တရုတ်နိုင်ငံ Henan ပြည်နယ် မှာရှိတဲ့ ဒီ Guoliang ဥမင်ဟာ Taihang တောင်ကို ဖြတ်ဖောက်ကာ Guoliang ရွာနဲ့ Huixian မြို့တို့ကို ဆက်သွယ်ပေးထားပါတယ်။ Guoliang ရွာဟာ ပေ ၆၀၀ ကျော် အမြင့်ရှိတဲ့ ချောက်ကမ်းပါးတစ်ခုမှာ ရှိနေတဲ့ရွာပါ။
ဟန်မင်းဆက်ကို တော်လှန်ပုန်ကန်ခဲ့သူ တစ်ယောက်ဟာ ထွက်ပြေးတိမ်းရှောင်ရင်း Guoliang ရွာကို တည်ထောင်ခဲ့တာဖြစ်ပြီး ဒီရွာဟာ တောင်ပတ်လည်ကာရံထားတာကြောင့် သီးခြားကမ္ဘာတစ်ခုပမာဖြစ်ခဲ့ရပါတယ်။ မြင့်မားတဲ့တောင်တွေကြောင့် ဒီရွာရဲ့ အပြင်ဘက်ကို ထွက်ဖို့ဆိုတာလည်း အလွန်ခက်ခဲခဲ့ရပါတယ်။
၁၉၇၂ ခုနှစ်မှာတော့ Shen Mingxin ဦးဆောင်တဲ့ ရွာသားတစ်စုဟာ ဒီရွာရဲ့ လမ်းပန်းဆက်သွယ်မှု အခက်အခဲကို ဖြေရှင်းနိုင်ဖို့ ဒီဥမင်ကို စတင်ဖောက်လုပ်ခဲ့ပါတယ်။ ဒီလို ဖောက်လုပ်ရာမှာ ရွာသား ၁၃ဦးနဲ့ စတင်ခဲ့တာဖြစ်ပြီး စက်မှုနည်းပညာရဲ့ အကူအညီမပါပဲ စူးဆောက် နဲ့ တူတွေကို သုံးကာ လူအင်အားနဲ့ပဲ ဖောက်လုပ်ခဲ့ကြတာဖြစ်ပါတယ်။
ရွာသားတွေဟာ ဒီကိရိယာတွေကို ဝယ်ယူဖို့အတွက် သူတို့ရဲ့ ကြက် ၊ ဝက် စတဲ့ မွေးမြူရေးတိရစ္ဆာန်တွေကို ရောင်းချခဲ့ရပါတယ်။ ၁ မီတာ လမ်းအရှည်အတွက် ၃ရက်ခန့် ဖောက်လုပ်ခဲ့ရပြီး နောက်ဆုံးမှာတော့ ၁.၂ကီလိုမီတာ အရှည်ရှိကာ အကျယ် ၁၃ပေ ၊ အမြင့် ၁၆ပေ ရှိတဲ့ တောင်ဖောက်လမ်းတစ်ခု ဖြစ်လာခဲ့ပါတယ်။
စတင်ဆောက်လုပ်ခဲ့ပြီး ၅နှစ်အကြာ ၁၉၇၇ခုနှစ် မေလမှာတော့ ဒီလမ်းကို စတင်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ဖောက်လုပ်ခဲ့တဲ့ ၅နှစ်အတွင်းမှာ တူအလက်ပေါင်း ၄၀၀၀ခန့်ကို အသုံးပြုခဲ့ရပါတယ်။ ယခုအချိန်မှာတော့ Guoliang ဥမင်ဟာ နာမည်ကျော် လမ်းတစ်ခုဖြစ်လာခဲ့ပြီး Guoliang ရွာဟာလည်း ခရီးသွားတွေ တကူးတက လာရောက်ရတဲ့ နေရာတစ်ခု ဖြစ်လာခဲ့ပါတယ်။
လမ်းရဲ့တစ်ဖက်မှာ ချောက်ရှိနေတာကြောင့် အန္တရာယ်အရှိဆုံးလမ်းတစ်ခုအဖြစ်လည်း သတ်မှတ်ခံထားရတဲ့ ဒီနေရာတဝိုက်ဟာလည်း ရုပ်ရှင်တွေထဲမှာ မကြာခဏ ထည့်သွင်းရိုက်ကူးခံရတဲ့ နေရာတွေ ဖြစ်လာခဲ့ပါတယ်။