ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းလောက်က စဖြစ်ခဲ့တဲ့ ကိုဗစ်နိုင်တင်းဟာ ယခုအချိန်မှာတော့ ကမ္ဘာပေါ်က လူပေါင်း ၄.၆သန်းကျော် ကို ကူးစက်ပြီးခဲ့ပါပြီ။ ဒီကပ်ရောဂါကြောင့် ကမ္ဘာ့စီပွားရေးလုပ်ငန်းကြီးတွေသာမက သာမန်လုပ်ငန်းငယ်လေးတွေပါ ထိခိုက်ခဲ့ရပြီး လူသန်းပေါင်းများစွာ အလုပ်လက်မဲ့ ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် ဒီလို အခက်အခဲအခြေအနေမျိုးမှာ တရှိန်ထိုးအောင်မြင်လာတဲ့ လုပ်ငန်းတွေလည်း ရှိနေပါတယ်။ ဒီအထဲမှာ Zoom ဗီဒီယိုဆက်သွယ်ရေး ကုမ္ပဏီဟာလည်း အအောင်မြင်ဆုံး ကုမ္ပဏီတွေထဲက တခုအဖြစ် ပါဝင်လာပါတယ်။
ယခုလို ကိုဗစ်နိုင်တင်းကပ်ရောဂါအတွင်းမှာ လူတွေတယောက် နဲ့ တယောက် အပြင်မှာတွေ့ဆုံဖို့ မလွယ်ကူတဲ့အခါမှာ ဗီဒီယိုဆက်သွယ်ရေး ဆော့ဝဲတွေကို အစားထိုး အသုံးပြုလာကြပါတယ်။ အပြင်မှာ တွေ့ရသလိုပဲ တိုက်ရိုက်တွေ့ဆုံသလို ပြောဆိုဆက်သွယ်လို့ရတဲ့အတွက် စီးပွားရေးလုပ်ငန်းတွေမှာသာမက အဖွဲ့အစည်းတွေ ၊ ကျောင်းတွေ သင်တန်းတွေမှာပါ ဒီဆော့ဝဲတွေကို အသုံးပြုလာကြပါတယ်။
လက်ရှိကမ္ဘာပေါ်မှာ နာမည်ကြီးတဲ့ ဗီဒီယိုဆက်သွယ်ရေး ဆော့ဝဲတွေထဲမှာ Zoom ကလည်း တခုအပါအဝင် ဖြစ်လာပြီး အခုအချိန်မှာ ဒီဆော့ဝဲကို နေ့စဉ် အသုံးပြုဆက်သွယ်သူပေါင်း သန်း ၂၀၀ ကျော်နေပြီလို့ သိရပါတယ်။ ဒီတခါတော့ ဒီလိုအခက်အခဲဆုံးအခြေအနေမှာ ဘီလျံနာသူဌေးတယောက်ဖြစ်လာတဲ့ ခေတ်ပျက်သူဌေးလို့ ဆိုရမယ့် Zoom တည်ထောင်သူရဲ့အကြောင်းကို ဗဟုသုတ အနေနဲ့ဝေမျှလိုက်ပါတယ်။
Zoom ကုမ္ပဏီကိုတည်ထောင်သူ တဖြစ်လဲ စီးအီးအိုရာထူးကို ယူထားသူကတော့ အဲရစ်ယွန် Eric Yuan Zheng ဖြစ်ပါတယ်။ သူ့ကို ၁၉၇၀ခုနှစ်မှာ တရုတ်နိုင်ငံ ရှမ်ဒေါင်းပြည်နယ် ထိုင်အန်းမြို့မှာ မွေးဖွားခဲ့ပါတယ်။ ဖခင်ဖြစ်သူက မိုင်းတွင်းအင်ဂျင်နီယာတဦးဖြစ်ပြီး အဲရစ်ယွန်ဟာ ၄ တန်းအရွယ်ကတည်းက ဆောက်လုပ်ရေးလုပ်ငန်းတွေက စွန့်ပစ်ပစ္စည်းအတိုအစတွေကို ရှာဖွေစုဆောင်းရောင်းချရင်း ငွေရှာနေတတ်နေပါပြီ။
၁၉၈၇ ခုနှစ် သူတက္ကသိုလ်ပထမနှစ် တက်တဲ့အချိန်မှာတော့ ရုပ်မြင်သံကြားရတဲ့ ဗီဒီယိုဆက်သွယ်ရေး(videotelephony) ဆော့ဝဲတခုကို တီထွင်ဖို့ စိတ်ကူးမိခဲ့ပါတယ်။ ဒီစိတ်ကူးကိုတော့ သူ့ရဲ့ရည်းစားဆီကိုသွားတဲ့ ၁၀နာရီကြာ ရထားခရီးစဉ်မှာ ရထားစီးနေရင်းရရှိခဲ့တာဖြစ်ပါတယ်။ ဒီလိုအချိန်အကြာကြီးသွားမှ တွေ့ရတာထက်စာရင် ဒီထက်ပိုမိုလွယ်ကူပြီး အချိန်မရွေး တွေ့ဆုံပြောဆိုနိုင်မယ့် နည်းလမ်းကို တွေးမိခဲ့တာဖြစ်ပါတယ်။
သူဟာ အသုံးချသင်္ချာဘာသာရပ် နဲ့ ရှမ်ဒေါင်းသိပ္ပံ နည်းပညာတက္ကသိုလ်ကနေ ဘွဲ့ရခဲ့ပြီး ဘွဲ့လွန်မှာတော့ အခြေအနေအရ မိုင်းတွင်းအင်ဂျင်နီယာဘွဲ့ကိုပဲ ယူခဲ့ပါတယ်။ အသက် ၂၂နှစ်မှာပဲ သူ့ချစ်သူကောင်မလေးကို လက်ထပ်ခဲ့ပါတယ်။ ဘွဲ့ရပြီးတဲ့နောက်မှာတော့ ဂျပန်မှာ ၄နှစ်ကြာ အလုပ်သွားလုပ်ခဲ့ပါသေးတယ်။ အလုပ်လုပ်နေတဲ့အချိန် ၁၉၉၄ ခုနှစ်မှာတော့ မိုက်ခရိုဆော့သူဌေးကြီး ဘီဂိတ်စ်ရဲ့မိန့်ခွန်းကို နားထောင်မိရာကနေ အမေရိကန်ရဲ့ နာမည်ကျော်နည်းပညာကုမ္ပဏီတွေ ရှိရာ ဆီလီကွန်တောင်ကြားကို သွားရောက်အခြေချလိုစိတ်တွေ တဖွားဖွားပေါ်လာခဲ့ပါတယ်။
သူ့ရဲ့ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ဖို့ ခက်ခက်ခဲခဲကြိုးစားခဲ့ရပါတယ်။ အဲဒီတုန်းက ၁၉၉၇ခုနှစ် သူ အသက် ၂၇နှစ်အရွယ်ဖြစ်ပါတယ်။ အင်္ဂလိပ်စကားအနည်းငယ်သာ တတ်တဲ့သူ့အတွက် အမေရိကန်ဗီဇာလျှောက်ရာမှာ အကြိမ်ပေါင်းများစွာပယ်ချခံခဲ့ရပါတယ်။ တော်ရုံလူဆို လက်လျှော့သွားပြီဖြစ်ပေမယ့် သူကတော့ လက်မလျှော့ခဲ့တဲ့အတွက် ၉ကြိမ်မြောက်မှာတော့ အမေရိကန်ဝင်ခွင့်ဗီဇာကို ရရှိခဲ့ပါတယ်။
အမေရိကန်ကို ဆီလီကွန်တောင်ကြားကို ရောက်တဲ့အခါမှာတော့ သူ့ရဲ့ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ဖို့ ဗီဒီယိုဆက်သွယ်ရေးဆော့ဝဲတွေကို ရေးတဲ့လုပ်ငန်းကို စလုပ်နေပြီဖြစ်တဲ့ WebEx ကုမ္ပဏီကို ဆက်သွယ်ခဲ့ပါတယ်။ အဲဒီကုမ္ပဏီမှာပဲ ဆော့ဝဲအင်ဂျင်နီယာအဖြစ် အလုပ်ရခဲ့ပြီး သူ့ရဲ့အချိန်အားလုံးနီးကို ပရိုဂရမ် ကုဒ်တွေရေးသားခြင်းမှာပဲ မြုပ်နှံထားခဲ့ပါတယ်။ WebEx ကို ၂၀၀၇ ခုနှစ်မှာ Cisco က ဝယ်ယူပြီးနောက်မှာလည်း အဲဒီမှာပဲ ဆက်လုပ်ခဲ့ပါတယ်။ မူလကုမ္ပဏီမှာ သူ့ရဲ့အလုပ်ကြိုးစားမှုကြောင့် အင်ဂျင်နီယာပိုင်းဆိုင်ရာမှာ ဒုတိယဥက္ကဌ ရာထူးအထိ ရရှိခဲ့ပါတယ်။
စမတ်ဖုန်းတွေ ခေတ်စားလာချိန် ၂၀၁၁ ခုနှစ်မှာတော့ ယွန်ဟာ စမတ်ဖုန်းတွေမှာ ကောင်းစွာအသုံးပြုနိုင်မယ့် ရုံသံဗီဒီယိုဆက်သွယ်ရေးဆော့ဝဲ(Video Conference App) တခုကို ရေးသားပြီး Cisco ကုမ္ပဏီအုပ်ချုပ်ရေးအဖွဲ့ကို တင်ပြခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့တင်ပြချက်ကို အုပ်ချုပ်ရေးအဖွဲ့က ပယ်ချလိုက်တဲ့အခါမှာတော့ ယွန်ဟာ ဒီကုမ္ပဏီကနေ အလုပ်ထွက်ခဲ့ပြီး ကိုယ်ပိုင် ZOOM Video Communication ကုမ္ပဏီကို တည်ထောင်လိုက်ပါတော့တယ်။
ဒီလိုအလုပ်ထွက်ကာ ကိုယ်ပိုင်အလုပ်လုပ်မယ်ဆိုတော့ ဇနီးဖြစ်သူက တားပါတယ်။ နာမည်ကြီး ကုမ္ပဏီတခုမှာ ရာထူးကောင်းကောင်း လစာကောင်းကောင်း ရနေတဲ့အချိန်မှာထွက်ပြီး ကိုယ်ပိုင်အလုပ်ကို ပြန်စဖို့ကို သူမက သဘောမတူပါဘူး။ ဒီတော့ ယွန်က ” ဒါဟာအရမ်းခက်ခဲတဲ့ ခရီးရှည်ဖြစ်မယ်မှန်း ငါသိပါတယ် မိန်းမရယ် ၊ ဒါပေမယ့် ငါအခု ဒီလိုမလုပ်ခဲ့ရရင်တော့ တသက်လုံးနောင်တရနေတော့မှာပဲ” လို့ ဇနီးဖြစ်သူကို ပြန်ပြောကာ သူ့ရဲ့အလုပ်ကိုပဲ တစိုက်မတ်မတ်လုပ်ခဲ့ပါတယ်။
ဒီလိုနဲ့ ယွန်ဟာ ၂၀၁၁ ခုနှစ် ဧပြီလ ၂၁ ရက်နေ့မှာ သူ့ရဲ့ ZOOM ကုမ္ပဏီကို စတင်တည်ထောင်လိုက်ပါတော့တယ်။ ဝန်ထမ်းဘဝကနေ ကိုယ်ပိုင် ကုမ္ပဏီကို စတင်တည်ထောင်ချိန်မှာတော့ အကုန်လုံးသူ့ခေါင်းပေါ်ကိုပဲ ပုံကျလာတဲ့အတွက် အခက်အခဲပေါင်းများစွာ နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ငွေကြေးအခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး လိုအပ်တဲ့အသုံးစရိတ်တွေကို အတတ်နိုင်ဆုံး လျှော့ချခဲ့ရပါတယ်။ ကမ္ဘာ့သူဌေးအများစုဟာ ငယ်ငယ်ရွယ်ရွယ်မှာ ကိုယ်ပိုင်ကုမ္ပဏီတွေကို စတင်တည်ထောင်ခဲ့ကြတာဖြစ်ပေမယ့် ယွန်ကတော့ သူ့အသက် ၄၁နှစ်မှ စတင်နိုင်ခဲ့တာပါ။ ကုမ္ပဏီရဲ့ဆော့ဝဲကတော့ ၂၀၁၃ ခုနှစ်မှ ဗီဒီယိုဆက်သွယ်ရေးဆော့ဝဲ ဈေးကွက်အတွင်းကို ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။
စစချင်းနှစ်မှာတင် လူသုံးများလာတဲ့ ဆော့ဝဲဖြစ်ခဲ့ပြီး မေလမှာ ZOOM သုံးစွဲသူပေါင်း ၁သန်းအထိ ရှိလာခဲ့ပါတယ်။ နောက် ၄နှစ်အကြာ ၂၀၁၇ ခုနှစ်မှာတော့ သူ့ရဲ့ZOOM ကုမ္ပဏီဟာ အမေရိကန်ဒေါ်လာ ၁ဘီလျံ တန်ဖိုးရှိတဲ့ကုမ္ပဏီဖြစ်လာခဲ့ပါတယ်။ ၂၀၁၉ ဧပြီလက ကုမ္ပဏီကို အများပိုင်ကုမ္ပဏီအဖြစ်ကူးပြောင်းခဲ့ပါတယ်။ ZOOM သုံးစွဲသူပေါင်း ပုံမှန်နှုန်းနဲ့ တဖြည်းဖြည်းတိုးနေခဲ့တာဖြစ်ပြီး ၂၀၁၉ ခုနှစ် နှစ်ကုန် ကိုဗစ်နိုင်တင်းစတင်ဖြစ်တဲ့ကာလမှာတော့ သုံးစွဲသူပေါင်း ၁၀ သန်းအထိ ရှိလာခဲ့ပါတယ်။
ကိုဗစ်နိုင်တင်းကြောင့် မြန်မာမှာသာမက ကမ္ဘာမှာပါ ZOOM ကို တွင်တွင်ကျယ်ကျယ်သုံးလာခဲ့ပြီးတဲ့နောက် ၂၀၂၀ ခုနှစ်မတ်လမှာတော့ သုံးစွဲသူပေါင်း သန်း ၂၀၀ အထိ တမဟုတ်ချင်းတက်လာခဲ့ပါတယ်။ သုံးစွဲသူတွေများလာတဲ့အမျှ ZOOM ကုမ္ပဏီရဲ့ရှယ်ယာဈေးဟာလည်း တရှိန်တိုးမြင့်တက်လာခဲ့ပါတယ်။ ဒီဆော့ဝဲဟာ လုံခြုံရေးစိတ်မချရဘူးဆိုတဲ့ ထောက်ပြဝေဖန်သံတွေထွက်ခဲ့ပေမယ့် သုံးစွဲသူတွေဟာ တိုးလာဆဲ တိုးမြဲဖြစ်နေကာ လူသိအများဆုံး ဗီဒီယိုဆက်သွယ်ရေးဆော့ဝဲတခုဖြစ်လာခဲ့ပါတယ်။
ဒီကုမ္ပဏီရဲ့ ရှယ်ယာတန်ဖိုးဟာ ၂၀၂၀ ဇန်နဝါရီလမှာ ဒေါ်လာ ၇၀အောက်သာ ရှိခဲ့ပေမယ့် မတ်လကုန်မှာတော့ ဒေါ်လာ ၁၅၀ ဖြစ်သွားပြီး ၃လအတွင်း ၂ဆကျော် ခုန်တက်ခဲ့ပါတယ်။ အခုဆိုရင် ဝန်ထမ်း ၂၅၀၀ ကျော်နဲ့ လည်ပတ်နေတဲ့ ဒီကုမ္ပဏီရဲ့တန်ဖိုးဟာ ၄၂ဘီလျံ အထိဈေးကွက်တန်ကြေးရှိသွားပြီဖြစ်သလို တည်ထောင်သူဖြစ်တဲ့ အဲရစ်ယွန်ဟာလည်း ၁နှစ်အတွင်းမှာ အမေရိကန်ဒေါ်လာ ၇.၈ဘီလျံကြွယ်ဝသူဖြစ်လာကာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၃၀၀ စာရင်းကို ဝင်သွားပါတော့တယ်။
အများစုကတော့ ZOOM ကို ကိုဗစ်ကာလမှာ စသိလာကြပြီး တည်ထောင်တာ သိပ်မကြာသေးတဲ့ ကုမ္ပဏီလို ထင်ကြပေမယ့် တကယ်တော့ ၉နှစ်ကြာတည်ထောင်ခဲ့ပြီးချိန်မှ အခုလိုအောင်မြင်မှုနဲ့ ကြုံခဲ့ရတာဖြစ်ပါတယ်။ အဓိကကတော့ သူ့ရဲ့ပင်ကိုယ်ထူးချွန်မှု ၊ အလုပ်ကြိုးစားမှု ၊ ရည်ရွယ်ချက်ကို မဖြစ်ဖြစ်အောင် အကောင်အထည်ဖော်မှု နဲ့ ကာလဒေသ အချိန်တွေ တိုက်ဆိုင်မှုတွေကြောင့် ဒီနေ့ ဒီလိုအခြေအနေဖြစ်လာတာ လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။