Wednesday, April 14, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

တစ်ဦးတည်းသော ကမ္ဘာ့အဆင့် ဆုတံဆိပ် ၈ခုရှင် လက်ဝှေ့ချန်ပီယံ

by Thutamm
October 19, 2020
Reading Time: 1min read
0
တစ်ဦးတည်းသော ကမ္ဘာ့အဆင့် ဆုတံဆိပ် ၈ခုရှင် လက်ဝှေ့ချန်ပီယံ
Share on FacebookShare on Twitter

(Unicode)

ရေးသားသူ – Ko Phyo Ko Ko Naing

“ကမ္ဘာက ဘယ်လို ပုံလဲ” (လုံးတယ် ဆရာ) ၊ “တခြားလူ အတွက်တော့ ကမ္ဘာက လုံးတယ်၊ မင်းကမ္ဘာကတော့ လေးထောင့်ပဲ၊ ပေ ၂၀ ပတ်လည်ရှိတဲ့ ဒီကြိုးဝိုင်းဟာ အခု မင်းရဲ့ကမ္ဘာပဲ” (ဟုတ် ဆရာ)။ မြန်မာ-အိန္ဒိယ နယ်စပ်၊ မဏိပူရနယ် တောရွာထဲက ဆင်းရဲတဲ့ မိသားစုက မွေးပြီး အရပ် ၅ ပေ ၂ လက်မပဲ ရှိတဲ့၊ ချူနီဇန် (Chungneizang) ဆိုတဲ့ ကောင်မလေးရဲ့ အိမ်မက်က ဘောက်ဆင် (Boxing) ထိုးချင်တာ၊ ရှေးရိုး အယူအဆ သိပ်ကြီးတဲ့ အသိုင်းအဝိုင်းမှာ ဒါကို လက်မခံနိုင်ဘူး …

သူအဖေဆို လုံးဝ ခွင့်မပြုဘူး၊ မျက်နှာ အလှအပ မရှိတဲ့ မိန်းကလေးကို ဘယ်ယောင်္ကျားက ယူမလဲတဲ့၊ အိမ်ထောင်မပြုနိုင်တဲ့ မိန်းကလေးဆို အိန္ဒိယမှာ ဂုဏ်မရှိဘူး၊ ဒီတော့ သူက အဖေ မသိအောင် လေ့ကျင့်တယ်၊ ပြင်းပြင်းထန်ထန်ကို လေ့ကျင့်တယ်၊ တနေ့တော့ အဖေ သိမယ့် အချိန်ရောက်လာတယ်၊ ဘယ်အချိန်လဲဆိုတော့ သူ အသက် ၁၇ နှစ်မှာ ပြည်နယ် ဘောက်ဆင် ချန်ပီယံ ဆုရလို့ သတင်းစာထဲမှာ သူ့ဓာတ်ပုံ ပါလာတဲ့ အချိန် …

“မင်း ဘောက်ဆင်နဲ့ယှဉ်ရင် အကုန် စွန့်လွတ်ရဲရမယ်၊ မင်းပိုင်ဆိုင်တဲ့ အရာတွေ အချိန်တွေ၊ ပျော်ရွှင်မှုတွေ … အိုကွာ မင်းရဲ့ ဖြစ်တည်မှုတောင် စွန့်လွတ်ရဲရမယ်၊ ဒီလိုလူတွေရဲ့ နာမည်ကိုပဲ သမိုင်းမှာ ရေးလို့ရတယ်” (ဟုတ် ဆရာ)

ပြည်နယ်ဘောက်ဆင် ချန်ပီယံ ဖြစ်တာ အဖေသိသွားတော့ ဒေါသူပုန်ထပြီး ဒီလိုမေးတယ် …“ငါ တခွန်းထဲ မေးမယ်၊ ဘောက်ဆင် ကို ရွေးမှာလား၊ အဖေကို ရွေးမှာလား”(သမီး ဘောက်ဆင် ကို ရွေးတယ်) ၊ ပြင်းပြတဲ့ ဆန္ဒဇောတွေနဲ့ ချူနီဇန် ဟာ မဏိပူရရဲ့ ရွာငယ်လေးကနေ ကမ္ဘာစင်မြင့်ပေါ် တက်ဖို့ အဆင်သင့် ဖြစ်နေပြီ …“သနားတာကို သူနာပြုတွေ လုပ်လိမ့်မယ်၊ ဆေးကုတာက ဆရာဝန်တွေ အလုပ်၊ မင်း အလုပ်က ပြိုင်ဘက်ကို ဆက်တိုက် ဆက်တိုက် ဆက်တိုက် ထိုးဖို့ပဲ” (ဟုတ် ဆရာ)။ နာမည်ကျော် ဘောက်ဆင်နည်းပြ ဟာ သူကို သိပ်အားရနေတယ်၊ သူပုံသွင်းသလို ဖြစ်နေတဲ့ ချူနီဇန် ကို နာမည်သစ်တစ်ခု ပေးလိုက်တယ်၊ မယ်ရီကွန်း (Mary Kom) တဲ့၊ မယ်ရီကွန်းဟာ အိန္ဒိယ ဘောက်ဆင် သမိုင်းကို အသစ်ရေးဖို့ အဆင်သင့် ဖြစ်နေပြီ …

၂၀၀၁ အမေရိကန်မှာ ကျင်းပတဲ့ ကမ္ဘာ့အမျိုးသမီး ဘောက်ဆင် ပြိုင်ပွဲမှာ ငွေတံဆိပ် စရတယ် …။၂၀၀၂ တူရကီ ကမ္ဘာ့အမျိုးသမီး ဘောက်ဆင် ပြိုင်ပွဲမှာ ရွှေရတယ်၊ အိန္ဒိယ ဇနပုဒ်က မယ်ရီကွန်း ကမ္ဘာ့ချန်ပီယံ စဖြစ်ပြီ …။၂၀၀၅ ရုရှားမှာ ဒုတိယ အကြိမ် ကမ္ဘာချန်ပီယံ ထပ်ဖြစ်တယ် …။၂၀၀၆ မိခင်နိုင်ငံ အိန္ဒိယမှာ တတိယအကြိမ် ကမ္ဘာချန်ပီယံ ထပ်ဖြစ်တယ် …။ သူ့ရဲ့ အောင်မြင်မှု အထွတ်အထိပ်ရောက်နေပြီ၊ ဘောက်ဆင်ထိုးဖို့ အပြင်းအထန် ကန့်ကွက်ခဲ့တဲ့ ဖခင်ဟာ သမီး ပထမဆုံး ကမ္ဘာချန်ပီယံ ဖြစ်ထဲက ကန့်ကွက် တားဆီးခဲ့မှုတွေ အတွက် တောင်းပန်ခဲ့ပြီး သားအဖ ပြန်ပေါင်းထုတ်ခဲ့တယ် …

အသက် ၁၇ နှစ်မှာ အဖေကို ပုန်ကန်ခဲ့တဲ့ မယ်ရီကွန်းဟာ အသက် ၂၃ မှာတော့ အချစ်ကို မတော်လှန်နိုင်တော့ဘူး။ ၂၀၀၀ ခုနှစ်မှာ ခင်ပွန်း ဖြစ်လာမယ့် ဘောလုံး အားကစားသမား အွန်လာ (Ongler) နဲ့ စတွေ့ပါတယ်၊ သူမ ဘန်ဂလော ကို သွားဖို့ ရထားပေါ်မှာ ခရီးဆောင်အိတ် ပျောက်တဲ့ အချိန် စတွေ့ပြီး သူ့ကို ကူညီခဲ့တဲ့သူပါ၊

သူ့အနားမှာ အမြဲ အားပေးနေတဲ့ အွန်လာနဲ့ သူငယ်ချင်း အရင်ဖြစ်၊ နောက်တော့ ချစ်သူ ဖြစ်သွားပြီး ၄ နှစ် အကြာမှာ လက်ထပ်လိုက်ကြတယ်၊ ကမ္ဘာချန်ပီယံ သုံးခါ ရထားတဲ့ အားကစားသမား အတွက် အကောင်းဆုံး အချိန်ဖြစ်နေတော့ ဒီလက်ထပ်ပွဲကို သူရဲ့ နည်းပြ ဆရာက ခါးခါးသီးသီး ကန့်ကွက်တယ် …
“ဘောက်ဆင်က မင်းဘဝဆို၊ ကမ္ဘာ့ချန်ပီယံ သုံးကြိမ်ရတာနဲ့ မင်းဘဝက ပြီးပြီလား” (ကျွန်မ ဘောက်ဆင်ကို မစွန့်လွတ်ဘူး ဆရာ)

“လက်ထပ်ပြီးရင် အကုန် ပြောင်းလဲသွားမှာကို မင်း နားမလည်ဘူးလား၊ သံယောဇဉ်တွေ၊ ရိုးရာဓလေ့တွေက အကုန် အတားအဆီး ဖြစ်ကုန်မှာ၊ မင်းလက်အိတ် အိမ်ထောင့်မှာ ဖုန်တက်နေမှာကို မင်းလက်ခံနိုင်လား” (အွန်လာက ဘောက်ဆင် ဆက်ထိုးဖို့မတားပါဘူး ဆရာ)

“မင်းအခု ရွှေရောင်အချိန် ရောက်နေပြီ၊ နောက်နှစ်နည်းနည်းကြာမှ လက်ထပ်လို့ မရဘူးလား” (တောင်းပန်ပါတယ် ဆရာ)။ “ငါမင်းကို သိပ်မျှော်လင့်ခဲ့တယ် မယ်ရီကွန်း၊ အမျိုးသမီး ဘောက်ဆင်သမိုင်းကို အသစ်ရေးမယ့် သူလို့ တောင် ထင်ခဲ့တယ်၊ မင်းဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုကိုယ် အလဲပြန်ထိုးခဲ့တဲ့ ကစားသမားပဲ၊ ဒီဆုံးဖြတ်ချက်ကို တနေ့ မင်းနောင်တရလိမ့်မယ်၊ ငါဆီဘယ်တော့မှ ပြန်မလာနဲ့တော့”

သူ အသက် ၁၆ နှစ်တုန်းက ဖအေနဲ့ ဘောက်ဆင် အတိုက်အခံ ဖြစ်တော့ ဘောက်ဆင်ကို ရွေးချယ်ခဲ့တယ်၊ ဒီတခါကျတော့ ငယ်ဆရာနဲ့ ချစ်သူကြားမှာ မျှော်လင့်ချက်တွေနဲ့ စွန့်စားပြီး အချစ်ကို ရွေးချယ် လိုက်တယ်၊ ဆရာကို မင်္ဂလာဆောင် ဖိတ်စာပို့ပေမယ့် ဆရာက မလာတော့ပါဘူး၊ ကဲ ဘာတွေ ဆက်ဖြစ်မလဲ …လေးကြိမ်မြောက် ချန်ပီယံဖြစ်ဖို့ လေ့ကျင့်တုန်း မရည်ရွယ်ဘဲ ကိုယ်ဝန် ရှိလာတယ်၊ ခင်ပွန်း ဖြစ်တဲ့ အွန်လာ ကတော့ ဝမ်းတွေသာ၊ မိသားစု ဘဝ ရပြီပေါ့၊ မယ်ရီကွန်းကတော့ ဝေခွဲမရ၊ မိသားစု အားလုံးရဲ့ ဆန္ဒနဲ့ပဲ ဒီကိုယ်ဝန်ကို ယူလိုက်ပါတယ်၊ ပြိုင်ပွဲ ကို လက်လွတ်လိုက်ရတယ်၊ ကလေးကလည်း အမွှာမွေးလာတယ် …

ကလေးတွေက တော်တော် ချူချာတယ်၊ တစ်ယောက်က မွေးရာပါ နှလုံးမှာ အပေါက်ပါလာတယ်၊ ကလေးတွေ ပြုစုရတာနဲ့ ဘယ်ပြိုင်ပွဲမှ သူ မပြိုင်နိုင်တော့ပါဘူး၊ အိန္ဒိယ ကိုယ်စားပြု အမျိုးသမီး ဘောက်ဆင်ပွဲတွေ ရှုံးနေတာကို တီဗီကကြည့်တိုင်း ကလေးထိန်းရင်း ဒေါသထွက်နေ၊ ကြေကွဲနေတာက သူ …မိန်းမ တစ်ယောက် အတွက် အောင်မြင်မှုနဲ့ မိသားစုကို ယှဉ်ရွေးရမယ် ဆိုရင် ဘာကို ဦးစားပေးကြမလဲ၊ မိခင်စိတ် သဘာဝ ပေါ်လာတော့ မယ်ရီကွန်းဟာ မိသားစုကိုပဲ ရွေးချယ်ဖို့ စီစဉ်ပါတယ်၊ မကျန်းမာတဲ့ ကလေးကို စောင့်ရှောက်ပြီး အိမ်ရှင်မပဲ လုပ်တော့မယ် ဆုံးဖြတ်တယ်၊ ဧည့်ခန်းမှာ ချိတ်ထားတဲ့ ဆုတံဆိပ်တွေကို ထုတ်ပြီး ဝတ်ကြည့်တယ်၊ ခင်ပွန်းကို လှမ်းခေါ်တယ် …(ငါကို ဒီ ဆုတွေနဲ့ ဓာတ်ပုံ ရိုက်ပေးပါ၊ ဒါ ငါ ဆုတံဆိပ် ဝတ်ရိုက်ရတဲ့ နောက်ဆုံး ဓာတ်ပုံပါပဲ၊ ဧည့်ခန်းဆိုတာ မိသားစုပုံပဲ ချိတ်သင့်ပါတယ်၊ ဒီဆုတွေ အကုန် သိမ်းလိုက်တော့မယ်)

အွန်လာလည်း ဇနီးသည်ကို ငိုင်ကြည့်နေမိတယ်၊ လက်ထပ်ခွင့်တောင်းတုန်းက ဇနီးရဲ့ တောင်းဆိုမှုကို ပြန်မြင်ယောင်လာတယ်၊ သူမကို တသက်လုံး ကြိုးဝိုင်းထဲကနေ ဆွဲ မထုတ်ဖို့ ကတိပေးပါတဲ့၊ သူကတိပေးခဲ့တယ်လေ …(ယောင်္ကျားရေ ငါ ရယ်စရာ ပြောပြဦးမယ်၊ ဟိုနေ့က ငါကို ရှေ့မှာထားပြီး ကျောင်းသူလေးတွေက မယ်ရီကွန်းကို တွေ့ရင် အမှတ်တရ လက်မှတ်ထိုးခိုင်းမယ်တဲ့၊ ငါကို ဘယ်သူမှန်းတောင် မသိတော့ဘူး)

ငိုနေတဲ့ မျက်လုံးတွေနဲ့ ရီပြီး ပြောနေတော့ အွန်လာ ဆုံးဖြတ်ချက် ပြတ်သားသွားတယ် …(ကမ္ဘာကြီးက ငါကို မေ့သွားပါပြီ ယောင်္ကျားရေ)။ “ဘယ်သူက ပြောလဲ၊ နင် ဘောက်ဆင် ပြန်ထိုးလို့ရတယ်လေ” (အွန်လာ ငါဘယ်လို ပြန်ထိုးရမှာလဲ၊ ဒီအခြေအနေနဲ့ ဘယ်သူက ထိုးနိုင်မှာလဲ)

“ဇနပုဒ်က လယ်သမားသမီး ဘဝနဲ့တောင် နင် ကမ္ဘာချန်ပီယံ သုံးခါ ယူနိုင်ခဲ့တယ်လေ၊ ဒါမျိုးကော အရင်က ဘယ်သူ လုပ်နိုင်ဖူးလဲ” (အဲတုန်းက ငါ ကလေး နှစ်ယောက် အမေမဟုတ်ဘူး၊ နင်သိလား ကလေးမွေးပြီးရင် မိန်းမတစ်ယောက်ရဲ့ ခန္ဓာကိုယ်က ဘယ်လောက်ပြောင်းသွားလဲဆိုတာ၊ ငါအရင်လို အင်အားတွေ မရှိတော့ဘူး၊ ကြိုးခဏ ပြန်ခုန်ရင်တောင် မောနေပြီ) “ငါသိပါတယ်၊ ဒါကို ကျော်လွှားပြီး ချန်ပီယံ ပြန်ဖြစ်အောင် လုပ်နိုင်မယ့်သူ ကမ္ဘာမှာ တစ်ယောက်ပဲ ရှိတယ်ဆိုရင် အဲဒါ နင်ပဲ”

(နင် တကယ် ပြောနေတာလား၊ ဒါဆို ကလေးတွေကို ဘယ်သူကြည့်မှာလဲ) “ငါကြည့်မယ်”။ (နင် ဘောလုံး ဘယ်လို ကစားမလဲ၊ အလုပ်တွေ အကုန်ပျက်ကုန်မှာပေါ့)။ “ဒါက ငါ စီစဉ်ပါမယ်၊ နင်မစဉ်းစားနဲ့တော့၊ နင် ဘောက်ဆင် ပြန်ထိုးဖို့သာ ပြင်တော့”။ ယောင်္ကျားရဲ့ အားပေးစကားနဲ့ မယ်ရီကွန်း ဘောက်ဆင် ပြန်ထိုးပြီ၊ အွန်လာက မိသားစုနဲ့ ကလေးတာဝန် ယူပေးတယ်၊ မယ်ရီကွန်း အားကစား ပြန်လုပ်နိုင်အောင် စားစရာက အစ စီစဉ်ပေးတယ်၊ ပြန်လေ့ကျင့်ပေမယ့် အရင်က သက်လုံ မရတော့ဘူး …

နိုင်ငံအဆင့် ပြိုင်ပွဲ ပြန်ဝင်တာ အမှတ်နဲ့ ရှုံးတယ်၊ ဒေါသထွက်ပြီး ဒိုင် ဆုံးဖြတ်ချက်ကို ကန့်ကွက်လို့ ဘောက်ဆင် ထိုးခွင့် ပိတ်ခံရတယ်၊ စိတ်ဓာတ်က အောက်ဆုံးရောက်နေပြီ၊ နောက်ဆုံးတော့ မယ်ရီကွန်း အဆက်အသွယ် ပြတ်နေတဲ့ ငယ်ဆရာဆီ ကလေး နှစ်ယောက်ကို ပိုက်ပြီး ရောက်လာတယ် …“ဆရာ ကျွန်မ ဘောက်ဆင်လောကထဲ ပြန်လာပြီ၊ ဒါပေမယ့် မနိုင်တော့ဘူး၊ ကစားသမား ဘဝ အကောင်းဆုံး အချိန်မှာ လက်ထပ်ခဲ့တာကို စိတ်ဆိုးနေမှန်း သိပါတယ်၊ ချူနီဇန်ကို မိဘတွေက မွေးခဲ့ပေမယ့် မယ်ရီကွန်းကို ဆရာက မွေးခဲ့တာပါ၊ မယ်ရီကွန်းဟာ ခု ကလေးနှစ်ယောက် အမေဖြစ်နေပြီး အင်အား နည်းနေပါပြီ၊ အခု ဆရာ အကူအညီ လိုနေပါပြီ”

ဆရာလည်း သူမွေးထုတ်ခဲ့တဲ့ မယ်ရီကွန်းကို ကြည့်ပြီး မတ်တပ်ထရပ်တယ်၊ စိတ်ဓာတ်တွေ အောက်ဆုံးရောက်နေတဲ့ ၃ ကြိမ်ဆက်တိုက် ကမ္ဘာ ချန်ပီယံဟောင်းကို ဒီစကားလေး ပြောပါတယ် … “မယ်ရီကွန်း မင်း သိလား၊ မိန်းမတွေမှာ ထူးခြားချက် ရှိတယ်၊ အမေဖြစ်သွားရင် အရင်ကထက် နှစ်ဆ ပိုသန်မာ လာတာပဲ၊ မင်းအင်အားက နှစ်ဆတိုးနေပြီ၊ နှစ်ဆ လေ့ကျင့်ဖို့သာ ပြင်ပေတော့”တဲ့

ဆရာနဲ့ တပည့် ပြန်ပေါင်းထုတ်ကြတယ်၊ သူ ပြန်လေ့ကျင့်ပြီ၊ နှစ်နှစ်တာ ဝေးသွားတဲ့ လေ့ကျင့်မှုတွေ ပြန်စတယ်၊ နောက်ဆုံးတော့ အခက်အခဲ များစွာ ကျော်လွှားပြီး ၂၀၀၈ တရုတ်ပြည်မှာ ကျင်းပတဲ့ ကမ္ဘာအမျိုးသမီး ဘောက်ဆင်ပြိုင်ပွဲမှာ ရွှေတံဆိပ် ပြန်ရတယ် …၂၀၁၀ မှာလည်း ချန်ပီယံဆုကို ဆက်ထိန်းသိမ်းနိုင်ပြီး ငါးကြိမ်မြောက် ကမ္ဘာ့ ဘောက်ဆင် ချန်ပီယံ ထပ်ဖြစ်ခဲ့တယ် …၂၀၁၂ လန်ဒန် အိုလံပစ်မှာတော့ ကြေးတံဆိပ် ထပ်မံရရှိခဲ့ပြီး ဒီအတွက် အိန္ဒိယ အစိုးရက ဒေါ်လာ ၂၆၇၀၀၀ တန်ဖိုး ဆုချီးမြင့်ခဲ့ပါတယ် …

သူမဟာ သမိုင်းတစ်လျှောက်မှာ တစ်ဦးတည်းသော ကမ္ဘာ့ချန်ပီယံ ရွှေတံဆိပ် ခြောက်ကြိမ်ရထားတဲ့၊ ငွေတံဆိပ် တစ်ကြိမ် ၊ ကြေးတံဆိပ် ၁ကြိမ် ရထားတဲ့ ကစားသမား ဖြစ်ပါတယ် …မယ်ရီကွန်း ရခဲ့တဲ့ တခြားသော ဆုတွေကတော့ ဝီကီမှာပဲ ရှာဖတ်ဖို့ ညွှန်ပါတယ်၊ ကမ္ဘာအဆင့် အမျိုးသမီး ဘောက်ဆင်ပွဲများ အတွက် Brand Ambassador အဖြစ်ဆောင်ရွက်နေသလို ၂၀၁၆ ကနေ ၂၀၂၂ သက်တမ်းကာလ အတွက် အိန္ဒိယ အထက် လွှတ်တော် အမတ် အဖြစ် ရွေးကောက်ခံထားရတယ် …၂၀၁၃ မှာ မယ်ရီကွန်းဟာ တတိယသားကို ထပ်မွေးဖွားခဲ့ပါတယ်၊ ခုချိန်မှာ အောင်မြင်တဲ့၊ သာယာတဲ့ အိမ်ထောင်ရေးကို သူတို့စုံတွဲ တည်ဆောက် ထားနိုင်ပါတယ် …

သူအကြောင်းကို နာမည်ကျော် ဘောလိဝုဒ်မင်းသမီး ပရီယန်ကာချိုပရာနဲ့ ရုပ်ရှင် ရိုက်ခဲ့ပါတယ်၊ မင်းသမီးက သူဘဝမှာ အခက်ခဲဆုံး ကြိုးစားခဲ့ရတဲ့ ရုပ်ရှင်လို့ ညွှန်းပါတယ်၊ မယ်ရီကွန်းလို အားကစားသမား ကိုယ်လုံးရဖို့ ၃ လ အပြင်းအထန် လေ့ကျင့်ခဲ့ရတယ် ဆိုတယ်၊ ရုပ်ရှင်ကို ဘတ်ဂျက် ရူပီး သန်း ၁၅၀ သုံးရိုက်ခဲ့ပြီး ရူပီး ၁.၀၄ ဘီလီယံ ဝင်ငွေ ရရှိ အောင်မြင်ခဲ့ပါတယ် …

ဒီရုပ်ရှင်လေးကို ကြည့်ပြီး စိတ်ဝင်စားသွားလို့ ဝီကီမှာ ရှာဖတ်ကြည့်ပြီး ရေးလိုက်တာပါ၊ ရေးနေရင်း တွေးမိတာက ကလေး အမေ ဘဝ၊ ခက်ခဲလှတဲ့ အနေအထားကနေ မယ်ရီကွန်း ကမ္ဘာ ချန်ပီယံ နှစ်ကြိမ် ပြန်ယူနိုင်ခဲ့တာကိုပါ၊ သူ့ဆရာ နဲ့ ခင်ပွန်းဟာ မယ်ရီကွန်းကို ကမ္ဘာဘောက်ဆင် သမိုင်း စံချိန်တင်ဖို့ များစွာ အထောက်အကူ ပြုခဲ့ကြပါတယ် …

ဆရာကတော့ သူကို ယောင်္ကျားတစ်ယောက်ထက် ပိုမို မာကျောတဲ့ စိတ်ဓာတ် ဖြစ်လာအောင် ရိုက်သွင်းခဲ့တယ်၊ ကလေးမွေးပြီး ခန္ဓာဗေဒ အပြောင်းအလဲကြောင့် စိတ်ဓာတ်ကျနေတဲ့ ကမ္ဘာချန်ပီယံဟောင်းကို မိန်းမတွေဟာ မိခင်ဖြစ်ရင် ပိုတောင်သန်မာ လာတယ်လို့ အားပေးခဲ့တယ် …

ခင်ပွန်းကတော့ မယ်ရီကွန်း အတွက် ဘုရားကပေးတဲ့ လက်ဆောင် ပါပဲ၊ ဇနီးသည် ဆန္ဒကို ဖြည့်ဆည်း ပေးချင်လို့ ကလေးထိန်းတဲ့ တာဝန် ပြောင်းယူခဲ့ပါတယ်၊ ပတ်ဝန်းကျင်ရဲ့ ဝင်ငွေမရှာဘဲ အမျိုးသမီးနားမှာ မှီခိုစားတယ် ဆိုတဲ့ ဝေဖန်မှုတွေကို တောင့်ခံရင်း ပါရမီ ဖြည့်ခဲ့တယ်၊ မယ်ရီကွန်း အမေ့ခံဘဝကနေ ပြန်လည် နိုးထလာခဲ့ပြီး တကျော့ပြန် ကမ္ဘာ ချန်ပီယံ ပြန်ဖြစ်လာအောင် သူ့ရည်မှန်းချက်နဲ့ အလဲအထပ် လုပ်ခဲ့ပါတယ် …

အောင်မြင်တဲ့ အမျိုးသားတွေ နောက်မှာ အမျိုးသမီးတွေ ရှိသလို အမျိုးသမီးတွေ နောက်ကွယ်မှာလည်း အမျိုးသားတွေ ရှိတာပါပဲ၊ ကန့်လန်ကာ နောက်ကွယ်ထဲမှာ ပတ်ဝန်းကျင် ဝေဖန်မှုတွေကို တောင့်ခံပြီး ချစ်သူကို ပါရမီဖြည့်နေတဲ့ အမျိုးသားတွေလည်း ရှိပါတယ်၊ နိုင်ငံတော် အတိုင်ပင်ခံရဲ့ နောက်ကွယ်မှာ ပါရမီဖြည့်ခဲ့တဲ့ ခင်ပွန်း ရှိခဲ့သလိုမျိုးပေါ့ …

တကယ်တော့ ချစ်ခြင်းမေတ္တာ စစ်ရင် ငါကပဲ ဦးဆောင်သူ ဖြစ်ရမယ် ဆိုတာ မရှိတော့ပါဘူး၊ ယောင်္ကျား၊ မိန်းမ မခွဲဘဲ လိုသလို ပါရမီ ဖြည့်သွားတာပါပဲ၊ ဒါကမှ တကယ့် Relationship Goal ဖြစ်ပါလိမ့်မယ် …

Source from –
https://en.wikipedia.org/wiki/Mary_Kom
https://en.wikipedia.org/wiki/Mary_Kom_(film)

Phyo Ko Ko Naing

Tags: Sport people

Related Posts

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်
People

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်

၉.၁.၂၀၂၁ ရက်နေ့ Forbes ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ စာရင်းကို ကိုးကားထားခြင်းဖြစ်ပါတယ်။ ၁၀။ ဆာဂေးဘရင် ပြီးခဲ့တဲ့နှစ်က အဆင့် ၁၀ နေရာမှာရှိခဲ့တဲ့ အိန္ဒိယသူဌေးကြီး မာခက်ရှ် အမ်ဘန်နီက အဆင့် ၁၃ နေရာကိုရောက်သွားပြီး ဂိုဂဲရဲ့ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့...

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ
People

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ

ကျည်ကာအင်္ကျီတွေကိုတော့ စစ်ဘက်ဆိုင်ရာနဲ့ တကိုယ်ရေ ကာကွယ်မှုဆိုင်ရာ ကဏ္ဍတွေမှာအသုံးပြုကြပါတယ်။ ကျည်ကာအင်္ကျီတွေကိုတော့ အပူခံနိုင်ပြီး အလွန်မာကြောခိုင်ခံ့တဲ့ Kevlar လူလုပ်ဖိုက်ဘာမျှင်နဲ့ ဖန်တီးပြုလုပ်ထားတာဖြစ်ပါတယ်။ Kevlar ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ဝန်းကျင်ကတည်းက ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး တီထွင်ခဲ့သူကတော့ အမျိုးသမီးတဦးဖြစ်ပါတယ်။ သူအမှန်တကယ်တီထွင်ခဲ့တာက...

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု
Knowledge

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု

မိုနာလီဇာပန်းချီကားနဲ့ ကျော်ကြားတဲ့ လီယိုနာဒိုဒါဗင်ချီဟာ ပုံမှန်လူသားတယောက်ထက် ထူးကဲကာ အံ့ဖွယ်အနုသုခုမ ရှေးဦးပညာရှင်၊ ဆေးဘက်ဆိုင်ရာ စွန့်ဦးတီထွင်သူ နဲ့ ဖန်တီးမှုနည်းပညာ စတဲ့နယ်ပယ်ပေါင်းစုံမှာ ကြီးကျယ်တဲ့ တီထွင်မှုတွေကို ပြုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ ဒါကြောင့်လည်း သမိုင်းတလျှောက် အတော်ဆုံး တီထွင်သူတွေကို...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!