ကရင်ပြည်နယ် ဘားအံမြို့တောင်ဖက် မိုင်-၂၀ အကွာရှိ ဇွဲကပင်တောင်တန်း၏ တောင်ဖက်အစွန်ဆုံးတွင် ထန့်ကမာ့ခမိုက် – ဆဒ္ဒန်လိုက်ဂူတော်ရှိသည်။ ကော့မူးတာကျေးရွာအုပ်စု၊ ကော့ဝါးဆူးရွာနှင့်နီးသည်။ ဇွဲကပင်တောင် အရှေ့ဖက်ကားလမ်း အိန္ဒုရွာမှတစ်ဆင့်လည်းကောင်း ဇွဲကပင်အနောက်ဖက် ဘားအံ ဒုံရင်းကားလမ်းမှလည်းကောင်း မွန်ပြည်နယ်မှ လာမည်ဆိုလျင် ဂျိုင်း (ဇာသပြင်) တံတားကိုဖြတ်ကာ ၊ ရွှေပြည်တောင် အပါယ်ပိတ်ဘုရားလမ်းခွဲမှလည်းကောင်း သွားရောက်နိုင်သည်။
တန့်ကမာ့ခမိုက်ဟုခေါ်ခြင်းမှာ လိုဏ်ဂူအနီးတွင် ရေကန်နှင့် ကန့်အိတ်ပင်ရှိသောကြောင့် ထိုနေရာအရပ်ဒေသကို အစွဲပြု၍ ခေါ်ဝေါ်ခြင်း ၊ဖြစ်သည်။ ဆဒ္ဒန်လိုဏ်ဂူဟုခေါ်ခြင်းမှာ လိုဏ်ဂူ၏ပတ်ဝန်းကျင်တွင် ဧက ၂၀-ခန့်ကျယ်သော အင်းအိုင်ကြီးရှိသည်။ ထိုအင်းအိုင်ကြီး၏ တောင်ဘက်တွင် ထန့်ဘိုင်းနာ့ခေါ် ဆင်ဟိုင်းတောင်နှင့် အင်းကြီးရှိသည်။ ဆဒ္ဒန်ဆင်မင်းပျော်မွေ့ခဲ့သည့် ဆဒ္ဒန် အိုင်ဟု တင်စားကြသည်။ ထူးဆန်းသော သဘာဝကျောက်တုံး၊ ကျောက်ဆောင်၊ ကျောက်ပန်းခက်တို့ရှိ သည်။ ထိုသဘာဝတရားတို့သည် ဆဒ္ဒန်ဆင်မင်းဇာတ်ဝတ္ထုနှင့် များစွာတူညီသည်ကို အစွဲပြု၍ ဆဒ္ဒန်ဂူ ဟု ခေါ်တွင်ကြသည်။
နန်းရွှေကျင် နှင့် ဆဒ္ဒန်ဂူ ဒဏ္ဍာရီ
ရှေးအခါက ဒုံရင်းနေပြည်တော် သုဓမ္မရာဇာမင်းကြီးနှင့် အဂ္ဂဒေဝီမိဖုရားတွင် ဒေဝဇာဏီဟူသော သားတော် တစ်ယောက်ရှိသည်။ အရွယ်ရောက်သောအခါ မုလအိ၊ မုလအရှိ မည်သော ရသေ့ကြီးနှစ်ပါးထံ ပညာသင်ရာ ၁၈-ရပ်သောအတတ်ကို သင်ယူပြီးမြောက်ခဲ့သည်။ ရသေ့ကြီးတို့၏ ဒါယကာဖြစ်သူ ဘိုးတာပေါ၏ သမီး နန်းရွှေကျင်နှင့် လက်ထပ်ပြီးနောက် မိဘကန့်တော့ရန် ဦးရီးတော်ဘိုးလုံးတော်နှင့် အတူ နေပြည်တော်သို့ ခရီးဆက်ခဲ့သည်။ နန်းရွှေကျင်၏ အကိုဖြစ်သူ တန်ပိပျော်သည် ညီမဖြစ်သူ ဒုက္ခရောက်လျင် သိရန်အလို့ငှာ ကတိသစ္စာပန်း စိုက်ပျိုးထားကာ နေ့စဉ်ရေလောင်းတော့သည်။
ထိုသို့ခရီး ဆက်ခဲ့ရာ ကျုံတိုးတောင်သို့ရောက်ခဲ့သည်။ ကျုံတိုးတောင်သည် နတ်၊ဝိဇ္ဇာများက စောင့်ရှောက်ရသော နတ်ဂမုန်း ဆေးပင်ဆေးဥတို့ဖြင့် ပြည့်နေသည်။ ကျုံတိုးတောင်ကို ဖြတ်ကျော်လျင် ပူဇော် ပသပြီးမှ သွားရ သည်။ နန်းရေကျင်တို့သုံးဦးသည် မပသပဲသွားမိသဖြင့် ဂမုန်းပင်၊ ဆေးပင်များ တန်ဖိုးပျက်ကုန်ရာ နတ်ဝိဇ္ဇာ တို့ အမျက်ထွက်သဖြင့် အမျိုးမျိုးနှောက်ယှက်ကာ မင်းသားကို ကျိုင်းချောင်းတွင် သေအောင်သတ်၍ မိကျောင်းအဖြစ် ထားတော့သည်။ တူဝရီးနှစ်ယောက်ကိုလည်း ဂူအတွင်းထည့်ထားကာ ဂူဝကို ပိတ်ထား ခဲ့သည်။ ဂူတွင် ကိုယ်ဝန်ရသဖြင့် နန်းရွှေကျင်မှ ကယ်တင်ပါရန် နတ်တို့အား တိုင်တည်သဖြင့် သိကြားမင်း ဆင်းကယ်လေသည်။ သားငယ်ကိုကား ခေါ်ယူမွေးမြူထားသည်။
သားတော်အရွယ်ရောက်သော အခါ မယ်တော်နှင့် ဦးရီးတော်တို့ကို ကယ်တင်ပြီး ဒုံရင်းနေပြည်တော်သို့ သွားရန် သိကြားမင်းထံခွင့်ပန်သည်။ သိကြားမင်းမှ အကယ်၍သွားမည်ဆိုလျင် လမ်းခရီးတွင် ရွှေယောင်ယဘုရားကို တွေ့ပါက ရှိမခိုးပါနှင့် အကြောင်းမှာ သင့်ဘိုးတော် ဒုံရင်းဘုရင်သည် စေတီတည်ရာ ထီးမတင်မီ ငါတည်သောဘုရားကို ထီးတော် မတင်ရသေးပဲလျက် ရှိခိုးပါက ယောကျ်ားဖြစ်က ကျားကိုက်စေ၊ မိန်းမဖြစ်က မြွေနဂါးပတ် ၍ သေစေ-ဟု အဓိဋ္ဌာန်ပြုခဲ့သည်။ ထီးတင်၍မပြီးမီ နတ်ရွာစံခဲ့သည်။ ထို့ကြောင့် ရှိမခိုးပါနှင့်-ဟုပြောကာ သွားခွင့်ပြုသည်။
သိကြားမင်းသည် အခြားသူမဟုတ် တစ်ချိန်က ဒုံရင်းနေပြည်တော်၏ဘုရင် သုဓမ္မရာဇာ ၊ ဖြစ်သည်။ မင်းသားသည် မယ်တော်ကိုကယ်တင်၍သွားရာ လွန်းညတောင်ခြေအရောက်တွင် မိခင်ကို သင့်တော်ရာထား၍ ဦးရီးတော်နှင့်အတူ ရေရှာထွက်ခဲ့သည်။ အပြန်တွင် စေတီတော်ကိုမြင်၍ ကြည်ညို လွန်းသဖြင့် ရှိခိုးရာ ကျားတို့က အလိုလိုထွက်ကာ ကိုက်ကြသည်။ ဦးရီးတော်သည် နန်းရွှေကျင်ကို အကြောင်းချင်းရာအစုံ ပြောပြရာ နန်းရွှေကျင်သည် ရူးမတတ်ခံစားလျက် ဆက်လက်ထွက်ခွာလာရာ ဆဒ္ဒန်ဂူကိုတွေ့ရသဖြင့် ထိုဂူတွင် ရသေ့မ,ဝတ်ကာ ဦးရီးတော်ကား ကပ္ပိယအဖြစ်ဖြင့် နေထိုင်လေသည်။
မုလအိ မုလအ တောင်ရှိ အစ်ကိုဖြစ်သူ တန်ပိပျော်၏ သစ္စာပန်းသည် နေ့စဉ်ရေလောင်းသော်လည်း ညှိုး သထက်ညှိုးလာရာ ညီမတော်ဒုက္ခရောက်နေသည်ကို သိလိုက်ရသည်။ ထို့ကြောင့် လိုက်လာရာ လမ်းခရီး တွင် ရသေ့ကြီးတို့ ပေးလိုက်သော ဆေးလုံးတန်ခိုးကြောင့် အန္တရာယ်ကင်းခဲ့သည်။ ဝိဇ္ဇာနတ်များကို မေးမြန်းရာ သိကြားမင်း သယ်ဆောင်သည်မှစကာ အကြောင်းစုံရှင်းပြသည်။ တန်ပိပျော် သည် ဆေးလုံးဖြင့် မိကျောင်းကို ပစ်ပေါက်ရာ မိကျောင်းသည် ဒေဝဇာဏီမင်းသား အသွင်ကိုရရှိသည်။ ဆဒ္ဒန်ဂူ သို့ရောက်သောအခါ ရသေ့တို့ကလည်း ဈာန်ဖြင့် ရောက်လာသဖြင့် နန်းရွှေကျင်ကို လူဝတ်လဲစေ လျက် ပြန်လည် လက်ဆက်ပေးခဲ့သည်။ ဤကား နန်းရွှေကျင်နှင့် ဆဒ္ဒန်ဂူတို့ဇာတ်လမ်းတည်း။
လေးသည် ကျော်လစွဲ နှင့် ဆဒ္ဒန်ဂူ
ထန့်ကမာ့ခမိုက်-ဆဒ္ဒန်ဂူသည် နေရာကျယ်၍ တိုးလျိုးပေါက်ရှိသည်။ မြေပြင်အထက် ပေ-၂၀ခန့်တွင် တည်ရှိသည်။ အခါတစ်ပါး ကရက္ကကတိုင်းဘုရင် တိဿသက္ကသည် ယွန်းသူပုန်တို့ကို နှိမ်နှင်းရာ နိုင်ငံ အစွန်အဖျား ဒိုဟန(ဒေါန) တောင်တန်းဒေသသို့ ရောက်ခဲ့ရာ ဤနေရာသည် ရန်ပေါင်းအောင်ရာ အရပ်ဖြစ်၏-ဟု ဆိုကာ ဇေယျမြို့ကို တည်ထောင်ကာ ခုနစ်လတိုင်တိုင ်နေထိုင်သည်။ ထိုသို့နေစဉ်အတွင်း ဇွဲကပင်တောင်ခြေ ဆဒ္ဒန်ဂူတွင် စခန်းချလျက် ရပ်ရွာကိုစောင့်လျှောက်သော လေးသည်ကျော်လစွဲ သည် လက်ဆောင်ပဏ္ဏာနှင့်အတူ ဘုရင့်အားလာရောက် ဂါရဝပြုသည်။ ဘုရင်သည် လစွဲအား လုဒ္ဓယောဓဘွဲ့ အပ်နှင်း၍ ကရင်၊ လဝ၊ ပအိုဝ့်၊ ရှမ်း၊ မွန်တို့ နေထိုင်သော ပအာဝနဒေသကို ဘုရင့်ကိုယ်စား လွှဲအပ်အုပ်ချုပ်စေသည်။
လုဒ္ဓယုဓ်မင်းသည် ပအာဝနတောအုပ်ကို မြို့ပြတည်ထောင်သည်။ ပအာဝနတောကြီးနှင့် ဇွဲကပင်တောင်ခြေ ပတ်ဝန်းကျင်တို့ကို ပအာဝနနေပြည်တော်အဖြစ် ပေးသနားတော်မူသည်။ တိဿသက္က မင်းလက်အောက်တွင် ၂၁-နှစ်တိုင်အောင် ထီးရံနန်းရံမင်းအဖြစ် နေခဲ့ပြီး ကောဇာ ၁၁၀-တွင် တိဿသက္က မင်းနတ်ရွာစံသဖြင့် သီးခြားမင်းပြုသည်။ ဘိုးတော်မင်းလက်ထက် ၁၁၄၉-ခု၊ မွန်ရာဇဝင်မှ မြန်မာဘာသာ သို့ ပြန်ဆိုသော ကျမ်းတွင် ဂေါတမဘုရားရှင်မပွင့်မီ ၁၄-နှစ်မှစ၍ ပရိနိဗ္ဗာန်စံပြီး သာသနာသက္ကရာဇ် ၁၆၀၁-တွင် သုဝဏ္ဏဘူမိတိုင်း သုဓမ္မဝတီ သထုံပြည်တွင် မနုဟာမင်းလက်ထက်တိုင် ပအာဝနမြို့ ရှိခဲ့ကြောင်း ဆိုထားသည်။
ဆဒ္ဒန်ဂူ၏ အံ့ဖွယ်နေရာများ
၁။ ကျောက်သွေးတွင်း = စီးပွားဖြစ်လုပ်စဉ်က မထွက်ပဲ ကုသိုလ်ဖြစ်ဝေငှသောအခါ ပုံမှန်ပြန်ထွက်သော ၊ ကျောက်သွေးတွင်းဖြစ်သည်။ ကိုယ်တွင်းရောဂါများပျောက်သည် ဟု ယုံကြည်ကြသည်။
၂။ ကြယ်ရောင်တောက်သော စိန်တောင်ကြီး = ဂူတွင်းတွင် ထိုသို့အရောင်တောက်သော်လည်း ဖဲ့ယူ၍ အပြင်ရောက်သောအခါ အရောင်တောက်မှုမရှိတော့ပေ။ သာမန်အဖြူရောင်သာထွက်တော့သည်။
၃။ လွှသဏ္ဍာန်နှင့်တူသော သဘာဝကျောက်တောင်ကြီး = ဆဒ္ဒန်ဆင်မင်းအစွယ်ကို မုဆိုးကြီးဖြတ်စဉ်က လွှသဏ္ဍာန်ဖြစ်နေသည်။
၄။ မုဆိုးမြားပေါက် = ထိုတောင်၏ အပေါက်မှာ ဝိုင်းနေ၍ လွန်နှင့်ဖေါက်ထားသကဲ့သို့ဖြစ်နေသည်။
၅။ သမီးတော်စံမြန်းသောဂူ = အမှောင်တွင် အရောင်တစ်မျိုး အလင်းတွင် အရောင်တစ်မျိုးဖြစ်နေသည်။ လုံလုံခြုံခြုံရှိ၍ ဝင်ရခက်သည်။ ဆဒ္ဒန်ဆင်မင်းက သူ၏သမီးကို အပြင်သွားလျင် ဖွက်ထားခဲ့သည့်နေရာ ဟုဆိုသည်။
၆။ ကျောက်အူခွေ = ကျောက်ကြောရှည်ရှည်မျှောမျှောများက ဆဒ္ဒန်ဆင်မင်း၏အူခွေအလား ထင်မှတ် ရသည်။
၇။ စပါးကျီတောင် = စပါးစေ့နှင့်တူသော ဂဝံကျောက်ဖြုန်းများရှိသည်။
၈။ ကျောက်ကမ်းပါးယံ = လင်းနို့များစွာတို့ ရှိနေကြသည်။
၉။ ကျောက်ရိုးပုံတိုင်ကြီး = ဆင်ကြီးတစ်ကောင် နှာမောင်းထောင်နေပုံသဏ္ဍာန်ရှိသည်။
၁၀။ မုဆိုးခမောက် = ကျောက်ချောတုံးကြီးသည် ခမောက်တစ်ချပ်နှင့် ပုံသဏ္ဍာန်ရှိနေသည်။
၁၁။ အံသွားကြွေကျရာ = ကျောက်ဆိုင်ခဲများ မြေတွင်စိုက်ဝင်နေသည်မှာ ဆဒ္ဒန်ဆင်မင်းကို အစွယ်ဖြတ်စဉ် အံသွားတို့ ကြွေနေဟန်ဖြစ်သည်။
၁၂။ ဆင်တိုင် = အလွန်ကြီးမားသော ကျောက်မိုးမျှော်တိုင်ကြီးဖြစ်သည်။
၁၃။ ဂူဝလွမ်းစေတီ = ကိုးတောင်ပြည့်စေတီဖြစ်သည်။
၁၄။ ဘေးမဲ့ရေအိုင် = ဧက ၂၀-ခန့်ကျယ်သော အိုင်ကြီးဖြစ်သည်။
၁၅။ ဆင်ဟိုင်းဂူ = ပေအမြင့် ၃၀-ခန့်ရှိ၍ ရှေးအခါက ဆဒ္ဒန်ဂူတွင် ဆင်ဖြူများနေ၍ ဤဂူတွင် ဆင်မည်းများ နေသည်ဟု ဆိုသည်။
၁၆။ တွန်ထွန့်ဖန်ခေါ် ရေကျော်ကန် = ထိုကန်နံဘေးတွင် ရေကန်တစ်ကန်ရှိသည်။ ထိုကန်မှတစ်ဆင့် ဇွဲကပင်တောင်စွယ်၊ လွန်းညတောင်၊ လက္ခဏာတောင်၊ နတ်ထိပ်တောင်တို့ကို မြင်နိုင်သည်။
၁၇။ လက်ရေးစင်းအုတ်ချပ်များ = ဤဂူတွင်တွေ့ရသော အုပ်ချပ်များသည် ကော့ဂွန်း၊ရသေ့ပျံ၊ ဖားကပ်၊ ဘုရင်ညီနောင်၊ ဓာတ်ကျိုက်၊ ရဲသာနောင်ခရိုင် ဂူများရှိ လက်ရေးစင်းအုတ်ချပ်များနှင့်တူညီသည်။ လက်ရေး စင်း အမျိုးအစား ၂၂-မျိုးတွင် ပါဝင်သည်။
၁၈။ ကျောက်ကမ်းပါးံမှ ကျောက်ကပ်အုပ်ခွက်ဘုရားများ = ရှေးအခါက မှောင်ခိုသမား၊သူခိုးတို့က တားဆီး မည့်သူ မရှိသဖြင့် အေးအေးဆေးဆေး ခွာယူကြသည်။ အချို့က လက်နက်အစောင့်ထား၍ပင် ခွာယူကြ သည်ဟုဆိုသည်။ ကျည်မထွက်သည်အထိ စွမ်းသည်ဟူသောစကားကြောင့် ခွာယူရောင်းချကြသည်။ ယခုကား အုတ်ခွက်နေရာပေါင်း ထောင်ပေါင်းများစွာကိုသာတွေ့ရပြီး ကျောက်ကမ်းပါးအမြင့်ဆုံးနေရာ ရှိ လေး၊ငါးဆူမှအပ မရှိတော့ချေ။
၁၉။ ရှေးဟောင်းစေတီတော် = ဂူအတွင်း ပေ-၁၀၀ခန့်တွင် ကိုးတောင်ပြည့်စေတီတစ်ဆူရှိသည်။ ရှမ်းတို့က တည်သည် ဟုလည်းကောင်း မွန်တို့က တည်သည်ဟုလည်းကောင်း ဆိုကြသည်။ အထောက်ထားကား မတွေ့ရသေးချေ။ ထူးခြားမှုမှာ ရသေ့ပျံဂူရှိစေတီနှင့် ဉာဏ်တော်အနိမ့်အမြင့်မှတပါး ပုံစံတူညီသည်။
၂၀။ ဆဒ္ဒန်ဂူကျောင်းရှိ ရှေးဟောင်းရုပ်ပွားတော် = ရှေးက မသမာသူတို့ ယူဆောင်ရာမှ လက်ကျန်ဖြစ် ဟန်တူသည်။ အကျိုးအပဲ့များသာ ရှိတော့သည်။ ကိုးဆူရှိသည်။
၂၁။ တိုက်ကျောင်းကြီးအပေါ်ထပ်ရှိ ဘီရိုနှစ်လုံး = ၁၂၉၀-တွင် ပြာသိုလကွယ် ကော့မူးတာရွာ ဦးဖော်လဲတို့ မှ ဆင်းတုခန်းလှူသည်ဟူသော စာကိုတွေ့ရှိရသည်။ ဤစာအရ ယခင်က ဆင်းတုတစ်ဆူရှိရမည်။
၂၂။ ရှေးဟောင်းလျောင်းတော်မူဘုရား = ရှမ်းတို့က တည်သည်ဟုဆိုသည်။ သို့သော် ရှမ်းတို့၏လက်ရာ မတွေ့ရ၊ အခြားအဆိုတစ်ရပ်မှာ မုတ္တမ မွန်မင်းဆက်(၀ါရီရုမင်းဆက်)လက်ထက်တွင် တည်သည်ဟု ဆိုသည်။ ရှေးကမွန်တို့သည် နှစ်စဉ် ၀ါခေါင်လပြည့်ကျော် ၁-ရက်တွင် လာရောက်လေ့ရှိကြသော်လဲ ယနေ့ခေတ်တွင် အဝေးမှမလာနိုင်ကြတော့ပဲ ရပ်နီးမှမွန်တို့သာ လာကြသည်။ ဆဒ္ဒန်ဂူတွင် အကြီးဆုံးနှင့် အထင်ရှားဆုံး ရှေးဟောင်းပစ္စည်းဖြစ်သည်။
၂၃။ ထူးသောကျောက်တုံးကြီး = ၁၃၂၀-ခု၊ ဆရာတော်ဦးဝါရိန္ဒလက်ထက် လိုဏ်အတွင်း စေတီနှင့် ၊ လျောင်းတော်မူ အကြား ကျောက်တုံးတစ်တုံးကျလာသည်။ ဆရာတော်ရွှေ့ခိုင်းသဖြင့် ရွှေ့ကြသော်လည်း မရွေ့ချေ။ ဤအတိုင်းဆိုလျင် ခက်ချေပြီ။ သို့သော် သင်္ကြန်ကျရန် ၂-ရက်အလို ညသန်းခေါင်တွင် ဂူအနီးမှ လူသံကဲ့သို့အသံများကြားရပြီး ကျောက်တုံးကြီးအနီးတွင် မီးအလင်းရောင်မြင်ရ၍ ပေါ်လိုက်ပျောက် လိုက်ဖြစ်နေကာ မိုးသောက်သောအခါ ကျောက်တုံးသည် ကျောက်ကမ်းပါးဂူခြေ၌ တစ်ဖက်တွင် မှီကပ်နေ သည်။ ယနေ့တိုင် ၄၅-ဒီဂရီစောင်းလျက် တည်ရှိနေသည်။
ဆဒ္ဒန်လိုဏ်ဂူ၏ နှစ်စဉ်ပွဲတော်များ
၁။ဆဒ္ဒန်လှိုဏ်ဂူပွဲတော် = နှစ်စဉ်သင်္ကြန်အတက်နေ့တွင် ပုံမှန်ကျင်းပသည်။
၂။တန်ခူးလဘုရားပွဲတော် ရဟန်းခံရှင်ပြုပွဲ။
၃။ကဆုန်လညောင်ရေသွန်းပွဲ။
၎။ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာ။ = ၀ါခေါင်လဆန်း ၁-ရက်မှ ၁၅-ရက်ထိ သင့်သောရက်တွင် ကျင်းပသည်။
၅။ဝါခေါင်လဆုတ် ၁-ရက်နေ့ မွန်အမျိုးသားပွဲ။
၆တော်သလင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲ။
၇။သီတင်းကျွတ် တန်ဆောင်တိုင်မီးထွန်းပွဲတော်။
ဆရာမန်းသင့်နောင် ရေးသည့် ဆဒ္ဒန်လိုဏ်ဂူတော်-ဟူသော စာအုပ်မှ