ကမ္ဘာဂြိုဟ်တည်ရှိရာနေအဖွဲ့အစည်း ရဲ့ အပြင်ဘက်မှာ ဆန်းပြားတဲ့ ဂုဏ်သတ္တိများစွာပိုင်ဆိုင်ထားတဲ့ ဂြိုဟ်ပေါင်းများစွာရှိတယ်ဆိုတဲ့ အချက်ကို သိပ္ပံပညာရှင်များစွာက အတည်ပြုပြော ကြားခဲ့ပြီးဖြစ်ပါတယ်။ ယင်းဂြိုဟ်တွေအနက်မှာ ကမ္ဘာဂြိုဟ်လိုပဲ အပြာရောင်အဆင်းရှိပြီး ဖန်မိုးတွေရွာချလေ့ရှိတယ်ဆိုတဲ့ဂြိုဟ်တစ်လုံးဟာလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။
အဲဒီဂြိုဟ်ဟာ ကမ္ဘာနဲ့အလွန်ဆင်တူတာကြောင့် စတင်တွေရှိချိန်တုန်း ကဆို လူသားအပါအဝင် သက်ရှိတွေ ရှင်သန်နေထိုင်လောက်တယ်လို့ သိပ္ပံပညာရှင် တွေ တွက်ဆထားခဲ့ကြဖူးပါတယ်။ ဒါပေမဲ့နောက်ပိုင်းကာလတွေမှာတော့ ဒီဂြိုဟ်ဟာ ကမ္ဘာ ကနေအလွန်ဝေးကွာတဲ့ အပြင် အလွန်ထူပြောတဲ့ အန္တရာယ်တွေဝိုင်းရံလျက်ရှိတယ် ဆိုတဲ့အကြောင်းကို သိလာကြပါတယ်။ အဲဒီဂြိုဟ်ရဲ့အမည်ကိုတော့ သိပ္ပံပညာရှင် တွေက HD 189733b လို့နာမည်ပေးထားပြီးယင်းနဲ့ ပတ်သက်တဲ့အချက်အလက် အချို့ကို မျှဝေပေးလိုက်ရပါတယ်။
HD 189733b အမည်ရတဲ့ အဲဒီဂြိုဟ်ပြာကြီးဟာ ကမ္ဘာကနေ အလင်းနှစ် (၆၃) လောက်ကွာဝေးပါတယ်။ ဒီဂြိုဟ်ဟာ ကမ္ဘာလိုပဲအပြာရောင်အဆင်းသဏ္ဍာန်ရှိပေမဲ့ သက်ရှိတွေအခြေချနေထိုင်နိုင်ဖို့တော့ မလွယ်ကူပါဘူး။ နေစကြဝဠာအတွင်းက ဂြိုဟ်တွေဖြစ်တဲ့ ဂျူပီတာနဲ့ စေတန်ဂြိုဟ်တွေလိုပဲ ဓာတ်ငွေ့ဂြိုဟ် အမျိုးအစား ဖြစ်နေလို့ပါ။
HD 189733b လို့အမည်ရတဲ့ နာမည်ပေးရခြင်းကတော့ ယင်းဂြိုဟ်နဲ့ အနီးစပ်ဆုံးလှပစွာ တည်ရှိတဲ့ ကြယ်ကြောင့်ဖြစ်ပါတယ်။ နေ့လယ်အချိန် မှာတော့ HD 189733bကြယ်ဟာ ယင်းဂြိုဟ်နဲ့ အနီးကပ်ဆုံးအနေအထားမှာရှိနေတတ် ပြီး နေ့အပူချိန်ဟာလည်း 930 ံC or 1700 ံ F အထိပူပြင်းပါတယ်။
ဒီဂြိုဟ် ဟာ ဂျူပီတာဂြိုဟ်အရွယ်အစားထက် အနည်းငယ်ပိုကြီးပြီး ယင်းဂြိုဟ်မျက်နှာပြင်ကတော့ အလွန်ပူပြင်းပြီး ဓာတ်ငွေ့တွေနဲ့ အမြဲဖုံးလွှမ်းလျက်ရှိနေပါတယ်။ အချို့သိပ္ပံပညာရှင်တွေကတော့ HD 189733b ကို ပူလောင်တဲ့ဂျူပီတာ လို့ညွှန်းဆိုလျက်ရှိပြီး ဒီလိုပုံသဏ္ဍာန်နဲ့ ဂုဏ်သတ္တိရှိတဲ့ ဂြိုဟ်များစွာ နေအဖွဲ့အစည်းအပြင်မှာ ကျန်ရှိနေနိုင်သေးတယ်လို့ ပညာရှင်တွေက ခန့်မှန်းထားကြ ပါသေးတယ်။ ဒါအပြင် HD 189733b ပေါ်ကလေတိုက်နှုန်းဟာ တစ်နာရီကို (၄၃၅၀) မိုင်အထိရှိတယ်လို့ လေ့လာမှုတွေအရသိရပါတယ်။
ဓာတ်ငွေ့အရောအနှောတွေ အစဉ်ဖုံးလွှမ်းလျက်ရှိပြီး အလွန်ပြင်းထန်တဲ့ အပူချိန်ရှိတဲ့ ဒီ ဂြိုဟ်ပြာကြီးဟာ သက်ရှိတွေအခြေချနေထိုင်ဖို့တော့ လွယ်ကူနိုင်မယ် မထင်ပါဘူး။ ဒီဂြိုဟ်မှာ အလွန်ပြင်းထန်တဲ့ လေနီကြမ်းတွေ စဉ်ဆက်မပြတ်တိုက်ခတ် နေတဲ့အပြင် ထူးထူးဆန်ဆန်းအနေအထားတစ်ရပ်ကတော့ ဖန်မိုးတွေရွာသွန်းလေ့ရှိ တယ်ဆိုတာပါပဲ။
ကမ္ဘာဂြိုဟ်ပေါ်မှာလို မိုးနဲ့ ဆီနှင်းတွေကျဆင်းတဲ့ အနေအထားတိုင်း HD 189733b မှာတော့ အရည်ကျိုထားသကဲ့သို့ ဖန်ပူ တွေရွာသွန်းလေ့ ရှိနေတာပဲဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေကတော့ အလွန်ပူပြင်းတဲ့ လေထုအတွင်းမှာ ဂလတ်ဆီဆီလီကိတ် အမှုန် တွေအရည်ပျော်သွားရာ မှ ထုထည်သိပ်သည်းဆများလာပြီး လေထုကနေဆက်လက်ထိန်းထားနိုင်ခြင်းမရှိတာ ကြောင့် မြေပြင်ပေါ်ကို အရှိန်နဲ့ ဖန်မိုးများပြင်းထန်စွာ ကျဆင်းလာခြင်းဖြစ်တယ်လို့ဆိုပါတယ်။
ကမ္ဘာနဲ့ခပ်ဆင်ဆင်တူညီနေတဲ့ HD 189733b ဂြိုဟ်ကို ပညာရှင်တွေက (၁၉၉၀) နှစ်လယ်ပိုင်းလောက်ကတည်းက စတင်တွေ့ရှိခဲ့တာဖြစ်ပြီး နည်းပညာဆိုင်ရာ အခက်အခဲတွေကြောင့် ယခုလိုတိတိကျကျမြေပြင်အခြေအနေတွေကို လေ့လာနိုင်ခဲ့ ခြင်းတော့မရှိခဲ့ပါဘူး။
(၂၀၁၃)ခုနှစ်ရောက်ချိန်မှာတော့ ပညာရှင်တွေဟာ နာမည်ကျော် ဟာဘယ်အာကာသတယ်လီစကုပ် ကိုအသုံးပြုပြီး ဒီဂြိုဟ် ရဲ့မျက်နှာပြင်ကို စတင်လေ့လာခဲ့ပါတယ်။ တွေ့ရှိချက်ကတော့ HD 189733b ရဲ့အရောင်ဟာ ယင်းဂြိုဟ်နဲ့နီးကပ်စွာတည်ရှိနေတဲ့ HD 189733b ကြယ်ကနေ အလင်းပြန်ပြီး မိုးပြာရောင်အဖြစ် ဖြစ်တည်နေတာ ဖြစ်ကြောင်း သတိထားမိခဲ့ပါတယ်။
နက္ခတ်ဗေဒပညာရှင်တွေရှာဖွေတွေ့ရှိတဲ့အချက်ကတော့ HD 189733b ဂြိုဟ်ပေါ်မှာ မူလကတွေးထင်ထားသလို သမုဒ္ဒရာတွေရှိနိုင်တယ်ဆိုတာ မဟုတ်မှန်ကြောင်းနဲ့ ယင်းဂြိုဟ်မှာ ကျရောက်နေတဲ့ အပြာရောင်အလင်းတန်းတွေဟာ နီးကပ်စွာရှိနေတဲ့ HD 189733b ကြယ် ကနေ အလင်းပြန်လာတာမှန်ကန်ုကြောင်း ထပ်မံအတည်ပြုပေးခဲ့ပါတယ်။ ဒါအပြင် HD 189733b ရဲ့လေထုအတွင်းမှာပျံနှံ့တည်ရှိတဲ့ အပြာရောင်ရှိတဲ့ ဆီလီကိတ် အမှုန် တွေကြောင့်လည်း အပြာရောင် သဏ္ဍာန်ရှိတဲ့ ဂြိုဟ်တစ်ခုအဖြစ်မြင်တွေ့နေရတာ ဖြစ်ကြောင်း အဖြေထုတ်ခဲ့ပါတယ်။
ဖန်မိုးတွေရွာသွန်းရတဲ့ ဒီဂြိုဟ်ရဲ့လေထုနဲ့ပတ်သက်ပြီး တိကျတဲ့အဖြေကိုတော့ ယနေ့တိုင်ထုတ် ပြန်နိုင်ခြင်းမရှိသေးပေမဲ့ ယခင်မှတ်တမ်းတင်ထားတဲ့ အချက်အလက် တွေထက်တော့ ပိုမိုကျယ်ပြန့်နိုင်တယ်လို့ မှတ်ချက်ချထားကြပါတယ်။ ဒါအပြင် ပုံမှန်ထက်ပိုတဲ့ လေ့လာဆန်းစစ်မှုနဲ့ နည်းပညာပိုင်းဆိုင်ရာမြှင့်တင်လေ့လာမှုတွေ လိုအပ်တယ်လို့လည်း ပညာရှင်တွေက ထောက်ပြမှုတွေရှိနေခဲ့တာလည်း ဖြစ်ပါတယ်။
ဒီဂြိုဟ်ဟာ အခြားရှာဖွေတွေ့ရှိပြီးဂြိုဟ်တွေနဲ့ ကွဲပြားတဲ့ အခြေအနေတွေ ရှိနေတာကြောင့်လည်း ခေတ်သစ်အာကာသသိပ္ပံ နည်းပညာဆိုင်ရာ ပညာရှင်တွေအတွက် ခက်ခဲတဲ့ ပုစ္ဆာတစ်ခုပမာဖြစ်နေတာပါ။ အာကာသသိပ္ပံဆိုင်ရာ သာမန်ရိုးကျသီအိုရီတစ်ခုကတော့ ကြယ်တာရာတွေနဲ့ အနီးကပ်ဆုံးမှာတည်ရှိတဲ့ ဓာတ်ငွေ့ဂြိုဟ်အများစုရဲ့တည်ဆောက်ပုံဟာ ကျောက်သားအစိတ်အပိုင်းတွေသာ ပိုမိုများပြား တယ်ဆိုတဲ့အချက်ဖြစ်ပါတယ်။ ဒီသီအိုရီအတိုင်းပဲ ဂြိုဟ်ရဲ့ အတွင်းပိုင်း အစိတ် အပိုင်းအများစုဟာ ကျောက်သားတွေသာဖြစ်ပြီး ယင်းအာကာသ သိပ္ပံနည်းပညာရပ်ဆိုင်ရာ သီဟိုရီဟာ ယနေ့တိုင်မှန်ကန်နေတာကိုလည်း မြင်တွေ့ရပါ တယ်။
HD 189733b နဲ့ ယင်းရဲ့ ဂြိုဟ်ပတ်လမ်းအတွင်းမှာတည်ရှိတဲ့ HD 189733bကြယ်ဟာ တစ်နှစ်ကို (၁၃)ကြိမ်အထိ နီးကပ်စွာတည်ရှိပြီး ယင်းအကွာအဝေးဟာ မာကျူရီ နဲ့ နေရဲ့အကွာအဝေးထက်ကို ပိုမိုနီးကပ်တဲ့ အခြေအနေဖြစ်ပါတယ်။ ညအချိန်ရောက်ချိန် မှာ ဒီဂြိုဟ်ရဲ့အပူချိန်ဟာ ၁၂၀၀ ဒီဂရီဖာရင်ဟိုက်အထိ ရှိပါတယ်။ နက္ခတ်ဗေဒပညာရှင်အချို့ ကတော့ ယင်းဂြိုဟ်ဟာ HD 189733bကြယ်နဲ့နီးကပ်စွာတည်ရှိနေတာကြောင့် ဂြိုဟ်ရဲ့ အပြင်ဘက်ဆုံးလေထုဟာ သိပ်သည်းဆ ကျုံနေနိုင်တယ်လို့ဆိုပါတယ်။
ဒါအပြင် HD 189733b ဂြိုဟ်ဟာ စက္ကန့်တိုင်းမြေသားဒြပ်ထုကီလိုဂရမ် သန်း(၁၀၀)ကနေ(၆၀၀)ကြားဆုံးရှုံး မှုတွေဖြစ်ပေါ်နေတယ်လို့ တွက်ချက်ထားကြပါတယ်။ ဒီဂြိုဟ်ရဲ့ အတွင်းပိုင်းမြေမျက်နှာသွင်ပြင်မှာ ရေဒီယိုသတ္တိကြွဒြပ်စင်တွေရဲ့ ပေါက်ကွဲမှု ဖြစ်စဉ်တွေအဆက်မပြတ် ဖြစ်ပေါ်နေတာကြောင့် တောင်တန်း၊တောင်ကုန်းတွေကို တွေ့ရှိရခြင်းမရှိတာလို့ဆိုပါတယ်။
တစ်ဖက်ကလည်း ယင်း(Solar radiation)ပေါက်ကွဲမှု ဖြစ်စဉ်တွေကပဲ ဖြာထွက်လာတဲ့ အလင်းတန်းတွေကြောင့် ကျွန်တော်တို့ကမ္ဘာမြေကြီး မှာတော့ မြောက်ဝင်ရိုးစွန်းဒေသတွေမှာပဲ မြင်တွေ့ရလေ့ရှိတဲ့ အနီ/အစိမ်းစတဲ့ ဥတ္တရအလင်းတန်းတွေကို HD 189733b ဂြိုဟ်ရဲ့ ညကောင်းကင်ယံမှာတော့ အချိန်ပြည့်နီးပါးမြင်တွေ့နိုင်မှာ ဖြစ်တယ် လို့သိရပါတယ်။