တာရှည်ခံအောင် ထိန်းသိမ်းထားသော ကမ္ဘာကျော် ရုပ်အလောင်းများ

Posted on

Written By U Ko Ko

လူသိအများဆုံး တာရှည်ခံအောင် ထိန်းသိမ်းထားတဲ့ ရုပ်အလောင်းတချို့အကြောင်းပဲ ဖြစ်ပါတယ်။

အီဂျစ်မံမီများ

ရှေးဟောင်းအီဂျစ်လို့ ပြောလိုက်ရင် ကျောင်းသားလေးတွေ အနေနဲ့ ပထမဆုံး တွေးမိတဲ့ အရာဟာ မံမီတွေပဲ ဖြစ်ပါလိမ့်မယ်။ မံမီတွေ ဆိုတာက တာရှည်ခံအောင် စီရင်ပြီး ထိန်းသိမ်းထားတဲ့ အရေးကြီး ပုဂ္ဂိုလ်တွေရဲ့ အလောင်းတွေပါ။

လန်ဒန်မှာရှိတဲ့ ဗြိတိသျှပြတိုက်မှာ အီဂျစ်နဲ့ ဆူဒန်က လူသား မံမီပေါင်း ၁၂၀ ရှိပါတယ်။ မံမီစုဆောင်းထားမှု အများဆုံးနေရာ တစ်ခုဖြစ်ပြီး ကမ္ဘာလှည့် ခရီးသည်များစွာကို ဆွဲဆောင်နိုင်ပါတယ်။

အဲဒီ စုဆောင်းထားတဲ့ မံမီတွေထဲမှာ ရာထူးအဆင့်မြင့်တဲ့ ဘုန်းတော်ကြီး တစ်ပါးရဲ့ သမီး တာမွတ်လည်း ပါဝင်ပါတယ်။ သူက ဘီစီ ၉၀၀ ဝန်းကျင်မှာ နေထိုင်ခဲ့သူပါ။ နောက် ထင်ရှားတဲ့ မံမီ တစ်ခုက ဂျာယာဆီတီမူ ဖြစ်ပါတယ်။ သူကတော့ ဘီစီ ၈၀၀ လောက် မှာ နေထိုင်ခဲ့တဲ့ ဘုရားကျောင်းမှာ သီချင်းဆိုတဲ့ ကလေးငယ်တစ်ဦးပါ။

ဗလာဒီမာလီနင်

ရုရှားတော်လှန်ရေးခေါင်းဆောင် ဗလာဒီမာလီနင်ဟာ မူရင်း ကွန်မြူ နစ် ခေါင်းဆောင်ဖြစ်ပြီး ကမ္ဘာတစ်လွှားမှာ သဘောထား တင်းမာတဲ့ လက်ဝဲ အစိုးရတွေ ပေါ်ထွန်းဖို့ လမ်းကြောင်း တစ်ရပ်ကို စဖောက်ခဲ့သူ ဖြစ်ပါတယ်။

သူ့ရဲ့ရုပ်အလောင်းကို မော်စကိုက ဂူဗိမာန်တစ်ခုမှာ အမြဲတမ်း ပြသထားပြီး ဆိုဗီယက် ယူနီယံကို ထူထောင်သူ ဘော်ရှီဗစ် ခေါင်းဆောင်ကို ကြည့်ဖို့ ကမ္ဘာတစ်လွှားက လူတွေ လာကြပါတယ်။

လီနင်ဟာ အသက် ၅၃ နှစ် အရွယ် ၁၉၂၄ ခုနှစ်မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပြီး သူ့ရဲ့ဆန္ဒကတော့ သူ့ရဲ့အလောင်းကို အရင် အင်ပါယာ မြို့တော် ဖြစ်တဲ့ စိန့်ပီတာစဘတ်မှာ မိခင်နဲ့အတူ မြှုပ်နှံစေချင်တာပါ။ ဒါပေမဲ့ အဲဒီအစား သူ့ကို မပုပ်သိုးအောင် ထိန်းသိမ်းပြီး ရင်ပြင်နီမှာ ထားရှိခဲ့ကြပါတယ်။

၁၉၉၁ ခုနှစ်မှာ ဆိုဗီယက်ယူနီယံ ပြိုလဲသွားပြီးတဲ့နောက် အဲဒီနေရာကနေ လီနင်ရဲ့ အလောင်းကို ဖယ်ရှားသင့်မသင့် ငြင်းခုံမှုတွေ ပေါ်ပေါက်လာပါတယ်။ သူ့အလောင်းကို ဖယ်ရှားပြီး မြှုပ်နှံဖို့ တောင်းဆိုတဲ့ ရုရှားနိုင်ငံသားတွေ များပြားလာနေ ပါတယ်။

ရုရှားကွန်မြူ နစ်ပါတီက လီနင်ရဲ့အလောင်းကို နေမြဲအတိုင်းထားဖို့ အသည်းအသန် လော်ဘီ လုပ်ပါတယ်။ ရုရှား အစိုးရကတော့ ဒီငြင်းခုံမှုကို ဖြေရှင်းဖို့ အလျင်မလိုတဲ့ ပုံစံမျိုးပဲ ပြပါတယ်။

အီဗာပီရွန်

၁၉၄၀ ပြည့်လွန်နှစ်တွေနဲ့ ၅၀ ပြည့်လွန်နှစ်တွေက အာဂျင်တီးနား နိုင်ငံရဲ့ အမှတ်သင်္ကေတ ဖြစ်တဲ့ အာဂျင်တီးနား ခေါင်းဆောင်ရဲ့ဇနီး အီဗာပီရွန်ရဲ့အလောင်းကို တာရှည်ခံအောင် ဆေးစီရင်ပြီး ထိန်းသိမ်းထားခဲ့ပါ တယ်။ သူဟာ ၁၉၅၂ ခုနှစ် အသက် ၃၃ နှစ် အရွယ်မှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

အီဗာကို သူ့ခင်ပွန်းရဲ့ ဆင်းရဲတဲ့ အလုပ်သမား အခြေခံ လူတန်းစားတွေက ကြည်ညိုမြတ်နိုးပြီး စစ်တပ်နဲ့ အီလစ်တွေက ဝေဖန် ပုတ်ခတ်မှုတွေ လုပ်ခဲ့ကြပါတယ်။

၁၉၅၅ ခုနှစ်မှာ စစ်အာဏာသိမ်းမှုနဲ့ ဟွမ်ပီရွန် ဖြုတ်ချခံရပြီးတဲ့နောက် စစ်တပ်က အရာရှိတွေက အီဗာရဲ့အလောင်းကို ထားရှိရာနေရာဖြစ်တဲ့ ပီရွန်ကို လိုလားတဲ့ ကုန်သွယ်ရေးသမဂ္ဂ အဆောက်အအုံကနေ တိတ်တဆိတ် ဖယ်ရှားပြီး ဝှက်ထားခဲ့ပါတယ်။

စိတ်မချမ်းမသာဖြစ်နေတဲ့ ပီရွန်လိုလားသူ စစ်သွေးကြွတွေက အလောင်းကို မရမက လိုက်ရှာခဲ့ကြပါတယ်။ နောက်တော့ အာဏာရှင် ပက်ဒရိုအာရမ်ဘူရူက အီဗာရဲ့အလောင်းကို အီတလီကိုပို့လိုက်ပြီး တခြားနာမည် တစ်ခုနဲ့ မီလန်မြို့မှာ မြှုပ်နှံစေခဲ့ပါတယ်။

ပီရွန်ရဲ့ တတိယ ဇနီးလည်းဖြစ်၊ သူ့အရိုက်အရာကို ဆက်ခံသူလည်းဖြစ်တဲ့ အစ္စဘယ်ဟာ နောက်ဆုံးမှာ သဘောတူညီချက် ရရှိသွားခဲ့ပါတယ်။

၁၉၇၄ ခုနှစ်မှာ အီဗာရဲ့ အလောင်းကို အာဂျင်တီးနားကို ပြန်ယူလာပြီး ဗျူ နိုအေးရီးစ်မြို့က မိသားစုဂူဗိမာန်မှာ ထားရှိခဲ့ပါတယ်။

အီဗာကို လေးစားသူတွေနဲ့ သူ့ရဲ့ဘဝအကြောင်း စပ်ဆိုရိုက်ကူးထားတဲ့ ဂီတနဲ့ ရုပ်ရှင်တွေကို နှစ်သက်တဲ့ ပရိသတ်တွေက အဲဒီနေရာကို လာကြပါတယ်။

ဟိုချီမင်း

ခေတ်သစ် ဗီယက်နမ်နိုင်ငံကို ထူထောင်သူ ဟိုချီမင်းက သူသေတဲ့အခါ သူ့ရဲ့အရိုးပြာကို နိုင်ငံတစ်လွှားမှာ ဖြန့်ကြဲစေဖို့ပဲ ဆန္ဒရှိပါတယ်။

ဒါပေမဲ့ ၁၉၆၉ ခုနှစ် စက်တင်ဘာ ၂ ရက်မှာ သူ ကွယ်လွန်သွားပြီးတဲ့နောက် သူ့အလောင်းကို တာရှည်ခံအောင် စီမံပြီး ထိန်းသိမ်းထားခဲ့ပါတယ်။

ဟိုချီမင်းရဲ့အလောင်းကို မှန်အဖုံးနဲ့ ကျောက်သားအခေါင်းမှာထည့်ပြီး အအေးဓာတ်ပေးလို့ ထိန်းသိမ်းထားပါတယ်။ သူ့အလောင်းကို ဟနွိုင်းမြို့က သူ့ကိုဂုဏ်ပြုထားတဲ့ ဂူဗိမာန်တစ်ခုမှာ ၁၉၇၅ ခုနှစ် ကစလို့ ပြသထားပါတယ်။

ဗီယက်နမ်ဟာ ဟိုချီမင်းရဲ့အလောင်းကို ထိန်းသိမ်းဖို့ ရုရှားထံကို ပုံမှန်အကူအညီ တောင်းရပါတယ်။ ဒါဟာ ဆိုဗီယက်-ဗီယက်နမ် မဟာမိတ်ဆက်ဆံရေးကို ထင်ဟပ်ပြနေတာလည်း ဖြစ်ပါတယ်။

မော်စီတုန်း

၁၉၇၆ ခုနှစ် စက်တင်ဘာ ၉ ရက်မှာ ကွယ်လွန်ခဲ့တဲ့ တရုတ်တော်လှန်ရေး ခေါင်းဆောင်ရဲ့အလောင်းကို တာရှည်ခံအောင် ဆေးစီရင်ပြီး ၁၉၇၇ ခုနှစ် ကတည်းက ပြသထားတာဖြစ် ပါတယ်။

မော်စီတုန်းရဲ့အလောင်းကို ပေကျင်းမြို့ တီယန်မင် ရင်ပြင်မှာ ရှိတဲ့ မော်စီတုန်း အ မှတ်တရ ခန်းမထဲက မှန်ခန်း တစ်ခုထဲမှာ ထည့်ထားပါတယ်။

တရုတ်ပြည်သူ့ နေ့စဉ် သတင်းစာရဲ့ ဖော်ပြချက်တွေအရ မော်စီတုန်းရဲ့ အလောင်းကို ဖော်မလင်နဲ့ တခြား ထိန်းသိမ်းရေး အရည်တွေထဲ စိမ်ပြီး ထားခဲ့တယ်လို့ သိရပါတယ်။

ဒါပေမဲ့ ဒီကနေ့ မှာတော့ မော်စီတုန်းရဲ့အလောင်းကို အရည်တွေထဲမှာ စိမ်ထားတာ မတွေ့ရတော့ပါဘူး။

မော်စီတုန်းဂူဗိမာန်ကို ပိတ်လိုက်ပြီးတဲ့နောက် အပူချိန်နိမ့်အောင် ပြုလုပ်ထားတဲ့ ကွန်တိန်နာတစ်ခုထဲမှာ အလောင်းကိုထားပြီး ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

ဖာဒီနန်မားကို့စ်

ဖိလစ်ပိုင်မှာ နှစ် ၂၀ ကြာ သမ္မတလုပ်ခဲ့တဲ့ ဖာဒီနန်မားကို့စ်ဟာ အသက် ၇၂ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။ ခြစားမှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဆန့်ကျင်တဲ့ “ပြည်သူ့အာဏာ” လို့ခေါ်တဲ့ သွေးထွက်သံယိုမှု မရှိခဲ့တဲ့ တော်လှန်ရေးတစ်ရပ် ဖြစ်ပွားစဉ်အတွင်းမှာ မားကို့စ်ဟာ သူ့မိသားစု နဲ့အတူ သမ္မတ နန်းတော်ကနေ ထွက်ပြေးရပါတယ်။ သူဟာ နောက်သုံးနှစ်အကြာ ၁၉၈၉ ခုနှစ်မှာ ပြည်ပြေးဘဝနဲ့ အမေရိကန်မှာ ကွယ်လွန်ခဲ့ပါတယ်။

သူ့အလောင်းကို ထိန်းသိမ်းဖို့ ဓာတုအရည်တွေ ပုံမှန်ထိုးခဲ့ပါတယ်။ ၁၉၉၃ ခုနှစ်မှာတော့ မားကို့စ်ရဲ့အလောင်းကို ဖိလစ်ပိုင်မြောက်ပိုင်းမှာရှိတဲ့ သူ့ရဲ့ဇာတိမြို့ ဘာတက်ကို သယ်ယူလာပြီး ဂူဗိမာန် တစ်ခုမှာထားလို့ အများပြည်သူကို ပြသထားခဲ့ပါတယ်။

သူကွယ်လွန်ပြီး နှစ် ၃၀ နီးပါးအကြာမှာတော့ သူ့အလောင်းက ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်စရာ တစ်ခုသာမက နိုင်ငံရေးသမားတွေ နိုင်ငံရေး ကစားစရာ တစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။ လွန်ခဲ့တဲ့လများက သူ့ရဲ့ ဂူဗိမာန်ပြတိုက်ကို ပိတ်လိုက်ပြီးနောက် ထပ်အကြောင်းကြားစာ ထပ်မရသေးခင် အထိ ပြန်ဖွင့်လို့မရပါဘူး။

မားကို့စ် မိသားစုက မားကို့စ်ရဲ့ အလောင်းကို မနီလာမြို့က အမျိုးသား သူရဲကောင်းများ ဂူသင်္ချိုင်းမှာ မြှုပ်နှံပေးဖို့ ကာလကြာရှည်စွာကတည်းက တောင်းဆိုလာတဲ့ဆန္ဒကို ဖြည့်ဆည်းပေးမယ်လို့ သမ္မတသစ် ရိုဒရီဂိုဒူတာတေးက အာမခံလိုက်ပြီး မကြာမီမှာပဲ ဂူဗိမာန်ပါ ပိတ်လိုက်ရတာ ဖြစ်ပါတယ်။

မားကို့စ် အလောင်းကို သူရဲကောင်းများ ဂူသင်္ချိုင်းမှာ မြှုပ်နံှဖို့ ကြေညာတာဟာ တရားမဝင်ဘူးဆိုပြီး ကန့်ကွက်ဖို့ ကြိုးစားနေတဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရသူတွေရဲ့ အသနားခံစာကို ကြားနာဖို့ အစိုးရက ပြင်ဆင်နေမှုတွေကို အမြင့်ဆုံး တရားရုံးက ပိတ်ဆို့တားဆီးလိုက်ပါ တယ်။

ကင်အီဆွန်းနှင့် ကင်ဂျုံအီ

မြောက်ကိုရီးယားနိုင်ငံ ထူထောင်သူ သမ္မတ ကင်အီဆွန်း နဲ့ သူ့သား ကင်ဂျုံအီ တို့ရဲ့ အ လောင်းတွေကို ပြုံယန်းမြို့ ဆန်းဂူ ဗိမာန်က ကမ်ဆူဆန် နန်းတော်မှာ အမြဲတမ်း ပြသထားပါတယ်။

၁၉၉၄ ခုနှစ်မှာ ကင်အီဆွန်း နှလုံးရောဂါနဲ့ ကွယ်လွန်တော့ မြောက်ကိုရီးယားရဲ့ အန္တိမ သမ္မတကြီးရဲ့ အလောင်းကို တာရှည်ခံအောင် ထိန်းသိမ်းဖို့ ရုရှား သိပ္ပံပညာရှင်တွေက အကူအညီ ပေးခဲ့ပါတယ်။ ကင်အီဆွန်းရဲ့ အလောင်းကို မှန်ခေါင်းထဲမှာ ထည့်ထားပြီး သူ့မျက်နှာကို သွေးရောင် သမ်းသလို နီရဲနေစေဖို့ မီးရောင် အကူအညီကိုလည်း ရယူထား ပါတယ်။

၂၀၁၁ ခုနှစ် ဒီဇင်ဘာမှာ နှလုံး ရောဂါနဲ့ပဲ ကင်ဂျုံအီ ကွယ်လွန်ပြန်တော့ ရုရှားတွေကပဲ အလောင်းကို တာရှည်ခံအောင် စီမံဖို့ ကူညီခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ ဒီကနေ့ ခေါင်းဆောင် ဖြစ်တဲ့ ကင်ဂျုံအွန်ဟာ သူရဲ့ အနီးကပ် လက်ထောက်တွေနဲ့အတူ ကင်အီဆွန်း မွေးနေ့လိုမျိုး မြောက်ကိုရီးယားနိုင်ငံရဲ့ အထင်ကရနေ့တွေမှာ ဂူဗိမာန်ကို လာရောက်ပြီး သူရဲ့ အဘိုးနဲ့ အဖေကို ဂါရ၀ ပြုပါတယ်။

ပြည်ပက ဧည့်သည်တွေကို တစ်ပတ်မှာ နှစ်ရက် (ကြာသပတေးနဲ့ တနင်္ဂနွေ) ဂူဗိမာန်ကို ဝင် ခွင့်ပြု ပါတယ်။ ဒါပေမဲ့ ဝတ်စားဆင်ယင်မှု အတွက် တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်ထားပြီး အလောင်းတွေရဲ့ ရှေ့မှာ ဦးညွတ် ဂါရဝပြု ရပါတယ်။

Ref:AFP