ရှေးအကျဆုံးနဲ့ တချိန်ကအကြွယ်ဝဆုံး နဲ့ အချမ်းသာဆုံးမြို့တွေထဲမှာ ဂျော်ဒန်နိုင်ငံတောင်ပိုင်းက အာရေဗျသဲကန္တာရအစပ်မှာရှိတဲ့ ပီထရာမြို့ဟာ တစ်မြို့အပါအဝင်ဖြစ်ပါတယ်။ ပီထရာရှေးဟောင်းမြို့တော်ဟာ မြင့်မားတဲ့ တောင်ထွတ်တွေ လျိုမြောင်ကြီးတွေအကြားမှာ တည်ရှိနေတာသာမက အဆောက်အဦးတွေကို သဲကျောက်တောင်ကြီးတွေထဲမှာ ထွင်းထုဆောက်လုပ်ထားတာကြောင့် အလွန်ပဲ ထူးခြားလှပါတယ်။
၂၀၀၇ ခုနှစ်မှာ စာရင်းထုတ်ပြန်ခဲ့တဲ့ ခေတ်သစ်ကမ္ဘာ့ထူးခြားအံ့ဖွယ် ၇ နေရာ စာရင်းမှာ ပီထရာမြို့ဟောင်းလည်း ပါဝင်ခဲ့ပါတယ်။ ဒီမြို့ဟောင်းဟာ ဘယ်လောက်အချိန်ကြာကြာကတည်းက တည်ရှိနေတယ်ဆိုတာကို ဘယ်သူကမှ တိတိကျကျမပြောနိုင်ပေမယ့် ပညာရှင်တွေကတော့ ဘီစီ ၅ရာစု ဝန်းကျင်ကတည်းက ရှိခဲ့တဲ့မြို့ဖြစ်တယ်လို့ ခန့်မှန်းထားကြပါတယ်။ Petra ဆိုတဲ့စကားလုံးဟာ ဂရိစကားလုံး Petros ကနေ ဆင်းသက်လာတာဖြစ်ပြီး ကျောက်တောင်များ လို့အဓိပ္ပါယ်ရပါတယ်။
ဒီပီထရာမြို့ဟောင်းဟာ Nabataeans မျိုးနွယ်တွေရဲ့မြို့တော်ဖြစ်ခဲ့ပါတယ်။ Nabataean တွေဟာ တိုးတက်တဲ့နည်းပညာရှင်တွေဖြစ်ကြပါတယ်။ ဆည်တွေ ရေသွယ်စနစ်တွေကို အဲဒီအချိန်ကတည်းက ဆောက်လုပ်ခဲ့ကြပါတယ်။ ပီထရာမြို့ဟောင်းဟာ အာရှကနေ အီဂျစ် ၊ ဆီးရီးယားသာ မက ခေါမမြို့ ၊ ရောမမြို့တွေအထိကို ကုန်သွယ်ရေးအရ ဆက်သွယ်ပေးခဲ့တဲ့ အချက်အခြာမြို့တစ်မြို့ ဖြစ်ခဲ့ပါတယ်။
နာမည်ကျော် အင်ဒီယာနာဂျုံး The Last Crusade ရုပ်ရှင်ကားကိုကြည့်ဖူးမယ်ဆိုရင်တော့ ပီထရာမြို့ဟောင်းရဲ့ ရှေးဟောင်းယဉ်ကျေးမှု လက်ရာအချို့ကို မြင်တွေ့ဖူးကြပါလိမ့်မယ်။ ဒီမြို့ဟာ ရှေးဟောင်းသုတေသနပညာရှင်တွေအတွက် အင်မတန်အရေးပါသလို ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်နိုင်ခဲ့တဲ့ ရှေးဟောင်းမြို့တစ်ခုလည်း ဖြစ်ပါတယ်။
ပီထရာမြို့ဟောင်းဟာ Arabah တောင်ကြားမှာ တည်ရှိနေပါတယ်။ ဒီနေရာမှာ ဘီစီ ၉၀၀၀ ခန့်ကတည်းက လူတွေစတင်အခြေချနေထိုင်ခဲ့ပြီး ဘီစီ ၄ရာစုမှာတော့ Nabataean ဘုရင့်နိုင်ငံရဲ့ မြို့တော်ဖြစ်ခဲ့ပါတယ်။ ဘီစီ ၃၁၂မှာ ဒီမြို့ကို မဟာအလက်ဇန္ဒားရဲ့ဗိုလ်ချုပ်တစ်ယောက်ဖြစ်တဲ့ Antigonus I က လာရောက်တိုက်ခိုက်ခဲ့ပေမယ့် အောင်မြင်မှုမရခဲ့ပါဘူး။
Nabataean တွေဟာ အဲဒီအချိန်ကတည်းက ရေသိုလှောင်ခြင်း ၊ စိုက်ပျိုးရေး နဲ့ ကျောက်ထွင်းပညာ စတဲ့အတတ်ပညာတွေကို ကောင်းစွာတတ်မြောက်နေကြပါပြီ။ သူတို့ဆောက်လုပ်ခဲ့တဲ့ အဆောက်အအုံများစွာထဲက Khazneh ဘုရားကျောင်းကို ကြည့်တာနဲ့တင် Nabataean တွေရဲ့ ဗိသုကာပညာကို ခန့်မှန်းနိုင်ကြမှာပါ။ ဒီအမြင့် ၁၃၂ပေ မြင့်တဲ့ အနီရောင် Khazneh ဘုရားကျောင်းဟာ ကျောက်တောင်ကို အသေးစိတ် ထွင်းထုကာ ဆောက်လုပ်ထားခြင်းဖြစ်ပါတယ်။ ဒီအဆောက်အဦးဟာ Nabataean ဘုရင် Aretas IV ရဲ့ ဂူဗိမာန်လို့ ပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။
အဝေးက လှမ်းကြည့်ရင် မြင်ရတဲ့ ကျောက်တုံးတွေရဲ့အရောင်ကို အစွဲပြုပြီး ဒီမြို့ကို နှင်းဆီမြို့တော်(Rose City) လို့တင်စားခေါ်ဝေါ်ကြပါတယ်။ ဒီမြို့မှာ ဂူဗိမာန်နဲ့ အဆောက်အအုံစုစုပေါင်း ၈၀၀ခန့် ရှိနေပါတယ်။ မြင့်မားတဲ့ကျောက်တောင်တွေရဲ့အလယ်မှာရှိနေတဲ့ ဒီမြို့ကို သွားမယ်ဆိုရင်တော့ Siq လို့ခေါ်ပြီး ဝ.၇၅ ကီလိုမီတာလောက်ရှည်တဲ့ တောင်ကြားလမ်းကျဉ်းလေးကို အရင်ဖြတ်သန်းရမှာဖြစ်ပါတယ်။
ဒီမြို့တော်ဟောင်းမှာ ဥမင်များ၊ ရေချိုးခန်းများနှင့်တကွ လူလေးထောင်ခန့် ဆန့်တဲ့ အစည်းအဝေးခန်းမတစ်ခုလည်း ရှိနေပါတယ်။ Nabataean ဟာ အဲဒီခေတ်အခါကတည်းက စနစ်ကျတဲ့ရေပေးဝေရေးစနစ်တွေကို တည်ဆောက်နိုင်ခဲ့ပြီး ကန္တာရထဲမှာရှိနေပေမယ့် ရေသွယ်မြောင်းတွေက တဆင့် ပီထရာမြို့သူ မြို့သားတွေကို ရေအလုံအလောက်ပေးထားနိုင်ပါတယ်။ ပီထရာမြို့မှာ နေထိုင်ခဲ့တဲ့ လူဦးရေကတော့ ၂၀၀၀၀ နဲ့ ၃၀၀၀၀ အကြားဖြစ်ပါတယ်။ ပီထရာရဲ့ ကဇာတ်ရုံကိုတော့ အေဒီ ၁၀၆ မှာ ဂရိတို့ရဲ့ ဟင်လင်နစ်ခေတ်စတိုင် တည်ဆောက်ခဲ့ပါတယ်။ ဒီအမိုးပွင့်ဇာတ်ရုံမှာ လူပေါင်း ၃၀၀၀ ကျော်အတွက် ထိုင်ခုံတွေအလုံအလောက်ရှိနေပါတယ်။
ပီထရာဟာ အေဒီ ၁ရာစုမှာ ရောမတို့ရဲ့လက်အောက်ကို ကျရောက်ခဲ့ပါတယ်။ တချိန်ကတော့ ပီထရာမှာ Nabataean တို့ရဲ့ လက်ရာ ဗိသုကာအဆောက်အအုံများစွာရှိခဲ့ပေမယ့် ယနေ့အချိန်မှာတော့ အနည်းငယ်ကိုပဲ မြင်နိုင်ပါတော့တယ်။ အဓိကအကြောင်းအရင်းကတော့ အေဒီ ၃၆၃ မှာ ပြင်းထန်တဲ့ ငလျှင်လှုပ်ခတ်ခံရပြီး အဆောက်အအုံအများစု နဲ့ ရေသွယ်စနစ်တွေပါ ပျက်စီးသွားခဲ့လို့ဖြစ်ပါတယ်။
အေဒီ ၆ ရာစုခန့်အထိတော့ ဒီနေရာမှာ ခရစ်ယာန်ဘာသာ ထွန်းကားခဲ့ပါတယ်။ Blue Chapel ကိုတော့ ဘိုင်ဇန်တိုင်းခေတ်မှာ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ အေဒီ ၁၂ ရာစုဝန်းကျင်မှာတော့ ဒီနေရာမှာ ခရူးဆိတ်တပ်တွေ တပ်စွဲခဲ့ဖူးပါတယ်။ အဲဒီနောက်မှာတော့ ဒီမြို့ဟာ လူသူကင်းမဲ့တဲ့မြို့ဖြစ်လာပြီး ဒီမြို့ရှိခဲ့ကြောင်းကို ဘယ်သူမှ မသိတော့ပါဘူး။ နှစ် ရာစုပေါင်းများစွာ ပျောက်ဆုံးနေခဲ့ပြီး ၁၈၁၂ ခုနှစ်မှ ဆွစ်လူမျိုး စူးစမ်းရှာဖွေသူတစ်ဦးဖြစ်သူ Johann Ludwig Burckhardt က ဒီပျောက်ဆုံးမြို့တော်ကို ပြန်ရှာတွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။
ပီထရာမြို့ဟောင်းကို ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ထိန်းသိမ်းထားပါတယ်။ ပင်လယ်နီ နဲ့ ပင်လယ်သေ ကြားမှာ တည်ရှိနေတဲ့ အထိမ်းအမှတ်အဆောက်အဦးတွေ ၊ ဘုရားကျောင်းတွေ ၊ ကြီးကျယ်တဲ့ဂူဗိမာန်တွေ ရှိနေတဲ့ ပီထရာမြို့ဟာ ရှေးဟောင်းသုတေသီတွေအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ မြို့ဖြစ်ပြီး လက်ရှိတိုင်အောင်လည်း ဒီမြို့ဟောင်းမှာ ပညာရှင်တွေ လေ့လာဖော်ထုတ်ဖို့ လိုအပ်နေသေးတဲ့ နေရာများစွာ ရှိနေပါသေးတယ်။ ၁၉၈၅ ခုနှစ်မှာတော့ ဒီမြို့ကို ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုအဖြစ် သတ်မှတ် ထိန်းသိမ်းခဲ့ပါတယ်။ နှစ်စဉ် ကမ္ဘာလှည့်ခရီးသွား ၁သန်းခန့်ဟာ ပီထရာမြို့တော်ကို လာရောက်လည်ပတ်လျက်ရှိပါတယ်။
VIDEO