Thursday, April 15, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

တချိန်က ကမ္ဘာ့အကောင်းဆုံး ရှေ့တန်းတိုက်စစ်မှူး (သို့) ဒိုကြီး

by Thutamm
August 17, 2019
Reading Time: 2min read
0
တချိန်က ကမ္ဘာ့အကောင်းဆုံး ရှေ့တန်းတိုက်စစ်မှူး (သို့) ဒိုကြီး
Share on FacebookShare on Twitter

မျက်မှောက်ခေတ် ဘောလုံးလောကမှာတော့ ရိုနယ်ဒိုလို့ပြောလိုက်တာနဲ့ ယခုဂျူဗင်တပ် မှာကစားနေတဲ့ ပေါ်တူဂီနွယ်ဖွားတိုက်စစ်ကစား ခရစ်စီယာနိုရိုနယ်ဒိုကိုသာ အများစုက သတိထားမိခဲ့ပါတယ်။ ကမ္ဘာအကောင်းဆုံးဘောလုံးဆုကို ဘာစီလိုနာကလီယွန်နယ် မက်ဆီနဲ့အတူ ဆယ်စုနှစ်တစ်ခုစာလောက်စိုးမိုးထားခဲ့တဲ့ ရိုနယ်ဒိုရဲ့ကွင်းတွင်း၊ကွင်းပြင် ဆိုင်ရာ ကျော်ကြားမှုဟာ စီးပွားရေးဆိုင်ရာဈေးကွက်အတွင်းမှာတောင် သက်ရောက်မှု ရှိနေခဲ့တာကိုလည်းတွေ့ရပါတယ်။

ဒါပေမဲ့ ၂၀၀၀ခုနှစ် ဝန်းကျင် ကာလတုန်းကတော့ ရိုနယ်ဒိုဆိုတဲ့ အမည်နာမဆိုလိုက်တာနဲ့ အားကစားပရိတ်သတ်အများစုရဲ့ အာရုံမှာ ကတုံးဆံပင်ပေါက်ပုံစံနဲ့ ရှေသွားအနည်းငယ်ခေါနေတဲ့ ဘရာဇီးတိုက်စစ်ကစားသမား ရိုနယ်ဒိုကိုသာ သိကြတာပါ။ အဲဒီခေတ်အခါက သူ့ပရိတ်သတ်မဟုတ်ရင်တောင် ရိုနယ်ဒိုဟာ အကောင်းဆုံးတိုက်စစ်မှူးတစ်ယောက်ဆိုတာကိုတော့ ဘယ်သူမှ ငြင်းမှာ မဟုတ်ပါဘူး။ အလိမ်အခေါက်များစွာ နဲ့ ပရိယာယ်များလွန်းသူ ၊ သွေးအေးလွန်းပြီး ဂိုးသွင်းသေချာတိကျလွန်းသူ ၊ အခြေအနေမျိုးစုံကနေ ဂိုးသွင်းနိုင်သူ ၊ ဝဖိုင့်ဖိုင့်ခန္ဓာကိုယ်နဲ့မလိုက်တဲ့ အမြန်နှုန်းနဲ့ပြေးနိုင်သူ ၊ တဖက်နောက်တန်းသမားများကို အမြဲအလုပ်ရှုပ်စေသူ စတာတွေကတော့ သူ့ရဲ့ဂုဏ်ပုဒ်တွေပါ။

နာမည်အရင်းက Ronaldo Luis Nazario de Lima လို့အမည်ရတဲ့ ဘရာဇီးကစားသမားကြီးဟာ ဘောလုံးလောကရဲ့ အကောင်းဆုံး ကစားသမားစာရင်းမှာ ပါဝင်သူဖြစ်ပြီး သူရဲ့လျှမ်းလျှမ်းတောက်ကာလတွေဖြစ်တဲ့ (၁၉၉၅) ဝန်းကျင်ကာလတွေမှာ Cruzeiro, PSV, ဘာစီလိုနာ, အင်တာမီလန်, ရီရယ် အသင်းတွေမှာပါဝင်ကစားပြီး အောင်မြင်မှုများစွာရယူခဲ့သူ ဖြစ်ပါတယ်။

ဒိုကြီးလို့ မြန်မာပရိသတ်တွေသိကြတဲ့သူဟာ သူခေတ်အခါက ကမ္ဘာအမြင့်မားဆုံးသော ပြောင်းရွေ့ကြေးနဲ့ နှစ်ကြိမ်တိုင်အသင်းပြောင်းခဲ့သူဖြစ်ပြီး အသက်(၂၃) နှစ်အရွယ် ကတည်းနဲ့ ကလပ်နဲ့နိုင်ငံအသင်းမှာ ဂိုးပေါင်း(၂၀၀)ကျော်သွင်းထားနိုင်တဲ့ ထိပ်တန်း တိုက်စစ်မှူးတစ်ယောက်လည်း ဖြစ်ပါတယ်။ (၂၀၀၂)ခုနှစ်မှာ ရီရယ်အသင်းကို ပြောင်းရွေပြီးနောက်ပိုင်း ကာလကြာဒုက္ခပေးတဲ့ဒူးဒဏ်ရာဟာ သူ့ကိုစတင်ဒုက္ခပေးခဲ့ပါ တယ်။ ယင်းနောက်အီတလီကလပ် အေစီမီလန်အသင်းကို ပြောင်းရွေ့ခဲ့ပြီး နောက်ဆုံးမှာ ဘရာဇီးကလပ်ကော်ရင်သီယန် အသင်းမှာပါဝင်ကစားကာ ကစားသမားဘဝ ကနေအနားယူခဲ့ပါတယ်။

ရိုနယ်ဒိုဟာ (၁၉၉၆၊၁၉၉၉၇၊၂၀၀၂)ခုနှစ်တွေရဲ့ ကမ္ဘာအကောင်းဆုံးဘောလုံးသမားဆု တွေကို ဆွတ်ခူးနိုင်ခဲ့ပြီး (၁၉၉၈)ခုနှစ်မှာလည်း UEFA Club Footballer of the year ဆုကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။ (၁၉၉၇)ခုနှစ်အတွက် လာလီဂါရဲ့အကောင်းဆုံး နိုင်ငံခြား အားကစားသမာဆုကိုရရှိတဲ့အပြင် ယင်းနှစ်မှာပဲသွင်းဂိုး(၃၄)ဂိုးနဲ့ ဥရောပရွှေဖိနပ်ဆုကို လက်ခံရယူခဲ့ပါတယ်။ ဒါအပြင် (၂၀၀၄)ခုနှစ်က ပီလီရွေးချယ်ခဲ့တဲ့ သက်ရှိထင်ရှားရှိနေတဲ့ ကမ္ဘာအကောင်းဆုံး ဘောလုံးသမားအယောက်(၁၀၀)စာရင်းမှာလည်း ပါဝင်နိုင်ခဲ့သူဖြစ်ပါတယ်။

ရိုနယ်ဒိုကိုတော့ (၁၉၇၆)ခုနှစ် စက်တင်ဘာ(၁၈)ရက်နေ့မှာ Nelio Nazario de Lima နဲ့ Sonia dos santos Barata တို့က Rio de Janeiro မြို့မှာမွေးဖွားခဲ့ပါတယ်။ ရိုနယ်ဒို အသက်(၁၁)နှစ်အရွယ်လောက်မှာတော့ မိဘတွေရဲ့အိမ်ထောင်ရေးဟာ ပြတ်စဲခဲ့ပြီး ပညာရေးတစ်ပိုင်းတစ်စနဲ့ ဆုကြေးစားဘောလုံးသမားဘဝကိုပဲ ဦးတည်လာခဲ့ပါတယ်။ ရီယိုဒီဂျေနေရိုးမြို့ရဲ့ ဆင်ခြေဖုံးဒေသတစ်ခုဖြစ်တဲ့ Bento Riberiro အရပ်က လမ်းမတွေဟာ ရိုနယ်ဒို ငယ်စဉ်ကဘောလုံးကစားရာနေရာတွေဖြစ်နေခဲ့ပြီး စားချိန်နဲ့ အိပ်ချိန်ကလွဲရင် ရိုနယ်ဒိုရဲ့အချိန်အများစုဟာ လမ်းမပေါ်မှာဘောလုံးကစားရင်းနဲ့ပဲ ကုန်ဆုံးခဲ့ပါတယ်။

ရိုနယ်ဒိုအသက်(၁၂)နှစ်အရွယ်မှာတော့ ဒေသခံဖူဆယ်ကလပ် အသင်းမှာပါဝင်ခဲ့ပြီး အငယ်တန်းပြိုင်ပွဲတွေမှာယှဉ်ပြိုင်ကစားခဲ့ပါတယ်။ ရိုနယ်ဒိုဟာ သူရဲ့ပထမဆုံးသောရာသီမှာတင်ဂိုးပေါင်း(၁၆၆)ဂိုးလောက်သွင်းနိုင်ခဲ့ပြီး ပွဲစဉ်တစ်ပွဲ တည်းနဲ့ တစ်ဦးတည်း(၁၂)ဂိုးအထိသွင်းယူနိုင်ခဲ့တဲ့ ပွဲတွေတောင်ရှိလာခဲ့ပါတယ်။ ယင်းနောက်ရိုနယ်ဒိုဟာ Sao Cristovao လူငယ်အသင်းမှာ ပါဝင်ခွင့်ရရှိခဲ့ပြီး သူမတူတဲ့ ခြေစွမ်းတွေကြောင့် အသက်(၁၆)နှစ်အရွယ်မှာတော့ Cruzeiro အသင်းနဲ့ ပရော်ဖက်ရှင်နယ် စာချုပ်ချုပ်ဆိုခွင့်ရရှိခဲ့ပါတယ်။

သူဟာ Cruzeiroအသင်းနဲ့ ပွဲပေါင်း(၄၇)ပွဲလောက်ပါဝင် ကစားခွင့်ရခဲ့ပြီး(၄၄)ဂိုးအထိ သွင်းယူကာအသင်းအတွက် ပထမဆုံးသောပြည်တွင်းလိဂ်ဖလားကို ဆွတ်ခူးနိုင်အောင် ကူညီပေးခဲ့ပါတယ်။ ရိုနယ်ဒိုရဲ့ ခြေစွမ်းတွေကြောင့် ဥရောပအသင်းတွေရဲ့ သတိပြုမိခြင်းကိုခံခဲ့ရတဲ့အပြင် (၁၉၉၄)ခုနှစ်ကမ္ဘာဖလားဆုရ ဘရာဇီးလက်ရွေးစင်အသင်းမှာလည်း ပါဝင်ခွင့်ရခဲ့ပါ တယ်။ ကမ္ဘာဖလားပြီးဆုံးချိန်မှာတော့ ဘရာဇီးအသင်းဖော်ရိုမာရီယိုရဲ့ အကြံပေးချက်နဲ့ ဟော်လန်ကလပ် PSV အသင်းနဲ့စာချုပ်ချုပ်ဆိုခဲ့ပြီး (၅၈)ပွဲလောက်ပါဝင်ကစားခဲ့ပြီး (၅၄)ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။

ရိုနယ်ဒိုဟာ PSVအသင်းနဲ့အတူ KNVB Cup, Johan Cruijff-Schaal ဖလားတွေကိုရရှိခဲ့ပါတယ်။ PSV မှာကစားနေစဉ်ကာလမှာပဲ ဘာစီလိုနာ၊အင်တာမီလန်အပါအဝင် များစွာသော ဥရောပထိပ်သီးအသင်းတွေရဲ့ အာရုံစိုက်မှုကိုခံခဲ့ရပြီး (၁၉၉၆)ခုနှစ်မှာတော့ ဘာစီလိုနာ အသင်းကို အမေရိကန်ဒေါ်လာ(၁၉.၅)သန်းနဲ့ပြောင်းရွေလာခဲ့ပါတယ်။ ဘာစီလိုနာမှာလည်း ပြိုင်ပွဲမျိုးစုံ(၄၉)ပွဲလောက်ကစားပြီးဂိုးပေါင်း(၄၇)ဂိုးအထိ သွင်းနိုင်ခဲ့ကာ ဘာစီလိုနာအသင်းနဲ့အတူ UEFA Cup ၊ Copa del Reyနဲ့ Supercopa de Espana ဖလားတွေကိုဆွတ်ခူးနိုင် တဲ့အပြင် လာလီဂါရွှေဖိနပ်ဆု၊ ဥရောပရွှေဖိနပ်ဆုစတဲ့ တစ်ဦးချင်းဆံတံဆိပ်များစွာကို လည်းရရှိခဲ့ပါတယ်။

ဒါအပြင် ရိုနယ်ဒိုဘဝအတွက် ပထမဆုံးသော ကမ္ဘာအကောင်းဆုံးဆု အတွက်ယင်းနှစ်မှာပဲ မဲပေးရွေးချယ်ခြင်း ခံခဲ့ရပါတယ်။ ယင်းအချိန်က ရိုနယ်ဒိုရဲ့အသက်ဟာ (၂၀)သာရှိနေပါသေးတယ်။ ဒါပေမဲ့အံ့သြစရာကောင်းလောက်အောင်ပဲ ရိုနယ်ဒိုဟာ ဘာစီလိုနာမှာ တစ်ရာသီသာကစားခဲ့ပြီး(၁၉၉၇)ခုနှစ်မှာတော့ စီးရီးအေကလပ်၊အင်တာမီလန်ကို ယင်းကာလက ကမ္ဘာဒုတိယအမြင့်ဆုံးပြောင်းရွေကြေး အမေရိကန်ဒေါ်လာ(၂၇)သန်းနဲ့ ပြောင်းရွေသွားခဲ့ပါတယ်။

အင်တာမီလန်အသင်းရဲ့ ပထမဆုံးသောရာသီမှာပဲ ရိုနယ်ဒိုဟာ ဂိုးပေါင်း(၂၅)ဂိုးအထိသွင်းယူပြီး စီးရီးအေရဲ့အကောင်းဆုံး ဘောလုံးသမား ဆုကို ရယူနိုင်ခဲ့ပါတယ်။ ယင်းနှစ်မှာလည်း ဖီဖာရဲ့ ကမ္ဘာအကောင်းဆုံးဘောလုံးသမား ဆုကို ဒုတိယအကြိမ် (၂)နှစ်ဆက်ဆွတ်ခူးနိုင်တာကြောင့် (၁၉၉၆)နဲ့(၁၉၉၇) ခုနှစ် တွေဟာ ရိုနယ်ဒိုရဲ့ကစားသမားဘဝမှာ အအောင်မြင်ဆုံးနှစ်အဖြစ် သတ်မှတ်နိုင်ပါတယ်

ယင်းအချိန်ကရိုနယ်ဒိုရဲ့ခေတ်ပြိုင်ကစားသမားကတော့ ဖီအိုရင်တီးနားမှာ ကစားနေတဲ့ အာဂျင်တီးနားကစားသမား Gabriel Batistuta ဖြစ်ပြီးသူတို့နှစ်ဦးကို စီးရီးအေရဲ့ အကောင်းဆုံးတိုက်စစ်သမားနှစ်ဦး အဖြစ်ဖော်ပြခြင်းခံခဲ့ရပါတယ်။ (၁၉၉၈-၁၉၉၉) ခုနှစ်ဘောလုံးရာသီမှာတော့ ရိုနယ်ဒိုဟာ အင်တာမီလန်အသင်းရဲ့ ကပ္ပတိန်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါတယ်။ (၁၉၉၉)ခုနှစ်၊နိုဝင်ဘာ(၂၁)ရက်နေ့ ကLecce အသင်းနဲ့ကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ်မှာတော့ ရိုနယ်ဒိုဟာဒူးဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ပြီး အင်တာမီလန်အသင်း ဆရာဝန်တွေက ခွဲစိတ်ကုသဖို့လိုတယ်ဆိုတဲ့ အကြောင်းထုတ်ပြန်ခဲ့ပါတယ်။

(၂၀၀၀)ပြည့်နှစ် ဧပြီလ(၁၂)ရက်နေ့၊ လာဇီယိုအသင်းနဲ့ ပွဲစဉ်မှာ ပြန်လည်ပါဝင်လာပေမဲ့ (၆)မိနစ်သာကစားနိုင်ခဲ့ပြီး ကွင်းအတွင်းကပြန်လည် ထွက်ခွာခဲ့ရပါတယ်။ အဲဒီဒူးဒဏ်ရာဟာ ရိုနယ်ဒိုရဲ့ကစားသမားဘဝကို အဓိကဒုက္ခပေး ခဲ့တာဖြစ်ပြီး (၂၀၀၀-၂၀၀၁)ဘောလုံးရာသီ တစ်ခုလုံးမကစားနိုင်လောက်တဲ့အထိ တောင်ဖြစ်ခဲ့ရပါတယ်။ ခွဲစိတ်ကုသမှု(၂)ကြိမ်ပြုလုပ်ပြီးတဲ့နောက် ရိုနယ်ဒိုဟာကြံ့ခိုင်မှု ပြန်လည်ကောင်းမွန်လာတာကြောင့် (၂၀၀၂)ခုနစ်ကမ္ဘာဖလားပြိုင်ပွဲဝင် နည်းပြ စတိုလာရီရဲ့ ဘရာဇီးလက်ရွေးစင်အသင်းမှာပြန်လည်ရွေးချယ်ခြင်းခံခဲ့ရပါတယ်။

ဘောလုံးဝေဖန်သူတွေက ရိုနယ်ဒိုအနေနဲ့ ယင်းပြိုင်ပွဲမှာခြေစွမ်းပြနိုင်ဖို့ခဲယဉ်းမယ်လို့ ထင်မြင်ခဲ့ကြပေမဲ့ ရိုနယ်ဒိုကတော့ ဘရာဇီးအသင်းဗိုလ်စွဲအောင်သူရဲ့သွင်းဂိုးတွေနဲ့ ကူညီနိုင်ခဲ့ပါတယ်။ ဘရာဇီးအသင်းရဲ့(၅)ကြိမ်မြောက်ရရှိတဲ့ အဲဒီကမ္ဘာဖလားပြိုင်ပွဲမှာ ရိုနယ်ဒိုကရွှေဖိနပ်ဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့အပြင် (၂၀၀၂)ခုနှစ်အတွက် ကမ္ဘာအကောင်း ဆုံးဘောလုံးသမားဆုကို ပါဆက်လက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ကမ္ဘာဖလားပြီးဆုံးချိန် မှာတော့ ယင်းကာလကကြယ်စင်စုအသင်းလို့ နာမည်ကျော်ပြီး တစ်နှစ်တစ်ခါ ကမ္ဘာနာမည်ကျော်ကစားသမားတွေခေါ်ဆောင်လေ့ရှိတဲ့ ရီရယ်အသင်းရဲ့ကစားသမား ဖြစ်လာခဲ့ပါတယ်။

ကမ္ဘာစံချိန်တင်ပြောင်းရွေကြေးတစ်ခုဖြစ်တဲ့ စတာလင်(၄၆)သန်းနဲ့ ပြောင်းရွေလာခဲ့တဲ့ရိုနယ်ဒိုဟာ ဇီဒန်း၊ဖီဂို၊ရောဘတ်တိုကားလိုစ်၊ ဒေးဗစ်ဘက်ခမ်းတို့ နဲ့အတူ Glaacticos လို့သိကြတဲ့ ကြယ်စင်စုအသင်းသားအဖြစ် သူသွင်းဂိုးတွေနဲ့ ရီရယ်အသင်းဖလား ရရှိအောင်ကူညီခဲ့ပြန်ပါတယ်။ ရိုနယ်ဒိုဟာ ရီရယ်အသင်းနဲ့ လာလီဂါဖလား(၂)ကြိမ်၊ Intercontinental Cup, Spanish Super Cup,တွေကိုဆွတ်ခူးပေးနိုင်ခဲ့ပြီး ဒဏ်ရာ တွေနဲ့သာအချိန်ကုန်ခဲ့ရတာကြောင့် အားလုံးကမျှော်လင့်ထားသလိုတော့ ဖြစ်မလာခဲ့ပါဘူး။ ရိုနယ်ဒိုဟာ ရီရယ်အသင်းနဲ့ပွဲပေါင်း((၁၂၇)ပွဲလောက်သာပါဝင်ကစား နိုင်ခဲ့ပေမဲ့ (၈၃)ဂိုးအထိရအောင်သွင်းယူနိုင်ခဲ့ပါသေးတယ်။

(၂၀၀၇-၂၀၀၈) ဘောလုံးရာသီမှာတော့ ရိုနယ်ဒိုဟာ စီးရီးအေ အခြေစိုက် အေစီမီလန် အသင်းကို စတာလင် (၈.၀၅) သန်းနဲ့ပြောင်းရွေခဲ့ပြီး သူရဲ့ဒဏ်ရာအခြေအနေကြောင့် တစ်နှစ်စာချုပ်သာချုပ်ဆိုခဲ့ပါတယ်။ ခြေစွမ်းကောင်းတွေပြန်လည် ပြသနိုင်ခဲ့ပေမဲ့ ကာလကြာ ဒုက္ခပေးနေတဲ့ ဒူးဒဏ်ရာကြောင့် အေစီမီလန်အသင်းနဲအတူ ပွဲပေါင်း(၂၀ ) သာ ပွဲထွက်ကစားပေးနိုင်ခဲ့ပြီးသွင်းဂိုး( ၉ ) သာသွင်းယူနိုင်ခဲ့ပါတယ်။

(၂၀၀၉-၂၀၁၀) ဘောလုံးရာသီမှာတော့ ဇာတိမြေဘရာဇီးကလပ် Corinthians ကိုပြောင်းရွေ့လာခဲ့ပြီး အထိုက်အလျောက်ခြေစွမ်းပြပြီး သွင်းဂိုးတွေကိုခပ်စိတ်စိတ်ပြန်လည်တွေ့လာခဲ့ရပါ တယ်။ ဒါပေမဲ့ အဝလွန်လာတဲ့သူရဲ့ခန္ဒာကိုယ်အနေအထား၊အသက်အရွယ်နဲ့ ကာလကြာဒုက္ခပေးနေတဲ့ ဒူးဒဏ်ရာ၊နောက်ကျော၊ခြေကျင်းဝတ်စတဲ့ ဒဏ်ရာတွေ ကြောင့် (၂၀၁၁)ခုနှစ်၊ဖေဖော်ဝါရီလမှာတော့ ဘောလုံးကစားခြင်းကနေ အနားယူပြီ ဖြစ်ကြောင်းတရားဝင် ကြေငြာခဲ့ပါတယ်။

ဖလားအောင်မြင်မှုတွေကတော့ ပြည်တွင်းလိဂ်ဖလားနဲ့ Campeonato Paulista ဖလားတွေကို (၂၀၀၉)ခုနှစ်အတွင်းမှာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ရိုနယ်ဒိုဟာ ဆုကြေးစားဘောလုံးသမားဘဝ မှာ(၁၈)နှစ်တာကျင်လည်ပြီး ကလပ်အသင်း(၇) သင်းနဲ့ပွဲပေါင်း( ၃၄၃ )ပွဲကစားပြီး သွင်းဂိုး(၂၄၇ )ဂိုး အထိရယူနိုင်ခဲ့ပါတယ်။

နိုင်ငံလက်ရွေးစင်ဘဝ

ရိုနယ်ဒိုဟာ နိုင်ငံလက်ရွေးစင်ဘဝနဲ့တော့ အတော်ကိုအောင်မြင်ခဲ့တဲ့ကစားသမား ဖြစ်ခဲ့ပါတယ်။ (၁၉၉၃)ခုနှစ်ကတည်းက ဘရာဇီး U-17 အသင်းမှပါဝင်ကစားခွင့်ရခဲ့ပြီး (၇)ပွဲကစား သွင်းဂိုး(၅)ဂိုးရရှိခဲ့ပါတယ်။ ဘရာဇီး U-23 အသင်းမှာလည်း (၈)ပွဲကစား (၆)ဂိုးအထိသွင်းယူနိုင်ခဲ့ပါသေးတယ်။ လက်ရွေးစင်အသင်းကြီးမှာတော့ (၁၉၉၄) ခုနှစ် ကတည်းကရွေးချယ်ခြင်းခံခဲ့ရပြီး မတ်လ(၂၃)ရက်နေ့မှာကစားတဲ့ အာဂျင်တီးနား လက်ရွေးစင်အသင်းနဲ့ ကစားတဲ့ချစ်ကြည်ရေးပွဲစဉ်မှာ စတင်ကစားခဲ့ရပါတယ်။

အမေရိကန်နိုင်ငံမှာကစားခဲ့တဲ့ (၁၉၉၄)ခုနှစ် ချန်ပီယံဆုရ ဘရာဇီးအသင်းမှာတော့ အသက်(၁၇)နှစ်အရွယ်ရိုနယ်ဒိုဟာ ရွေးချယ်ခြင်းခံခဲ့ရပေမဲ့ ပွဲထွက်ကစားခွင့်တော့ မရခဲ့ပါဘူး။ (၁၉၉၆)ခုနှစ် Atlanta အိုလံပစ်ပြိုင်ပွဲမှာဝင်ရောက်ကစားခွင့်ရပေမဲ့ ကြေးတံဆိပ်သာရရှိခဲ့ပါတယ်။ (၁၉၉၈)ကမ္ဘာဖလားမှာတော့ အကောင်းဆုံးခြေစွမ်းပြပြီး ပွဲစဉ်တစ်လျောက်အကောင်းဆုံး အားကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ပေမဲ့ ဒုတိယနဲ့ သာကျေနပ်ခဲ့ရပါတယ်။

(၂၀၀၂) ကိုရီးယားနဲ့ဂျပန်မှာ ကျင်းပတဲ့ ကမ္ဘာဖလားပြိုင်ပွဲမှာတော့ ရိုနယ်ဒိုဟာရွှေဖိနပ်ဆုကိုရခဲ့တဲ့အပြင် ဘရာဇီးအသင်းကိုလည်း ဗိုလ်စွဲအောင် သူရဲ့သွင်းဂိုးတွေနဲ့ အကောင်းဆုံးအကူအညီပေးနိုင်ခဲ့ပါတယ်။ နောက်ဆုံးဗိုလ်လုပွဲမှာ ဂျာမနီအသင်းနဲ့တွေ့ဆုံခဲ့တာဖြစ်ပြီး အဲဒီအချိန်က ကမ္ဘာအကောင်းဆုံးဂိုးသမားအဖြစ် သတ်မှတ်ထား တဲ့အိုလီဗာခန်းစောင့်တဲ့ ဂိုးပေါက်ထဲကိုသွင်းဂိုး(၂)ဂိုးအထိ ရိုနယ်ဒိုကသွင်းပြခဲ့တာပါ။

(၂၀၀၆)ကမ္ဘာဖလားလူစာရင်းမှာလည်း ရိုနယ်ဒိုဟာပြန်လည် ပါဝင်လာခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်မှာသာ ကျေနပ်ခဲ့ရပေမဲ့ရိုနယ်ဒိုအတွက်တော့ ကမ္ဘာဖလားပြိုင်ပွဲတွေတစ်လျောက် သွင်းဂိုး(၁၅)ဂိုးနဲ့၊ဂိုးသွင်းအများဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။(၂၀၁၄ခုနှစ်မှာတော့ ဂျာမန်တိုက်စစ်မှူး ကလိုဆေးက သူရဲ့စံချိန်ကို ၁ဂိုးအသာနဲ့ ကျော်ဖြတ်နိုင်ခဲ့ပါတယ်)။ ဒါအပြင် ဂျာမန်ကစားသမား Jurgen Klinsmann ပြီးတဲ့နောက် ကမ္ဘာဖလားပြိုင်ပွဲ(၃)ခုမှာ (၃)ဂိုးထက်အထက်သွင်းယူနိုင်တဲ့ ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။

(၁၉၉၇) ခုနှစ်ကလည်း ဖီဖာတိုက်ကြီးများဖလားကိုနိုင်ငံအသင်းနဲ့ ရယူနိုင်ခဲ့သလို တောင်အမေရိကဖလားဖြစ်တဲ့ Copa America ဖလားကိုလည်း (၁၉၉၇) ခုနှစ်နဲ့ (၁၉၉၉)ခုနှစ်တို့မှာ ရယူနိုင်ခဲ့သူဖြစ်ပါတယ်။ ရိုနယ်ဒိုဟာ နိုင်ငံလက်ရွေးစင်အသင်းနဲ့ ပွဲပေါင်း(၉၈)ပွဲကစားပြီး သွင်းဂိုး(၆၂)ဂိုးအထိ ရယူနိုင်ခဲ့တာကြောင့် ပီလီပြီးရင်တော့ ဘရာဇီးအသင်းရဲ့ ဒုတိယမြောက်သွင်းဂိုး အများဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။ ထူးခြားချက်တစ်ခုကတော့ ရိုနယ်ဒိုဟာကစားသမားသက်တမ် းတစ်လျှောက်တစ်ဦးချင်းဆိုင်ရာ ဆုတံဆိပ်ပေါင်း(၆၃)ခုလောက်ရရှိခဲ့ပေမဲ့ ချန်ပီယံလိဂ်ဖလားကိုတော့ တစ်ကြိမ်မှရယူထားနိုင်ခဲ့ခြင်းတော့မရှိခဲ့ပါဘူး။

ကွင်းပြင်ဘဝ

(၁၉၉၇)ခုနှစ်ကတော့ ရိုနယ်ဒိုဟာဘရာဇီးမော်ဒယ်နဲ့မင်းသမီးဖြစ်သူ Susana Werner နဲ့(၂)နီးပါးတွဲခုတ်ပြီး Relationship တစ်ခုတည်ထောင်ခဲ့ပေမဲ့ လက်ထပ်ခဲ့ခြင်းတော့ မရှိခဲ့ပါဘူး။ သူတို့ဆက်ဆံရေးပြိုလဲပြီးတဲ့နောက် (၁၉၉၉)ခုနှစ် ဧပြီလမှာတော့ ဘရာဇီး အမျိုးသမီးလက်ရွေးစင်တစ်ဦးဖြစ်တဲ့ Milene Domingues နဲ့လက်ထပ်ခဲ့ပြီး သားလေး တစ်ဦးထွန်းကားခဲ့ပါတယ်။ သူတို့ရဲ့အိမ်ထောင်သက်ဟာ(၄)နှစ်သာကြာခဲ့ပြီး (၂၀၀၃) ခုနှစ်မှာပြတ်ဆဲခဲ့ပြန်ပါတယ်။

(၂၀၀၅)ခုနှစ်မှာတော့ ဘရာဇီးနာမည်ကျော်မော်ဒယ် တစ်ဦးဖြစ်တဲ့ Daniela Cicarelli နဲ့စေ့စပ်ခဲ့ပြီးစတာလင်(၇)သိန်းတန်ဖိုးရှိတဲ့ မင်္ဂလာဆောင် အခမ်းအနားကျင်းပခဲ့ပေမဲ့ (၃)လအကြာမှာပဲ ပြိုကွဲခဲ့ပြန်ပါတယ်။ ရိုနယ် ဒိုဟာကစားသမားဘဝမှာ အသင်းအပြောင်းအလဲများတတ်သူဖြစ်သလို မေတ္တာရေး ဇာက်လမ်းတွေမှာလည်း အပြောင်းအလဲများတဲ့သူလို့ဆိုရပါမယ်။

(၂၀၁၅) ခုနှစ်လောက်ကတော့ ရိုနယ်ဒိုဟာ သူအမည်နဲ့ဘောလုံးအကယ်ဒမီ(၈)ခုကို ဘရာဇီး၊ အမေရိကန်နဲ့ တရုတ်နိုင်ငံတွေမှာဖွင့်လှစ်ပေးခဲ့ပြီး (၂၀၂၀)မတိုင်ခင် ကမ္ဘာတစ်ဝှမ်းလုံးမှာ ရိုနယ်ဒိုရဲ့ဘောလုံးအကယ်ဒမီသင်တန်းကျောင်း (၁၀၀) လောက်ဖွင့်လှစ်ဖို့ မျှော်မှန်းထားကြပါတယ်။ ရိုနယ်ဒိုလ်ဟာ စပိန်ကလပ် ရီးယဲလ်ဘယ်လာဒိုးလစ် ရဲ့ အသင်းပိုင်ရှင်တစ်ဦးဖြစ်ပြီး ရှယ်ယာစုစုပေါင်းရဲ့ ၅၁% ကို ပိုင်ဆိုင်သူလည်း ဖြစ်ပါတယ်။

ရိုနယ်ဒိုဟာ ယခုအချိန်မှာတော့ အသက်(၄၂)နှစ်အရွယ်ရှိနေပြီး ဖီဖာရဲ့သံတမန်တစ်ဦးအနေနဲ့ ကမ္ဘာတစ်ဝှမ်းကဘောလုံးဖွံဖြိုး ရေးလုပ်ငန်း ၊ပညာရေး၊ကျန်းမာရေး ဖွံဖြိုးရေးလုပ်ငန်းတွေကို သူရဲ့ပုံရိပ်ကိုအသုံးပြုပြီး မြှင့်တင်ပေးလျက်ရှိပါတယ်။ ကမ္ဘာ အကောင်းဆုံးကစားသမားဆုပေးပွဲတွေ၊ ချစ်ကြည်ရေးပွဲတွေ ၊ ချန်ပီယံလိဂ်မဲခွဲပွဲတွေ မှာတော့ ရံဖန်ရံခါ သဘောနဲ့ သူကိုတွေ့ရတတ်ပေမဲ့ ဘောလုံးလောကကိုပြန်လည်ဝင်ရောက်မှာမဲ့ အနေအထားကိုတော့ ယနေ့တိုင်မြင်တွေ့ရခြင်းတော့မရှိပါဘူး။

တချိန်က ဒိုကြီးဘယ်လိုကောင်းခဲ့သလဲ ဗီဒီယို

သုတဇုန်

Tags: football player

Related Posts

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်
People

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်

၉.၁.၂၀၂၁ ရက်နေ့ Forbes ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ စာရင်းကို ကိုးကားထားခြင်းဖြစ်ပါတယ်။ ၁၀။ ဆာဂေးဘရင် ပြီးခဲ့တဲ့နှစ်က အဆင့် ၁၀ နေရာမှာရှိခဲ့တဲ့ အိန္ဒိယသူဌေးကြီး မာခက်ရှ် အမ်ဘန်နီက အဆင့် ၁၃ နေရာကိုရောက်သွားပြီး ဂိုဂဲရဲ့ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့...

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ
People

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ

ကျည်ကာအင်္ကျီတွေကိုတော့ စစ်ဘက်ဆိုင်ရာနဲ့ တကိုယ်ရေ ကာကွယ်မှုဆိုင်ရာ ကဏ္ဍတွေမှာအသုံးပြုကြပါတယ်။ ကျည်ကာအင်္ကျီတွေကိုတော့ အပူခံနိုင်ပြီး အလွန်မာကြောခိုင်ခံ့တဲ့ Kevlar လူလုပ်ဖိုက်ဘာမျှင်နဲ့ ဖန်တီးပြုလုပ်ထားတာဖြစ်ပါတယ်။ Kevlar ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ဝန်းကျင်ကတည်းက ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး တီထွင်ခဲ့သူကတော့ အမျိုးသမီးတဦးဖြစ်ပါတယ်။ သူအမှန်တကယ်တီထွင်ခဲ့တာက...

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု
Knowledge

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု

မိုနာလီဇာပန်းချီကားနဲ့ ကျော်ကြားတဲ့ လီယိုနာဒိုဒါဗင်ချီဟာ ပုံမှန်လူသားတယောက်ထက် ထူးကဲကာ အံ့ဖွယ်အနုသုခုမ ရှေးဦးပညာရှင်၊ ဆေးဘက်ဆိုင်ရာ စွန့်ဦးတီထွင်သူ နဲ့ ဖန်တီးမှုနည်းပညာ စတဲ့နယ်ပယ်ပေါင်းစုံမှာ ကြီးကျယ်တဲ့ တီထွင်မှုတွေကို ပြုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ ဒါကြောင့်လည်း သမိုင်းတလျှောက် အတော်ဆုံး တီထွင်သူတွေကို...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!