မာယာလူမျိုးတို့ရဲ့ မြို့တော် Chichen Itza

Posted on

မာယာလူမျိုးလို့ ဆိုလိုက်တာနဲ့ ဉာဏ်အလွန်ထက်ပြီး တီထွင်မှုတွေကိုဖန်တီးခဲ့ပြီး သမိုင်းထဲကပျောက်ခြင်းမလှ ပျောက်သွားတဲ့ လူမျိုးစုတစ်စု အဖြစ် အားလုံးသိပြီးဖြစ်မှာပါ။ အခုဖော်ပြတဲ့ Chichen Itza မြို့တော်ဟာ ဒီမာယာလူမျိုးတွေတည်ဆောက်ခဲ့တဲ့မြို့တော်ဖြစ်ပါတယ်။ အကျယ်အဝန်းအားဖြင့် ၄မိုင်ပတ်လည်ကျယ်ဝန်းပါတယ်။ Mexico နိုင်ငံ၊ Yucatan ၏ မြို့တော် Merida ရဲ့ အရှေ့ဘက် ၇၅ မိုင်အကွာမှာ တည်ရှိပါတယ်။

အေဒီ ၆ရာစုကနေ ၉ရာစုကျော်အထိ အလွန်စည်ကားတဲ့မြို့ဖြစ်ခဲ့ပါတယ်။ အေဒီ ၁၀ရာစုခန့်မှာ Toltec လူမျိုးတွေရဲ့သိမ်းပိုက်ခြင်းကိုခံခဲ့ရပြီး မာယာလူမျိုးတွေလုပ်အားနဲ့ မြို့တော်ကြီးကို ဘာသာရေးအဆောက်အအုံတွေကို ဆောက်လုပ်ခဲ့ပြီး သူတို့နဲ့အတူ လူသားယဇ်ပူဇော်ခြင်း စနစ်လည်းပါလာခဲ့ပါတယ်။

ယဇ်ပူဇော်တဲ့အခါ လူတွေကို Chichen ထိပ်ကနေပစ်ချပြီး အသက်ရှင်ကျန်ရစ်သူကိုသာ မြင့်မြတ်သူလို့ယုံကြည်ပြီးကိုးကွယ်ခဲ့ကြပါတယ်။ အေဒီ ၁၃ရာစုမှာတော့ မာယာတွေဟာ ဒီမြို့ကိုအပြီးတိုင်စွန့်ခွာခဲ့ကြပါတယ်။ ကျူးကျော်သူတွေဟာ မာယာဘုန်းတော်ကြီးတွေကို မသတ်ခဲ့ရင် ၊ စာအုပ်တွေကိုမီးမရှို့ခဲ့ရင် မာယာတွေရဲ့ သမိုင်းအထောက်အထားတွေကို ဒီထက်အများကြီးပိုသိရမှာဖြစ်ပါတယ်။

Chi ဆိုတာက ပါးစပ်၊ Chen ဆိုတာက ရေတွင်း၊ Itza ဆိုတာက အစ်ဇာလူမျိုးနွယ်စု လို့ အဓိပ္ပာယ်ရပါတယ်။ အဓိပ္ပါယ်အပြည့်အစုံကတော့ ‘at the mouth of the well of the Itza’ ဖြစ်ပါတယ်။

မတည်ဆောက်ခင်က အဲဒီနေရာမှာ တစ်နှစ်ပတ်လုံးရေရနိုင်တဲ့ တွင်းပေါက်ကြီး နှစ်ခုရှိတာကြောင့် Chichen Itza တည်ဆောက်ဖို့ ဒီနေရာကိုရွေးချယ်ခဲ့ကြတာပဲဖြစ်ါပတယ်။ ဒီအပေါက်ကြီးနှစ်ခုထဲက တစ်ခုဟာ လူသားတွေကိုယဇ်ပူဇော်ရာ နေရာလည်းဖြစ်ပါတယ်။ ဒီနေရာမှာ ယောင်္ကျား ၊ မိန်းမ ၊ ကလေးများစွာဟာ Chac ဘုရားထံ ယဇ်ပူဇော်ခြင်းကိုခံခဲ့ရပါတယ်။ Chac ဟာ မာယာလူမျိုးများရဲ့ မိုး နဲ့ မိုးကြိုးဘုရားဖြစ်ပါတယ်။

ဒီမြို့ရဲ့ အထူးခြားဆုံး အကျော်ကြားဆုံးနေရာဟာ Castillo ဖြစ်ပါတယ်။ စပိန်စကားနဲ့ ဆိုရင် ရဲတိုက်ဖြစ်ပါတယ်။ Castillo ဟာ နက္ခတ္တဗေဒ နည်းလမ်းအတိုင်းတည်ဆောက်တဲ့ ပိရမစ်ပုံစံ ၇၉ပေအမြင့် အဆောက်အဦးဖြစ်ပြီး အပြင်ဘက်မှာ လှေကား ၄ခုရှိပါတယ်။ သတင်းမီဒီယာတွေမှာ မကြာခဏဖော်ပြခံရတဲ့ပုံလည်းဖြစ်ပါတယ်။

ဒီနေရာမှာနေထိုင်ခဲ့တဲ့ မာယာလူမျိုးတွေဟာ လက်မှုပညာအတတ် ၊ ပန်းပုအတတ် ၊ ယက်ကန်းအတတ် ၊ ကျောက်မျက်အတတ် နဲ့ အိုးအတတ်တွေမှာ အလွန်ကျွမ်းကျင်သူတွေဖြစ်ပါတယ်။

အဆောက်အဦးအားလုံးကို ကျောက်တုံးတွေနဲ့သာ ဆောက်လုပ်ထားပါတယ်။ ထူးခြားတာကတော့ သူတို့ရဲ့ဘုရားကျောင်းတွေ ၊ ပိရမစ်တွေ နဲ့ အဆောက်အဦးတွေဆောက်လုပ်တဲ့နေရာမှာ ကျောက်တုံးသယ်ဖို့အတွက် ဘီးတွေကို အသုံးမပြုခဲ့တာပါ။

အဆောက်အဦးများဖျက်စီးရပြီးနောက် ကျန်ခဲ့တဲ့အထဲမှာ ကျော်ကြားတဲ့အဆောက်အဦးတွေကတော့ The Warrior’s Temple, El Castillo နဲ့ The Great Ball Court တို့ဖြစ်ပါတယ်။

Chichen Itza ဟာ ကမ္ဘာသစ်ရဲ့ အကြီးကျယ်ဆုံး အံသြဖွယ်ရာ ခုနှစ်ခုထဲမှာလည်း ထည့်သွင်းသတ်မှတ်ခံခဲ့ရသလို ၁၉၈၈မှာ UNESCO ရဲ့ ကမ္ဘာ့အမွှေအနှစ်အဖြစ်သတ်မှတ်ခြင်းကိုလည်း ခံခဲ့ရပါတယ်။ နှစ်စဉ် ကမ္ဘာလှည့်ခရီးသည်ပေါင်း ၁.၄သန်းခန့် လာရောက်လည်ပတ်တဲ့နေရာလည်းဖြစ်ပါတယ်။

VIDEO