KGB ဆိုတာကတော့ရုရှားလို Komitet Gosudarstvennoy Bezopasnosti ရဲ့အတို ကောတ်ဖြစ်ပြီး အင်္ဂလိပ်ဘာသာကိုပြန်ဆိုရင်တော့ Committee for State Security (နိုင်ငံတော်လုံခြုံရေးအဖွဲ့)လို့အဓိပ္ပါယ်ရပါတယ်။ ဆိုဗီယက်ပြည်ထောင်စုရဲ့ အဓိက ထောက်လှမ်းရေး အဖွဲ့ဖြစ်တဲ့KGB ဟာ ခရူးရှက်လက်ထက် (၁၉၅၄)ခုနှစ်ကနေ ပြိုကွဲသွားတဲ့ (၁၉၉၁) ကာလထိတိုင်အောင် အထူးအရေးပါတဲ့ ကမ္ဘာကျော်ထိပ်တန်းထောက်လှမ်းရေးအေဂျင်စီဖြစ် ပြီး အမေရိကန်ပြည်ထောင်စုရဲ့ထောက်လှမ်းရေးအဖွဲ့ CID နဲ့နည်းပညာပိုင်းဆိုင်ရာ၊ ထောက်လှမ်းရေးပညာရပ်ဆိုင်ရာ စီးချင်းထိုးပွဲများစွာဆင်နွှဲခဲ့ပြီး စစ်အေးတိုက်ပွဲကာလ ရဲ့အဓိကအသုံးတော်ခံအဖွဲ့ကြီးဖြစ်ခဲ့ပါတယ်။
KGB မတိုင်ခင်အောင်မြင်ခဲ့တဲ့ Cheka၊ NKGB ၊NKVD နဲ့ NGB တို့လိုပဲ ဆိုဗီယက်ရဲ့ Council of Ministers ကနေKGB ကို ကိုင်တွယ်ခဲ့ပါတယ်။ ဆိုဗီယက်ပြည်ထောင်စုရဲ့အဓိကအထူးအဖွဲ့အစည်း အဖြစ် KGB ဟာ ပြည်ထောင်စုနယ်မြေအတွင်းမှာသာမက နိုင်ငံတကာတိုင်အောင် ဆိုဗီယက်ရဲ့အကျိုးစီးပွားကိုရှေးရှူဖော်ဆောင်တဲ့လုပ်ငန်းများစွာကိုလုပ်ကိုင်ခဲ့ပါတယ်။
KGB ဟာထောက်လှမ်းရေးအဖွဲ့ဖြစ်ပေမယ့် အေဂျင့်တွေဟာ စစ်ဘက်ဆိုင်ရာစည်းကမ်းနဲ့ ကျင့်စဉ်တွေကိုသာလိုက်နာကျင့်သုံးကြလေ့ရှိပါတယ်။ ရုရှားတပ်မတော်သားတွေ၊ MVD စစ်ဘက်ဆိုင်ရာလုံခြုံရေးစစ်သည်တွေလိုပဲ KGB ဟာစစ်ရေးစွမ်းရည်ပြည့်ဝတဲ့အေဂျင့် များစွာကိုပိုင်ဆိုင်ပြီး သူရဲ့အဓိကလုပ်ငန်းတွေကတော့ နိုင်ငံတကာရေးရာစုံစမ်းမှုတွေ၊ တန်ပြန်ထောက်လှမ်းရေးလုပ်ငန်းတွေ၊ ပစ်မှတ်ကိုနောက်ယောင်ခံခြင်းအပါအဝင်စုံစမ်း စစ်ဆေးမှုလုပ်ငန်းတွေပဲဖြစ်ပါတယ်။
ဒါအပြင်နိုင်ငံနယ်နိမိတ်ကိုစောင့်ကြည့်ခြင်းလုပ်ငန်းတွေ၊ ဆိုဗီယက်ပြည်ထောင်စုကွန်မြူနစ်ပါတီရဲ့ထိပ်တန်းခေါင်ဆောင်တွေကိုလုံခြုံရေး တာဝန်ယူဆောင်ရွက်ပေးတဲ့လုပ်ငန်းတွေ၊ ကွန်မြူနစ်လမ်းစဉ်နဲ့မကိုက်ညီတဲ့မူဝါဒ ဖော်ဆောင်ရေးလုပ်ငန်းတွေကိုတိုက်ဖျက်တဲ့လုပ်ငန်းတွေ(ပြည်တွင်းပြည်ပ)၊ အမေရိကန်ပြည်ထောင်စုအပါအဝင် သူရဲ့အဓိကမဟာမိတ်နိုင်ငံတွေရဲ့ဆိုဗီယက်အပေါ်ခြိမ်း ခြောက်နိုင်တဲ့ဖြစ်စဉ်တွေကိုစောင့်ကြည့်ခြင်းလုပ်ငန်းတွေအပြင် ဆိုဗီယက်ထိပ်တန်း ခေါင်ဆောင်တွေရဲ့လတ်တလော မူဝါဒဖော်ဆောင်ရေးလျိုဝှက်လုပ်ငန်းတွေကိုပါတာ ဝန်ယူလုပ်ဆောင်ခဲ့ရတာဖြစ်ပါတယ်။ KGB နဲ့ထိပ်တိုက်ရင်ဆိုင်ခဲ့ရတဲ့အဖွဲ့ကတော့ အမေရိကန်ပြည်ထောင်စုရဲ့ CIA ထောက်လှမ်းရေးအဖွဲ့ဖြစ်ပြီး နည်းပညာပိုင်းနဲ့ထောက်ပံ့ မှုပိုင်းမှာ များစွာသာလွန်တဲ့ CIA ကတော့ KGB ထက်နှာတစ်ဖျားသာသလိုဖြစ်ခဲ့တာ ကိုလည်းတွေ့ရပါတယ်။
(၁၉၉၁)ခုနှစ်ရောက်ချိန်မှာတော့ စစ်အေးတိုက်ပွဲပြီးဆုံးခဲ့ပြီး ဆိုဗီယက်ပြည်ထောင်စုပြိုကွဲသွားခြင်းနဲ့အတူ KGB ရဲ့သမိုင်းကလည်းပြောင်းလဲချုပ်ငြိမ်းသွားခဲ့ရပါတယ်။ ယင်း နောက်မှာတော့ KGB အစားရုရှားနိုင်ငံရဲ့ Federal Security Service ဟာအစားထိုးဝင် ရောက်လာခဲ့ပါတယ်။ ယခုလက်ရှိတာဝန်ထမ်ဆောင်နေတဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်ဆိုရင်လည်း KGB ရဲ့အကြီးအကဲခေါင်းဆောင်တစ်ယောက်အဖြစ်တာဝန်ထမ်း ဆောင်ခဲ့ဖူးတဲ့ အထူးအေဂျင့်တစ်ယောက်ဖြစ်ပါတယ်။
သမိုင်းစဉ်
ဆိုဗီယက်ပြည်ထောင်စုနဲ့ အမေရိကန်တို့ရဲ့ စစ်အေးတိုက်ပွဲကာလ တစ်နည်းပြောရရင် ကွန်မြူနစ်နဲ့ဒီမိုကရေစီအားပြိုင်တဲ့ကာလ တွေမှာ KGB ဟာဆိုဗီယက်အစိုးရရဲ့အဓိကကျတဲ့ထောက်လှမ်းရေးအဖွဲ့ကြီးဖြစ်ခဲ့ပြီး အထူးအေဂျင့်များစွာကိုမွေးထုတ်ပေးနိုင်ခဲ့ပါ တယ်။ (၁၉၅၆)ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ ဟန်ဂေရီတော်လှန်ရေး( hungriaan Revolution ) နဲ့ (၁၉၆၈)ခုနှစ်က ချက်ကိုစလိုဗေးနီးယားနိုင်ငံမှာဖြစ်ပေါ်ခဲ့တဲ့ Parague Spring of Socialism with a Human Face စတဲ့ လူထုအုံကြွမှုဖြစ်စဉ်တွေအတွင်းမှာလည်း KGB အေဂျင့်တွေဟာ ယင်းနိုင်ငံတွေရဲ့ကွန်မြူနစ်လိုလားတဲ့အင်အားစုတွေအာဏာရနိုင်ဖို့ နည်းပေါင်းစုံကနေ ခြယ်လှယ်နိုင်ခဲ့ပါတယ်။
(၁၉၇၈)ခုနှစ်၊ဂျူလိုင်(၅)ရက်နေ့မှာတော့ KGB ဆိုတဲ့အမည်ကနေ KGB of Soviet Union ဆိုတဲ့အမည်ပြောင်းပြီးဝန်ကြီးဌာနတစ်ခုပုံစံထားရှိခဲ့ပါတယ်။ (၁၉၉၁)ခုနှစ် ရောက်ချိန်မှာတော့ KGBရဲ့အကြီးအကဲဖြစ်လာသူ ဗိုလ်ချုပ်ကြီး Vladimir Kryuchkov ဟာ ဆိုဗီယက်သမ္မတ Mikhail Gorbachev ထံကနေအာဏာသိမ်းဖို့ကြံစည်တဲ့အဖွဲ့ အတွင်းပါဝင်ခဲ့ပြီး KGB အဖွဲ့ဝင်တွေကိုလည်း ယင်းအာဏာသိမ်း စီမံကိန်းတွေမှာပါဝင် ဆောင်ရွက်ဖို့အမိန့်ပေးခဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်။
ဒါပေမဲ့ယင်းအာဏာသိမ်းဖြစ်စဉ် ဟာမအောင်မြင်ခဲ့တာကြောင့် (၁၉၉၁)ခုနှစ်၊သြဂုတ်လ (၂၃)ရက်နေ့မှာတော့ ဗိုလ်ချုပ်ကြီး Vladimir Kryuchkov ဟာဖမ်းဆီးခံခဲ့ရပြီးသူနေရာမှာ ဗိုလ်ချုပ်တစ်ဦး ဖြစ်တဲ့ Vadim Bakatin ဟာ ဆိုဗီယက်ထောက်လှမ်းရေးအဖွဲ့ KGB ရဲ့အကြီးအကဲဖြစ် လာခဲ့ပါတယ်။ သူဟာ KGB ရဲ့နောက်ဆုံးအကြီးအကဲဖြစ်ပြီးသူလက်ထပ်မှာပဲ KGB အဖွဲ့ကြီးကိုဖျက်သိမ်းပစ်ဖို့ဦးတည်လာခဲ့ပါတယ်။ (၁၉၉၁)ခုနှစ်၊နိုဝင်ဘာ (၆)ရက်နေ့ မှာတော့ KBG အဖွဲ့ကိုတရားဝင်ဖျက်သိမ်းခဲ့ပြီးယင်းနေရာမှာ FSB လို့သိကြတဲ့ရုရှား ထောက်လှမ်းရေးအဖွဲ့ဟာအစားထိုးဝင်ရောက်လာခဲ့ပါတယ်။
ဆိုဗီယက်ပြည်ထောင်စုပြိုကွဲချိန်မှာတော့ ဘီလာရုစ်ဟာနောက်ဆုံးကျန်ခဲ့တဲ့ပြည် ထောင်စုနယ်မြေအစိတ်အပိုင်းဖြစ်ခဲ့ပြီး ယင်းနိုင်ငံအတွင်းကထောက်လှမ်းရေးအဖွဲ့ကိုတော့ KGB လို့ပဲဆက်လက်ခေါ်ဆိုခဲ့ကြသေးတယ်လို့သိရပါတယ်။ ဘီလာရုစ်ဟာ ပြိုကွဲခဲ့ပြီးသောဆိုဗီယက်ပြည်ထောင်စုရဲ့ KGB အဖွဲ့မပေါ်ခင်ကတည်းက Felix Dzerzhinsky တည်ထောင်ခဲ့တဲ့ Cheka ဆိုတဲ့ထောက်လှမ်းရေးအဖွဲ့ခိုင်ခိုင်မာမာတည်ရှိ ခဲ့တဲ့နေရာလည်းဖြစ်ပါတယ်။
(၁၉၈၃)ခုနှစ်ထုတ်၊ကမ္ဘာကျော် Time မဂ္ဂဇင်းရဲ့ဖော်ပြချက်မှာတော့ ဆိုဗီယက်ပြည် ထောင်စုရဲ့ KGB ထောက်လှမ်းရေးအဖွဲ့ကြီးဟာ ကမ္ဘာပေါ်မှာသတင်းအချက်အလက် စုစည်းရာမှာ အကောင်းဆုံးထောက်လှမ်းရေးအဖွဲ့ဖြစ်တယ်လို့ဖော်ပြခဲ့ပါတယ်။ KGB အေဂျင့်တွေဟာ သက်ဆိုင်ရာနိုင်ငံတွေမှာရှိတဲ့ ဆိုဗီယက်သံရုံးတွေမှာအခြေချပြီး သက်ဆိုင်ရာနိုင်ငံရဲ့ ဥပဒေအရ ကန့်သတ်ထားသည့်တိုင်အောင်အဖွဲ့ရဲ့လှုပ်ရှားမှုတွေကို နည်းအမျိုးမျိုးနဲ့လုပ်ဆောင်ခဲ့ကြပါတယ်။ အစောပိုင်းကာလမှာဆိုရင် KGB အေဂျင့်တွေ ဟာတရားမဝင်နည်းလမ်းမျိုးစုံကိုသုံးပြီးပစ်မှတ်နိုင်ငံတွင်း စိမ့်ဝင်တဲ့နည်းနဲ့တာဝန်ထမ်း ဆောင်ခဲ့တဲ့လုပ်ရပ်တွေကပိုများတာကြောင့် နိုင်ငံတကာရဲ့ပြစ်တင်ဝေဖန်မှုများစွာကို ခံခဲ့ရတဲ့အဖွဲ့လည်းဖြစ်ခဲ့ပါတယ်။
KGB အေဂျင့်တွေအသုံးပြုတဲ့သူလျှိလုပ်ငန်းတွေကတော့ (၁)နိုင်ငံရေး(၂)စီးပွားရေး (၃) စစ်ဘက်ဆိုင်ရာမဟာဗျူဟာ (၄) လုပ်ကြံသတင်းဖန်တီးခြင်း စတာတွေဖြစ်ပါတယ်။ ဒါအပြင်တန်ပြန်ထောက်လှမ်းရေးနည်းတွေကိုသာမက သိပ္ပံနည်းကျနည်းပညာရပ်ဆိုင် ရာအသုံးအဆောင်တွေကိုလည်း သူတို့ရဲ့ပစ်မှတ်နယ်မြေအတွင်းကျင့်သုံးလေ့လည်းရှိ ကြပါတယ်။
ဆိုဗီယက်တွေရဲ့သူလျှိလုပ်ငန်းတွေဟာ ယင်းကာလရဲ့ခေတ်မီနည်းပညာတွေဖြစ်တဲ့ ဂျက်လေယာဉ်တွေအသုံးပြုခြင်း၊ရေဒါနဲ့ရှာဖွေခြင်းနဲ့ စကားဝှက်အသုံးပြုခြင်း၊လျိုဝှက် ကုတ်အသုံးပြုပြီးသတင်းအချက်အလက်ပေးပို့ခြင်းနည်းတွေဟာ မော်စကိုအစိုးရအဖွဲ့ရဲ့ ထောက်ပံ့မှုတွေနဲ့ အတော်ကိုအောင် မြင်ခဲ့ပါတယ်။ ဒါပေမဲ့ ဆိုဗီယက်တွေဟာ အမေရိကန်ရဲ့နူးကလီးယားနည်းပညာတွေကို ယင်းစပိုင်နည်းပညာတွေနဲ့ခိုးယူခဲ့တယ် ဆိုတဲ့သတင်းတွေလည်းထွက်ရှိခဲ့ပါတယ်။
ဗြိတိန်ရဲ့ နျူးကလီးယားလက်နက်ထုတ် လုပ်မဲ့ Manhattan Project team မှာပါဝင်ခဲ့တဲ့ ရူပဗေဒပညာရှင် Klaus Fuchs ဆိုရင် KGB ရဲ့စပိုင်တစ်ယောက်ဖြစ်နေခဲ့ပြီး (၁၉၄၄)ခုနှစ်က လည်းအသက်(၁၉)နှစ်သာရှိသေးတဲ့ ရူပဗေဒပညာရှင် Theodore Hall ဆိုသူကလည်း KGB အတွက်စပိုင်လုပ်ပေးခဲ့ပြီး အမေရိကန်ပြည်ထောင်စု နယူးမက္ကဆီကိုမှာရှိတဲ့ Los Alamos အမျိုးသားဓာတ်ခွဲခန်း ဌာနရဲ့ထိပ်တန်းလျိုဝှက်ချက်တွေကို ပေါက်ကြားစေခဲ့တဲ့ဖြစ်ရပ်တွေရှိခဲ့ဖူးပါတယ်။
KGB ရဲ့ကမ္ဘာကျော်စစ်ဆင်ရေးများ
ဆိုဗီယက်ပြည်ထောင်စုရဲ့ လက်မရွံအေဂျင်စီတစ်ခုဖြစ်တဲ့ NKVD က စပိန်လူမျိုး အေဂျင့်တစ်ယောက်ဖြစ်တဲ့ Ramon Mercader ဟာ (၁၉၄၀)ခုနှစ်က ဆိုရှယ်လစ်ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ Leon Trotsky ကို မက္ကဆီကိုမြို့တော်မှာလုပ်ကြံသတ်ဖြတ်ခဲ့ပါတယ်။ KGB ဟာဆိုဗီယက်ရဲ့နိုင်ငံရေးပြိုင်ဘက်နိုင်ငံတွေအပေါ်အရင်ဆုံးတိုက်ခိုက်တဲ့ လမ်းစဉ်ကတော့ ဝါဒဖြန့်ခြင်း၊မဟုတ်မမှန်သတင်းထုတ်လွှတ်ခြင်းတို့သာဖြစ်ပြီး ပြည် သူတွေရဲ့စိတ်ဓာတ်ကို ကစဉ်ကလျားဖြစ်အောင်ပြုလုပ်လေ့ရှိပါတယ်။
ယင်းနောက်မှာ တော့ ယင်းနိုင်ငံတွေမှာမူရင်းရှိ ခွဲထွက်ရေးသမားတွေ၊နိုင်ငံရေးပြိုင်ဘက်တွေကိုသွေး ထိုးပေးပြီး အဖျက်အမှောက်လုပ်ငန်းင်္တွေကိုရည်ရွယ်ချက်ရှိရှိလုပ်ဆောင်စေတာဖြစ်ပါ တယ်။ ယင်းအတွက်လိုအပ်တဲ့လက်နက်၊ငွေကြေးမှသည် နောက်ဆုံးစစ်သင်တန်းပေးခြင်း၊လက်နက်တပ်ဆင်ပေးခြင်းတို့ကို KGB ဟာလုပ်ဆောင်ပါတယ်။ အချို့သတင်းတွေအရ နာဇီထောက်လှမ်းရေးသမားတွေဟာ KGB အတွင်းဝင်ရောက်ပူးပေါင်းခဲ့တယ်လို့သိရပြီး သူတို့ကိုအသုံးပြုပြီး ဆိုဗီယက်ဟာ အနောက်ဂျာမနီရဲ့လုံခြုံရေးစည်း အတွင်းထိုးဖောက်ဝင်ရောက်ရာမှာအသုံးပြုခဲ့ကြတယ်လို့သိရပါတယ်။
(၁၉၇၀)လောက်ကဆိုရင် KGB အေဂျင့်တွေဟာ အမေရိကန်ပြည်ထောင်စု၊ကယ်လီယို ဖိုးနီးယားပြည်နယ်မှာရှိတဲ့ဘဏ် (၃)ခုလောက်ကိုလျို့ဝှက်ဝယ်ယူဖို့ကြိုးစားခဲ့ကြဖူးတယ် လို့သိရပါတယ်။ ဒါပေမဲ့ အမေရိကန်ထောက်လှမ်းရေးအဖွဲ့ CIA ကယင်းကြိုးပမ်းမှုကို သိရှိသွားခဲ့တာကြောင့် KGB တွေရဲ့ အမေရိကန်ရဲ့နည်းပညာဆိုင်ရာလျို့ဝှက်ချက်တွေ ကိုအချီကြီးခိုးယူဖို့လုပ်ငန်းစည်ဟာပျက်ခဲ့ရပါတယ်။
ဘာကြောင့်လဲဆိုတော့ KGB တွေ ဝယ်ယူဖို့ကြိုးစားခဲ့တဲ့ အမေရိကန်ဘဏ်တွေဖြစ်ကြတဲ့ Burlingame မှာရှိတဲ့ Peninsula National Bank ၊ Fresnoက First National Bank နဲ့ South Lake Tashoe မှာရှိတဲ့ Tahoe National Bank တွေဟာ အမေရိကန်ပြည်ထောင်စုတွင်းက များစွာသော နည်းပညာကုမ္ပဏီတွေကိုချေးငွေများစွာထုတ်ချေးပေးထားတဲ့ဆိုတဲ့အချက်ကြောင့်ဖြစ်ပါတယ်။ KGB အေဂျင့်တွေဟာ Moscow Narodny Bank ကို အသုံးချပြီး စင်ကာပူစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်တဲ့ Amos Dawe ကိုအယောင်ပြပိုင်ရှင်အဖြစ် ဝယ်ယူဖို့ကြံစည်ခဲ့ကြတာဖြစ်ပါတယ်။ လက်ရှိရုရှားသမ္မတ ပူတင်အပြင် KGB ရဲ့အထူးထင်ရှားခဲ့တဲ့ စပိုင်အဖွဲ့ဝင်တွေကတော့ ALEXANDER LITVINENKO ၊ BORIS KARPICHKOV ၊ OLEG LYALIN ၊ VASILY MITROKHIN ၊ ALDRICH AMES နဲ့ OLEG KALUGIN တို့ပဲဖြစ်ကြပါတယ်။