ဆွစ်ဇာလန်

Posted on

အားလုံးပဲ မင်္ဂလာပါရှင်

ဥရောပတိုက် အလယ်ပိုင်းမှာ တည်ရှိတဲ့ ဆွစ်ဇာလန်ဟာ အေးချမ်းပြီး ချမ်းသာတဲ့ နိုင်ငံတနိုင်ငံ ဆိုတာ အားလုံးသိကြပြီဖြစ်မှာပါ။ ပညာရေး၊ နည်းပညာ တိုးတက်မှု ၊ ရာဇဝတ်မှုနည်းပါးမှု စတဲ့ကဏ္ဍပေါင်းစုံမှာ ထိပ်တန်းက ရပ်တည်နေတဲ့ ဆွစ်ဇာလန်နိုင်ငံဟာ နှစ်စဉ် ထုတ်ပြန်တဲ့ ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံတွေ စာရင်းမှာလည်း ၁ ကနေ ၁၀ အတွင်း အမြဲဝင်နေလေ့ရှိပါတယ်။

၂၀၂၁ ခုနှစ် ကမ္ဘာ့ငွေကြေးအဖွဲ့အစည်းရဲ့ စာရင်းအရ ဆွစ်ဇာလန်နိုင်ငံသား တဦးချင်းစီရဲ့ နှစ်စဉ်ပျမ်းမျှဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၉၄,၆၉၆ ဖြစ်ပြီး ကမ္ဘာ့အဆင့် ၅ ဖြစ်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံဟာ ဘာကြောင့် အေးချမ်းပြီး ချမ်းသာတဲ့ နိုင်ငံတနိုင်ငံဖြစ်နေရသလဲ ဆိုတာနဲ့ ပတ်သက်လို့ အကြောင်းအရာအချို့ကို သုတဇုန် မိတ်ဆွေများထံ ပြန်လည်ဝေမျှလိုက်ပါတယ်ရှင်။

လုံခြုံစိတ်ချရမှု နဲ့ စီးပွားရေးတည်ငြိမ်မှုကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးက စီးပွားရေးလုပ်ငန်းရှင်တွေဟာ ငွေကြေးရင်းနှီးမြုပ်နှံမှု အပ်နှံမှုတွေအတွက် ဆွစ်ဇာလန်ကိုပဲ ရွေးချယ်ကြသလို အေးချမ်းသာယာတာကြောင့် ကမ္ဘာ့အဖွဲ့အစည်းအသီးသီးကလည်း သူတို့ရဲ့ ရုံးချုပ်တွေကို ဆွစ်ဇာလန်မှာပဲ ထားလေ့ရှိကြပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်က အခြားနိုင်ငံတွေနဲ့ယှဉ်ရင် ဖွံ့ဖြိုးမှုအားနည်းပြီး ဆင်းရဲခဲ့တဲ့ ဆွစ်ဇာလန်နိုင်ငံဟာ ယနေ့အချိန်မှာ ဘာကြောင့် အေးချမ်းပြီး စီးပွားရေးကောင်းမွန် တည်ငြိမ်တဲ့ နိုင်ငံ ဖြစ်နေရပါသလဲ။

ဆွစ်နိုင်ငံဟာ တွင်းထွက်သယံဇာတ အနည်းငယ်သာ ထွက်ပါတယ်။ နိုင်ငံရဲ့ အဓိက စီးပွားရေးလုပ်ငန်းတွေကတော့ စက်မှုပစ္စည်း ၊ ဓာတုပစ္စည်း ၊ နာရီ ၊ ချည်မျှင်နှင့် အထည် ၊ ဆေးဝါး ၊ ဘဏ် နဲ့ ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများ ၊ ခရီးသွားလာရေးလုပ်ငန်းတွေ ဖြစ်ပါတယ်။ နိုင်ငံရဲ့စီးပွားရေးကဏ္ဍကို ခွဲခြမ်းလိုက်မယ်ဆိုပါက စိုက်ပျိုးရေးက ဝ.၇% ၊ စက်မှုလုပ်ငန်းက ၂၅.၆% နဲ့ ကျန် ၇၃.၇% ကတော့ ဝန်ဆောင်မှုလုပ်ငန်းတွေကနေ ဝင်ငွေရရှိခဲ့တာဖြစ်ပါတယ်။ သဘာ၀ သယံဇာတ အနည်းငယ်သာထွက်ပေမယ့် ဆွစ်ဇာလန်ကို ချမ်းသာစေတဲ့ အဓိက အချက်တချို့ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

ဘဏ်လုပ်ငန်း

ငွေဟူသည် ဆွစ်ဇာလန်ဘဏ်တွင် သွင်းမထားမချင်း မည်သည့်အခါမှ စိတ်ချမ်းသာမှုမပေး ဆိုတဲ့ ဂျာမန် စကားပုံ ရှိသလို ဆွစ်ဘဏ်တွေဟာ လုံခြုံစိတ်ချရမှုအရှိဆုံးဘဏ်တွေအဖြစ် ကမ္ဘာမှာ နာမည်ကြီးလှပါတယ်။ တကယ်တော့ အခြားဥရောပနိုင်ငံတွေနဲ့ ယှဉ်ရင် ဆွစ်ဘဏ်တွေဟာ အလွန်နောက်ကျပြီးမှ ပေါ်ပေါက်လာခဲ့တာပါ။ ပထမကမ္ဘာစစ်အပြီးမှာတော့ ဆွစ်ဘဏ်တွေဟာ လျှင်မြန်စွာကြီးထွားလာခဲ့ပါတယ်။ အဓိက ကတော့ သူ့ရဲ့တည်နေရာကြောင့်ပါ။

ဆွစ်ဇာလန်ဟာ ပြင်သစ် ၊ ဂျာမနီ ၊ အီတလီ ၊ သြစတြီးယား နဲ့ လက်ချင်းစတိန်း နိုင်ငံတွေကြားမှာ တည်ရှိနေပြီး တနိုင်ငံလုံးကို ဆွစ်ကုန်းပြင်မြင့် ၊ အဲလ်ပ်တောင်တန်း နဲ့ ဂျူရာတောင်တန်းတွေက ဝန်းရံထားပါတယ်။ ဒီလိုဝန်းရံထားပြီး သွားရလာရခက်တာအပြင် ကြားနေနိုင်ငံအဖြစ်နေခဲ့တာကြောင့် ကမ္ဘာစစ်တွေမှာ ကမ္ဘာအနှံ့က နိုင်ငံတွေ အနည်းနဲ့ အများထိခိုက်ခဲ့ပေမယ့် ဆွစ်ဇာလန်ကတော့ လုံးလုံးလျားလျား ထိခိုက်ခဲ့ခြင်း မရှိခဲ့ပါဘူး။ အခြားနိုင်ငံတွေ စီးပွားရေးအကြပ်အတည်းဖြစ်နေချိန်မှာ ထိခိုက်မှုမရှိခဲ့တဲ့ ဆွစ်ဇာလန်ရဲ့ ဘဏ်လုပ်ငန်းဟာ အလျှင်အမြန်တိုးတက်လာခဲ့ပါတယ်။

တခြားနိုင်ငံက ဘဏ်တွေနဲ့ ဆွစ်ဇာလန်ဘဏ်တွေ မတူညီတဲ့အချက်ကတော့ ငွေအပ်သူတွေရဲ့ နာမည်ကို လျို့ဝှက်ပေးထားတာ ဖြစ်ပါတယ်။ တနိုင်ငံလုံးမှာ ရှိတဲ့ဘဏ်ကြီးဘဏ်ငယ်အားလုံးဟာ လာအပ်သူတွေရဲ့ နာမည် ငွေစာရင်းတွေကို လျို့ဝှက်ပေးတဲ့နေရာမှာ နာမည်ကြီးပါတယ်။ ဒါကြောင့်လည်း ကမ္ဘာအနှံ့က ငွေကို နည်းလမ်းမျိုးစုံနဲ့ ရှာထားကြသူပေါင်းစုံဟာ သူတို့ရဲ့ငွေတွေကို ဆွစ်ဇာလန်ဘဏ်တွေမှာပဲ အပ်လေ့ရှိကြပါတယ်။ တချို့ကတော့ ကမ္ဘာစစ်အတွင်းက ဂျာမန်အရာရှိပေါင်း ၁၀၀ကျော်ရဲ့ ငွေသန်းထောင်နဲ့ချီပြီး ဆွစ်ဇာလန်ဘဏ်တွေမှာ အပ်ထားခဲ့ရာကနေ အကျိုးအမြတ်ပေါင်းများစွာ ရရှိခဲ့တယ် လို့ဆိုကြပါတယ်။ လက်ရှိအချိန်ထိလည်း နိုင်ငံတကာက ပုဂ္ဂိုလ်အချို့ဟာ တရားမဝင်နည်းမျိုးစုံနဲ့ ရှာထားတဲ့ငွေတွေကို ဆွစ်ဇာလန်ဘဏ်တွေမှာ အပ်ထားကြဆဲလို့ သိရပါတယ်။

ဆွစ်ဇာလန်ဘဏ်တွေဟာ လာရောက်အပ်နှံတဲ့ငွေတွေကို စတော့များ ၊ စာချုပ်များဝယ်ခြင်း ၊ အလားအလာကောင်းသော စီးပွားရေးလုပ်ငန်းများတွင် ထည့်ဝင်ခြင်း ၊ ငွေတိုးချေးခြင်း ၊ ကော်ပိုရေးရှင်းကြီးများတွင် အကျိုးအမြတ်များဝယ်ယူခြင်း စသည်တို့ဖြင့် ပိုမိုတိုးပွားအောင် လုပ်လေ့ရှိပါတယ်။ ဆွစ်ရဲ့ငွေကြေးစနစ်ဖြစ်တဲ့ ဆွစ်ဖရန့်ဟာ အခိုင်မာဆုံးသော ငွေကြေးစနစ်တွေထဲမှာ ပါဝင်နေပြီး လွန်ခဲ့သော ဆယ်စုနှစ်ပေါင်းများစွာမှ ယနေ့အချိန်ထိ ဖောင်းပွမှုများ မရှိခဲ့ပါဘူး။ ၁ ဆွစ်ဖရန့် ဟာ အမေရိကန်ဒေါ်လာ ၁.၀၉ နဲ့ ညီမျှပြီး အမေရိကန်ဒေါ်လာထက်တောင် ပိုတန်ဖိုးရှိပါသေးတယ်။

လက်ရှိအချိန်အထိလည်း ဘဏ် နဲ့ ငွေကြေးဆိုင်ရာလုပ်ငန်းတွေဟာ ဆွစ်ဇာလန်စီးပွားရေးရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတုန်းပါပဲ။ ဒါပေမယ့် ဟိုးတချိန်ကလိုတော့ ဘဏ်လုပ်ငန်းပေါ်မှာချည်း အားထားနေရတာမျိုးမဟုတ်တော့ပဲ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းဟာ ဆွစ်ဇာလန် GDP ရဲ့ ၁၀% ကျော်ကျော်ပဲ ပါဝင်ပါတော့တယ်။ ဆွစ်ဇာလန်ရဲ့ အကြီးဆုံး ဘဏ်ကြီး ၃ ခုကတော့ UBS ၊ ခရက်ဒစ်ဆွိစ် Credit Suisse နဲ့ ရိုင်ဖိုင်ဆန် Raiffeisen ဘဏ်တွေဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်စာရင်း အရ ဆွစ်ဇာလန်ဟာ ဘဏ်လုပ်ငန်းကနေ စုစုပေါင်း ဆွစ်ဖရန့် ၈၀ ဘီလျံခန့်ရရှိခဲ့ပြီး နိုင်ငံသားပေါင်း ၄သိန်းခန့်ကို လစာကောင်းကောင်းနဲ့ အလုပ်ခန့်ထားနိုင်ခဲ့တယ် လို့ သိရပါတယ်။

တန်ဖိုးကြီး ထုတ်ကုန်များ ထုတ်လုပ်ခြင်း

ဆွစ်ဇာလန်လို့ ဆိုလိုက်တာနဲ့ အများစုသိကြတာက ဆွစ်ဇာလုပ် လုပ်နာရီတွေပါ။ ရိုးလက် ၊ အိုမီဂါ ၊ ဖထိတ်ဖလိ PATEK PHILIPPE စတဲ့ ဆွစ်ဇာလန် လုပ်တန်ဖိုးကြီး နာရီများစွာဟာ ယနေ့တိုင် နာမည်ကြီးနေဆဲဖြစ်ပါတယ်။ နာရီတွေအပြင် ကျောက်မျက် ၊ လည်သာ နဲ့ လူအသုံးအဆောင်ပစ္စည်း အစရှိတာတွေကို အကြမ်းထည်တွေကနေ တန်ဖိုးကြီးပစ္စည်းတွေအဖြစ် ပုံဖော်ဒီဇိုင်းထုတ်ကာ ရောင်းချလေ့ရှိပါတယ်။

ကြားနေ ဘက်မလိုက်ဝါဒ

ဆွစ်ဇာလန် နိုင်ငံဟာ ပထမ ကမ္ဘာစစ်မှာရော ၊ ဒုတိယ ကမ္ဘာစစ်မှာပါ မပါဝင်ပဲ ကြားနေနိုင်ငံအဖြစ်သာ ရပ်တည်ခဲ့ပါတယ်။ အခြားဥရောပနိုင်ငံတွေ စစ်ပွဲပြင်ဆင်မှုအတွက် အပြိုင်အဆိုင် ငွေကြေးအမြောက်အများသုံးနေချိန်မှာ ဆွစ်ဇာလန်ကတော့ စီးပွားရေးတခုတည်းကိုသာ ဇောက်ချ လုပ်ခဲ့ပါတယ်။ အိမ်နီးချင်း ဝန်ရိုးတန်းနိုင်ငံတွေဟာ စစ်ဒဏ်ကြောင့် ပြင်းထန်စွာ ထိခိုက်ပျက်စီးမှုတွေဖြစ်ခဲ့ပေမယ့် ဆွစ်ဇာလန်ကတော့ ပကတိအတိုင်းရပ်တည်နိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း စစ်အတွင်းမှာ တိုးတက်လာတဲ့ ဥရောပရဲ့ တခုတည်းသောနိုင်ငံဖြစ်ခဲ့ပါတယ်။ ယနေ့ ဆွစ်ဇာလန်နိုင်ငံကို ချမ်းသာစေတဲ့ နိုင်ငံအဖြစ် ရပ်တည်နေစေခြင်းတွေထဲမှာ ဒီအချက်ကလည်း အဓိက နေရာက ပါဝင်နေပါတယ်။

နိုင်ငံရေးတည်ငြိမ်မှု

ဆွစ်ဇာလန်ဟာ ကမ္ဘာ့စစ်ပွဲတွေမှာ မပါဝင်သလို ပြည်တွင်းစစ် နောက်ဆုံးဖြစ်ခဲ့တာကလည်း ၁၈၄၇ ခုနှစ်ကတည်းကပါ။ အဲဒီအချိန်ကတည်းက စလို့ဆွစ်ဇာလန်ဟာ တည်ငြိမ်တဲ့နိုင်ငံရေးကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဘယ်လောက်တောင် တည်ငြိမ်သလဲ ဆိုရင် လက်ရှိကျင့်သုံးနေတဲ့ နိုင်ငံရေးစနစ် နဲ့ စည်းမျဉ်း ဥပဒေတွေကို ၁၈၄၈ ခုနှစ်ကတည်းက စလို့ ချမှတ်ကျင့်သုံးခဲ့တာဖြစ်ပါတယ်။

ဗဟိုထိန်းချုပ်မှုမရှိခြင်း

ဆွစ်ဇာလန်နိုင်ငံဟာ ဖက်ဒရယ်နိုင်ငံဖြစ်ပြီး ပြည်နယ်ပေါင်း ၂၆ ခု နဲ့ ဖွဲ့စည်းထားပါတယ်။ နိုင်ငံရဲ့အာဏာကို လူတဦး အဖွဲ့အစည်းတဦးတည်းကနေ ချုပ်ကိုင်ထားခြင်း မရှိပါဘူး။ နိုင်ငံတော် အုပ်ချုပ်ရေးအတွက် ဖက်ဒရယ်ကောင်စီဝင်လူကြီး ၇ ဦးကို ပြည်သူတွေက ရွေးချယ်ရပါတယ်။ ဒီအထဲက တယောက်ကို သမ္မတအဖြစ် ခန့်အပ်ထားပေမယ့် သူဟာ အခြားအဖွဲ့ဝင်လူကြီးတွေထက် အာဏာပိုမရှိပါဘူး။ ဆုံးဖြတ်ချက်တွေကို ညှိနှိုင်းပြီး ဆုံးဖြတ်ချမှတ်ရပါတယ်။ ဒါဟာ အခြားကမ္ဘာ့နိုင်ငံအားလုံးနီးပါးနဲ့ မတူညီတဲ့အချက်ဖြစ်ပါတယ်။

ပြည်နယ်အလိုက် သင့်တော်တဲ့ဥပဒေများရှိခြင်း

ဆွစ်ဇာလန်မှာ ခန်တန် canton လို့ခေါ်တဲ့ ပြည်နယ်ပေါင်း ၂၆ ခုပါဝင်ပါတယ်။ ပြည်နယ်တွေအားလုံးကို တပြေးညီ စည်းကမ်း ဥပဒေတွေနဲ့ အုပ်ချုပ်ခြင်း မဟုတ်ပဲ သူ့ဒေသနဲ့သူ ကိုက်ညီမယ့် စည်းမျဉ်းတွေကို ချမှတ်ထားလေ့ရှိပါတယ်။ ဥပမာအားဖြင့် ဂျူရာ ဒေသမှာ နေမယ်ဆိုရင် ဝင်ငွေရဲ့ အခွန် ၁၄% ကို ဆောင်ရမှာဖြစ်ပေမယ့် ဇက်ဂျ် ဒေသမှာနေတဲ့သူတွေကတော့ ၄% ပဲဆောင်ရမှာဖြစ်ပါတယ်။ ဂျီနီဗာမှာ ဆိုင်ဖွင့်မယ်ဆိုရင်တော့ ၆နာရီမှာ ပိတ်ရမှာဖြစ်ပြီး ဇူးရစ်မှာဆိုရင်တော့ ပိတ်ချင်တဲ့အချိန်မှ ပိတ်နိုင်ပါတယ်။ ဒေသအလိုက် နေထိုင်သူတွေရဲ့ ဝင်ငွေ ၊ အလေ့အကျင့်တွေနဲ့ ကိုက်ညီအောင် ထိန်းညှိပေးထားတာဖြစ်ပါတယ်။

လိုက်လျောညီထွေတဲ့ ဒီမိုကရေစီ

ဖက်ဒရယ်နိုင်ငံဖြစ်ပေမယ့် ဆွစ်ဇာလန်နိုင်ငံသားတွေဟာ ဒီမိုကရေစီ အပြည့်အ၀ ရရှိတယ် လို့ ဆိုနိုင်ပါတယ်။ ပြည်သူတွေဟာ ဆန္ဒခံယူပွဲကျင်းပဖို့ လူ ၅သောင်းရဲ့လက်မှတ်သာ လိုသလို ၊ စည်းမျဉ်းဥပဒေတွေကို ပြုပြင်ဖို့ ဆိုရင်တော့ လူ ၁သိန်းရဲ့ လက်မှတ်သာ လိုပါတယ်။ ၄လ တိုင်းမှာ ဆန္ဒခံယူပွဲတွေရှိပြီး နိုင်ငံရဲ့စနစ်တွေကို ပိုမိုကောင်းမွန်အောင် ပြည်သူတွေကပဲ ပြောင်းလဲနိုင်တာဖြစ်ပါတယ်။ ဒါဟာလည်း အခြားနိုင်ငံ အားလုံးနီးပါးနဲ့ လုံး၀ ကွဲပြားတဲ့အချက်ဖြစ်ပါတယ်။

အလုပ်အကိုင် အခွင့်အလမ်းပေါများခြင်း

ဆွစ်ဇာလန်နိုင်ငံဟာ အခွန်နဲ့ ပတ်သက်ရင် အခြားနိုင်ငံကြီးတွေထက် အများကြီးသက်သာတာကြောင့် ကမ္ဘာ့အဖွဲ့အစည်း အသီးသီး နဲ့ ကုမ္ပဏီကြီးတွေဟာ ဒီနိုင်ငံမှာ သူတို့ရဲ့ရုံးချုပ်တွေ လုပ်ငန်းတွေကို လာရောက်ဖွင့်လှစ်တတ်ကြပါတယ်။ ဒီလိုဖွင့်လှစ်ခြင်းကြောင့် ဆွစ်ဇာလန်နိုင်ငံသားတွေ အတွက် အလုပ်အကိုင် အခွင့်အလမ်း အလွန်ပေါပါတယ်။ အစိုးရအနေနဲ့လည်း ကိုယ့်နိုင်ငံသားတွေကိုပဲ favor ပေးလေ့ရှိပါတယ်။ ဆွစ်ဇာလန် နိုင်ငံသား ဝန်ထမ်းတွေရဲ့ ပျမ်းမျှအနိမ့်ဆုံးဝင်ငွေဟာ တနှစ်မှာ အမေရိကန်ဒေါ်လာ ၃သောင်းခွဲခန့် ရရှိတာကြောင့် ဒါဟာ အခြားကမ္ဘာ့နိုင်ငံအများစုထက်စာရင် အဆမတန်များနေတဲ့ နှုန်းဖြစ်ပါတယ်။

အသုံးအစွဲချွေတာခြင်း

ဆွစ်တွေဟာ ချမ်းသာကြပေမယ့် အများစုကတော့ သူတို့ရဲ့ နေ့စဉ်ဘဝကို ရိုးရှင်းစွာဖြတ်သန်းလေ့ရှိကြပါတယ်။ နေ့စဉ်အသုံးစရိတ်ကို အလွန်စစ်စီကြသလို အသုံးမလိုတဲ့ ဖြုန်းတီးမှုတွေကို လုပ်လေ့မရှိကြပါဘူး။ ဒေသအများစုက လူတွေဟာ ပိုက်ဆံတတ်နိုင်ကြပေမယ့် လွန်ခဲ့တဲ့ ၁၀စုနှစ်ပေါင်းများစွာက ဆောက်လုပ်ထားတဲ့ အိမ်တွေမှာပဲ နေထိုင်နေကြတုန်းပါ။ ဒါကြောင့်လည်း ဆွစ်လူမျိုးတွေဟာ အလုပ်အလွန်လုပ်သလောက် ချွေတာစုဆောင်းတတ်ကြတဲ့ လူမျိုးတွေလို့ ဆိုကြခြင်းဖြစ်ပါတယ်။

လူဦးရေနည်းပါးကာ လူမျိုးမတူပေမယ့် တသားတည်းရှိခြင်း

၂၀၁၉ ခုနှစ်စာရင်းအရ ဆွစ်ဇာလန်နိုင်ငံရဲ့ လူဦးရေဟာ ၈,၅၇၀,၁၄၆ ဦးသာ ရှိပါတယ်။ ဆွစ်ဇာလန်နိုင်ငံရဲ့ အဓိကနေထိုင်တဲ့ လူမျိုးတွေက ဂျာမန် ၊ ပြင်သစ် နဲ့ အီတလီတွေသာဖြစ်ပေမယ့် သူတို့ကိုယ်သူတို့ ဆွစ်လူမျိုးအဖြစ်သာ ခံယူထားကြပါတယ်။ ရုံးသုံးဘာသာအဖြစ်လည်း ဂျာမန် ၊ ပြင်သစ် နဲ့ အီတလီ သုံးမျိုးစလုံးကို ထားပြီး ဒေသအလိုက် နှစ်သက်ရာကို သုံးစွဲနိုင်ပါတယ်။ နိုင်ငံထုတ်ကုန်တန်ဖိုး များပြားနေပေမယ့် လူဦးရေက ၈သန်းကျော်သာ ရှိနေတာလည်း ဆွစ်ဇာလန်နိုင်ငံကို ပိုမိုချမ်းသာစေတဲ့ အချက်တွေထဲက တချက်ဖြစ်ပါတယ်။ ဘယ်လောက်တောင် ချမ်းသာသလဲ ဆို ဆွစ်ဇာလန်နိုင်ငံသား ၈သန်းကျော် မှာ ၄သိန်းကျော်က သန်းကြွယ်သူဌေးတွေဖြစ်တဲ့အထိ ချမ်းသာကြပါတယ်။

ကဲ ဒီလောက်ဆိုရင် ကမ္ဘာမှာ ငြိမ်းချမ်းသာယာတဲ့ နိုင်ငံတခုအဖြစ် နာမည်ကြီးတဲ့ ဆွစ်ဇာလန်နိုင်ငံဟာ အခြားနိုင်ငံတွေနဲ့ ဘာတွေကွာခြားသလဲ ဆိုတာကို သုတဇုန်မိတ်ဆွေတွေ သိလောက်ပြီထင်ပါတယ်။ ဆက်လက်ပြီးတော့လည်း အခြား နိုင်ငံတကာ ဗဟုသုတ မျိုးစုံကို ဝေမျှသွားဦးမှာ ဖြစ်တဲ့အတွက် သုတဇုန်ယူကျူ့ချန်နယ်ကို Subscribe လုပ်သွားပေးကြပါဦးနော်။

အဆုံးထိနားဆင်ပေးကြတဲ့ သုတဇုန် မိတ်ဆွေ တယောက်ချင်းစီတိုင်း ရွှင်လန်းချမ်းမြေ့ကြပါစေရှင်…