ဆူခိုထိုင်းဘုရင့်နိုင်ငံ၏ မြို့တော်ဖြစ်ခဲ့သော ဆူခိုထိုင်းမြို့သည် ထိုင်းနိုင်ငံ မြောက်ပိုင်းတွင် တည်ရှိသည်။ ဆူခိုထိုင်း၏ အဓိပ္ပါယ်မှာ “ပျော်ရွှင်မှု၏ အာရုဏ်ဦး” (dawn of happiness) ဖြစ်ပါသည်။ ဘန်ကောက်မြို့မှ မြောက်ဘက်သို့ ၄၂၇ ကီလိုမီတာနှင့် ချင်းမိုင်မြို့မှ တောင်ဘက် သို့ ၂၉၈ ကီလိုမီတာ ကွာဝေးသော နေရာတွင် တည်ရှိပါသည်။ ၁၃ရာစု အစောပိုင်း ကာလတွင် ရုန်မြစ်ဝှမ်း လွင်ပြင်တွင် အခြေချ နေထိုင်ခဲ့သော ထိုင်းလူမျိုးများသည် ခမာအင်ပါယာ လွှမ်းမိုးမှု အောက်တွင် နေထိုင်ခဲ့ ကြသည်။
၁၄ရာစုအစောပိုင်း ခမာအင်ပါယာ အင်အား ကျဆင်း သွားသောအခါ ထိုင်းများသည် ခမာများကို တော်လှန်ပြီးနောက် သူတို့ဒေသကို ဆူခိုထိုင်းနိုင်ငံ အဖြစ် ကြေညာကာ ကိုယ့်ထီး ကိုယ့်နန်းဖြင့် အုပ်ချုပ်စိုးစံခဲ့ကြသည်။ ထို့ကြောင့် ဆူခိုထိုင်း ခေတ်ဦးပိုင်း တွင် တည်ဆောက်ခဲ့သော အနုပညာ လက်ရာများနှင့် အဆောက်အဦများတွင် ခမာနှင့် သီဟိုဠ်ခေတ် လက်ရာများ ရောနှောလျက် ရှိသည်ကို တွေ့ရလေသည်။ နှောင်းပိုင်းနှစ် များတွင်မူ ကိုယ်ပိုင် အနုပညာ လက်ရာများကို ဖန်တီးနိုင်ခဲ့ကြသည်။ ထိုင်း ဘာသာအက္ခရာကို ၁၂၈၃တွင် စတင်တီထွင် အသုံးပြုသည် အထိ ဆူခိုထိုင်းရွှေခေတ်သို့ရောက်ခဲ့သည်။
ဆူခိုထိုင်းသမိုင်းဥယျာဉ်သည် ဆူခိုထိုင်း-တပ်ခ် အဝေးပြေးလမ်းမကြီးမှ ၁၂ကီလိုမီတာ ဝေးသောအရပ်တွင် တည်ရှိပြီး ၁၉၉၁ခုနှစ်တွင် ဆူခိုထိုင်းမြို့နှင့် ပတ်ဝန်းကျင်နယ်မြေတခုလုံးကို ယူနက်စကို အဖွဲ့မှ ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် သတ်မှတ်ခဲ့လေသည်။ ထိုဥယျာဉ်တွင်းတွင် လေ့လာ လည်ပတ်သူများ အထူး စိတ်ဝင်စားခြင်းခံရသော အရာများမှာ ဘုရားကျောင်းဟောင်းများမှ တိုင်များ နှင့် စေတီ များ၊ စေတီများ အောက်မှ ဆူခိုထိုင်း ဗိသုကာ လက်ရာဖြင့် ဆောက်လုပ် ထားသော ဆန်းပြားသည့် ကြာပလ္လင်၊ မြို့တံတိုင်းများနှင့် ရေသွင်းစနစ် အပြည့်အစုံပါသော ရေကန်များ၊ ရေနှုတ်မြောင်းများ ဖြစ်လေသည်။
အံ့သြ အထင်ကြီးဖွယ် ဗိသုကာလက်ရာများ၊ ရုပ်လုံးရုပ်ကြွများနှင့် အနုပညာ လက်ရာများမှာ လွန်ခဲ့သော နှစ်ပေါင်း ခုနှစ်ရာခန့်က ထွန်းကားခဲ့သော ဆူခိုထိုင်းခေတ်၏ ကြီးပွားချမ်းသာ ဖွံ့ဖြိုးတိုးတက်မှုကို ညွှန်းဆိုလျက် ရှိလေသည်။ ဆူခိုထိုင်းနှင့် ပတ်ဝန်းကျင် မြို့များသို့ လည်ပတ်ခြင်းသည် တိုင်းပြည်၏ နိုင်ငံရေး၊ ယဉ်ကျေးမှုနှင့် စိတ်ဓာတ်ရေးရာ အတွက် အရေးပါသောအခြင်းအရာတရပ် ဖြစ်လေသည်။ လာရောက်လည်ပတ်သူများအတွက် တည်းခိုစရာနေရာများမှာ မြို့ဟောင်းတွင် မရှိပဲ မြို့သစ်တွင်သာ ရှိလေသည်။
ဆူခိုထိုင်းသည် ထိုင်းနိုင်ငံအစစ် အဖြစ်စတင်ရာ ခေတ်ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ သို့သော်လည်း အယုဒ္ဓယခေတ် မတိုင်မီ အချိန်တိုတိုသာ ထွန်းကားခဲ့ပါသည်။ ဆူခိုထိုင်း ခေတ်သည် ရမ်ခမ်ဟမ်မင်း လက်ထက်တွင် အထွန်းကားဆုံး ဖြစ်ပြီး ပထမဆုံးထိုင်းစာ ရေးသားနည်း ပေါ်ထွန်း ခဲ့လေသည်။ ကျော်ကြားသော ကျောက်ထွင်းစာတွင် “သည်မြေ တွင်ဆန်ရပြီး သည်ရေတွင် ငါးရှိသည့်အတွက် ပဒေသာမြေ ဖြစ်ကြောင်း ပြခြင်း ဖြစ်သည်” ဟုရေးသား ထားလေသည်။ ၁၂၃၈ – ၁၃၇၆ အတွင်းသာ ထွန်းကားခဲ့သော မြို့ပြနိုင်ငံ ဖြစ်ပြီး ယင်းခေတ် ပျက်သုဉ်းသောအခါ ထိုင်းနိုင်ငံသည် အယုဒ္ဓယနိုင်ငံ အဖြစ် ပြောင်းလဲ ခေါ်တွင်ခြင်း ခံခဲ့ရသည်။
သမိုင်းဥယျာဉ်တွင်းရှိမှတ်တိုင်များ ဝပ် ဆိုသည်မှာ ထိုင်းဘာသာဖြစ်ပြီး မြန်မာလို ဘုရားကျောင်းဟုအဓိပ္ပါယ်ရပါသည်။
ဝပ်မဟာထပ်
ဘုရားကျောင်းသည် အလွန်ကြီးပြီး အရေးပါကာ ဆူခိုထိုင်း မြို့လယ်တွင် တည်ရှိသည်။ ဘုရားကျောင်း၏ အရေးပါသော အစိတ်အပိုင်းမှာ ကြီးမားသော ကြာဖူးပုံ ထိပ်အုပ်စေတီ၊ တရားခန်းမရဲ့ အုတ်မြစ် နှင့် ဝိဟာရ ကျောင်းတော်ရာ တို့ဖြစ်လေသည်။ ကျောက်စာအမှတ်၁ အရ ဆူခိုထိုင်း မြို့လယ်တွင် ဝိဟာရကျောင်း၊ ရွှေဘုရား၊ ဘုရားရှည်၊ ဘုရားကြီး နှင့် ဘုရားလှတို့ ရှိခဲ့သည်ဟု ဆိုလေသည်။
ဝပ်စရီစဝိုင်
ဝပ်မဟာထပ် ဘုရားကျောင်း၏ တောင်ဘက် ၃၅၀မီတာ အကွာမှာ တည်ရှိသော ဘုရားကျောင်းအဆောက်အဦးဖြစ်သည်။ အဓိကအဆောင်တွင် ဂဝံကျောက်ဖြင့် ပြုလုပ်ထားသော ဘုရားခန်း သုံးခန်း၊ ဘုရားခန်းများ၏ ရှေ့တွင် တရားဟောဆောင် နှင့် အဆောက်အဦ တစ်ခုလုံးကို ပတ်ရံထားသော ကျုံး ရှိလေသည်။ ဒီဘုရားကျောင်း၏ ဧရိယာကို ဂဝံကျောက်တုံး နံရံဖြင့် ပိုင်းခြားသတ်မှတ်ထားလေသည်။ ၁၉၀၇တွင် ဆဌမမြောက် ရာမဘုရင်သည် ဘုရားကျောင်းကို လာရောက် လည်ပတ်ခဲ့စဉ်က ကြေးသွန်း ဗိဿနိုးရုပ် တွေ့ရှိခဲ့သဖြင့် သည်ဘုရားကျောင်းသည် ယခင်က ဟိန္ဒ္ဒူ ဘုရားကျောင်း ဖြစ်ခဲ့ဟန် ရှိသည်ဟု ဘုရင်က ကောက်ချက် ချခဲ့လေသည်။
ထို့ပြင် ဂဝံကျောက်ဖြင့် ထုလုပ် ထားသော လျောင်းတော်မူ ဗိဿနိုးရုပ်၊ အခြား ဟိန္ဒ္ဒူနတ်ရုပ် များနှင့် လော့ဘူရီခေတ် အနုပညာ လက်ရာ များကိုလည်း ဘုရားကျောင်းရှိ ကျုံးများကို ပြန်ဆည်စဉ် ပြန်လည် တွေ့ရှိရသဖြင့် ၁၃ ရာစုနှစ်များ အစပိုင်းအတွင်း သည်ဘုရား ကျောင်းတွင် ဘာသာရေး ကိုးကွယ်မှုမှာ ဟိန္ဒူဘာသာနှင့် ဗုဒ္ဓဘာသာ ရောထွေးနေဟန် ရှိသည်ဟု ယူဆရလေသည်။ ၁၃ရာစု နှောင်းပိုင်းတွင်မှ ဗုဒ္ဓဘာသာ ထွန်းကားခဲ့ပြီး ဗုဒ္ဓဘာသာ ဘုရားကျောင်း ဖြစ်လာခဲ့ဟန် ရှိလေသည်။
ဝပ်ချနစုံခရမ်
ဝပ်မဟာထပ်ဘုရားကျောင်း၏ အရှေ့ဘက်တွင် တည်ရှိပြီး ရမ်ခမ်ဟန်းဂ် ဘုရင် အမျိုးသား ပြတိုက်နှင့် ဘေးချင်း ကပ်လျက် ရှိလေသည်။ သည်ဘုရားကျောင်း၏ အရေးအကြီးဆုံး အဆောက်အဦးမှာ သီရိလင်္ကာ လက်ရာစေတီ ဖြစ်လေသည်။ စေတီ၏ ပစ္စယာဆင့်များကို ဂဝံကျောက် များဖြင့် တည်ဆောက်ထားပြီး အပေါ်ပိုင်းကို အုတ်ဖြင့် ဆောက်လုပ် ထားလေသည်။ ထို့ပြင် ရှေးဟောင်း ဝိဟာရဆောင်၏ အုတ်မြစ်ပေါ်တွင် လွန်ခဲ့သော နှစ်ပေါင်း ရှစ်ဆယ် ကျော်ခန့်က ပြန်လည် တည်ဆောက် ထားခဲ့သော အာရုဏ်ခံ တန်ဆောင်းလည်း ရှိလေသည်။ ဘုရားကျောင်းထဲတွင် ဆူခိုထိုင်းခေတ် လက်ရာဖြင့် ကျောက်ပေါ်တွင် ထွင်းထုထားသော မြတ်စွာဘုရား၏ ခြေတော်ရာကို သိမ်းဆည်းထားသော အဆောက်အဦ ငယ်တစ်ခုလည်း ရှိလေသည်။
ဝပ်ထရာဖန်ငွမ်
ထရာဖန်ငွမ်ဆိုသည်မှာ သမိုင်းဝင် အဆောက်အဦများ ခြံရံလျက် တည်ရှိသော ရေလှောင်ကန် ဖြစ်ပြီး ရေလှောင်ကန်၏ အနောက်ဘက် ခြမ်းတွင် တည်ထားသော ကြာဖူးထိပ်အုပ် စေတီကို ဝပ်ထရာဖန်ငွမ် ဟုခေါ်လေရာ ဆည်တော်ဦး စေတီဟုလည်း မြန်မာဆန်ဆန် မှတ်ယူနိုင် လေသည်။ ထူးဆန်းသော စိတ်ကူးဖြင့် တည်ဆောက် ထားသော အာရုဏ်ခံ တန်ဆောင်းသည် ကန်လယ်ကျွန်း ပေါ်တွင် တည်ရှိလေသည်။
နိုအမ်ဖရာဆပ်
သည်သမိုင်းဝင် အဆောက်အဦးသည် ဝပ်မဟာထပ်၏ အရှေ့ဘက်တွင် တည်ရှိပြီး မျက်နှာစာ တဖက်လျှင် မီတာ၂၀၀ ကျယ်သော လေးထောင့်စပ်စပ် အုတ်ခုံသာ ကျန်ရစ်ခဲ့သည်။ ကြေးသွန်း လူပုံအပိုင်း အစများနှင့် အုတ်ဖြင့် ပြုလုပ်ထားသော ခြင်္သေ့ပုံ အပိုင်းအစ တို့ကို ထိုအုတ်ခုံအနီးတွင် တူးဖော် ရရှိခဲ့သည်။ ၁၈၃၃ခုနှစ်တွင် စတုတ္ထမြောက် ရာမ ဘုရင် လည်ပတ်ခဲ့စဉ်က ကျောက်ထွင်း ကျောက်စာချပ် တစ်ချပ် တွေ့ရှိခဲ့ပြီး ယခုအခါ ကျောက်စာတိုင် အမှတ်၁ဟု ခေါ်တွင်သည်။
အထက်ပါ ဘုရားစေတီ အဆောက်အအုံများအပြင် အခြားထင်ရှားသော ရှေးဟောင်း အဆောက်အဦး ၊ စေတီ ဘုရား များစွာလည်း ဆူခိုထိုင်းမြို့ဟောင်းတွင် ရှိနေပါသေးသည်။
Photo : Google Map
ဆူခိုထိုင်း သမိုင်းဝင် ပန်းခြံ ကို ကောင်းကင်မြင်ကွင်းမှ မြင်ရပုံ