Monday, March 8, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

တခေတ်တခါက လူတိုင်းချစ်တဲ့ သရုပ်ဆောင် (သို့) ဝဏ္ဏကျော်ထင်ဘွဲ့ရ အကယ်ဒမီ ဖိုးပါကြီး

by Thutamm
August 16, 2019
Reading Time: 1min read
0
တခေတ်တခါက လူတိုင်းချစ်တဲ့ သရုပ်ဆောင် (သို့) ဝဏ္ဏကျော်ထင်ဘွဲ့ရ အကယ်ဒမီ ဖိုးပါကြီး
Share on FacebookShare on Twitter

ရေးသားသူ – သန်းဝင်းလှိုင်

အနုပညာ အမျိုးအစားပေါင်း မြောက်မြားစွာ၌ ရုပ်ရှင်အနုပညာသည် ဆွဲဆောင်မှု အရှိဆုံး၊ လူကြိုက်အများဆုံး အနုပညာတစ်ခုဖြစ်သည်။ ရုပ်ရှင်မှာ ဂီတသဘော၊ ပန်းချီသဘော၊ စာပေသဘော၊ ကဗျာသဘော အားလုံးအကျုံးဝင်နေသောကြောင့် ရုပ်ရှင်ဇာတ်ကားတစ်ကားသည် ရသပေါင်းစုံကို ပေးစွမ်းနိုင်ပေသည်။ ထို့ကြောင့် ရုပ်ရှင်သည် အသက်အပိုင်းအခြားမရွေး၊ ကျားမ မရွေး လူတိုင်းခံစားသက်ဝင်နိုင်သော အနုပညာဖြစ်သည်သာမက အတုယူစရာ၊ သံဝေဂရစရာ၊ လေ့လာမှတ်သားစရာ အခြေခံအချက်အလက်များကိုလည်း ရုပ်ရှင်ငွေရောင်ပိတ်ကားမှ တဆင့် ရရှိနိုင်ပေသေးသည်။

ထိုကဲ့သို့ ညှို့အားပြင်းသော ရုပ်ရှင်ဇာတ်ကားတစ်ခု၌ ဇာတ်ဝင်ခန်းများ၊ ရုပ်ရှင်သရုပ်ဆောင်များ၏ ပါဝင်သရုပ်ဆောင်မှုများသည် ကြည့်ရှုသူ ပရိတ်သတ်ကို အနည်းနှင့်အများ ဆွဲဆောင်လွှမ်းမိုးနိုင်စွမ်းရှိ၍၊ အလွမ်းအဆွေး၊ သဘာဝယုတ္တိကို သာမက ဟာသပညာဖြင့် ပရိသတ် နှစ်ခြိုက်ခဲ့သော စွယ်စုံရ အနုပညာရှင်တစ်ဦးကား ဝဏ္ဏကျော်ထင်ဘွဲ့ရ အကယ်ဒမီဖိုးပါကြီးပင် ဖြစ်သည်။ ဖိုးပါကြီး ကွယ်လွန်ခဲ့သည်မှာ နှစ်ပေါင်း ၄၀နီးပါး ကြာခဲ့ပြီ ဖြစ်သော်လည်း ယနေ့တိုင် သူပါဝင်သရုပ်ဆောင်ခဲ့သည့် ရုပ်ရှင်ဇာတ်ကားများကို မြန်မာ့အသံမှ အခါအားလျော်စွာ ထုတ်လွှင့်ပြသသည့်အခါတိုင်း ပရိသတ်များ နှစ်ခြိုက်အားပေးနေဆဲဖြစ်သည်။

ရုပ်ရှင်သရုပ်ဆောင် ဖိုးပါကြီး၏ အမည်ရင်းမှာ မောင်ညွှန့်လှိုင်ဖြစ်သည်။ ၁၉၁၈ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ရက်၊ အင်္ဂါနေ့တွင် ဧရာဝတီတိုင်း ပုသိမ်မြို့၌ အဖယစ်မျိုးအမှုထမ်း ဦးစံဖေ၊ အမိ ဒေါ်လှတို့မှ ဖွားမြင်ခဲ့သည်။ မွေးချင်းသုံးဦးအနက် အလတ်ဖြစ်ပြီး ညီမငယ်မှာ အမာစိန်ဖြစ်သည်။ အစ်ကိုဖြစ်သူမှာ ငယ်စဉ်ကပင် ကွယ်လွန်သွားခဲ့သည်။ ဟင်္သာတမြို့တွင် အနေကြာကြီးပြင်းခဲ့သည့်အတွက် ဖိုးပါကြီးအား ဟင်္သာတဇာတိဖွားဟု ထင်မှတ်နေကြသည်။

အသက် (၆)နှစ် အရွယ်တွင် မိဘနှစ်ပါး၏ အိမ်ထောင်ရေးပြိုကွဲမှုကြောင့် လူမမည်ဘဝအရွယ်တွင် အရွယ်နှင့်မမျှအောင် ဒုက္ခမျိုးစုံ ကြုံတွေ့ခဲ့ရသည်။ အပစ်ပယ်ခံဘဝတွင် ဒုက္ခပင်လယ်ဝေနေသည့် ဖိုးပါကြီးကို ပုသိမ်မြို့ ‘နိဂြောဓါ’ ကျောင်းတိုက် တလိုင်းကျောင်းဆရာတော် ဦးသုမနက ခေါ်ယူစောင့်ရှောက်ခဲ့သည့်အတွက် ကံကောင်းထောက်မစွာဖြင့် လူလားမြောက်ခဲ့ရ ပေသည်။

လူပျိုပေါက်အရွယ်တွင် မိခင်နှင့်ပြန်လည်တွေ့ဆုံခဲ့ပြီး ရန်ကုန်သို့ ရောက်ရှိခဲ့သည်။ ဉာဏ်ရည်ထက်မြက်သော်လည်း ဘဝပေးအခြေအနေ မကောင်းသည့်အတွက် အဋ္ဌမတန်းအထိသာ ပညာသင်ကြားနိုင်ခဲ့သည်။ ငယ်စဉ်ကတည်းကပင် အဆိုအက၊ ပြဇာတ်၊ ရုပ်ရှင်နှင့် ပန်းချီအနုပညာ ဝါသနာ ပြင်းပြခဲ့သူဖြစ်သည်။

သို့သော် ရန်ကုန်သို့ စတင်ခြေချစဉ်က အလုပ်ကြမ်းသမားဘဝမှ စခဲ့ရသည်။ ရုပ်ရှင်ပိုစတာ ကြော်ငြာလှည်းတွန်းသမား၊ ပိုစတာဆိုင်းဘုတ် ဆေးကြမ်းသုတ်သူ၊ ဆိုင်းဘုတ်ဆေးကြမ်းဖျက်၊ ဆက်တင်လက်သမား စသည်ဖြင့် စုံစီနဖာ၊ တိုလီမိုလီ၊ ဗူလိနတ်စ လုပ်ကိုင်ခဲ့ရသည်။ သို့သော် ပင်ပမ်းမှုနှင့် ငွေရရှိရေးကို အဓိကမထားဘဲ ရုပ်ရှင်ကင်မရာများ၊ ဆက်တင်မီးဆလိုက်ကြီးများကြား၌ လုပ်ကိုင်ခွင့်ရသည်ကိုပင် ကျေနပ်နေခဲ့သူဖြစ်သည်။ အခြားအလုပ်သမားများကဲ့သို့ အလကားမနေ။ ရုပ်ရှင်ဒါရိုက်တာကြီးများ၊ ဓါတ်ပုံဆရာများ၏ ရိုက်ကူးသင်ပြနေမှုကို ဘေးမှကြည့်၍ လေ့လာမှတ်သား ပညာယူခဲ့သည်။

ထို့ပြင် ရုပ်ရှင်သရုပ်ဆောင်များ၏ ဟန်အမူအရာ၊ ဇာတ်ဝင်ခန်း ပြောဆိုပုံတို့ကိုလည်း အတုခိုး၍ ယင်းတို့နှင့် တထပ်တည်းကျအောင် မှန်ရှေ့တွင် လေ့ကျင့်ခဲ့သည်။ တစ်နေ့တွင် သူတို့လို အောင်မြင်သော ရုပ်ရှင်သရုပ်ဆောင်ဖြစ်အောင် ကြိုးစားမည်ဟု ခံယူထားသည်။

သူ၏ ဇွဲ၊ လုံ့လ၊ ဝီရိယသည် အဟောသိကံမဖြစ်ခဲ့ချေ။ များမကြာမီ အချိန်အတွင်း၌ပင် ဇာတ်ပို့ဇာတ်ရံ ဘဝဖြင့် ရုပ်ရှင်ကင်မရာရှေ့တွင် လှုပ်ရှားသရုပ်ဆောင်ခွင့်ရခဲ့သည်။ သို့သော် စိတ်ကူးယဉ် အိပ်မက်ကမ္ဘာလေး ဒုတိယကမ္ဘာစစ်ဘေးကြောင့် ပျက်ပျယ်ကာ ဟင်္သာတနယ်သို့ စစ်ဘေးရှောင်ခဲ့ရသည်။ စစ်ကြီးအတွင်း အလုပ်ရှားပါးမှုကြောင့် အလုပ်ဟူသမျှ ဂုဏ်ရှိစွဟု ခံယူကာ သမ္ဗန်သမားဘဝရောက်ခဲ့ရသည်။

ဂျပန်ခေတ် (၁၉၄၂ မတ်လ ၈ ရက်မှ ၁၉၄၅ မေလ ၃ရက်နေ့အထိ) တွင် ဒါရိုက်တာ ဆရာခန့် ဦးဆောင်သည့် ကျော်အေး၊ ခင်ခင်ရီတို့ ပါဝင်သော ပြဇာတ်အဖွဲ့နှင့် ဆက်သွယ်မိပြီး ရန်ကုန်သို့ ရောက်ခဲ့ရပြန်သည်။ ရန်ကုန်သို့ ရောက်သောအခါ အာရှလူငယ် အစည်းအရုံး ရန်ပုံငွေအတွက် ကြည့်မြင်တိုင် ထီးတန်းထိပ် တရုတ်ကျောင်း ပြဇာတ်ရုံ (နောင်ရန်ကုန်တက္ကသိုလ် ကြည့်မြင်တိုင်နယ်မြေ)၌ ရုပ်ရှင်လူကြမ်း ချစ်တင်ကြီး ဒါရိုက်တာအဖြစ် တင်ဆက်ပြသသော ‘ရီရီ့ ကုသိုလ်’ ပြဇာတ်တွင် မင်းသားကျော်အေး၊ မင်းသမီး ခင်ခင်ရီ၊ လူရွှင်တော် စံပတို့နှင့် တွဲဖက်၍ ပြဇာတ်စင်ပေါ် ပထမဆုံး တက်ခွင့်ရခဲ့သည်။ ထိုအချိန်မှစ၍ ‘ဖိုးပါကြီး’ နာမည်တစ်လုံး တွင်လာခဲ့လေသည်။

ဖိုးပါကြီး ပြဇာတ်စင်ပေါ်သို့ အခကြေးငွေဖြင့် ဦးစွာတက်ရောက်ကခွင့်ရခဲ့သော ပြဇာတ်မှာ ဂျပန်ခေတ် လွင်လွင်ရုံ (ယခုအာဇာနည်ကုန်းအနီး)တွင် တင်ဆက်ပြသခဲ့သော ဒါရိုက်တာ ဆရာခန့်၏ ‘ဤစစ်ကြီးမှာ’ ပြဇာတ်ဖြစ်သည်။ မင်းသားကျော်ဝင်း၊ မင်းသမီး ခင်ခင်တင့်၊ လူကြမ်း ဦးမောင်ကလေး၊ မင်းသားကြီး ဦးဘအုန်း၊ မင်းသမီးကြီး ဒေါ်ဖွားနှစ်တို့နှင့်အတူ ဖိုးပါကြီးသည် လူရွှင်တော်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့လေသည်။ ဖိုးပါကြီးသည် ‘ကမ္ဘာ့ဇာတ်ခုံ’၊ ‘သြော်မိန်းမ’၊ ‘သြော်ယောက်ျား’၊ ‘ကမ္ဘာ့ရန်သူ’၊ ‘ရတနာသိုက်’ စသည့် ပြဇာတ်ပေါင်းများစွာတွင် ပါဝင်ကပြခဲ့ရာမှ ဖိုးပါကြီးဟူသော နာမည်သည် ပရိသတ်နှုတ်ဖျားဝယ် သီးခဲ့ရလေသည်။

ထို့နောက် စစ်ကြီးအပြီး ပြဇာတ်များ မှေးမှိန်လာ၍ အသံတိတ်ရုပ်ရှင်များ ခေတ်စားလာချိန်တွင် ရန်ကုန်ရုပ်ရှင်နှင့် ဆက်မိပြီး ဒါရိုက်တာ ဦးချစ်ဖေ ရိုက်ကူးသည့် ‘လူပျိုသိုး’ အသံတိတ် ဇာတ်မြူးဇာတ်ကားဖြင့် ရုပ်ရှင်လောကသို့ ရောက်ရှိလာခဲ့သည်။ ပြဇာတ်နှင့် ရုပ်ရှင်သည် ဆက်နွယ်နေသည့်အတွက် ရုပ်ရှင်သည် သူ့အဖို့ မစိမ်းပေ။ ဆက်လက်၍ ‘ဂျစ်တူးမောင်’၊ ‘သြော်ဖူးစာ’ ‘ခင်နဲ့မောင်’၊ ‘သူလိုလူ’၊ ‘ရွှေမျက်မှန်’ စသော အသံတိတ် ဇာတ်ကားများ ရိုက်ကူးခဲ့သည်။ ဤသို့ ရိုက်ကူးနေစဉ် ရုပ်ရှင်နှင့် ပြဇာတ်မင်းသမီး မေချစ်နှင့် နဖူးစာဆုံခဲ့သည်။

ယင်းနောက် ပြဇာတ်များ ပြန်လည်ခေတ်ထလာရာ ရုပ်ရှင်ရိုက်ကူးရင်း တဖက်မှ လက်ဦးဆရာ ဒါရိုက်တာ ဆရာခန့်၊ အလင်္ကာကျော်စွာ ဒဂုန်ဆရာတင်၊ ဘိုကလေး တင့်အောင်၊ ဦးသုခ၊ သန်းနွ့ဲ၊ ကျွန်တော်ချစ်မောင် စသည့် ပြဇာတ်ဆရာ အကျော်အမော်တို့၏ စီစဉ်ညွှန်ကြားမှုဖြင့် ပန်းဆိုးတန်း ဝင်းဝင်းရုံ (ယခု စာပေလောက စာအုပ်ဆိုင်အနီး) လမ်းမတော် အနောက်ပိုင်း ‘ကာဌေး’ ပြဇာတ်ရုံ (နောင်ကေသွယ် ရုပ်ရှင်ရုံ) တို့တွင် ဖိုးပါကြီး ပါဝင်ကပြခဲ့သော ပြဇာတ်များ ပလူပျံခဲ့သည်။

ပါဝင်ကပြခဲ့သော ပြဇာတ်များအနက် ‘လာလာလေ လိုက်ခဲ့တော့’၊ ‘နေရီရီ’၊ ‘ငယ်ကျွမ်းဆွေ’၊ ‘ဝါကျွတ်လက်ဆောင်’၊ ‘သြော်မိန်းမ’၊ ‘အပြုံးလက်ဆောင်’၊ ‘ကိုယ်ကြိုက်တာကိုယ်လုပ်’ စသည့် ပြဇာတ်များသည် အထူးလူကြိုက်များခဲ့သည်။

အနုပညာ ဇနီးမောင်နှံဖြစ်သည့် ဖိုးပါကြီးနှင့် မေချစ်တို့သည် သားကြီး ရုပ်ရှင်သရုပ်ဆောင် ဇေယျာနှင့် သားငယ် မောင်မြတ်ဝေတို့ ထွန်းကားခဲ့သည်။ ထို့နောက် ရုပ်ရှင်မင်းသမီး မေချစ် ကွယ်လွန်ပြီးနောက် ဒေါ်ခင်မြိုင်နှင့် လက်ထပ်ကာ သားသမီး (၄)ဦး ထွန်းကားခဲ့သည်။ ၁၉၆၁ ခုနှစ်တွင် ကပြခဲ့သော ပြဇာတ်များအနက် ဒါရိုက်တာ ဘိုကလေး တင့်အောင်၏ ‘ခြင်ထောင်ငါးလုံး’ ပြဇာတ်၊ ‘အမိန့်တော်ရ ရှေ့နေဦးသောကြာ’ ပြဇာတ် အပြင် ‘ဂုဏ်နဲ့မာန’ ပြဇာတ်များတွင် မင်းသား မျိုးချစ်၊ မင်းသမီး မြင့်မြင့်ဋ္ဌေးတို့နှင့် တွဲဖက်၍ သီချင်းမဆို၊ အပြောအဆိုမပါဘဲ ဟန်မူရာနှင့် ချာလီချက်ပလင် ရုပ်ရှင်ဆန်ဆန် ကပြရာတွင် ဖိုးပါကြီးသည် အကောင်းဆုံး သရုပ်ဆောင် သွားနိုင်ခဲ့သည်။ ဖိုးပါကြီးသည် ‘တရောင်ထဲခြယ်’ ပြဇာတ်တွင်မူ ကိုယ်တိုင် ဒါရိုက်တာ မင်းသား လုပ်ခဲ့သည်။

ဖိုးပါကြီးနှင့် ရင်းနှီးခင်မင်ခဲ့သော အမျိုးသားစာပေဆု၊ ရုပ်ရှင်နှင့် ပြဇာတ်ဒါရိုက်တာ ဘိုကလေး တင့်အောင်က ဖိုးပါကြီးသည် စိတ်ထားအလွန်ကောင်း၍ အများက ချစ်ခင်လေးစားကြသည်။ ဟိတ်ဟန်မရှိ၊ မာန်မာနမထား၊ ဒုက္ခမျိုးစုံ ကြုံတွေ့ခဲ့ရသော်လည်း မည်သူ့ကိုမျှ အပြစ်မမြင် ဘဝအကျိုးပေးတစ်ခုသာ မှတ်ယူ၍ ကိုယ့်ဘဝကိုယ်ကောင်းအောင် ဆင်ခြင်ပြုပြင်ခဲ့သည်။ ဆင်းရဲခြင်း၊ ချမ်းသာခြင်း၊ ကဲ့ရဲ့ခြင်းစသည့် လောကဓံတရား ရှစ်ပါးကို အမှုမထား၊ ငွေကြေးကို မမက်၊ သူ့အနုပညာအပေါ်၌သာ သစ္စာရှိသည်။ လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင် နေထိုင်တတ်ပြီး အားလပ်သည့်အခါ ပန်းချီဆွဲ၊ စာဖတ်၊ ငှက်ပစ်၊ ငါးမျှား၊ ဘိလိယက်ထိုး၊ မျက်လှည့်ပြခြင်းဖြင့် အပန်းဖြေလေ့ရှိသည်ဟု ဆိုသည်။

အကယ်ဒမီဝင်းဦးသည် ရုပ်ရှင်လောကသို့ မရောက်မီကပင် ဖိုးပါကြီးနှင့် ရင်းနှီးခဲ့ပြီး၊ မိတ်ဆွေလို၊ ဆရာသမားလို ဖိုးပါကြီးအား အလေးထားဆက်ဆံခဲ့သည်။ ဖိုးပါကြီးသည် သရုပ်ဆောင်ရာတွင် အလွန်တော်သူဖြစ်သောကြောင့် ဇာတ်ရုပ်မရွေး ကျရာကို ပီပြင်စွာ သရုပ်ဆောင်နိုင်သည်။ အခုငို၊ အခုဆန့်ကျင်ဘက် အမူအရာကို ချက်ချင်းလုပ်နိုင်စွမ်းရှိသောကြောင့် ဝင်းဦး ပါဝင်သော ဇာတ်ကားတိုင်း၌ ဖိုးပါကြီးကို ခေါ်ယူအသုံးပြုသည်။

ဖိုးပါကြီးသည် လူရွှင်တော် ဟာသမင်းသားအဖြစ် ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့သည့်အနက် ရွှေဝယ်သီရိ ရုပ်ရှင်မှ တင့်တယ်၏ ဝတ္ထုကို ဒါရိုက်တာ အေဝမ်း မြမောင် ရိုက်ကူးခဲ့သည့် ‘ဖိုးပြုံးချို’ ဇာတ်ကား၌ ပီပြင်စွာ သရုပ်ဆောင်နိုင်၍ အကောင်းဆုံး သရုပ်ဆောင်မင်းသား ရွှေစင်ရုပ်ဆုကို ၁၉၅၅ခုနှစ်တွင် ရရှိခဲ့သည်။ အဆိုပါဇာတ်ကား၌ ဖိုးပါကြီးနှင့် ဖိုးပြုံးချိုသည် ခွဲမရအောင် သရုပ်ဆောင်ကောင်းသောကြောင့် ကြည့်ရှုသူ ပရိသတ်အပေါင်းသည် မျက်ရည်ကျသူကျ၊ ဝမ်းနည်းသူဝမ်းနည်း ဖြစ်ကာ လူတိုင်းပါးစပ်ဖျား၌ ရေပန်းစားခဲ့သည်။ မြန်မာ့ရုပ်ရှင်သမိုင်း၌ စံပြုရသည့် ဂန္တဝင်ဇာတ်ကားကောင်း တစ်ကား ဖြစ်ခဲ့ရသည်။ ထိုနှစ်မှာပင် နိုင်ငံတော်အစိုးရမှ ချီးမြှင့်ခဲ့သော အနုပညာ ထူးချွန်ဆု ‘ဝဏ္ဏကျော်ထင်’ ဘွဲ့ကို ရရှိခဲ့သည်။

ဖိုးပါကြီးသည် ဟာသလူရွှင်တော်၊ သရုပ်ဆောင်မင်းသား၊ ဇာတ်ပို့၊ ဇာတ်ရံ စသည်ဖြင့် အသံတိတ်၊ အသံထွက် ဇာတ်ကားပေါင်း (၁၀၈)ကားကို ရိုက်ကူးခဲ့ပြီး အသံတိတ်ခေတ်ကပင် ‘ဖိုးပါကြီး’ ရုပ်ရှင် ကုမ္ပဏီကို တည်ထောင်ခဲ့သည်။ ယင်းကုမ္ပဏီမှ ကိုယ်တိုင် ဒါရိုက်တာ၊ သရုပ်ဆောင်အဖြစ် ‘ထူးတဲ့ဇာတ်ခုံ’၊ ‘ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်’၊ ‘ခိုင်သဇင်’၊ ‘မြာဋီကာ’ နှင့် ‘မေတ္တာမိုးတပေါက်’ စသည့် ကားများကို ရိုက်ကူးခဲ့သည်။ ထို့နောက် ၁၉၇၈ခုနှစ်တွင် ဒါရိုက်တာ အကယ်ဒမီ မောင်တင်ဦး ရိုက်ကူးခဲ့သော ‘တစ်ခါက တစ်ဘဝ’ ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆုကို ထပ်မံရရိုခဲ့ပြန်သည်။

ပြဇာတ်ပေါင်း ၃ဝကျော်၊ ရုပ်ရှင်ကားပေါင်း ၁ဝဝကျော် ရိုက်ကူးခဲ့သော အကယ်ဒမီ ရွှေစင်ရုပ်ရှင်ထူးချွန်ဆု နှစ်ထပ်ကွမ်းရ ဝဏ္ဏကျော်ထင် ဖိုးပါကြီးသည် ၁၉၈ဝပြည့်နှစ်၊ ဇန်နဝါရီလ ၁၄ရက်နေ့တွင် ရန်ကုန်မြို့တွင် ကွယ်လွန်သွားခဲ့လေသည်။ ကွယ်လွန်ချိန်တွင် ဇနီးဒေါ်ခင်မြိုင်နှင့် ကလေးလေးယောက်၊ ကွယ်လွန်သူ မင်းသမီးဒေါ်မေချစ်နှင့် ကလေးနှစ်ယောက် ကျန်ရစ်ခဲ့လေသည်။

VIDEO
ဖိုးကော် – တေးဆို ဖိုးပါကြီး (တွေးရခက်ကြီးရုပ်ရှင်)

သန်းဝင်းလှိုင်

Tags: myanmar people

Related Posts

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်
People

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်

၉.၁.၂၀၂၁ ရက်နေ့ Forbes ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ စာရင်းကို ကိုးကားထားခြင်းဖြစ်ပါတယ်။ ၁၀။ ဆာဂေးဘရင် ပြီးခဲ့တဲ့နှစ်က အဆင့် ၁၀ နေရာမှာရှိခဲ့တဲ့ အိန္ဒိယသူဌေးကြီး မာခက်ရှ် အမ်ဘန်နီက အဆင့် ၁၃ နေရာကိုရောက်သွားပြီး ဂိုဂဲရဲ့ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့...

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ
People

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ

ကျည်ကာအင်္ကျီတွေကိုတော့ စစ်ဘက်ဆိုင်ရာနဲ့ တကိုယ်ရေ ကာကွယ်မှုဆိုင်ရာ ကဏ္ဍတွေမှာအသုံးပြုကြပါတယ်။ ကျည်ကာအင်္ကျီတွေကိုတော့ အပူခံနိုင်ပြီး အလွန်မာကြောခိုင်ခံ့တဲ့ Kevlar လူလုပ်ဖိုက်ဘာမျှင်နဲ့ ဖန်တီးပြုလုပ်ထားတာဖြစ်ပါတယ်။ Kevlar ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ဝန်းကျင်ကတည်းက ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး တီထွင်ခဲ့သူကတော့ အမျိုးသမီးတဦးဖြစ်ပါတယ်။ သူအမှန်တကယ်တီထွင်ခဲ့တာက...

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု
Knowledge

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု

မိုနာလီဇာပန်းချီကားနဲ့ ကျော်ကြားတဲ့ လီယိုနာဒိုဒါဗင်ချီဟာ ပုံမှန်လူသားတယောက်ထက် ထူးကဲကာ အံ့ဖွယ်အနုသုခုမ ရှေးဦးပညာရှင်၊ ဆေးဘက်ဆိုင်ရာ စွန့်ဦးတီထွင်သူ နဲ့ ဖန်တီးမှုနည်းပညာ စတဲ့နယ်ပယ်ပေါင်းစုံမှာ ကြီးကျယ်တဲ့ တီထွင်မှုတွေကို ပြုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ ဒါကြောင့်လည်း သမိုင်းတလျှောက် အတော်ဆုံး တီထွင်သူတွေကို...

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!