Monday, April 19, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

စာအုပ်ပေါင်း ၃၈သန်းကျော် စုဆောင်းထားတဲ့ ကမ္ဘာ့အကြီးဆုံး စာကြည့်တိုက်ကြီး

by Thutamm
June 19, 2020
Reading Time: 1min read
0
စာအုပ်ပေါင်း ၃၈သန်းကျော် စုဆောင်းထားတဲ့ ကမ္ဘာ့အကြီးဆုံး စာကြည့်တိုက်ကြီး
Share on FacebookShare on Twitter

အခု သုတဇုန် မိတ်ဆွေများကို မျှဝေသွားမှာကတော့ အမေရိကန်နိုင်ငံရဲ့ အထင်ကရဖြစ်တဲ့ ကွန်ဂရက်စာကြည့်တိုက်ကြီးရဲ့ အကြောင်းပဲ ဖြစ်ပါတယ်။

စာအုပ်ချည်းသက်သက်ဆိုရင်တော့ ကမ္ဘာပေါ်မှာ အကြီးဆုံးစာကြည့်တိုက်က အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမှာရှိတဲ့ ကွန်ဂရက်စာကြည့်တိုက် (Library of Congress) ဖြစ်ပါတယ်။ ကွန်ဂရက်စာကြည့်တိုက်ဟာ ဗြိတိန်စာကြည့်တိုက်ထက် စာအုပ်အရေအတွက် ပိုမိုများပြားပေမယ့် စုဆောင်းမှုပစ္စည်းစုစုပေါင်းအရဆိုရင်တော့ ဗြိတိန်စာကြည့်တိုက်က အရေအတွက် ပိုမိုများပြားတဲ့အတွက် ကမ္ဘာ့စွယ်စုံကျမ်းစာရင်းမှာတော့ ဗြိတိန်စာကြည့်တိုက်ကို ပထမအကြီးဆုံး ၊ ကွန်ဂရက် စာကြည့်တိုက်ကို ဒုတိယအကြီးဆုံး အဖြစ်သတ်မှတ်ထားပါတယ်။

ဒီစာကြည့်တိုက်ကြီးကို ၁၈၀၀ပြည့်နှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်တာကြောင့် အခုဆိုရင် ဒီစာကြည့်တိုက်ရဲ့သက်တမ်းဟာ နှစ်ပေါင်း ၂၂၀ နှစ် ရှိသွားပြီဖြစ်ပါတယ်။ စာကြည့်တိုက်ဖွင့်ဖို့အကြံကို စတင်ပေးခဲ့သူကတော့ အမေရိကန်နိုင်ငံတည်ထောင်သူ ဖခင်ကြီးတစ်ယောက်ဖြစ်တဲ့ James Madison (ဂျိမ်းစ်မက်ဆီဆင်) ဖြစ်ပါတယ်။ ၁၇၈၃ ခုနှစ်ကတည်းက ဒီအကြံကိုပေးခဲ့ပေမယ့် ၁၈၀၀ပြည့်နှစ် သမ္မတ ဂျွန်အဒမ်လက်ထက်မှာမှ စတင်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ပထမဆုံးအနေနဲ့ စာအုပ်ပေါင်း ၇၄၀ ကို လန်ဒန်မြို့ကနေ မှာယူပြီး စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ သီးသန့်စာကြည့်တိုက်အနေနဲ့ ဖွင့်လှစ်ခဲ့တာမဟုတ်ပဲ အမေရိကန်လွှတ်တော်အဆောက်အအုံမှာ အခန်းတခုသတ်မှတ်ကာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါတယ်။

နောက်တက်လာတဲ့ အမေရိကန်သမ္မတဖြစ်တဲ့ သမ္မတကြီးဂျက်ဖာဆန်လက်ထက်မှာတော့ စာကြည့်တိုက်အတွက် သီးသန့်အဆောက်အအုံ ဆောက်လုပ်ဖို့ ဦးစားပေးကြိုးစားခဲ့ပါတယ်။ စာကြည့်တိုက်မှူးခန့်အပ်ခဲ့သလို စာကြည့်တိုက်ကော်မတီကိုလည်း ဖွဲ့စည်းပေးခဲ့ပါတယ်။ စာကြည့်တိုက်သက်တမ်း ၁၀နှစ် စွန်းစွန်းကြာမြင့်ချိန် ၁၈၁၂ ခုနှစ်မှာတော့ ဗြိတိန်- အမေရိကန်စစ်ပွဲဖြစ်ပွားခဲ့ကာ စာကြည့်တိုက်မှာ စုဆောင်းထားတဲ့ စာအုပ်ပေါင်း ၃၀၀၀ ခန့်ဟာ ဗြိတိသျှစစ်သားတွေရဲ့ မီးရှို့ဖျက်စီးမှုကို ခံခဲ့ရပြီး အစက ပြန်လည် စုဆောင်းခဲ့ရပြန်ပါတယ်။

ဒီလိုအချိန်မှာ သမ္မတကြီးဂျက်ဖာဆန်ဟာ သူနှစ်ပေါင်း ၅၀ကျော် ရှာဖွေ စုဆောင်းထားခဲ့တဲ့ အတွေးအခေါ် ၊ သမိုင်း ၊ ဗိသုကာ ၊ ဥပဒေ ၊ သိပ္ပံ ၊ သင်္ချာ ၊ ရောမခေါမ ၊ ခေတ်သစ်တီထွင်မှုများ ၊ ကျောက်ဖြစ်ရုပ်ကြွင်း ၊ စိုက်ပျိုးရေး စတဲ့ ကဏ္ဍစုံစာအုပ်ပေါင်း ၆၄၈၇ အုပ်ကို စာကြည့်တိုက်မှာ ပြန်ထားပေးခဲ့တယ်။ ဒီအတွက် အစိုးရက သောမတ်ဂျက်ဖာဆန်ကို သင့်တော်တဲ့တန်ဖိုးကို ပြန်လည်ပေးချေခဲ့ပါတယ်။ ဂျက်ဖာဆန်ရဲ့ ကျေးဇူးကြောင့် စာကြည့်တိုက်ဟာ တဖန်အသက်ပြန်ဝင်လာခဲ့ပါတယ်။

ဒါပေမယ့် ၁၈၅၁ ခုနှစ် မီးလောင်မှုကြောင့် စာအုပ်ပေါင်း ၃၅၀၀၀ အပြင် ဂျက်ဖာဆန်စုဆောင်းထားတဲ့ စာအုပ်စုစုပေါင်းရဲ့ ၃ပုံ ၂ပုံဟာ မီးထဲပါသွားခဲ့ပြီး စာအုပ်ပေါင်း ၂၀၀၀ သာကျန်ရစ်ခဲ့ပြန်ပါတယ်။ ဒီဆုံးရှုံးမှုအတွက် လွှတ်တော်က အမေရိကန်ဒေါ်လာ ၁၆၈၇၀၀ ပြန်လည်ပေးအပ်ပြီး စာအုပ်များကို ပြန်လည်ဝယ်ယူခဲ့စေပါတယ်။ တဖြည်းဖြည်းပြန်လည်စုဆောင်းခဲ့ရာ ၁၈၇၆ ခုနှစ်မှာ စာအုပ်ပေါင်း ၃သိန်း ၊ ၁၈၉၇ ခုနှစ်မှာ စာအုပ်ပေါင်း ၈၄၀၀၀၀ အထိ စုဆောင်းနိုင်ခဲ့ပါတယ်။ ယခုလက်ရှိ ရှိနေတဲ့စာကြည့်တိုက်အဆောက်အအုံတွေကိုလည်း တိုးချဲ့ဆောက်လုပ်ခဲ့ပါတယ်။


လက်ရှိအချိန်မှာတော့ ကွန်ဂရက်စာကြည့်တိုက်ကြီးမှာ စာအုပ်ပေါင်း ၃၈သန်းကျော် ၊ လက်ရေးမူ သန်း၇၀ကျော် ၊ ဓာတ်ပုံပေါင်း ၁၄သန်းကျော် ၊ မြေပုံပေါင်း ၅.၅သန်း ၊ recording ပေါင်း ၃.၆ သန်းကျော်နဲ့ အခြားစုဆောင်းမှုတွေလည်း များစွာရှိပါတယ်။ စုစုပေါင်းစုဆောင်းမှုအရေအတွက် အနေနဲ့ ၁၆၈သန်းခန့် ရှိပါတယ်။ စာအုပ်စုစုပေါင်းရဲ့ထက်ဝက်ကျော်က အင်္ဂလိပ်ဘာသာစကား နဲ့ဖြစ်ပြီး အခြားဘာသာပေါင်း ၄၇၀ နဲ့ ရေးသားထားတဲ့ စာအုပ်တွေလည်း ဒီစာကြည့်တိုက်ကြီးမှာ ရှိနေပါတယ်။

စာအုပ်ပေါင်း ၃၈သန်းကျော်မှာ ရှားပါးစာအုပ်ချည်းပဲ ၈သိန်းနီးပါးခန့်ရှိပါတယ်။ ဒီအထဲမှာ အမေရိကန်လွတ်လပ်ရေးကြေငြာစာတန်း ၊ ကမ္ဘာပေါ်မှာ ၃အုပ်ပဲရှိတဲ့ ၁၅ရာစုထုတ် ဂူတင်ဘတ်သမ္မာကျမ်းစာ ၊ ၁၆၄၀ ခုနှစ် ထုတ် အမေရိကန်ရဲ့ပထမဆုံးစာအုပ် The Bay Psalm Book လိုစာအုပ်တွေပါဝင်နေပါတယ်။ ဒီစာကြည့်တိုက်မှာ အကြီးဆုံးစာအုပ်ကတော့  ၅ပေx၇ပေ အရွယ်အစားရှိတဲ့ စာအုပ်ဖြစ်ပြီး ဘူတန်နိုင်ငံရဲ့ပုံရိပ်များကို ဖော်ပြထားတဲ့စာအုပ်ပါ။ အငယ်ဆုံးစာအုပ်ကတော့ အလျားအနံအားဖြင့် ၁လက်မရဲ့ ၂၅ပုံ ၁ပုံ သာရှိတဲ့ Old King Cole စာအုပ်ဖြစ်ပါတယ်။

ဒီစာကြည့်တိုက်ကြီးကို ထားရှိတဲ့ အဆောက်အအုံ ၃ခုကတော့ သောမတ်ဂျက်ဖာဆန် အဆောက်အအုံ ၊ ဂျွန်အဒမ်အဆောက်အအုံ နဲ့ ဂျိမ်းမက်ဒီဆင် အထိမ်းအမှတ်အဆောက်အုံတွေဖြစ်ပါတယ်။ ဒီစာကြည့်တိုက်ကြီးဟာ ဘယ်လောက်ကြီးမားသလဲဆိုရင် စာအုပ်စင်စုစုပေါင်းကို တန်းပြီးပေါင်းလိုက်မယ်ဆိုရင် ၈၃၈ မိုင်လောက်ရှည်လျားသွားပါလိမ့်မယ်။ စာကြည့်တိုက်မှာ ထွန်းညှိထားတဲ့ လျှပ်စစ်မီးတွေရဲ့ကုန်ကျစရိန်ကတင် ၁နှစ်ကို ဒေါ်လာ ၁သိန်းခန့် ရှိပါတယ်။

စာအုပ်တွေကိုတော့ သက်ဆိုင်ရာအပိုင်းအလိုက် အာဖရိက ၊ အရှေ့အလယ်ပိုင်း ၊ အာရှ ၊ ဥရောပ၊ စီးပွားရေး ၊ ပထဝီ နဲ့ မြေပုံများ ၊ ဥပဒေ ၊ ရိုးရာပုံပြင်များ ၊ လက်ရေးမူများ စသည်ဖြင့် အခန်းများခွဲခြားထားတာကြောင့် ကိုယ်လေ့လာလိုတဲ့ အကြောင်းအရာဆိုင်ရာ အခန်းကို လွယ်ကူစွာရွေးချယ်နိုင်ပါတယ်။ ပင်မစာဖတ်ခန်းမှာတော့ စာအုပ်ပေါင်း ၇သောင်းအပြင် ၊ စီဒီချပ်ဒေတာများထားရှိပေးထားကာ ကွန်ပျူတာသုံးစွဲခွင့်လည်းပေးထားပါတယ်။

ဒီစာကြည့်တိုက်ကြီးအတွက် ကုန်ကျစရိတ်စုစုပေါင်းကတော့ အမေရိကန်ဒေါ်လာ ၆၈၄သန်း ဖြစ်ပြီး ကြီးမားလွန်းတဲ့အတွက် ဝန်ထမ်းပေါင်း ၃၀၀၀ကျော်ကိုခန့်ထားရပါတယ်။ နေ့စဉ်နေ့တိုင်းမှာ စာအုပ်အပါအဝင် ပစ္စည်းစုစုပေါင်း ၁၅၀၀၀ခန့်ကို ကမ္ဘာတလွှားကနေ ဝယ်ယူစုဆောင်းလျှက်ရှိပါတယ်။  တစ်နှစ်ကို လူပေါင်း ၂သန်းနီးပါးလာရောက်လေ့ ရှိတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။

ဒီစာကြည့်တိုက်ကြီးဟာ စာပေဝါသနာရှင်တွေ ၊ စာရေးဆရာတွေအတွက် ဧရာမရတနာသိုက်ကြီးတစ်ခုလို့ ဆိုရမှာဖြစ်ပါတယ်။ ယနေ့အချိန် ဒီလိုစာကြည့်တိုက်ကြီးမျိုးဖြစ်လာတာဟာ အမေရိကန်နိုင်ငံခေါင်းဆောင် အဆက်ဆက်က ပညာရေးကို အထူးအားပေးခဲ့ကြလို့ဖြစ်ပါတယ်။ ဒီစာကြည့်တိုက်ကြီးဟာ ကမ္ဘာ့အကြီးဆုံး စာကြည့်တိုက်ကြီး တခုအဖြစ် အမေရိကန်ရဲ့ ဂုဏ်သိက္ခာကိုမြင့်တက်စေတဲ့ နေရာတခုပဲ ဖြစ်ပါတော့တယ်။

Tags: world knowledgeworld places

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!