အရွယ်တင် နုပျိုရုံတင်မက ဦးနှောက်စွမ်းအား ကောင်းပြီး အသားအရေချောမွေ့နေဖို့အတွက် သဘာဝကျတဲ့ နည်းလမ်းတွေကို အကြံပြုလိုက်ပါတယ်။
၁။ စိတ်ဖိစီးမှုကို လျှော့ချပါ
စိတ်ဖိစီးမှုက လူတိုင်းအတွက် ရန်သူပါပဲ။ စိတ်ဖိစီးမှုများရင်အရေးကြောင်းထင်နှုန်း မြင့်မားပြီး အိုမင်းလွယ်တတ်ပါတယ်။ ဒါကြောင့် နေ့စဉ်စိတ်ဖိစီးမှုကို တွန်းလှန်နိုင်ဖို့ လေ့ကျင့်ခန်း ပုံမှန်လုပ်ပြီး အာဟာရပြည့်ပြည့်ဝဝစားပေးပါ။ လတ်တလော လေ့လာမှုတွေအရ စိတ်ဖိစီးမှုကြောင့်ခန္ဓာကိုယ် အိုမင်းလွယ်ပြီး ပြောင်းလဲမှုတွေဖြစ်ကြသလို အဒရီနယ်လင်နဲ့ကော်တီစောလို ဟော်မုန်းတွေ မြင့်တက်တာကြောင့် သွေးတိုးတာနဲ့နှလုံးခုန်နှုန်း မြန်တာတွေ ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။
ဒါ့အပြင်အိပ်မပျော်တာ၊ ပူပင်သောကများတာ၊ ဒေါသထွက်တာ၊ သွေးတိုးတာနဲ့ နှလုံးရောဂါထတာတွေလို ကျန်းမာရေး ပြဿနာတွေနဲ့လည်း ဆက်စပ်မှု ရှိနေပါတယ်။
စိတ်ဖိစီးမှု လျော့ကျအောင် ဘာလုပ်မလဲ
စိတ်ဖိစီးမှုထိန်းနိုင်တဲ့ အကောင်းဆုံးနည်းက တရားထိုင်တာ ဖြစ်ကြောင်းလေ့လာသူတွေက ဆိုပါတယ်။အချိန်အကြာကြီး တရားမထိုင်နိုင်ရင်တောင် တစ်နေ့မှာအနည်းဆုံး ၁၀ မိနစ်လောက်ထိုင်ပေးရုံနဲ့ စိတ်ဖိစီးမှု လျော့ကျနိုင်ပါတယ်။
၂။ ကောင်းသော အဆီများများ စားပါ
အိုမီဂါ ၃ ဖက်တီးအက်စစ်များစွာ ပါဝင်တဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစာတွေကို စားပေးတာက ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုကို လျော့ကျစေတာကြောင့်စိတ်ခံစားမှုကို တည်ငြိမ်စေတာ၊ အရိုးတွေကို သန်စွမ်းစေတာ နဲ့အိုမင်းမှုကြောင့်ဖြစ်တဲ့ အမြင်ပြဿနာတွေကို လျော့ကျစေပါတယ်။ အိုမီဂါ ၃ ဖက်တီးအက်စစ်ဟာ ခန္ဓာကိုယ် အင်ဇိုင်းတွေရဲ့ စွမ်းဆောင်နိုင်စွမ်းကိုကောင်းမွန်စေပြီးစွမ်းအင် အဖြစ် သုံးပေးနိုင်ပါတယ်။ အသားအရေကိုလည်းတောက်ပစေပါတယ်။
ကောင်းသော အဆီရရှိအောင် ဘာလုပ်မလဲ
တစ်နေ့မှာ အိုမီဂါ ၃ ဖက်တီးအက်စစ်ကို နှစ်ဂရမ် မှီဝဲဖို့ကျွမ်းကျင်သူတွေက ဆိုထားပါတယ်။ အိုမီဂါ ၃ ပါတဲ့ ဆယ်လ်မွန်ငါး၊ ဆာဒင်းငါး၊သီဟိုဠ်စေ့ စတာတွေကို စားပေးပါ။ တကယ်လို့ မစားဖြစ်ရင် အိုမီဂါ ၃ ဖြည့်စွက်ဆေး မှီဝဲပါ။
၃။ လှုပ်ရှားမှု လုပ်ပါ
ပုံမှန် လေ့ကျင့်ခန်း လုပ်တာက ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်ရုံ သာမကကွက်သားတွေ သန်စွမ်းတာ၊ အရိုးတွေ သန်မာတာ၊ စိတ်ခံစားမှု ကောင်းတာနဲ့ရှင်းရှင်းလင်းလင်း တွေးခေါ်နိုင်စွမ်းရှိတာစတဲ့ အကျိုးကျေးဇူးတွေကိုရရှိစေပါတယ်။ တစ်နေ့မှာ ၁၀ မိနစ်ခန့် လမ်းလျှောက်ပေးရုံနဲ့အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေကိုလည်း ၄၀ ရာခိုင်နှုန်းလျော့ကျစေပါတယ်။ ကိုယ်လက်လှုပ်ရှားမှုကြောင့် စိတ်ဖိစီးမှုနဲ့ပူပင်သောကတွေကို ဖယ်ရှားပေးနိုင်ပြီး မှတ်ဉာဏ်ကို တိုးတက် ကောင်းမွန်စေပါတယ်။
တစ်နေ့တာ လိုအပ်သော ကိုယ်လက်လှုပ်ရှားမှု ရရှိအောင် ဘယ်လိုလုပ်မလဲ
တစ်နာရီ ထိုင်ပြီးတိုင်း ၂မိနစ် ၃မိနစ်ခန့် တစ်ကြိမ် လမ်းထလျှောက်ပါ။ တစ်နေ့ မိနစ် ၃၀ လောက်လမ်းလျှောက်တာ၊ ပြေးတာ၊ ရေကူးတာ၊ စက်ဘီးစီးတာ နဲ့ ကခုန်တာတွေကိုလုပ်ဆောင်ပေးပါ။
၄။ စပျစ်ဝိုင် အနည်းငယ် သောက်ပါ
စပျစ်သီးထဲမှာပါတဲ့ ရက်စ်ဗာရထရောဓာတ်ကို ရရှိတဲ့သူတွေကမရရှိသူတွေထက်စာရင် သက်တမ်းကြာကြာ နေရတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ ကြွက်တွေကို လေ့လာမှုအရ ရက်စ်ဗာရထရောဟာ ဆီးချိုသွေးချိုရောဂါဖြစ်နိုင်ခြေနဲ့ အသည်းရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေတယ်လို့သိရပါတယ်။
အဝလွန်တာနဲ့ ဆက်စပ်နေတဲ့ သေဆုံးမှုကလည်း သိသိသာသာလျော့ကျစေပါတယ်။ တစ်နေ့မှာ စပျစ်ဝိုင်တစ်ခွက်သောက်ပေးမယ်ဆိုရင်ဒီအကျိုးကျေးဇူးတွေကိုရရှိမှာ ဖြစ်ပါတယ်။ ဂျွန်ဟော့ပ်ကင်းရဲ့ လေ့လာမှုအသစ်အရ ဝိုင်နီဟာ လေဖြတ်တာကြောင့်ဖြစ်တဲ့ ဦးနှောက် ထိခိုက်မှုကို ၄၀ရာခိုင်နှုန်း လျော့ကျစေနိုင်တယ်လို့ သိရပါတယ်။ စပျစ်ဝိုင်မှာပါတဲ့ ပရိုအန်သိုဆိုင်ယာနင်ဓာတ်ဟာ သွေးကြောပိတ်တာကို လျော့ကျစေပြီး သွေးတွင်းကို လက်စထရောအဆင့်လျော့နည်းကာ နှလုံးရောဂါကြောင့် သေဆုံးမှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
စပျစ်ဝိုင်ကြောင့် ကောင်းကျိုး ရရှိအောင် ဘယ်လို လုပ်မလဲ
တစ်နေ့ စပျစ်ဝိုင် တစ်ဖန်ခွက်ထက် ပိုပြီး မသောက်ပါနဲ့။
၅။ ချစ်ခြင်းမေတ္တာကို အလေးထားပါ
ချစ်ခြင်းမေတ္တာက အစွမ်းထက် ဆေးတစ်လက် ဖြစ်ပါတယ်။ ချစ်ခြင်းမေတ္တာကြောင့်ကိုယ့်ကိုယ်ကိုယ် လေးစားစိတ်ကို အားကောင်းစေပြီး ကိုယ်ခံစွမ်းအား စနစ်ကို တိုးမြင့်စေပါတယ်။ ဒါ့အပြင် နှလုံးသွေးကြော ကျန်းမာရေးကိုကောင်းမွန်စေပါတယ်။ ချစ်ခြင်းကြောင့် အောက်ဆီတိုစင် ဟော်မုန်းတွေကိုထွက်စေပြီး စိတ်ဖိစီးမှုနဲ့ပူပင်သောကကို လျော့ကျစေပါတယ်။
ချစ်ခြင်းမေတ္တာ ရရှိအောင် ဘယ်လိုလုပ်သင့်သလဲ
သင့်ဘဝအဖော်နဲ့အတူ မကြာခဏ ချစ်ကြည်နူးမှုကို ရှာဖွေပါ။ ဒါမှမဟုတ်ပန်းချီဆွဲတာ၊ စာဖတ်တာလို ဝါသနာပါတဲ့ အလုပ်တွေကို အတူတူမျှဝေခံစားပေးမယ့် မိတ်ဆွေစစ်ကို ရှာဖွေပါ။
၆။ ယောဂကျင့်ပါ
ယောဂကျင့်တာကြောင့် စွမ်းအင်ပိုမို ရရှိစေပြီး ခန္ဓာကိုယ် အနေအထားမှန်ကန်ကာ ပျော့ပျောင်းသန်စွမ်းစေပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုပြေလျော့ပြီး စိတ်ကြည်နူးမှု ရရှိစေပါတယ်။ ဒါကြောင့် ရုပ်ရည်နုပျိုစေတဲ့ ကောင်းကျိုးကို ပေးနိုင်ပါတယ်။ အသက်ရှူရတဲ့ ယောဂကျင့်တာက ဆဲလ်တွေဆီအောက်ဆီဂျင် ရောက်ရှိစေပြီး အဆိပ်တွေ ထွက်ရှိစေကာ နာမကျန်းမှု မဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် အရေပြားကိုတောက်ပစေနိုင်ပါတယ်။ တခြားလေ့ကျင့်ခန်းတွေနဲ့ မတူတာက ခန္ဓာကိုယ်တွင်း စနစ်တွေကိုလည်းကောင်းမွန်စေနိုင်ပါတယ်။
ယောဂကြောင့် အကျိုးကျေးဇူး ရရှိအောင် ဘယ်လိုလုပ်မလဲ
တစ်ပတ်မှာ အနည်းဆုံး နှစ်ကြိမ် ယောဂကျင့်ရင် စွမ်းအားတိုးစေပြီး အရိုးထုသန်စွမ်းကာ စိတ်ဖိစီးမှု ပြေလျော့စေပါတယ်။
၇။ တလည်းသီး သုံးပါ
တလည်းသီးဟာ တခြားသစ်သီးတွေထက် အကျိုးကျေးဇူး ပိုများတယ်လို့ လတ်တလောလေ့လာမှုတွေက ဆိုပါတယ်။တလည်းသီး ဖျော်ရည်ဟာ သွေးတွင်းကိုလက်စထရောနဲ့သွေးဖိအားကို လျော့ကျစေပြီး သွေးကြောကျဉ်းတာနဲ့ အယ်လ်ဇိုင်းမား ရောဂါတွေမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ တလည်းသီးဟာ ကင်ဆာရောဂါ တချို့ကိုမဖြစ်အောင် ကာကွယ်ပေးနိုင်တယ်လို့ လေ့လာသူတချို့က ယုံကြည်ကြပါတယ်။ တလည်းသီးဟာ ခရမ်းလွန်ရောင်ခြည် ထိတွေ့မှုကြောင့် အရေပြား ပျက်စီးတာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
တလည်းသီးကြောင့် ကောင်းကျိုးရအောင် ဘာလုပ်သင့်သလဲ
တလည်းသီးဖျော်ရည် သောက်ပါ။ တလည်းသီးနဲ့ လုပ်ထားတဲ့ အိုမင်းမှုတားမျက်နှာလိမ်းခရင်မ်ဟာ အရေးကြောင်းတွေကို ပြေလျော့စေပြီး ငယ်ရွယ်နုပျိုတင်းရင်းတဲ့ အသားအရေကို ရရှိစေပါတယ်။
၈။ လက်ဖက်စိမ်း လက်ဖက်ရည် သောက်ပါ
လက်ဖက်စိမ်း လက်ဖက်ရည်ဟာ ရင်သားကင်ဆာ အန္တရာယ်ကို လျော့ကျစေပြီး ဆီးအိတ်၊ အူမကြီးနဲ့ အဆုတ်စတဲ့ နေရာတွေမှာ ကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ လက်ဖက်စိမ်းဟာ ကင်ဆာဆဲလ် ကြီးထွားမှုကိုလည်း ဟန့်တားနိုင်တယ်လို့လေ့လာသူတချို့က ဆိုပါတယ်။ ကိုယ်အလေးချိန်ကိုလည်း ထိန်းပေးနိုင်တဲ့အပြင်အယ်လ်ဇိုင်းမား ရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
လက်ဖက်စိမ်းကြောင့် ကောင်းကျိုးရအောင် ဘာလုပ်သင့်သလဲ
လက်ဖက်စိမ်းကို တစ်နေ့ နှစ်ခွက်၊ သုံးခွက်ခန့် သောက်ပေးတာက အကောင်းဆုံးကျန်းမာရေး အာနိသင်ကို ရရှိစေနိုင်ပါတယ်။
၉။ အရေပြားကို အားဖြည့်ပါ
ရက်တီနော (Retinol) ဟာ အသားအရေကို ချောမွတ်စေပြီး အရေးကြောင်းတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် အရေပြားကို ပိုးသားလိုနူးညံ့ပျော့ပျောင်းစေကာ နှင်းဆီလိုလန်းဆန်းနေစေပါတယ်။ အရေးကြောင်းတွေလျော့ကျစေပြီး အသားအရေ တင်းရင်းကာချွေးပေါက်တွေ မကျယ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အိုမင်းမှုတား အလှကုန်မှာအာရှသစ်ပင်တွေမှာ ပါဝင်တဲ့Madecassol ဆိုတဲ့ ဓာတ်ပါဝင်ရင် အရေပြားကို ပြည့်တင်းစေကာ အရေးကြောင်းတွေလျော့ကျစေပါတယ်။အရေပြား ဆဲလ်တွေ ကိုလည်း ရေဓာတ် ပြည့်ဝစေပါတယ်။
ဘယ်လို လိမ်းရမလဲ
ရက်တီနောပါတဲ့ အရေပြားလိမ်း ခရင်မ်ကို လိမ်းပါ။ ညဘက်မှာ နေကာနိုင်စွမ်းမပါတဲ့ ရက်တီနော ခရင်မ်လိမ်းပါ။ ဗီတာမင်စီပါတဲ့ ခရင်မ်ကိုလိမ်းပေးရင်လည်း ကော်လာဂျင် ကြီးထွားစေပြီး အရေပြား တင်းရင်းလှပစေပါတယ်။ နေ့စဉ်ခရမ်းလွန် ရောင်ခြည် အေနဲ့ ဘီကို ကာကွယ်နိုင်မယ့် နေကာခရင်မ်လိမ်းပေးပါ။
၁၀။ ဦးနှောက်ဆိုင်ရာ လေ့ကျင့်ခန်း လုပ်ဆောင်ပါ
အမေရိကန်ဆေးပညာ အဖွဲ့အစည်းရဲ့ လေ့လာမှု တစ်ရပ်အရ ဦးနှောက်လေ့ကျင့်ခန်းတွေ လုပ်တာက တွေးခေါ် မြော်မြင်မှုကို ကောင်းစေတယ်လို့သိရပါတယ်။
ဦးနှောက်စွမ်းအား မြင့်တက်စေရန် ဘာလုပ်သင့်သလဲ
ဦးနှောက် လေ့ကျင့်ခန်းတွေဖြစ်တဲ့ ဆူဒိုကု လေ့ကျင့်ခန်း၊ စကားလုံးဆက်တဲ့ လေ့ကျင့်ခန်းတွေကို လုပ်ဆောင်ပေးပါ။ ကိန်းဂဏန်းတွေ၊ စကားလုံးတွေ သုံးပြီးလေ့ကျင့်ခန်း လုပ်ပေးတာကဦးနှောက်ကို ကျန်းမာစေပါတယ်။
Multi-Vitamin For All