ဆားဘီးယားနိုင်ငံဟာ အလယ်ဥရောပ နဲ့ အရှေ့တောင်ဥရောပတို့ ဆုံရာနေရာမှာတည်ရှိနေတဲ့ ကုန်းတွင်းပိတ်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး တရားဝင်အမည်ကတော့ ဆားဘီးယားသမ္မတနိုင်ငံ ဖြစ်ပါတယ်။ မြောက်ဘက်တွင် ဟန်ဂေရီနိုင်ငံ၊ အရှေ့ဘက်တွင် ရိုမေးနီးယားနိုင်ငံ နှင့် ဘူလ်ဂေးရီးယားနိုင်ငံ၊ တောင်ဘက်တွင် မက်စီဒိုးနီးယားနိုင်ငံ၊ အနောက်ဘက်တွင် ခရိုအေးရှားနိုင်ငံ၊ ဘော့စနီးယားနှင့် ဟာဇီဂိုးဗီးနားနိုင်ငံ၊ မွန်တီနီဂရိုးနိုင်ငံ တို့နှင့် နယ်နိမိတ်ခြင်း ထိစပ်နေပါတယ်။ ကိုဆိုဗိုအား ဆားဘီးယားနိုင်ငံမှ ပိုင်ဆိုင်မှုနှင့် ပက်သက်၍ အငြင်းပွားဆဲဖြစ်ပါတယ်။
နိုင်ငံရဲ့ဧရိယာအကျယ်အဝန်းကတော့ ကိုဆိုဗိုကိုထည့်သွင်းတွက်လျှင် စတုရန်းမိုင်ပေါင်း ၃၄၁၁၆ မိုင် ရှိမှာဖြစ်ပြီး ကိုဆိုဗိုမပါရင်တော့ စတုရန်းမိုင် ၂၉၉၁၃မိုင် ပဲ ရှိမှာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်စာရင်းအရတော့ လူဦးရေ ၆.၉၆သန်းခန့်ရှိပါတယ်။ အဲဒီလူဦးရေစုစုပေါင်းမှာ ဆာ့ဘ်လူမျိုး ၈၃.၃% ၊ ဟန်ဂေရီလူမျိုး ၃.၅% ၊ ရိုမန်နီ ၂.၁% ၊ ဘော်နီရက်လူမျိုး ၂% နဲ့ အခြားလူမျိုး ၉% တို့ ပါဝင်နေပါတယ်။ ဘာသာရေး အနေနဲ့ကတော့ Orthodox ခရစ်ယာန်ဘာသာဝင်အများဆုံးဖြစ်ပြီး ၊ ရိုမန်ကတ်သလစ် ၆% ၊ ပရိုတက်စတင့် ၁% ၊ အစ္စလာမ် ၃% ၊ ဘာသာမဲ့ ၁% နဲ့ အခြားဘာသာကိုးကွယ်သူ အနည်းငယ်လည်း ရှိပါတယ်။ ရုံးသုံးဘာသာစကားအနေနဲ့ကတော့ ဆားဘီးယားဘာသာစကားကိုပဲ သုံးစွဲပါတယ်။
အုပ်ချုပ်ရေးစနစ်အနေနဲ့ကတော့ တပြည်ထောင်စနစ်ကို ကျင့်သုံးတဲ့ ပါလီမန် သမ္မတစနစ်နိုင်ငံဖြစ်ပြီး လက်ရှိသမ္မတကတော့ Aleksandar Vučić ဖြစ်ကာ ဝန်ကြီးချုပ်ကတော့ Ana Brnabić ဖြစ်ပါတယ်။ ဆားဘီးယားနိုင်ငံကို မြူနီစီပယ် ၁၄၅ ခု မြို့ကြီး ၂၉မြို့ နဲ့ ဖွဲ့စည့်ထားပါတယ်။ နိုင်ငံရဲ့မြို့တော်ကတော့ ဘဲလ်ဂရိတ်မြို့ဖြစ်ပြီး လူဦးရေ ၁.၂သန်းခန့်နေထိုင်တဲ့မြို့ဖြစ်ကာ ဥရောပ အရှေ့တောင်ပိုင်းဒေသရဲ့ အကြီးဆုံးမြို့တစ်မြို့လည်းဖြစ်ပါတယ်။ အခြားထင်ရှားတဲ့ မြို့ကြီးတွေကတော့ Novi Sad၊ Niš ၊ Kragujevac နဲ့ Subotica မြို့တွေပဲ ဖြစ်ပါတယ်။
တူးဖော်တွေ့ရှိခဲ့တဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေအရ လက်ရှိဆားဘီးယားနိုင်ငံရဲ့ Sićevo ဒေသမှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၄သိန်းခန့်ကတည်းက လူသားတွေအခြေချနေထိုင်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိဘဲလ်ဂရိတ်မြို့ကြီးရှိရာနေရာမှာ ဘီစီ ၆၅၀၀ ဝန်းကျင်ခန့်က Starčevo နဲ့ Vinča ယဉ်ကျေးမှုတွေထွန်းကားခဲ့ပါတယ်။ အဲဒီခေတ်ကာလက ရှေးဟောင်းအထောက်အထားတွေကို ယနေ့တိုင်အောင် ဒန်ညူမြစ်ကမ်းအနီးက Lepenski Vir နဲ့ Vinča-Belo Brdo ဒေသတွေမှာ တွေ့နိုင်ပါသေးတယ်။ သံခေတ်ကာလမှာတော့ မူရင်းဒေသခံလူမျိုးစုတွေဖြစ်တဲ့ Triballi, Dardani နဲ့ Autariatae လူမျိုးစုတွေရှိနေပါပြီ။
ဘီစီ ၃ရာစုကာလမှာတော့ ဒီနေရာကို ဆဲလ်တစ်လူမျိုးတွေရောက်ရှိလာခဲ့ပြီး မြို့တော်အဖြစ် Singidunum မြို့ကို တည်ထောင်နေထိုင်ခဲ့ကြပါတယ်။ ဘီစီ ၂ရာစုကနေ စလို့ ရောမတွေဟာ ဒီဒေသကို စတင်နယ်ချဲ့ရင်း တဖြည်းဖြည်းသိမ်းပိုက်ခဲ့ကြပါတယ်။ အေဒီ ၁၀၀ ဝန်းကျင်ခန့်မှာတော့ ဆားဘီးယားရဲ့ဒေသတွေဟာ ရောမအင်ပါယာပိုင်နက်ထဲပါဝင်ခဲ့ပြီး ရောမလက်အောက်ခံ ပြည်နယ်တွေ ဖြစ်ခဲ့ပါတယ်။
ရောမအင်ပါယာ နှစ်ခြမ်းကွဲတဲ့အခါ ဆားဘီးယားရဲ့ ဒေသအများစုဟာ အရှေ့ရောမအင်ပါယာထဲမှာ ပါဝင်ခဲ့ပါတယ်။ ဆာ့ဘ်လူမျိုးတွေကတော့ ဒီနေရာကို အေဒီ ၆ ရာစုနဲ့ ၇ရာစု ကာလမှာမှ ရောက်ရှိခဲ့တာပါ။ အေဒီ ၈ ရာစုမှာတော့ ဆားဘီးယားနယ်ဆိုပြီး ဖြစ်လာပါတယ်။ အင်အားကြီးထွားလာတဲ့ ဆာ့ဘ်တွေဟာ ၁၂၈၂ခုနှစ်မှာ ဆားဘီးယားဘုရင့်နိုင်ငံကို တည်ထောင်ခဲ့ပြီး ၁၃၄၆ခုနှစ်မှာတော့ ဆားဘီးယားဘုရင် Stefan Dušan က ဆားဘီးယားအင်ပါယာကို ထူထောင်နိုင်ခဲ့ပါတယ်။ ဆားဘီးယားအင်ပါယာကျရှုံးခဲ့ပြီး ၁၅ရာစုမှာတော့ အော်တိုမန်အင်ပါယာရဲ့လက်အောက်ကို ကျရောက်သွားခဲ့ပါတယ်။
၁၈ ရာစုအကုန်အထိ အော်တိုမန်တွေရဲ့ လက်အောက်မှာရှိနေခဲ့ပြီး ဆားဘီးယားတော်လှန်ရေးတွေကြောင့် ၁၈၁၅ ခုနှစ်မှာတော့ တစိတ်တပိုင်းလွတ်လပ်တဲ့ပြည်နယ်ဖြစ်ခဲ့ပါတယ်။ ဘာလင်စာချုပ်အရ ၁၈၇၈ ခုနှစ်မှာ လွတ်လပ်ရေးရခဲ့ပြီး ၁၉၁၈ခုနှစ်မှာတော့ စလိုဗေးနီးယား ၊ ခရိုအေးရှားတို့နဲ့ပူးပေါင်းလိုက်ကာ ၁၉၂၉ ခုနှစ်မှာတော့ ယူဂိုဆလားဗီးယားဘုရင့်နိုင်ငံဆိုပြီးဖြစ်လာပါတယ်။ ၁၉၄၅ခုနှစ်မှာတော့ အာဏာရှင် Josip Broz Tito ရဲ့ဦးဆောင်မှုနဲ့ အဆလိုဗေးနီးယား ၊ မက်ဆီဒိုးနီးယား ၊ ခရိုအေးရှား ၊ ဘောစနီးယားနဲ့ မွန်တီနီဂရို ၊ ဆာဘီးယားတို့ ပူးပေါင်းခဲ့ပြီး ယူဂိုဆလားဗီးယားပြည်ထောင်စု ဆိုပြီးဖြစ်လာပါတယ်။
၁၉၈၀ ခုနှစ်တွင် Tito ကွယ်လွန်ခဲ့ပြီးနောက်တင်းမာမှုများပိုမိုများပြားလာခဲ့ကာ လက်နက်ကိုင်ပဋိပက္ခများ စတင်ပါတော့တယ်။ ယူဂိုဆလပ် စစ်ပွဲများဖြစ်ပွားပြီးတဲ့နောက် ၁၉၉၂ခုနှစ်မှာတော့ ယူဂိုဆလပ်ပြည်ထောင်စုပြိုကွဲခဲ့ကာ ဆလိုဗေးနီးယား ၊ ခရိုအေးရှား ၊ ဘော့စနီးယား နှင့် ဟာဇီဂိုဗီးနား ၊ မက်ဆီဒိုးနီးယား (ယ္ခင် ယူဂိုဆလပ် ပြည်ထောင်စု ) ဆားဘီးယား နဲ့ မွန်တီနီဂရိုးတို့ဟာ သီးခြားနိုင်ငံတွေ ဖြစ်လာပါတော့တယ်။ ၁၉၉၆ ခုနှစ် လူထုရွေးကောက်ပွဲမှာရှုံးနိမ့်ခဲ့တာကို ဆိုရှယ်လစ်ပါတီက လက်မခံတဲ့အတွက် ကြီးမားတဲ့ လူထုဆန္ဒပြမှုတွေ နိုင်ငံတဝှမ်းဖြစ်ပေါ်ခဲ့ပါတယ်။
၁၉၉၇ ခုနှစ်မှာတော့ Milosevic ဟာ ဆားဘီးယားရဲ့သမ္မတဖြစ်လာခဲ့ပါတယ်။ ၁၉၉၈ ခုနှစ် ခုနှစ် ဆားဘီးယား နဲ့ ကိုဆိုဗိုလွတ်မြောက်ရေးတပ်မတော်တို့ ဖြစ်ပွားတဲ့ ကိုဆိုဗိုစစ်ပွဲမှာ NATO က ကြားဝင်ခဲ့တာကြောင့် နောက်ဆုတ်ပေးခဲ့ရပြီး ကိုဆိုဗိုဟာ UN အုပ်ချုပမှုခံပြည်နယ်တစ်ခု ဖြစ်သွားခဲ့ပါတယ်။ ၁၉၉၂ ခုနှစ်ကနေ ၂၀၀၃ခုနှစ်အထိ နိုင်ငံရဲ့အမည်က ယူဂိုဆလပ်ဖက်ဒရယ်ပြည်ထောင်စုဖြစ်ပြီး ၂၀၀၃ ခုနှစ်မှာတော့ ဆားဘီးယား နဲ့ မွန်တီနီဂရိုဆိုပြီး နာမည်ပြန်ပြောင်းခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်ဇွန်လမှာတော့ မွန်တီနီဂရိုက ခွဲထွက်သွားတဲ့အတွက် ဆားဘီးယားနိုင်ငံဆိုပြီးပြန်ဖြစ်ခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်မှာတော့ ကိုဆိုဗိုက လွတ်လပ်တဲ့နိုင်ငံဖြစ်ကြောင်းကြေငြာခဲ့ပေမယ့် ဆားဘီးယားက သဘောမတူခဲ့ပါဘူး။ ၂၀၁၂ ခုနှစ်မှာတော့ ဆားဘီးယားဟာ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ ဖြစ်လာခဲ့ပါတယ်။
ဆားဘီးယားနိုင်ငံရဲ့ စိတ်ဝင်စားစရာ အချက်များ
၁။ ရောမအင်ပါယာဘုရင်ပေါင်း ၁၇ယောက်ကို ဆားဘီးယားဒေသကနေ မွေးဖွားခဲ့ပါတယ်။ အဲဒီထဲမှာ အထင်ရှားဆုံးကတော့ မဟာကွန်စတန်တိုင်း ဖြစ်ပါတယ်။
၂။ ဆားဘီးယားနိုင်ငံ Pirot မြူနီစီပယ်ထဲမှာ Gostuša ဆိုပြီး ထူးခြားတဲ့ရွာတစ်ရွာရှိပါတယ်။ ဒီရွာရဲ့ ထူးခြားချက်ကတော့ အဲဒီရွာက လူနေအဆောက်အအုံအားလုံးကို ရွှံ့၊ ကျောက်တုံးများကိုသာ သုံးစွဲပြီးတည်ဆောက်ထားလို့ဖြစ်ပါတယ်။
၃။ Serbia ဆားဘီးယား ဆိုတဲ့စကားလုံးဟာ ဂရိဘာသာစကားကနေ ဆင်းသက်လာတာဖြစ်ပြီး ဆာ့ဘ်တို့ရဲ့နယ်မြေ လို့ အဓိပ္ပါယ်ရပါတယ်။
၄။ ဆားဘီးယားနိုင်ငံရဲ့ အနိမ့်ဆုံးနေရာက ဒန်ညု နဲ့ တီမော့မြစ်တွေရှိရာနေရာဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အောက် ၃၅မီတာနိမ့်ပါတယ်။ အမြင့်ဆုံးနေရာကတော့ Midzor တောင်ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်ထက် ၂၁၆၉မီတာ မြင့်ပါတယ်။
၅။ ဆားဘီးယားနိုင်ငံဧရိယာရဲ့ ၃ပုံ ၁ပုံဟာ သစ်တောတွေဖြစ်ပြီး ၅၈% ခန့်က သီးနှံစိုက်ပျိုးနိုင်တဲ့မြေဖြစ်ပါတယ်။ ဆားဘီးယားနိုင်ငံသားတွေဟာ စီးပွားရေးအနေနဲ့ မော်တာယာဉ်များ ၊ သတ္တုတူးဖော်ရေး ၊ အစားအစာထုတ်လုပ်ရေး ၊ စက်မှုလုပ်ငန်း ၊ ဓာတုပစ္စည်း ၊ တာယာ နဲ့ ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းတွေကို လုပ်ကိုင်ကြပါတယ်။ နိုင်ငံသားတစ်ဦးချင်းစီရဲ့ နှစ်စဉ်ပျမ်းမျှဝင်ငွေကတော့ အမေရိကန်ဒေါ်လာ ၁၇၅၅၅ ဖြစ်ပါတယ်။ ငွေကြေးစနစ်အနေနဲ့ကတော့ ဆားဘီးယားဒီနာ RSD ကို သုံးစွဲပြီး အမေရိကန် ၁ဒေါ်လာဟာ ၁၀၅ RSD နဲ့ ညီမျှပါတယ်။
၆။ ကမ္ဘာ့အကြီးကျယ်ဆုံး သိပ္ပံပညာရှင်တစ်ယောက်ဖြစ်တဲ့ နီကိုလာတက်စ်လာ ဟာ ဆားဘီးယားနိုင်ငံသားဖြစ်ပါတယ်။ သူဟာ AC လျှပ်စစ်အပါအဝင် လူသားတို့အကျိုးအတွက် ကြီးကျယ်တဲ့တီထွင်မှုပေါင်းများစွာကို ပြုလုပ်ခဲ့သူလည်းဖြစ်ပါတယ်။
၇။ ဆားဘီးယားဟာ ကမ္ဘာပေါ်မှာ raspberry သီး အတင်ပို့ဆုံးနိုင်ငံဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ရောင်းချနေတဲ့ raspberryသီး စုစုပေါင်းရဲ့ ၉၅% က ဆားဘီးယားက လာတာဖြစ်ပါတယ်။
၈။ ဆားဘီးယား ဘာသာကို လူတိုင်းမသိပေမယ့် ဆားဘီယားဘာသာကလာတဲ့ စကားလုံးတစ်လုံးကတော့ အားလုံးနဲ့ရင်းနှီးပြီးဖြစ်မှာပါ။ အဲဒါကတော့ သွေးစုပ်ဖုတ်ကောင် Vampire ဖြစ်ပါတယ်။
၉။ ဆားဘီးယားနိုင်ငံသားတွေဟာ ဖော်ရွှေမှုနဲ့ ပတ်သတ်ရင်လည်း အလွန်နာမည်ကြီးပါတယ်။ ရှေးဟောင်းဆာ့ဘ်လူမျိုးတွေရဲ့ ယုံကြည်မှုအရ တပါးသူကို ဖော်ရွေလျှင် ဘုရားသခင်က ကံကောင်းခြင်းတွေကိုပေးတယ် လို့ယုံကြည်ကြလို့ဖြစ်ပါတယ်။
၁၀။ Djerdap Gorge ဒေသမှာရှိတဲ့ Lepenski Vir ရှေးဟောင်းသုတေသနဆိုဒ်မှာ သမိုင်းခေတ်ဦးကာလက လူသားတို့ရဲ့သမိုင်းနဲ့ ပတ်သတ်တဲ့ အထောက်အထားတွေရှိပါတယ်။ ဒီနေရာမှာ ဘီစီ ၆၅၀၀ နဲ့ ၅၅၀၀ ကြားကာလက ဘာသာရေးအဆောက်အအုံအပိုင်းအစတွေ ရှိနေပါတယ်။
၁၁။ နတ်ဆိုးမြို့လို့ တင်စားခေါ်ဝေါ်ကြတဲ့ နေရာတစ်ခုလည်း ဆားဘီးယားမှာ ရှိနေပါတယ်။ Djavolja varoš လို့ခေါ်တဲ့ ဒီနေရာဟာ ကျောက်တောင်တွေဟာ ကတော့ချွန်တွေပုံစံတည်ရှိနေပါတယ်။ စုစုပေါင်း ၂၂၀ခန့်ရှိတဲ့ ဒီကျောက်ဆောင်တွေကို သဘာဝတရားကြီးက ဖန်ဆင်းထားတာဖြစ်ပါတယ်။
၁၂။ ဆားဘီးယားမှာ ယူနက်စကိုစာရင်းဝင် ကမ္ဘာ့အမွေအနှစ် နေရာ ၅ ခုရှိပါတယ်။ အဲဒါတွေက Stari Ras ခံတပ် ၊ Studenica ဘုရားကျောင်း ၊ Kosovo အလယ်ခေတ်ဘာသာရေးအထိမ်းအမှတ်နေရာ ၊ ရောမခေတ်လက်ရာ Galerius နန်းတော်ဟောင်း နဲ့ Stećci အလယ်ခေတ်သင်္ချိုင်းတို့ ဖြစ်ပါတယ်။ ၁၂ရာစု နဲ့ ၁၇ရာစုကြားကာလမှာတည်ဆောက်ခဲ့တဲ့ ခံတပ်နဲ့ ရဲတိုက်ပေါင်းများစွာဟာလည်း ဒီနိုင်ငံမှာ ရှိနေပါတယ်။
၁၃။ ဆားဘီးယားဟာ ကမ္ဘာ့အဆင့် ၇၉ရှိတဲ့ စစ်တပ်ကို ပိုင်ဆိုင်ထားပါတယ်။ အမြဲတမ်းအဖွဲ့ဝင် ၃သောင်း ၊ အရံအဖွဲ့ဝင် ၅သောင်းရှိတဲ့ စစ်တပ်ဖြစ်ပါတယ်။ စစ်ဘက်ဆိုင်ရာလေယာဉ်ပေါင်း ၁၀၆စီး ၊ ကျည်ကာတင့်ကားပေါင်း ၂၉၃ စီးနဲ့ အခြားစစ်ဘက်ဆိုင်ရာယာဉ်ပေါင်း ၈၀၀ကျော် ၊ ရေတပ်သင်္ဘော ၁၉စီးကို ပိုင်ဆိုင်ထားပါတယ်။
၁၄။ ဆားဘီးယားမှာ အစိုးရတက္ကသိုလ် ၉ ခု ၊ ပုဂ္ဂလိကတက္ကသိုလ် ၁၀ ခု နဲ့ ကောလိပ်ပေါင်းများစွာလည်း ရှိနေပါတယ်။ အထင်ရှားဆုံးကတော့ ၁၈၀၈ခုနှစ်ကတည်းက ဖွင့်လှစ်ခဲ့တဲ့ ဘဲလ်ဂရိတ်တက္ကသိုလ်ဖြစ်ပြီး လက်ရှိအချိန်မှာတော့ ကျောင်းသား၊သူ ပေါင်း ၁သိန်းနီးပါး ပညာသင်ကြားနေတဲ့ တက္ကသိုလ်ဖြစ်ပါတယ်။ ဆားဘီးယားနိုင်ငံရဲ့ အရွယ်ရောက်ပြီးသူ စာတတ်မြောက်မှုနှုန်းကတော့ ၉၉.၅% ဖြစ်ပါတယ်။