ကမ္ဘာပေါ်ကမြို့တော်ဒေသကြီးအများစုဟာ သက်ဆိုင်ရာတိုက်ကြီးတွေအတွင်းမှာပဲ တည်ရှိနေတယ်ဆိုပေမဲ့ အချို့သောမြို့တော်တွေကတော့ ထူးထူးခြားခြားပဲ တိုက်ကြီး(၂)တိုက်အကြား ဆက်စပ်တည်ရှိလို့နေပါတယ်။ ဒီတခါတော့ ဒီလို ရှားရှားပါးပါးတည်ရှိနေတဲ့ မြို့တော်တွေအနက်က ထင်ရှားတဲ့ မြို့ ၅ မြို့ရဲ့ စိတ်ဝင်စားစရာ အချက်အလက်အချို့ကို ဝေမျှပေးသွားမှာဖြစ်ပါတယ်။
(၅) အတီရာ
ကာဇက်စတန်နိုင်ငံရဲ့အကြီးဆုံးသော ရေနံမြေဝင်ပေါက်ဖြစ်တဲ့ အတီရာ Atyrau မြို့ဟာဆိုရင် အာရှနဲ့ဥရောပအကြားဆက်စပ်တည်ရှိနေတာဖြစ်ပြီး ယူရယ် မြစ်ကမ်းပေါ်မှာပဲတည် ရှိလို့နေပြန်ပါတယ်။ (၁၇)ရာစုကာလလောက်က ဂူရွိုင်း ဆိုတဲ့အမည်နဲ့ ငါးဖမ်းလုပ်ငန်း တွေ အခြေချတဲ့ဆိပ်ကမ်းမြို့လေးဖြစ်ခဲ့ရာကနေ (၁၉၉၂)ခုနှစ်မှာတော့ အတီရာ အမည်ကို ပြောင်းလဲခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်စာရင်းအရ အတီရာမြို့မှာ နေထိုင်သူ ဦးရေဟာ ၂၉၀,၇၀၀ ဦး ရှိတယ်လို့ သိရပါတယ်။ ဒီမြို့မှာတော့ ကာဇက်စတန်နိုင်ငံရဲ့ အကြီးဆုံးစာရင်းဝင် ရေနံ နဲ့ ဓာတ်ငွေ့ လုပ်ငန်းတွေအပြင် အတီရာပြည်နယ် တက္ကသိုလ်ပါ တည်ရှိနေပါတယ်။
(၄) အော်ရန်ဘာဂ့်
ယူရယ် မြစ်ကမ်းပေါ်မှာပဲတည်ရှိနေတဲ့ အော်ရန်ဘာဂ့် မြို့ဟာလည်း အာရှနဲ့ ဥရောပတိုက် ကုန်းမြေနှစ်ခုအကြားတည်ရှိနေတဲ့ ရုရှားနိုင်ငံရဲ့မြို့တစ်မြို့ဖြစ်ပါတယ်။ ယူရယ်ကော့ဆက် ရဲ့ခံတပ်မြို့တော်အဖြစ် (၁၇၃၅)ခုနှစ်လောက်မှာ စတင်ပေါ်ပေါက်လာခဲ့ပြီး နောက်ပိုင်းမှာ တော့အလယ်အာရှဒေသရဲ့ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာနယ်မြေတစ်ခုဖြစ်လာခဲ့ပါတယ်။ ယနေ့အချိန်မှာဆိုရင်တော့ အော်ရန်ဘာဂ့် မြို့တော်ဟာ လူဦးရေ(၅၃၄,၀၀၀)လောက်နေထိုင် ကြပြီး စက်ရုံကြီးတွေ၊ သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေးလုပ်ငန်းတွေအပြင် စက်မှုလုပ်ငန်းဆိုင်ရာ သင်ကြားမှုပညာသင်ကျောင်းများစွာနဲ့ ခမ်းနားစွာတည်ရှိလို့နေပါတယ်။
(၃) မဂနစ်တဂေါစ်
မျက်မှောက်ခေတ်ရုရှားနိုင်ငံတွင်းပါဝင်နေတဲ့ မဂနစ်တဂေါစ် Magnitogorsk မြို့တော်ဟာဆိုရင်မြို့တော် အဖြစ်မရောက်ခင်ကာလ၊ (၁၇၄၃)ကာလကတည်းက သြစတီးယားအင်ပါယာဘုရင်မ အဲလိဇဘတ်တည်ဆောက်ခဲ့တဲ့ အော်ရန်ဘာဂ့် နယ်စပ်ခံတပ်မျဉ်းနေရာမှာ တည်ရှိခဲ့ပါတယ်။ မဂနစ်တဂေါစ်မြို့ ဟာဆိုရင်လည်း အာရှနဲ့ဥရောပကုန်းမြေ(၂)ခုပေါ်မှာတည်ရှိနေတာဖြစ်ပြီး ဆိုဗီယက်ပြည်ထောင်စု ကောင်းစားစဉ်ကာလမှာတော့ ပြုပြင်ပြောင်းလဲမှုများစွာဖြစ်ပေါ်ခဲ့ပါတယ်။ (၁၉၃၀)ခုနှစ်မှာတော့ဆိုဗီယက်ခေါင်းဆောင် စတာလင်က (၅)နှစ်စီမံချက်နဲ့ မဂနစ်တဂေါစ် ကို သံမဏိအဓိက ထုတ်လုပ်တဲ့နေရာတခုဖြစ်လာစေဖို့ စတင်တည်ဆောက်ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာတော့ မဂနစ်တဂေါစ် ဟာ ယူရယ် မြစ်ကိုပိုင်းခြားထားတဲ့ စက်မှုမြို့တော်တစ်ခုအဖြစ်ဆက်လက်တည်ရှိနေခဲ့ပြီး သံနဲ့သံမဏိစက်ရုံတွေကိုတော့ အာရှဘက်ကုန်းမြေခြမ်းမှာအများဆုံးတွေ့ရမှာဖြစ်ပါတယ်။ မြို့တော်နေပြည်သူအများစုကတော့ ဥရောပကုန်းမြေဘက်ခြမ်းမှာနေထိုင်ကြပြီးစက်မှုဖွံဖြိုး တဲ့မြို့ပြဧရိယာတစ်ခုဆိုပေမဲ့ ဒေသရဲ့အဓိကမြစ်ဖြစ်တဲ့ ယူရယ်မြစ်ကတော့စက်မှုလုပ်ငန်းတွေက စွန့်ပစ်တဲ့ အညစ်အကြေးတွေကြောင့် အတော်ကို ညစ်နွမ်းနေခဲ့ပြီးဖြစ်ပါတယ်။၂၀၁၈ ခုနှစ်စာရင်းအရ မဂနစ်တဂေါစ်မြို့မှာနေထိုင်သူဦးရေ ၄၁၆,၅၂၁ ဦး ရှိတယ်လို့ သိရပါတယ်။
(၂) စူးအက်
အီဂျစ်နိုင်ငံတွင်းက ဆိပ်ကမ်းမြို့တစ်ခုဖြစ်တဲ့ စူးအက် ဟာဆိုရင် အာရှနဲ့ အာဖရိက တိုက်နှစ်ခု အကြား ဆက်စပ်တည်ရှိနေတာဖြစ်ပြီး လူဦးရေ (၇၄၄၀၀၀)ဦးအခြေချနေထိုင်ကြပါတယ်။ မူလက တော့ ဂရိတွေရဲ့မြို့ဟောင်း ကလိုင်းစ်မား အဖြစ်သိကြပြီး (၇)ရာစုလောက်မှာတော့ အော်တိုမန် တူရကီတွေရဲ့လက်အောက်ကိုကျရောက်ခဲ့ကာ ကော်လ်ဇမ် ဆိုတဲ့အမည်နဲ့ပင်လယ်ရပ်ခြား ကူးသန်းရောင်းဝယ်မှုဆိုင်ရာ အချက်အခြာကျတဲ့မြို့တော်တစ်ခုဖြစ်လာခဲ့ပါတော့တယ်။ (၁၈၆၉)ခုနှစ်မှာ စူးအက်တူးမြောင်းကို စတင်ဖွင့်လှစ်ရာကနေ အီဂျစ်ရေတပ်နဲ့ ပင်လယ်ရပ်ခြားရေကြောင်းကူးသန်းရောင်းဝယ်ရေးရေယာဉ်တွေရပ်နားရာဆိပ်ကမ်းမြို့တော်ဖြစ်လာခဲ့ပါတယ်။ စူးအက် မြို့တော်ဟာဆိုရင် အစ္စလာမ်ဘာသာဝင်တွေရဲ့အထွတ်အမြတ်ထားရာ မက္ကာ ကို ထွက်ခွာရာနေရာတစ်ခုအဖြစ်လည်းရှိနေပါတယ်။
(၁) အစ္စတန်ဘူလ်
နေထိုင်တဲ့ လူဦးရေနဲ့တွက်လျှင် တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ဟာ ဥရောပမှာ အကြီးဆုံး မြို့ဖြစ်ပြီး လူဦးရေ ၁၅သန်းကျော် နေထိုင်တဲ့ မြို့တော်ကြီးဖြစ်ပါတယ်။ အစ္စတန်ဘူလ်မြို့ဟာ ဘော့စပိုရပ် ရေလက်ကြားကနေ အာရှနဲ့ ဥရောပတိုက်ဆိုပြီး(၂)ပိုင်းခွဲထားပါတယ်။တစ်နည်းအားဖြင့်ဆိုရင်တော့ မြို့တော် အစ္စတန်ဘူလ် ဟာဆိုရင် အာရှနဲ့ဥရောပတိုက်ကုန်းမြေ(၂)ခုလုံး မှာပါဝင်နေတာဖြစ်ပြီး ရှေးဟောင်းသမိုင်းဝင်မြို့တမြို့လည်းဖြစ်ပြီး နိုင်ငံရေး၊ လူမျိုးရေးနဲ့ စီးပွားရေးဆိုင်ရာ အချက်အခြာနယ်မြေတစ်ခုဖြစ်တဲ့အတွက် နိုင်ငံတကာခရီးသွားလာရောက်လည်ပတ်သူအများဆုံးသော ခရီးသွားမြို့တော်အဖြစ်လည်းရှိနေပါတယ်။
အစ္စတန်ဘူလ်ရှိရာနေရာမှာ လူတွေအခြေချနေထိုင်တဲ့နေရာတခုအဖြစ် (၆၅၇)ဘီစီလောက်က စတင်ခဲ့ပြီး အေဒီ(၃၃၀) ကနေ (၁၄၅၃) ကာလတွေမှာတော့ ဘိုင်ဇန်တိုင်းလို့သိကြတဲ့ အရှေ့ရောမအင်ပါယာရဲ့မြို့တော်၊ အေဒီ(၁၂၈၅) ကနေ(၁၉၂၃)ကာလ တွေမှာတော့ အော်တိုမန်အင်ပါယာရဲ့မြို့တော် ကွန်စတန်တီနိုပယ် အဖြစ်ထင်ရှားပါခဲ့ပါတယ် ။ အာရှတိုက်နဲ့ဥရောပတိုက်အကြားပေါင်းကူးတံတားသဖွယ်ဖြစ်နေတဲ့ အစ္စတန်ဘူလ် မြို့တော် ဟာဆိုရင် ရှေးဂရိနဲ့ရောမတွေရဲ့အုပ်ချုပ်ရေး၊ယဉ်ကျေးမှုအမွေအနှစ်လက်ရာများစွာတည်ရှိတဲ့ မြို့တော်ကြီးတစ်ခုလည်းဖြစ်ပါတယ်။ မြို့တော်ရဲ့(၆၅)ရာခိုင်နှုန်းသော ပြည်သူတွေဟာ ဥရောပတိုက်အခြမ်းမှာနေထိုင်ကြပြီး ကျန်(၃၅)ရာခိုင်နှုန်းလောက်ကတော့ အာရှဘက်အခြမ်းမှာနေထိုင်ကြပါတယ်။