အင်းကျား (သို့) သစ်တက်ကျားကို အင်္ဂလိပ်လို clouded leopard လို့ခေါ်ပြီး သိပ္ပံအမည်မှာ Neofelis nebulosa ဖြစ်သည်။ ကျားဟုဆိုသော်လည်း တောကြောင်မျိုးစိတ်တွင်ပါဝင်ပြီး ဟိမဝန္တာတောင်တန်းဒေသ ၊ အရှေ့တောင်အာရှ နှင့် တရုတ်နိုင်ငံများတွင် တွေ့ရလေ့ရှိသည်။
တရုတ်တွင် mint leopard ဟုခေါ်ပြီး မလေးရှားတွင် tree tiger ဟုခေါ်သည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၈၈၅၀ပေ ရှိသော ဟိမဝန္တာတောင်တန်းများတွင် မကြာခဏ တွေ့ရလေ့ရှိသည်။ ကြောင်ကြီးမျိုးစိတ်၏ အငယ်ဆုံးမျိုးစိတ်တွင်ပါဝင်ပြီး တတိယမြောက်အရှားပါးဆုံး တိရစ္ဆာန်လည်းဖြစ်သည်။
အရွယ်အစားအားဖြင့် အမြင့်မှာ ၁၀လက်မ မှ ၁၆လက်မ အထိမြင့်ပြီး အလျားမှာမှု ၄ပေမှ ၆ပေအထိ ရှိတတ်ပြီး ပျမ်းမျှအလေးချိန်မှာ အဖိုများမှာ ၅၀ပေါင် ၊ အမများမှာ ၃၅ပေါင်ဖြစ်သည်။ အလွန်လှပသော သားမွှေးများကို ပိုင်ဆိုင်ပြီး အဝါ ၊ အညို ၊ မီးခိုး စသည့်အရောင်တို့ဖြင့် တိမ်ကွက်ပုံသဏ္ဍာန်ရှိသဖြင့် Clouded Leopard ဟုခေါ်ခြင်း ဖြစ်သည်။ ပတ်ဝန်းကျင်နှင့် တသားတည်းရှိနေသာ အရောင်အဆင်းကို ပိုင်ဆိုင်သဖြင့် အမှတ်တမဲ့ကြည့်လျှင် ပျောက်သလို(camouflage) ဖြစ်နေတတ်ပြီး ထိုကျားများကို မြင်နိုင်ဖို့ခက်ခဲသည်။
အင်းကျားများတွင် ၂လက်မအရှည်ရှိသော သွားစွယ်များရှိပြီး ထိုအရွယ်အစားသည် ပုံမှန်ကျားတစ်ကောင်၏ အစွယ်အရွယ်အစားနှင့် တူညီသည်။ ခြေလက်များတိုပြီး သန်မာသော ခြေသည်းလက်သည်းများကိုပိုင်ဆိုင်ထားကာ သစ်ပင်များပေါ်သို့ အလွယ်တကူတက်ရောက်နိုင်စွမ်းရှိသည်။
အများအားဖြင့် အပူပိုင်း နှင့် သမပိုင်းမိုးသစ်တောများ ၊ မြက်ခင်းဒေသ နှင့် လမုရွှံတောများရှိရာ ဒေသများတွင် နေထိုင်လေ့ရှိသည်။ အင်းကျားများသည် ထိုဒေသများ၏ သစ်ပင်များပေါ်တွင်သာ အနေများသည်။ သစ်ပင်များပေါ်တွင် တစ်ပင်မှ တစ်ပင်ခုန်ကူးနိုင်ပြီး ထိုသို့ခုန်ကူးရာတွင် ဟန်ချက်ညီစေရန် ရှည်လျားသောအမြီးက ထိန်းပေးသည်။
တောကြောင်မျိုးစိတ်၏ သစ်ပင်တက်အမြန်ဆုံးထဲတွင်ပါဝင်ပြီး ၎င်းတို့၏ဦးခေါင်းမှာ ၁၈၀လှည့်နိုင်သည့်အတွက် နောက်ပြန်ခုန်နိုင်စွမ်းပင်ရှိသည်။ အသားစား နို့တိုက်သတ္တဝါများဖြစ်ပြီး သူတို့ရဲ့သားကောင်များမှာ ငှက်၊ ရှဉ့် ၊ မျောက် ၊ ဒရယ် နှင့် တောဝက်များဖြစ်ကြသည်။ ညဘက်မှာအစာရှာထွက်လေ့ရှိတတ်ပြီး သားကောင်များရရှိစားသောက်ပြီးနောက် မြင့်မားသော သစ်ပင်များပေါ်တွင် အနားယူလေ့ရှိသည်။
အင်းကျားတစ်ကောင်၏ ကိုယ်ဝန်ဆောင်သည့် ကြာချိန်မှာ ၈၅ရက်မှ ၉၃ရက်ဖြစ်သည်။ ၁ကောင်မှ ၅ကောင်အထိမွေးတတ်သော်လည်း ပုံမှန်အများဆုံးမွေးလေ့ရှိသည်မှာ ၂ကောင်ဖြစ်သည်။ မွေးကင်းစ အင်းကျားပေါက်လေးများသည် ၅အောင်စမှ ၆အောင်စအထိရှိပြီး မျက်စိမြင်နိုင်စွမ်းမရှိသေးပေ။ ၉လခန့်အထိ မိခင်တို့၏ နို့ကိုသောက်သုံးပြီး ၂နှစ် (သို့) ၃နှစ်တွင် အရွယ်ရောက်သည်။ အင်းကျားများ၏ ပျမ်းမျှသက်တမ်းမှာ ၁၇နှစ်ဖြစ်သည်။
လက်ရှိအချိန်တွင် တောတောင်များပျက်စီးခြင်းနှင့် လူသားတို့၏အမဲလိုက်ခြင်းကြောင့် အင်းကျားအရေအတွက်မှာ တဖြည်းဖြည်းလျော့နည်းလာနေပြီး တကမ္ဘာလုံးတွင်မှ အကောင် ၁သောင်းဝန်းကျင်ခန့်သာ ရှိနိုင်တော့ကြောင်း ပညာရှင်များက ခန့်မှန်းထားသည်။
မြန်မာနိုင်ငံ စစ်ကိုင်းတိုင်း ထမံသီဘေးမဲ့တောတွင် အင်းကျားများ ကျက်စားလေ့ရှိကြောင်းသိရသည်။ ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် ၁၀၀ စတုရန်းကီလိုမီတာလျှင် အင်းကျား ၁ ကောင်မှ ၃ ကောင်အထိ နေထိုင်ကျက်စားကြောင်းတွေ့ရှိရသည်ဟု ထုတ်ပြန်ထားသည်။
VIDEO