တိုက်တန်းနစ် သင်္ဘောပေါ်က လူသိနည်းတဲ့ သေအတူရှင်မကွာ ဇနီးမောင်နှံရဲ့ အံအားသင့်ဖွယ် စွန့်လွှတ်မှု

Posted on

တိုက်တန်းနစ် ဇာတ်ကားကိုကြည့်မိသူများဟာ မင်းသား လီယိုနာဒို နဲ့ မင်းသမီး ကိတ်ဝင်းစလက်တို့ရဲ့ အချစ်ဇာတ်လမ်းကို မှတ်မိနေကြမှာပါ။ အပြင်မှာ တကယ်နစ်မြုပ်ခဲ့တဲ့ တိုက်တန်းနစ်သင်္ဘောပေါ်မှာလည်း လူသိနည်းတဲ့ စိတ်မကောင်းဖြစ်ဖွယ် ဇာတ်လမ်းတစ်ခု ရှိနေပါသေးတယ်။ ဒါကတော့ ဂျူးလူမျိုး Macy ကုန်တိုက်ပိုင်ရှင် သူဌေးကြီး ဇနီးမောင်နှံတို့ရဲ့ ဖြစ်ရပ်ပါ။

အဲဒီတုန်းက အလွန်ချမ်းသာတဲ့ Macy ကုန်တိုက်ပိုင်ရှင် သူဌေးကြီးရဲ့နာမည်က Isidor Straus ဖြစ်ပြီး ဇနီးရဲ့နာမည်ကတော့ Ida ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ တိုက်တန်းနစ်သင်္ဘောနဲ့ အတူအပန်းဖြေခရီးထွက်ခဲ့တာပါ။ တိုက်တန်းနစ်မြုပ်ခါနီး အချိန်မှာတော့ နှစ်ဦးစလုံးအတွက် အသက်ကယ်လှေပေါ်မှာ နေရာပေးခံရပါတယ်။

အဲဒီအချိန်မှာ သူဌေးကြီး Isidor ဟာ လှေပေါ်နေရာပေးခြင်းမခံရတဲ့ ကလေးနဲ့အမျိုးသမီးတစ်ယောက်ကို တွေ့သွားပါတယ်။ သူချက်ချင်းပဲ လှေပေါ်က ဆင်းလိုက်ပြီး သူ့ရဲ့နေရာကို ကလေးနဲ့ အမျိုးသမီးကို ယူစေပါတယ်။ သူကတော့ သင်္ဘောပေါ်မှာကျန်ပြီး အသက်စွန့်ဖို့ကျန်ခဲ့ပါတယ်။ လူတိုင်းကိုယ့်အသက်ထက် ဘာမှအရေးမကြီးဘူး ထင်နေကြချိန်မှာ သူ့ရဲ့လုပ်ရပ်ဟာ အံသြဖွယ်ရာ စွန့်လွှတ်မှုပဲ ဖြစ်ပါတယ်။

သူဌေးကြီးကျန်ခဲ့ပေမယ့် အသက်ကယ်လှေဟာ ချက်ချင်းထွက်လို့မရသေးပါဘူး။ အကြောင်းကတော့ ဇနီးဖြစ်သူ Ida က မထွက်ခိုင်းလို့ဖြစ်ပါတယ်။
“သူမပါပဲ ကျွန်မ မသွားနိုင်ဘူး” ဆိုပြီးခေါင်းတယမ်းယမ်း အော်ဟစ်နေပါတယ်။ အဲဒီနောက်တော့ သူမလည်း လှေပေါ်ကဆင်းပါတယ်။ သူမအစား သူမရဲ့ အစေခံမိန်းမ ကို အသက်ကယ်လှေပေါ်တက်စေပါတယ်။ အစေခံကို သူမရဲ့ သားမွေးကုတ်အင်္ကျီကို ချွတ်ပြီး “ရော့ယူသွား ငါ့အတွက်မလိုတော့ဘူး” ဆိုပြီး ပေးလိုက်ပါသေးတယ်။

အဲဒီတုန်းက အသက်ကယ်လှေပေါ်ရောက်ပြီး လွတ်မြောက်လာခဲ့တဲ့ သူတို့ရဲ့သူငယ်ချင်းဖြစ်သူ ဗိုလ်ကြီး Archibald Gracie IV က သူမြင်ခဲ့ရတဲ့ မြင်ကွင်းကို ပြန်ပြောပါတယ်။

“Ida စကားကို ကျွန်တော်စိတ်ထဲ မှတ်မှတ်ရရရှိနေသေးတယ်။ လှေပေါ်က ဆင်းပြီး သူပြောတာက ကျွန်မယောင်္ကျားကို ကျွန်မ မခွဲနိုင်ဘူး။ ကျွန်မတို့ အတူတူအသက်ရှင်ခဲ့တယ်။ သေမယ်ဆိုမှတော့ သူ့တစ်ယောက်ထဲကို ပေးမသေနိုင်ဘူး၊ အတူတူသေကြမယ်လေ တဲ့။ တစ်ယောက်လက်မောင်းကို တစ်ယောက်ဆုပ်ကိုင်ထားတဲ့သူတို့ နှစ်ယောက်ကို နောက်ဆုံးမြင်ခဲ့တဲ့ မြင်ကွင်းပဲ၊ အမြဲတမ်းအမှတ်ရနေမယ့် စွန့်လွှတ်သူဇနီးမောင်နှံနှစ်ဦးရဲ့ အချစ်သင်္ကေတ မြင်ကွင်းပါ”

တိုက်တန်းနစ် ဇာတ်ကားထဲမှာလည်း သူတို့နှစ်ဦးရဲ့ တကယ့်ဖြစ်ရပ်ကို ထည့်သွင်းရိုက်ကူးခဲ့ပါတယ်။ ဇာတ်ကားထဲက သင်္ဘောမြုပ်တဲ့အချိန် အိပ်ယာပေါ်မှာ တစ်ယောက်ကိုတစ်ယောက်ဖက်ကာ လဲလျောင်းနေတဲ့ အသက်ကြီးကြီးစုံတွဲဟာ သူဌေးကြီး Isidor နဲ့ ဇနီးဖြစ်သူ Ida တို့စုံတွဲပဲဖြစ်ပါတယ်။

One thought on “တိုက်တန်းနစ် သင်္ဘောပေါ်က လူသိနည်းတဲ့ သေအတူရှင်မကွာ ဇနီးမောင်နှံရဲ့ အံအားသင့်ဖွယ် စွန့်လွှတ်မှု

Comments are closed.