၂၀ရာစုအစမှာ သင်ဟာ ပိုက်ဆံအရမ်းချမ်းသာသူတစ်ယောက် ဖြစ်ပြီး အတ္တလန္တိတ် သမုဒ္ဒရာကိုဖြတ်ပြီး ခရီးသွားချင်တယ် ဆိုပါစို့။ ဒါဆိုရင် တစ်ခုတည်းသော နည်းလမ်းက သင် သင်္ဘော တစ်စီးဝယ်ပြီးတော့ လနဲ့ချီအောင် အချိန်ပေးပြီးသွားရမှာဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ခရီးသွားလေယာဉ်တွေမပေါ်သေးလို့ ဘယ်လောက်ချမ်းသာသာ သင်္ဘောနဲ့ပဲ သွားရမှာဖြစ်ပါတယ်။
လူသားတွေဟာ လေပေါ်ကိုပျံသန်းနိုင်ဖို့ အမျိုးမျိုးကြံစည်ခဲ့ကြပြီးတဲ့နောက် ၁၉၀၃ ခုနှစ်မှာတော့ ရိုက်ညီနောင်ဟာ သူတို့တီထွင်ထားတဲ့ စက်တပ်လေယာဉ် Wright Flyer နဲ့ လေပေါ်မှာ ၁မိနစ်ခန့်အထိ ပျံသန်းအောင်မြင်ခဲ့ပါတယ်။ အဲဒီနောက်တော့ လေယာဉ်တွေကို စတင်ထုတ်လုပ်လာပြီဖြစ်ပေမယ့် ခရီးသည်တွေအတွက်တော့ ဖြစ်မလာခဲ့ပါဘူး။ လေယာဉ်တွေနဲ့ အပြိုင် ခေတ်စားလာတာကတော့ လေသင်္ဘောတွေပါ။
လေသင်္ဘောဆိုတာကတော့ ဓာတ်ငွေ့ဖြင့် ပျံသန်းရသော သို့မဟုတ် လေထက်ပေါ့သော ယာဉ်တစ်မျိုး ဖြစ်ပြီး ပဲ့နှင့် ပန်ကာများကို အသုံးပြု၍ သို့မဟုတ် အခြား တွန်းထုတ်သော နည်းလမ်းများကို အသုံးပြု၍ ထိန်းချုပ်မောင်းနှင်ရသော လေယာဉ်တစ်မျိုးဖြစ်ပါတယ်။ ၁၉၂၈ခုနှစ်မှာတော့ ဂျာမဏီ Luftschiffbau Zeppelin ကုမ္ပဏီရဲ့ ခေါင်းဆောင် Hugo Eckener က လေကြောင်းဆိုင်ရာခရီးသွားခြင်းကို လေသင်္ဘောကြီးတွေနဲ့ စတင်ခဲ့ပါတယ်။ Graf Zeppelin လေသင်္ဘောကြီးနဲ့အတူ DELAG လို့အမည်ပေးထားတဲ့ ခရီးစဉ်တွေကို စတင်ခဲ့တာဖြစ်ပါတယ်။
DELAG လမ်းကြောင်းဟာ ဂျာမနီနိုင်ငံ Frankfurt ကနေ မြောက်အတ္တလန္တိတ်သမုဒ္ဒရာကိုဖြတ်ပြီး အမေရိကန်နိုင်ငံ Lakehurst ကို ပျံသန်းခဲ့ခြင်းဖြစ်ပါတယ်။ ၃နှစ်ကြာပြီးတဲ့နောက် ၁၉၃၁ခုနှစ်မှာတော့ တောင်ဘက်အခြမ်းခရီးစဉ်တွေကို စတင်ခဲ့ပါတယ်။ ဂျာမနီနိုင်ငံ Frankfurt နဲ့ Friedrichshafen မြို့တွေကနေ ဘရာဇီးနိုင်ငံ Recife နဲ့ Rio de Janeiro မြို့တွေဆီကို ပျံသန်းပြေးဆွဲတဲ့ ခရီးစဉ်ဖြစ်ပါတယ်။
Graf Zeppelin လေသင်္ဘောကြီးဟာ တောင်အမေရိကလမ်းကြောင်းကို ၁၉၃၁ခုနှစ်ကနေ ၁၉၃၇ခုနှစ်အတွင်း ၁၃၆ကြိမ်တိုင် ပြေးဆွဲခဲ့ပါတယ်။ အဲဒီခေတ်အခါက လေသင်္ဘောတစ်ယောက်စီးနှုန်းက အမေရိကန် ဒေါ်လာ ၄၀၀ ပါတဲ့။ နည်းတယ်လို့မထင်ပါနဲ့ ၁၉၃၀ တစ်ဝိုက်မှာ ကားအသစ်တစ်စီးရဲ့တန်ဖိုးဟာ ဒေါ်လာ ၆၀၀ သာ ရှိပါတယ်။ ကားတစ်စီး ဒေါ်လာ ၆၀၀ တန်ဖိုးရှိတဲ့အချိန်မှာ လေသင်္ဘောစီးခက ဘာလို့ ဒေါ်လာ ၄၀၀ တောင်ပေးရတာကတော့ အလွန်ဈေးကြီးတယ်လို့ ဆိုရမှာပါ။(ဒေါ်လာ ၄၀၀ ဆိုတာ ယခုခေတ်ငွေတန်ဖိုးနဲ့တွက်ရင် ဒေါ်လာ ၇၀၅၀ ဖြစ်ပါတယ်)။ ဒီတော့ ဒီလေသင်္ဘောကြီးတွေထဲမှာ ဘာတွေပါသလဲ ဆိုတာ သိချင်တဲ့ သုတဇုန် မိတ်ဆွေများအတွက် ဗဟုသုတ အနေနဲ့ ဝေမျှလိုက်ပါတယ်။
ဒါကတော့ DEKAG လမ်းကြောင်းကို Hindenburg လေသင်္ဘောနဲ့ပြေးဆွဲစဉ် ၁၉၃၆ခုနှစ်က ပုံရိပ်ဖြစ်ပါတယ်။ Hindenburg ကတော့ အတ္တလန္တိတ်သမုဒ္ဒရာကို အခေါက်ပေါင်း ၆၃ခေါက် ဖြတ်ပြီး ပျံသန်းပြေးဆွဲခဲ့ပါတယ်။
လေသင်္ဘောကြီးတွေရဲ့ အတွင်းဘက်ဒီဇိုင်းကို ရေးဆွဲသူကတော့ ဂျာမန်လူမျိုး ဗိသုကာပညာရှင် Fritz August Breuhaus ဖြစ်ပြီး သူဟာ ဒီဇိုင်းကို ရထား ၊ ပင်လယ်ကူးသင်္ဘောကြီးတွေနဲ့ ဂျာမန်ရေတပ်သင်္ဘောတွေရဲ့ အတွင်းဘက် ဒီဇိုင်းတွေကို ပေါင်းစပ်ပြီး ရေးဆွဲခဲ့ခြင်းဖြစ်ပါတယ်။ Hindenburg လေသင်္ဘောရဲ့ အရှည်ကတော့ ၈၁၃ပေ ဖြစ်ပြီး ယခုခေတ် ဘိုးရင်း ၇၄၇လေယာဉ်ကြီးထက် ၃ဆရှည်ကာ ၂ဆကျော် ပိုမြင့်ပါတယ်။
အဲဒီ ပေ ၈၀၀လောက် ရှည်တဲ့ လေသင်္ဘောကြီးထဲမှာ ရှိတဲ့ စားသောက်ခန်းက အလျား ၄၃ပေ အနံ ၁၃ပေ ရှိပါတယ်။ စားသောက်ခန်းနံရံတွေပေါ်မှာတော့ ပိုးသားတွေနဲ့ကာထားပြီး ပန်းချီတွေကို ရေးဆွဲထားပါတယ်။ ဒါတွေကတော့ လေသင်္ဘောကြီးတွေ စားသောက်ခန်းရဲ့ပုံတွေပါ။
နောက်ထပ်ပါရှိတဲ့အခန်းကတော့ နားနေခန်း ၊ ဧည့်ခန်း ပါ။ အရှည် ၃၄ပေ ရှိပါတယ်။ ၁၉၃၆ ခုနှစ်မှာတော့ အဲဒီအခန်းထဲမှာ Duralumin ကုမ္ပဏီထုတ် ၃၆၅ပေါင်လေးတဲ့ အလူမီနီယံစန္ဒရားကြီးတစ်လုံးကိုပါ ထည့်သွင်းခဲ့တယ်လို့ ဆိုပါတယ်။ ဒါတွေကတော့ လေသင်္ဘောကြီး ဧည့်ခန်းရဲ့ပုံတွေပါ။
ဒါကတော့ စားရေးစာဖတ်ချင်သူတွေအတွက် စာကြည့်ခန်းပါ။
Hindenburg လေသင်္ဘောကြီးကို ကမ္ဘာ့ပထမဆုံး မိုးပျံဟိုတယ်လို့ တင်စားခေါ်မယ်ဆို ခေါ်နိုင်ပါတယ်။ ခရီးသည်တွေအတွက် အိပ်ပြီးစီးနင်းလိုက်ပါနိုင်တဲ့ အိပ်စင်တွေပါလို့ပါ။ ဒီလေသင်္ဘောကြီးမှာ ခရီးသွား ၅၀ ဦးစာအတွက် ၂ထပ် အိပ်စင်ပေါင်း ၂၅ခု ပါဝင်ပါတယ်။ ၁၉၃၆ခုနှစ်မှာတော့ နောက်ထပ် အိပ်စင် ၉ခုကို တိုးလိုက်တဲ့အတွက် ခရီးသွား ၇၀ဦးလောက် စီးနင်းလိုက်ပါနိုင်ခဲ့ပါတယ်။ ဒါကတော့ အိပ်စင်ပါ။
နောက်ထပ် ထူးခြားတဲ့အခန်းတစ်ခန်းကတော့ Smoking Room လို့ခေါ်တဲ့ ဆေးလိပ်သောက်ခန်းပါ။ ဓာတ်ငွေ့လေသင်္ဘောထဲမှာ ဒီအခန်းကို ထည့်ထားတာက ထူးဆန်းပါတယ်။ အခြားအခန်းတွေနဲ့ လုံးဝဆက်စပ်မှုမရှိနေအောင် နှစ်ထပ်တံခါး airlock တွေကို တပ်ဆင်ထားပါတယ်။ ဒီအခန်းထဲမှာတော့ လျှပ်စစ်မီးခြစ်တစ်လုံးရှိနေပြီး အပြင်မီးခြစ်တွေကိုတော့ ယူဆောင်ခွင့်မပြုပါဘူး။ ဒါကတော့ ဆေးလိပ်သောက်ခန်းပါ။
နောက်ထပ် အခန်းတစ်ခန်းကတော့ အရက်ဘားပါ။
အောက်က ပုံတွေကတော့ လေသင်္ဘောမောင်းနှင်ခန်းပါ။ အမှတ်တမဲ့ကြည့်လိုက်ရင် သင်္ဘောမောင်းနှင်ခန်း နဲ့ ပိုတူပါတယ်။
ဒါတွေကတော့ တာဝန်ထမ်းဆောင် နေတဲ့ လေသင်္ဘောဝန်ထမ်းတွေဖြစ်ပြီး လုံခြုံဆက်သွယ်ရေး နဲ့ စားဖိုဆောင်ခန်းတွေဖြစ်ပါတယ်။
စိတ်မကောင်းစရာကတော့ Hindenburg ဆိုတဲ့ ဒီလေသင်္ဘောကြီးဟာ ၁၉၃၇ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စု လိတ်ဟတ် မြို့တွင် ပျက်ကျသွားခဲ့တာပါ။ ဒီပျက်ကျမှုမှာ လူပေါင်း ၃၆ဦး သေဆုံးခဲ့ရပါတယ်။ အဲဒီနောက်တော့ လေသင်္ဘောခရီးသွားလုပ်ငန်းတွေဟာ တဖြည်းဖြည်းနည်းပါးလာပြီး နောက်ဆုံးမှာ လုံးဝရပ်တန့်သွားခဲ့ပါတော့တယ်။ အဓိကအကြောင်းအရင်းကတော့ တည်ဆောက်စရိတ်ကြီးမြင့်ခြင်း ၊ ထိမ်းသိမ်းစရိတ်ကြီးမြင့်ခြင်းနှင့် အန္တရာယ်ရှိပြီး မုန်တိုင်းနဲ့ ကြုံတဲ့အခါ မကြာခဏ ပြတ်ကျမှုတွေဖြစ်တတ် တာကြောင့် ဖြစ်ပါတယ်။
ဘာပဲ ဖြစ်ဖြစ် ဒီလောက် ဆိုရင် တခေတ်တခါက လေသင်္ဘောကြီးတွေထဲ ဘာတွေရှိခဲ့သလဲ ဆိုတာကို သုတဇုန် မိတ်ဆွေများ သိသွားလောက်ပြီလို့ မျှော်လင့်ပါတယ်။
Ref: Bored Panda
Photos : Airship Collection Net
သုတဇုန်