ရေနေငှက်တစ်မျိုးဖြစ်သည့် တင်ကျီးငှက်ကို အင်္ဂလိပ်လို Cormorant (သို့) Shag ဟုခေါ်သည်။ သိပ္ပံအမည် Phalacrocoracidae ဖြစ်သော တင်ကျီးငှက်တွင် မျိုးစိတ်ပေါင်း ၄၀ ခန့်ရှိသည်။ အများအားဖြင့် တင်ကျီးငှက်တို့သည် ပင်လယ်ကမ်းခြေတွင် နေလေ့ရှိကြသော်လည်း မြစ်များနှင့် အိုင် များတွင်လည်း မကြာခဏတွေ့ရတတ်သည်။ ငှက်ကြီးဝံပိုနှင့် တင်ကျီးငှက်သည် နီးစပ်သည်။ ရေငှပ်ကာ ငါးများကို ဖမ်းယူစားသောက်တတ်သဖြင့် တံငါသည်ငှက်ဟုလည်း ခေါ်ကြသည်။
ငှက်ကြီးမျိုးဖြစ်၍ ခြေချောင်းများကြားတွင် အရေပြားရှိသည်။ အရွယ်အစားအားဖြင့် ခန္ဓာကိုယ်အလျား ၁၈ လက်မ မှ ၃၉လက်မ အထိ ရှိတတ်သည်။ တင်ကျီးငှက်အားလုံးတွင် သန်မာ၍ရှည်သော နှုတ်သီးနှင့်တောင်ပံများရှိသည်။ နှုတ်သီး၏ အဖျား ကောက်သည်။ အမြီးရှိအမွှေးများသည် အနည်းငယ်ဖွင့် ထားသော ယပ်တောင်ကဲ့သို့ ပြန့်ကားလျက်ရှိသည်။ အများအားဖြင့် အရောင်မှာ အညို ၊ အနက် ၊ အဖြူရောင်များ စပ်လျှက်ရှိတတ်ပြီး အဝါ ၊ လိမ္မော် ၊ အပြာရောင်များလည်း ရှိတတ်သည်။
တင်ကျီးငှက်တို့သည် အများအားဖြင့် ရေငုပ်၍ ငါးဖမ်းရာ၌ ရေထဲတွင် ကြာရှည်စွာနေနိုင်ကြသည်။ ရေကူးရာတွင် ခြေချောင်းလေးချောင်းပါပြီး အရေ ပြားရှိသည့် ခြေများကို အသုံးပြုသည်။ ပျံသန်းသောအခါ ရေမျက်နှာပြင်နှင့်ကပ်၍ပျံသန်းပြီးလျှင် ငါးများကို ဖမ်းယူတတ်ကြ သည်။ သို့မဟုတ်လျှင်လည်း ရေပေါ်တွင် ကိုင်းလျက်ရှိသော သစ်ကိုင်းပေါ်တွင်နားကာ ငါးပေါ်လာမည်ကို စောင့်မြော်နေ တတ်သည်။ အစာစားရာတွင် လောဘတကြီး စားမျိုလေ့ရှိ သည်။ ငါးကို အဓိကစားလေ့ရှိသော်လည်း တခါတရံ ငါးရှည့်နှင့် ရေမြွေများကိုလည်း ဖမ်းဆီးစားသောက်တတ်သည်။
ရေထဲတွင် ငုပ်ကာ အစာရှာဖွေသည့်အခါမျိုးတွင် အချို့တင်ကြီးငှက်များသည် ရေအနက်ပေ ၁၅၀ ခန့်အထိတိုင် ရောက်တတ်လေသည်။ ရေထဲတွင်ငုပ်ပြီးနောက် တခဏချင်းပျံတက်နိုင်ရခြင်းမှာ တင်ကျီးငှက်တို့၏ အတောင်ပံသည် ရေစိမ့်ဝင်နိုင်မှု မရှိသလောက်နည်းသောကြောင့်ဟု သိရသည်။ ထိတ်လန့်သည့်အခါ၌ ကိုယ်ကို ရေအောက်သို့နှစ်၍ ခေါင်းနှင့်လည်တံသာ ဖော်ထား သည်။ ရေငုပ်ကျွမ်းကျင်သော်လည်း ရေထဲ၌ စက္ကန့် ၇၀ ထက် ပို၍ နေခဲသည်။ ငါးဖမ်းအလွန် လျင်မြန်သည်။ မိသည့်အစာကို မမျိုမီ အများအားဖြင့် ရေပေါ်သို့ယူလာတတ်သည်။ အစာကို ခေါင်းပိုင်းမှစ၍ မျိုချလေ့ရှိသည်။
ရေပြင်မှထ၍ အပျံတွင် တောင်ပံများကို ရိုက်ခတ်ရုံမျှမက ခြေများဖြင့်လည်း ယက်ကန် ပေးကြသည်။ ပျံသန်းရာတွင် လည်ပင်းကိုရှေ့သို့ဆန့်ထုတ်ပြီးနောက် အတောင် ကို မှန်မှန်ရိုက်ခတ်ကာ အတော်မြန်မြန်ပျံသည်။ ပျံရာ၌ တည့် တည့်ပျံသည်။ နားနေသည့်အခါတွင် ဝမ်းဘဲများကဲ့သို့ ရေပေါ်၌ မနားဘဲ၊ ကမ်းခြေပေါ်၌၎င်း ကျောက်တုံးများ ပေါ်၌၎င်း သစ်ပင်များပေါ်၌၎င်း နားနေလေ့ရှိသည်။ ထိုကဲ့သို့ နားနေ ခိုက်တွင် အတောင်များကိုဖြန့်၍ နေလှန်းလေ့ရှိသည်။ ကုန်းပေါ်၌ လျှောက်သွားသည့်အခါ ငှက်ကြီးဝံပိုကဲ့သို့ ကိုယ်ကို မတ်မတ်ထား၍ သွားတတ်ကြသည်။ သို့သော် ခေတ္တမျှသာ လျင်မြန်စွာ သွားနိုင်သည်။ ရေကူးသောအခါ ခေါင်းကိုမတ်မတ် ထားလျက် ကိုယ်ကိုနှစ်၍ကူးသည်။
အသိုက်များကိုမူ ပေ ၂၀ခန့်မြင့်သော သစ်ကိုင်းများပေါ်တွင်လည်ကောင်း ၊ အိုင်များ ၊ ကျောက်ဆောင်များကြား၌ လည်ကောင်း သစ်ကိုင်းသစ်ခက် ၊ ကျူရိုး ၊ ဒိုက်များဖြင့် ဆောက်လုပ်လေ့ရှိသည်။ အဖြူရောင်သန်းသော ဥများဥပြီးသည့်အခါ အမချည်းသာဥကို ဝပ်သည်မဟုတ်ပဲ အထီးများသည်လည်း တစ်လှည့်စီဝပ်ပေးလေ့ရှိသည်။ ဥများမှ အကောင်ပေါက်အရွယ်သို့ရောက်သည့်အခါ အမိအဖများမှ ငါးကိုစားနိုင်လောက်သည့်အရွယ် ဖဲ့၍ ကျွေးလေ့ရှိသည်။ တင်ကျီးငှက်များ၏ ပျမ်းမျှသက်တမ်းမှာ ၂၅နှစ်ဖြစ်သည်။
တင်ကျီးငှက်များ၏ ငါးဖမ်းစွမ်းရည်ကို ကမ္ဘာ့နေရာအနှံ့မှ လူသားများသည် အသုံးချလျှက်ရှိသည်။ ရှေးယခင်ကာလကတည်းက အီဂျစ်၊ ကိုရီးယား ၊ တရုတ် ၊ ဂျပန် ပီရူး နှင့် အိန္ဒိယတို့တွင် ထိုနည်းကိုအသုံးပြုကာ ငါးဖမ်းခဲ့ကြသည်။ Cormorant fishing ဟုခေါ်သော ထိုနည်းကို လက်ရှိအချိန်ထိတိုင်အောင် ဂျပန် နှင့် တရုတ်နိုင်ငံတို့တွင် အသုံးပြုကာ တံငါသည်အလုပ်ဖြင့် အသက်မွေးဝမ်းကြောင်း ပြုလုပ်နေသူများရှိနေသေးသည်။ ထိုသို့ဖမ်းခိုင်းသည့်အခါတွင် တင်ကျီးငှက်၏ လည်ပင်းကို ကြိုးချည်ကာ ရေထဲသို့လွှတ်လိုက်သည်။ ထိုသို့ချည်ရခြင်းမှာ ငါးအကောင်ကြီးကို ဖမ်းမိသည့်အခါ မမျိုနိုင်စေရန်ဖြစ်ပြီး ငှက်များသည် ငါးအသေးများကိုသာစားခွင့်ရှိလေသည်။
VIDEO
Myanmar Wikipedia
Softschools Facts