝင်းထိန်တောက်ပြောင်နေခဲ့သည်။

၁၉) ဘကြီးတော်မင်း နန်းကျသွားပြီးနောက် နန်းတော်မှ ဆင်းလုနီး အချိန်တွင် ထီးဖြူတော် ညစ်နွမ်းလျက် ထီးစောင့်နတ်သမီး၏ ငိုကြွေးသံကို ကြားရသည်။ ဘကြီးတော်မင်း နန်းတော်မှ ဆင်းသွားပြီးသော အခါမှ ထီးဖြူတော် မူလအတိုင်း အရောင် ပြန်လည် သစ်လွင်လာ၏။

၂၀) ဗဟိုရ်စင်တောင်မှ ညနေ ၃ ချက်တီး ဗဟိုရ်တီးခတ်ဆဲတွင် ခေါင်းလောင်းတော်အသံ ရုတ်တရက် ပျောက်သွားပြီး သုံးလေးရက် ကြာမှ အသံ ပြန်ထွက်လာ၏။

၂၁) အင်းဝနန်းတွင်း၌ ညဉ့်အခါ မိုးသည်းထန်စွာ ရွာသွန်းပြီး မှန်နန်းဆောင် လက်ဝဲဘက် ကွမ်းစင်တိုင် နှစ်တိုင်ကို မိုးကြိုးပစ်ခဲ့သည်။

၂၂) ဘကြီးတော်မင်း နန်းတက်လုနီး အချိန်တွင် တက်သေးအင်းအတွင်း ထားသည့် တောင်လုံးမှိုင်း ခတ်လှေတော် မြောက်အရပ်သို့ ဝါး ၁၀ ပြန်ခန့် ဆန်တက်သွားသည်။

၂၃) ဘကြီးတော်မင်း နာမကျန်း ဖြစ်တော်မူစဉ် ရှင်ဖြူဘုရား ရုပ်ပွားတော်မြတ်မှာ မျက်နှာတော်မှစ၍ ကိုယ်တော်အလုံး အမည်းရောင် သန်းလာခဲ့သည်။

၂၄) ဘကြီးတော်မင်း နာမကျန်းဖြစ်စဉ် မုနိရုပ်ပွားတော်မြတ်မှ ချွေးများ ယိုစီးကျခဲ့သည်။

၂၅) ဘကြီးတော်မင်းလက်ထက် ရတနာပူရ အင်းဝမြို့တော်တွင် နံနက်ပိုင်း၌ နေမင်းကြီးသည် အရန်နေလုလင်နှင့်တကွ နှစ်စင်းပြိုင်၍ ထွက်ပေါ်ခဲ့၏။

၂၆) ဘကြီးတော်မင်းလက်ထက် နေထွက်ရာတွင် နေဝန်း၌ အနီ၊ အပြာ၊ အဝါ၊ အစိမ်းရောင်များ ထင်နေသည်ကို တွေ့ရ၏။

၂၇) ဘကြီးတော်မင်းလက်ထက် မိုးကောင်းကင် တပြင်လုံး မိုးတိမ်များ ရဲရဲနီနေခဲ့သည်။

၂၈) ဘကြီးတော်မင်းလက်ထက် ကြယ်တံခွန်နှစ်စင်းကို တပြိုင်နက် မြင်တွေ့ကြရသည်။

၂၉) နေ့ဘက်တွင် ကြယ်နှင့်လတို့ အတူထွက်ပေါ်လာသည်ကို မြင်တွေ့ကြရသည်။

“၄။ သာယာဝတီမင်း လက်ထက် (၁၃)ချက်”

၁) သာယာဝတီမင်းလက်ထက် မင်းကြီး မကျန်းမမာဖြစ်စဉ် ရွှေနန်းဦးကျောင်းတော်ရှိ ရှင်ဖြူဘုရား၏ မျက်နှာတော် ညိုမည်းနေခဲ့သည်။

၂) သာယာဝတီမင်း နတ်ရွာစံလုနီး အချိန်တွင် မှန်နန်းတော် ဘမယာသန ရာဇပလ္လင်တော်ထက်၌ စိုက်ထူထားသည့် မနောဟရထီးဖြူတော် ညစ်နွမ်းနေခဲ့ပြီး ဘုရင်မင်းမြတ် နတ်ရွာစံပြီးသောအခါတွင်မှ မူလအရောင်အတိုင်း ပြန်လည်သစ်လွင်လာခဲ့သည်။

၃) သာယာဝတီမင်း နာမကျန်း ဖြစ်တော်မူစဉ် ဆက်သမြဲဖြစ်သည့် ဆေးတော်ခွက်ဖလား အလိုအလျောက် ကွဲပဲ့သွားခဲ့၏။

၄) မင်းတဲအရပ်တွင် တောင်းထဲ၌ ထည့်ထားသော ဆန်စေ့များက အပင်များစွာ ပေါက်လျက်ရှိရာ လွှတ်တော်သို့ အပင်ပေါက်ဆန်တောင်းကို လာရောက်ဆက်သွင်း ပြသခဲ့သည်။

၅) ၁၈၃၈ ခုနှစ်တွင် ငလျင် အကြီးအကျယ် လှုပ်၍ အမရပူရမြို့တော်၌ မြေကြီးများ အစိတ်စိတ် အမွှာမွှာ ကွဲအက်ခဲ့သည်။

၆) သာယာဝတီမင်းသည် မင်းအဖြစ်နှင့် အင်းဝမှ ရွှေဘို (ရတနာသိင်္ခ)သို့ ထွက်ခွာလုနီး အချိန်တွင် ဆန်ကောအတွင်းမှ သိပ်ထားသည့် ကလေးငယ် ထ၍ ဟစ်ကြွေးသည်။

၇) သာယာဝတီမင်း တက်လာပြီးနောက် သီပေါမင်းသား (ဦးမှေး)သည် တွန်မြည်သည့်အခါ အသံရှည်ရှည် တွန်တတ်သည့် ရှမ်းပြည်နယ်မှ ကြက်ဖမျိုးကို ဆက်သခဲ့၏။

၈) သာယာဝတီမင်း နာမကျန်းဖြစ်စဉ် ညအချိန် ပွဲတော်တင်ရာ ပွဲတော်အုပ်ကို အလိုမရှိသော နတ်တို့က တွန်းချမှောက်ပစ်ကြသည်။ (တချို့က ပွဲတော်အိုး သုံးလုံးကို ရွှေဒေါင်းပေါင်နှင့် ယူသွားရာ ရွှေဒေါင်းပေါင် အုပ်ဆောင်းနှင့် ပွဲတော်အိုး သုံးလုံးက စလောင်းများကို လွှင့်ပစ်သည် ဆိုသည်။)

၉) အမြင့်တစ်တောင် ခန့်ရှိသော အုန်းပင်မှ ငါးလုံးတစ်ခိုင်၊ သုံးလုံးတစ်ခိုင် သီးနေရာ မင်းအိုကျောင်းတိုက် ထီးလင်းဆရာတော်ကျောင်းသို့ ပေးပို့ခဲ့သည်။

၁၀) အမရပူရမြို့ ပုခန်းမင်းကြီး ဝင်းတော်၏ အရှေ့ဘက်ရှိ ဝန်စုရပ်နေ မောင်ဦးကာ၏ အိမ်ခြံဝင်းပေါက်ဝတွင် လောင်မီးကျ၍ လည်ကျိုးနေသော စွန်ပလွံပင်မှ အညွန့်များစွာ ထွက်လျက် အသီးသီးသည်။

၁၁) ခရစ်နှစ် ၁၈၃၉ ခုနှစ်တွင် အမရပူရ မြို့တော်အတွင်း အရှေ့တောင်ထောင့်ရှိ လက်နက်တိုက်တော် မီးသင့်လောင်ကျွမ်းသည်။

၁၂) သာယာဝတီမင်း နာမကျန်းဖြစ်စဉ် ကြယ်တံခွန်သုံးစင်း ထွက်သည်ကို မြင်ကြရသည်။

၁၃) နေတွင် အဖြူ၊ အဝါ၊ အပြာ၊ အစိမ်း အနားလေးထပ် ဝန်းရံလျက် တွေ့မြင်ကြရ၏။

“၅။ ပုဂံမင်း လက်ထက် (၅)ချက်”

၁) ပုဂံမင်း လက်ထက်တွင် အမရပူရမြို့တော် မြောက်ပြင်၊ သာမိုးမြောက်ရပ်ရှိ သစ်ပင်တစ်ပင်ထက်တွင် ကျီးကန်းတစ်ကောင် ခိုနားလေ့ရှိပြီး ယင်းကျီးကန်းက ဆက်ရက်သံ၊ ကျေးသံ၊ ပုစဉ်းသံ စသည့် အသံမျိုးစုံကို အော်မြည်တတ်ပါသည်။ ၎င်းကျီးတို့မှာ မင်းတုန်းမင်း လက်ထက်အထိ ရှိနေခဲ့၏။

၂) ပုဂံမင်း လက်ထက်တွင် ပုခက်အတွင်းရှိ ကလေးငယ်က မတ်တတ်ထရပ်သည်။

၃) ကြက်ဖတစ်ကောင်မှာ ပါရှိမြဲ ခြေနှစ်ချောင်းအပြင် ခြေပွားနှစ်ချောင်း ထပ်ထွက်နေသဖြင့် အားလုံးပေါင်း ခြေထောက်လေးချောင်း ဖြစ်နေသည်ကို တွေ့ရ၏။ ၎င်းကြက်ဖကို အမရပူရမြို့ အရှေ့တောင်တောရ ဦးစန္ဒိမာကျောင်းသို့ ပေးပို့လိုက်ပါသည်။

၄) ကျောကုန်းတွင် အမွေးများစွာ ပေါက်နေသည့် လိပ်တစ်ကောင်ကို တွေ့ရှိရသည်။

၅) ပုဂံမင်းလက်ထက်တွင် တောင်သမန်အင်း အတွင်း၌ အင်းရေပြင်မှ မဖြစ်စဖူး အစိမ်း၊ အပြာ၊ အညိုရောင် အဆင်းများ ဖြစ်ပေါ်ပြီး ငါးကြီး၊ ငါးငယ်တို့ ရေပေါ်တွင် ပေါ်ကာ သေဆုံးသွားကြသည်။ ယင်းငါးများကို စားသုံးသူတို့မှာလည်း ဘေးဥပါဒ် ဖြစ်ကြရသည်။

“၆။ မင်းတုန်းမင်း လက်ထက် (၁၆)ချက်”

၁) မင်းတုန်းမင်း လက်ထက်တွင် မှိုပွင့်က ဘုရားရုပ်ပုံ ပေါ်လာသဖြင့် တစ်တောင်ခန့်ရှိသော မှိုပွင့်ကို မြောက်အရပ်ဆီမှ ပို့ဆက်လာသည်။

၂) ရွှေတစ်ချောင်း အနီးတွင် ခေါင်းနှစ်လုံးရှိသော ကလေးငယ် တစ်ယောက်ကို မွေးဖွားပြီး စွန့်ပစ်ထားခဲ့သည်။

၃) ခရစ်နှစ် ၁၈၇၇ ခုနှစ်တွင် မန္တလေးတောင် အရှေ့ဘက် ကုသိုလ်တော် မဟာလောကမာရဇိန်ဘုရား အရှေ့မျက်နှာ၊ မဟာရံ အရှေ့မုခ်အထွက်၊ တောင်ဘက်တွင် မိုးရွာခြင်း မရှိဘဲ မဟာရံတံတိုင်းအတွင်းမှ ရေတသွင်သွင် စီးကျနေသည်။

၄) မင်းတုန်းမင်း၏ မင်္ဂလာ အိမ်တော်တွင် မီးပူဇော်သည့် မာလိန်တိုင်မှ စက်သီးကြိုး ပြုတ်ထွက်သွားသော်လည်း မှန်အိမ် ၁၀၀ ကျော်မှာ မြေသို့ ပြုတ်မကျဘဲ ထူးဆန်းစွာ တည်နေခဲ့သည်။

၅) အမရပူရမြို့တော် တောင်ပြင်၌ အမြင့်တစ်တောင်ခန့်ရှိ မန်ကျည်းပင်ငယ်မှ အသီးများစွာ သီးနေသည်။

၆) မင်းတုန်းမင်း ရတနာသိင်္ခမြို့ (ရွှေဘို)တွင် စံနေစဉ်နှင့် အမရပူရတွင် စံနေစဉ်အခါက ကြယ်တံခွန် ၃ ကြိမ် ပေါ်ထွက်ခဲ့သည်။ ရတနာပုံ (မန္တလေး)တွင် စံနေစဉ် ကြယ်တံခွန် ၂ ကြိမ် ပေါ်ထွက်သည်ကို ထပ်မံ မြင်တွေ့ကြရ၏။ ကြယ်တံခွန်များမှာ အမြီးရှည်တန်း၍ ပေါ်လာခြင်း ဖြစ်သည်။

၇) ဒေါနခြံ ခေါ် ရွှေယင်းမာ ဥယျာဉ်တော် အတွင်း၌ အချိန်အခါမဟုတ် သရက်သီး ၁၀ လုံး သီးသဖြင့် မင်းတုန်းမင်းထံ ဆက်သလာပါသည်။

၈) ရတနာပုံမြို့တော် အနောက်မျက်နှာ ပုဏ္ဏားစုရပ်တွင် ပိုးစာပင် တစ်ပင်၏ အရွက်များမှာ အိန္ဒိယတိုင်းသူ တစ်ဦး၏ ဦးခေါင်းပုံ ရေးဆွဲထားသကဲ့သို့ တွေ့မြင်ကြရသည်။

၉) မင်းတုန်းမင်းလက်ထက် ၁၈၅၇ ခုနှစ်က အမရပူရမြို့တွင် ဆင်ဖြူတော် (ဆဒ္ဒန်ဆင်မင်း) သေဆုံးလုနီးအချိန်၌ ရွာဟိုင်းဈေးရပ်ရှိ သဖန်းပင်နှင့် သနပ်ပင်တို့မှ ရေပေါက် အများအပြား စီးကျခဲ့ကြောင်း သစ်တောဝန် ဦးရွှေတုတ်က လွှတ်တော်၌ လျှောက်ထားလာသည်။

၁၀) ခရစ်နှစ် ၁၈၇၈ ခုနှစ်က နေတွင် တံကျင်လျှိုထားသကဲ့သို့ တွေ့မြင်ကြရသည်။

၁၁) ခရစ်နှစ် ၁၈၆၆ ခုနှစ် မြင်ကွန်း၊ မြင်းခုန်တိုင် မင်းသားများ အရေးတော်ပုံ ဖြစ်ပွားစဉ်က မှန်နန်းတော်အတွင်းရှိ ထီးဖြူတော်အရောင် ညစ်နွမ်းခဲ့ပြီးနောက် အရေးတော်ပုံ ပြီးဆုံးသွားမှ မူလအရောင်အတိုင်း ပြန်လည်ဖြစ်လာခဲ့၏။

၁၂) မင်းတုန်းမင်း လက်ထက်တွင် ရတနာပုံမြို့တော် အရှေ့ပြင်ရပ်ရှိ ဆရာတော် ဦးကေတု၏ ဝိဇိတာရာမ တောင်စလင်းတိုက် အတွင်းသို့ ကျားတစ်ကောင် ဝင်ရောက်လာခဲ့သည်။

၁၃) မင်းတုန်းမင်း လက်ထက်တွင် မိုးကောင်းကင်ထက်မှ ဥက္ကာပျံကြီးတစ်စင်း အရှေ့မြောက်အရပ်မှ အနောက်တောင်အရပ်သို့ ဖြတ်သန်း ဝဲပျံသွားသည်။

၁၄) မင်းတုန်းမင်း လက်ထက်တွင် ကြာသပတေးဂြိုဟ် အနီရောင် ပြောင်းလာပြီး အခိုးအငွေ့ များစွာ ထွက်သည်။

၁၅) မင်းတုန်းမင်း လက်ထက်တွင် ကြာသပတေးဂြိုဟ်နှင့် သောကြာဂြိုဟ် နှစ်ခုပြိုင်၍ လအနီးသို့ ချဉ်းကပ်လာသည်။

(ဤတွင် အမှတ်စဉ် ၉ ပါ သဖန်းပင်မှ ရေပေါက်များ စီးထွက်ခြင်းနှင့် သနပ်ပင်မှ ရေပေါက်များ စီးကျခြင်းတို့ကို မူရင်းပုရပိုက်၌ အချက် ၂ ချက်အဖြစ် ဖော်ပြထားသဖြင့် ထူးခြားချက် စုစုပေါင်း ၁၆ ချက် ဖြစ်နေပါသည်။)

“၇။ သီပေါမင်း လက်ထက် (၁၅)ချက်”

၁) သီပေါမင်း၏ မင်္ဂလာအိမ်တော်တွင် အိုးဖြင့်သိပ်ထားသော မုန်လာချဉ်ရွက်အိုး အတွင်းမှ ဥနှင့်တကွ မုန်လာပင် အစိမ်းပင်ကို ရရှိခဲ့သည်။

၂) စားသောက်ပြီး ပြောင်းဖူးအူတိုင်၏ အစေ့အိမ်ကလေးများမှ အညှောင့်အညွန့်များ ထွက်လာသည်။

၃) ညောင်ရေအိုးတွင် စိုက်ထားသည့် သွေ့ခြောက်ပြီး သပြေပန်းမှ အကိုင်းအခက် အညွန့်များ ထွက်လာသည်။

၄) ခရစ်နှစ် ၁၈၅၈ ခုနှစ် သီပေါမင်း ဖွားမြင်ပြီးနောက် ပုခက်တင် အခမ်းအနား၌ သုံးစွဲခဲ့သည့် မင်္ဂလာဧယဉ်ခုံ၌ ဗောဓိညောင်ပင် ပေါက်ရောက်သည်ကို မဟာမုနိ ဘုရားတွင်းသို့ ပြောင်းရွှေ့စိုက်ပျိုးသည်။

၅) သီပေါမင်း မင်းသားဘဝက မင်္ဂလာအိမ်တော်တွင် စံနေရာမှ သုဓမ္မာဇရပ်သို့ ထွက်ပြီး ပထမပြန်ဆိုသည့်အခါ ဆေးလိပ်ထုပ်ထားသော ပုဝါကို စွန်ချီ၍ မြေနန်းတော်ဦး၌ ချထားရစ်ခဲ့သည်။

၆) သီပေါမင်းသား ပထမပြန်တော်မူစဉ်က သုဓမ္မာဇရပ်တွင် ခင်းကျင်းတီးယွန်းသော ဒိန္ဒိမဝိဇယ စည်တော်ကြီးများအား ကြိမ်ဂနိုင် အမည်ရှိ ဆင်တော်က အစွယ်ဖြင့် ဝင်ရောက် တိုးဝှေ့ခဲ့သည်။

၇) ခရစ်နှစ် ၁၈၈၅ ခုနှစ် နှစ်ဦးပိုင်း ကာလတွင် ရတနာသိင်္ခ (ရွှေဘို)မြို့ ဆင်ကွပ်ရွာရှိ မြတ်စွာဘုရား ရုပ်ပွားတော်မှ သွေးများ ယိုစီးကျလာသည်။ မဟာမုနိဘုရား ရောင်ခြည်တော် လွှတ်သည်။

၈) ခရစ်နှစ် ၁၈၈၅ ခုနှစ် သီပေါမင်း စံတော်မူစဉ် ကာလတွင် နန်းတော်ဆောင်တော်ဦး ဘုရားဘောင်ရှိ ညောင်ရေအိုးများတွင် စိုက်ထူထားသည့် သပြေပန်းများ အလိုအလျောက် လျှောကျခဲ့သည်။

၉) နံတော်သင့် တည်လုပ်ထားသည့် ရတနာပုံမြို့တော် အရှေ့တောင်ထောင့် လောကရန်နှိမ်ဘုရားရှိ ခြင်္သေ့မှ ရေများ စီးထွက်လာသည်။

၁၀) ခရစ်နှစ် ၁၈၈၅ ခုနှစ်အတွင်း ညဉ့်အခါ လွှတ်တော်အောက်မှ ခွေးများ ပစ်ခတ်မနိုင်အောင် ကြိမ်ဖန်များစွာ အူကြသည်။

၁၁) ခရစ်နှစ် ၁၈၈၅ ခုနှစ်တွင် ဧရာဝတီမြစ်အတွင်းမှ မိကျောင်းတစ်ကောင် ဖမ်းဆီးရမိသည်။ ကောင်းကင်မှလည်း ကြယ်တံခွန်ကို အမြီးရှည်လျားစွာ တန်းလျက် တွေ့မြင်ရသည်။

၁၂) ခရစ်နှစ် ၁၈၈၅ ခုနှစ်အတွင်း မိုးကောင်းကင် တပြင်လုံး ရဲရဲနီလျက် ရှိသည်ကို တွေ့မြင်ကြရသည်။

၁၃) သီပေါမင်း ပါတော်မူ၍ နန်းတွင်းမှ ဆင်းလုဆဲဆဲ အချိန်တွင် မှန်နန်းဆောင်ရှိ ဘမယာသန ရာဇပလ္လင်တော်မှ မနောဟယ ထီးဖြူတော် လှုပ်ခါသွားခဲ့သည်။

၁၄) ခရစ်နှစ် ၁၈၈၅ ခုနှစ် နိုဝင်ဘာ ၂၇ ရက်နေ့ (ပါတော်မမူမီ နှစ်ရက်အလို) တွင် ကောင်းကင်မှ ကြယ်အများ ကြွေကျလာသကဲ့သို့ တွေ့မြင်ကြရသည်။

၁၅) ယင်းနှစ် ပုဂံမြို့ အောက်ဘက်မှ သဲသောင်ပြင်ကြီးထက်တွင် ဝ အက္ခရာနှင့် ယ အက္ခရာများ ထင်ရှားစွာ ပေါ်နေလျက် ရေတွင် မျောသွားခဲ့သည်။

Ref : တင်နိုင်တိုး – ရာဇဝင်ထဲက ဖြစ်ရပ်ဆန်းများ

Tags: amazingmyanmar historymyanmar knowledge

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!