သမိုင်းထဲက ထီးနှင့်နန်းကို ငြင်းဆန်ကြသူများ

Posted on

ရေးသားသူ-  အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)

သမိုင်းမှ ထီးနှင့်နန်းကို ငြင်းဆန်သူ ၇ ယောက်အကြောင်း ကို စုစည်း ကောက်နုတ် တင်ပြပါသည်။

(၁) ဘုရင့်နောင်

ပုဂံသက္ကရာဇ် ၉၀၁ ခုနှစ်တွင် တပင်ရွှေထီးသည် ဟံသာဝတီကို ပြုပြင်ချဲ့ထွင်၍ ဟံသာဝတီ၌ စံလေသည်။ ၉၀၃ ခုနှစ်တွင် ယိုးဒယားကို နိုင်သည်။ယိုးဒယားကအပြန် သင်္ဘောသား ပေါ်တူဂီဘုရင်ဂျီကို အထင်ကြီး မြှောက်စားမိရာမှ ထိုသူဆက်သ သော အရက်ကို သောက်မိရာ မောင်ကျန်တစ်တို့နှင့် အရက်စွဲကာ ယစ်ထုပ်ကြီးဘဝရောက်ရရှာသည်။

သစ္စာကြီးသော ဘုရင့်နောင်က ဖျောင်းဖျနားချပါသော်လည်း မရတော့၊ အရက်ကို သူမဖြတ်နိုင်တော့ပြီ၊ ပေါရိသာဒသည် လူသားကို မစွန့်နိုင်သဖြင့် တိုင်းပြည်ကို စွန့်သလို တပင်ရွှေထီးလည်း အရက်ကို မစွန့်နိုင်သဖြင့် တိုင်းပြည်ကိုစွန့်လေသည်။

”နောင်တော်…ကျွနု်ပ်ကို ဘယ်လိုမှ နားချမနေနဲ့တော့၊ ကျွနု်ပ်ပျော်သလို ကျွနု်ပ်နေတော့မယ်၊ နောင်တော်သာတိုင်းပြည်ကို ကြိုက်သလို စီမံပါတော့” ဟု မျက်တောင်မှေးမှေး၊ လျာလေးအာလေးနှင့် မိန့်တော့သည်။ အရက်ဟူသည် ဆိုးဝါးလေစွ၊ ထို့ ကြောင့် ဘုရားရှင်က ”င့ါတပည့်သား မှန်လျှင် အရက်မသောက်ရ၊ ဥပါသကာ မှန်လျှင် အရက်မရောင်းရ”ဟု တိကျ ပြတ်သားစွာ မိန့်ခဲ့ခြင်းဖြစ်သည်။

နန်းတွင်းက မြန်မာ၊ မွန်၊ ရှမ်း မှူးမတ်တွေက ဘုရင့်နောင်ကို လျှောက်ထားကြသည်မှာ ညီတော်ကို လုံခြုံစွာထား၍ ဘုရင့်နောင်အား ထီးနန်းကို သိမ်းမြန်းပါရန် တောင်းတောင်းပန်ပန် တိုက်တွန်း လျှောက်ထားကြလေသည်။ သို့သော် ဘုရင့်နောင်က လက်မခံ၊ ထီးနှင့်နန်းကို ငြင်းဆန်လေသည်။

”အစ်ကိုတို့…ကျွနု်ပ်တို့ဟာ သစ္စာစောင့်သိအပ်တယ်၊ သူယုတ်အဖြစ်နဲ့ အနှစ်တစ်ရာနေရခြင်းထက် သူတော်အဖြစ် တစ်ရက်နေရတာက ပိုမြတ်ပါတယ်။ စိတ်ထဲမှာ ဘာမှမထားကြလေနဲ့၊ စားမြဲတိုင်း ရာထူးစည်းစိမ်ကိုသာ စားကြပါလေ”ဟု မိန့်သတဲ့၊ အံ့ချီးဖွယ် အနှိုင်းမဲ့ သစ္စာရှင်ကြီးပါတကား…။

(၂) ရမည်းသင်းစား သီလဝ

အင်းဝဘုရင် သတိုးမင်းဖျား ကွယ်လွန်ချိန်တွင် ရမည်းသင်းစား သီလဝသည် အနီးဆုံးသော ဆွေတော်မျိုးတော် ဖြစ်သောကြောင့် ထီးနန်းအပ်ကြလေသည်။ သို့သော် သီလဝမင်းသားက ”ငါဟာတစ်သက်လုံး ခုချိန်ထိ သုံးခါပဲ ရယ်ဖူးသေးတယ်။ ငါဟာ ဣန္ဒြေကြီးတာလား၊ ဘာလားမသိ၊ လူမှုရေးအားနည်းတယ်၊ လူမှုရေး နားမလည်ဘူး၊ ဒါကြောင့် ငါ့ထက်ဖော်ရွေသူ၊ လူမှုရေးကျွမ်းကျင်သူ ဘုရင့် ယောက်ဖတော် စွာစော်ကဲကိုသာ မင်းမြှောက်ကြပါ”ဟု ဆို၍ ထီးနှင့်နန်းကို ငြင်းဆန်လေသည်။ မရွယ်ဘဲနှင့် စော်ကဲ က မင်းဖြစ်ရသည်။

အလောင်းတော် တေမိမင်းသားသည် ထီးနှင့်နန်းကို ကြောက်ရွံသောကြောင့် ဆယ့်ခြောက်နှစ်လုံးလုံး ဆွံ့အနားမကြားယောင်ဆောင်ကာ မလှုပ်မယှက်နှင့် အောင့်အည်းသည်းခံကာ အဓိဋ္ဌာန် ပါရမီကို အောင်မြင်ပြီးမြောက် ခဲ့စေသည်။

(၃) သီဟပတေ့

အင်းဝမိုးညှင်းမင်းဆက် မင်းရဲကျော်စွာ ကွယ်လွန်ချိန်တွင် သားတော် သီဟသူသည် ပြည်မြို့သို့ ရောက်နေ၏။ သမက်တော် သီဟပတေ့က တကောင်းတွင် စစ်တိုက်နေ၏။ မှူးကြီးမတ်ရာတွေက အင်းဝ၌ မင်းမရှိသည်ကို ရှည်ကြာစွာ ဆိုင်းငံ့ နေရန် မသင့်ချေဟု တိုင်ပင်ကြ၍ မိုးကောင်းတွင်ရှိသော သီဟပတေ့ထံ ”မြင်းလျှင်နှင့် အမြန်လာပြီး ထီးနန်းကို သိမ်းပိုက်မှ တိုင်းပြည်ငြိမ်ဝပ်ပါမည်”ဟု လျှောက်ထားခေါ်ယူကြ၏။

သီဟပတေ့၏ အဖြေကား ”ငါဟာ မင်းဧကရာဇ်ရဲ့ သားရင်းလည်း မဟုတ်၊ ညီရင်းလည်း မဟုတ်၊ မင်းစည်းစိမ်နဲ့ မင်းလုပ်ဖို့လည်း ငါအလိုမရှိ၊ ငါတို့အရှင်ရဲ့ သားတော်ငယ် ပြည်မင်း သီဟသူ ကိုပင့်ဆောင်ကာ မင်းမြှောက်ကြပါလေ”ဟု ဆိုကာ ထီးနှင့်နန်းကို ငြင်းဆန်လေ၏။ သီဟပတေ့ကား ဘုရင့်နှမအရင်း မင်းမြတ်လှ၏ ခင်ပွန်း ယောက်ဖတော်တည်း။

(၄) မင်းကြီးရန်နောင်

ပုဂံသက္ကရာဇ် ၈၈၈ ခုနှစ်တွင် အင်းဝ၌ နန်းတက်သော ရှမ်းမင်း သိုဟန်ဘွားသည် အဓမ္မိကရာဇာဖြစ်၏။ သိုဟန်ဘွား၏ ညှဉ်းပန်းနှိပ်စက်မှုကို မခံနိုင်ကြသော ပြည်သူတို့သည် ရွှေနန်းကြော့ရှင် နရပတိမင်း ၏ တူတော် မင်းကြီးရန်နောင် အား တိုင်ကြားကြ၏။ မင်းကြီးရန်နောင် သည် ဥပါယ်တံမျဉ်ဖြင့် စီစဉ်၍ သိုဟန်ဘွားကို ဓားနှင့် ခုတ်သတ်ပစ်လိုက်သည်။

မှူးမတ်ပြည်သူတို့သည် မင်းကြီးရန်နောင်အား ထီးနန်းကို လက်ခံပါရန် တောင်းပန်ကြသည်။ မင်းကြီးရန်နောင် ကထီးနှင့်နန်းကိုငြင်းပယ်၍ ”ကျွနု်ပ်ဟာ ထီးနန်းကို အလိုမရှိပါ၊ အုန်းဘောင်ခုန်မှိုင်းဟာ ငါတို့အရှင် နရပတိနဲ့လည်း မိတ်ဆွေဖြစ်တယ်၊ မြန်မာကို လိုလားသူလည်း ဖြစ်တယ်၊ သူ့ကိုသာ နန်းတင်ကြပါ” ဟု ထီးနှင့်နန်းကို ငြင်းဆန်လေသည်၊ ထို့နောက် တစ်နှစ်ခန့်အကြာ လောကီကိုငြီးငွေ့၍ တောထွက်ရဟန်းပြုသွားလေသည်၊ သာဓု သာဓု-ကောင်းလိုက်လေခြင်း။

(၅) လကျ်ာဗိုလ်

ဟံသာဝတီ ကောင်းစားစဉ်က ဆင်ကြားရှင်ခေါ်သော မြန်မာဘုရင်သည် မှူးမတ်များနှင့် စိတ်ဝမ်းကွဲ၍ ဇင်းမယ်သို့ သွားရောက်နေထိုင်သည်၊ လစ်လပ်နေသော ဘုရင်နေရာတွင် မြန်မာအမတ် လကျ်ာဗိုလ်ကို ထီးနန်းလက်ခံရန် မှူးမတ်တို့က တောင်းပန်ကြ၏။

လကျ်ာဗိုလ်က ”မင်းအဖြစ်နဲ့ ပြည့်ဝန်ကြီးကို ဆောင်ရွက်ရန် အလွန်ခဲယဉ်းလှပါတယ်၊ မင်းအဖြစ်ကိုလည်း ကျွနု်ပ်အလိုမရှိပါ၊ အမှုထမ်းရုံသာ တတ်ပါတယ်၊ ပြည်ရေးတိုင်းရေးကို မစီမံနိုင်ပါ၊ စီမံနိုင်သူ မင်းလုပ်ထိုက်သူကို ညွှန်ပြမယ်”ဟု ဆို၍ သူကိုယ်တိုင်က ထီးနှင့်နန်းကို ငြင်းဆန်ကာ ဗညားဒလကို ညွှန်ပြ၏၊ အများကလည်း လက်ခံသဘောတူ ကြလေသည်။

(၆) အိုင်စတိုင်း

အစ္စရေးပြည် စတင်တည်ထောင်တော့ အစ္စရေးပြည်သူတို့က ဂျူးမျိုးနွယ် အိုင်စတိုင်းကို သမ္မတတင်မြှောက်ကြဖို့ တညီတညွတ်တည်း ဆုံးဖြတ်ကာ အိုင်စတိုင်းကို သမ္မတလုပ်ပါရန် တောင်းပန်ကြတော့ အိုင်စတိုင်းက ”ကျွနု်ပ်ဟာ သိပ္ပံပညာနဲ့တော့ နီးစပ်ပါတယ်၊ လူတွေကို ကိုင်တွယ်စီမံခန့်ခွဲ လောက်အောင်ထိတော့ ပါရမီမပါပါဘူး၊ သမ္မတ မလုပ်ပါရစေနဲ့”ဟု ထီးနှင့်နန်းကို ငြင်းဆန်ခဲ့လေသည်။

(၇) တေမိမင်းသား

အလောင်းတော်မွေးဖွားစဉ် မိုးကြီးသည်းထန်စွာ ရွာသွန်းသောကြောင့် လည်းကောင်း၊ အားလုံး၏ စိတ်နှလုံးကို ပျော်ရွှင်မှု ပီတိသောမနဿနှင့် စိုစွတ်သောကြောင့် လည်းကောင်း ”တေမိယ”ဟု မှည့်ခေါ်ကြ၏၊ အဓိပ္ပါယ်က စိုစွတ်စေသူဟူ၍ ဖြစ်၏။

တေမိမင်းသားလေး ဆယ်လသားအရွယ်တွင် ဖခင် ဗာရာဏသီ မင်းကြီးက သားတော်လေး ရင်ခွင်မှာထားပြီး တရားဆုံးဖြတ်၏။ တရားစီရင်ရာတွင် တစ်ယောက်ကို ကြိမ်ဒဏ် အချက်တစ်ထောင်၊ တစ်ယောက်ကို လက်ထိပ်ခြေထိပ်ခတ်ပြီး အကျဉ်းချစေ၊ တစ်ယောက်ကို သတ်စေ၊ တစ်ယောက်ကို ဆူးငြှောင့်တွေအပေါ်၌ တင်ထားနှိပ်စက်စေဟု အမိန့်ချမှတ်၏။

ထိုအခါ ဘဝတစ်ခုမှာ မိခင်တော်စပ်ခဲ့ဖူးသော ထီးစောင့်နတ်သမီးက ”ငါ့သားတေမိယ…ဘာမှမစိုးရိမ်နဲ့၊ မင်းဒီစောရဂေဟာမှ လွတ်မြောက်ချင်ရင် အဆွံ့ယောင်ဆောင်ပါ၊ အ,အယောင်ဆောင်ပါ၊ နားမကြားတဲ့ သူယောင်ဆောင်ပါ၊”ဟု အကြံပေး၏။ တေမိမင်းသားလေးသည် နတ်သမီး အကြံပေးသည့်အတိုင်း ဆွံ့အနားမကြားယောင်ဆောင်ကာ မလှုပ်မယှက် နေလေတော့၏။

အထိန်းတော်တွေက နို့ကို ပုံမှန်မတိုက်ဘဲနှင့် အကဲစမ်းရာ တစ်နှစ်ကြာ၏။ မုန့်နှင့်မြူဆွယ်တာက တစ်နှစ်ကြာ၏။ သစ်သီးနှင့် မြူဆွယ်တာက တစ်နှစ်ကြာ၏။ အရုပ်မျိုးစုံပြ မြူဆွယ်တာက တစ်နှစ်ကြာ၏၊ နောက်တစ်နှစ် မုန့်တွေစားစရာတွေနှင့် မြူဆွယ်ကြပြန်၏။

ငါးနှစ်သားအရွယ်မှာ မီးနှင့်ရှို့ပြီး ခြောက်လှန့်ကြ၏။ ခြောက်နှစ်အရွယ်မှာ ဆင်နှင့်တိုက်သတ်ဟန်ပြုပြီး ခြောက်လှန့်ကြ၏၊ ခုနစ်နှစ်သား အရွယ်မှာ မြွေတွေနှင့် ခြောက်လှန့်ကြ၏။ ရှစ်နှစ်အရွယ်မှာ အတီးအမှုတ် အကအခုန်တွေနှင့် စမ်းသပ်ကြ၏။ ကိုးနှစ်အရွယ်မှာ လူသတ်သမားတွေနှင့် ခြောက်လှန့်ကြ၏။ ဆယ်နှစ်သားအရွယ်မှာ ခရုသင်းကြီးတွေမှုတ်ပြီး စမ်းသပ်ကြ၏။ ဆယ့်တစ်နှစ်သားအရွယ်မှာ စည်ကြီးတီး၍ စမ်းသပ်ကြ၏။ဆယ့်နှစ်နှစ်သားအရွယ်မှာ အမှောင်တိုက်ထဲထားပြီး စမ်းသပ်ကြ၏။

ထူးထူးဆန်းဆန်း ဆယ့်သုံးနှစ်သားအရွယ်မှာ တစ်ကိုယ်လုံး သကာရည်တွေသုတ်၊ ယင်တွေအုံ၊ ပုရွက်ဆိတ်တွေကိုက်စေပြီး စမ်းသပ်ကြ၏။ ဆယ့်လေးနှစ်သား အရွယ်မှာ ကျင်ကြီးကျင်ငယ်တွေ ထဲမှာထား၊ ယင်တွေ၊ လောက်တွေ တဖွားဖွားနှင့် စမ်းသပ်ကြ၏။ ဆယ့်ငါးနှစ်သားအရွယ်မှာ ရှားမီးကျီးခဲတွေနှင့်ထားပြီး စမ်းသပ်ကြ၏။ ဆယ့်ခြောက်နှစ် အရွယ်မှာတော့ အကြမ်းနည်းနှင့်တော့ ရမှာမဟုတ်၊ အနုနည်းနှင့်စမ်းသပ်မည်ဟု တိုင်ပင်ကာ မိန်းမလှလေးတွေကို အနားမှာ ပွတ်သီးပွတ်သပ် လုပ်စေပြီး စမ်းသပ်ကြ၏။ အလောင်းတော် တေမိမင်းသားသည် ထီးနှင့်နန်းကို ကြောက်ရွံသောကြောင့် ဆယ့်ခြောက်နှစ်လုံးလုံး ဆွံ့အနားမကြားယောင်ဆောင်ကာ မလှုပ်မယှက်နှင့် အောင့်အည်းသည်းခံကာ အဓိဋ္ဌာန်ပါရမီကို အောင်မြင်ပြီး မြောက်ခဲ့စေသည်။

( ဒီအထဲတွင် မပါသော်လည်း ထီးနန်းကို ငြင်းဆန်ခဲ့သော ဘုရင်တစ်ပါး ရှိသးသည်။ ကျန်စစ်သားဖြစ်သည်။ မိမိအား ထီးနန်းကို အုပ်စိုးရန် မှူးမတ်ပြည်သူတို့က လျှောက်ထားသော်လည်း လက်မခံပဲ ၊ ထီးနန်းအုပ်ချုပ်ရန် စောလူးမင်းကို သွားရောက်ကယ်ဆယ်ခဲ့သေးကာ မတတ်သာသည့် အဆုံးမှ ထီးနန်းကို ရယူခဲ့ခြင်းဖြစ်သည်။)

အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)